ပြည်ပကုန်သွယ်မှုသတင်းများ
သီရိလင်္ကာနိုင်ငံ၌ ကုန်သည်များအနေဖြင့် ဆန်မက်ထရစ်တန်ချိန် ၅၀၀၀၀ ကို ဝယ်ယူ တင်သွင်းရန်အတွက် အစိုးရဝန်ကြီးများအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သီရိလင်္ကာအစိုးရ သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်ရောင်းလိုအားအပိုင်း မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံမှ ဆန်တင်သွင်းမှုဆိုင်ရာ ကတိပြုချက်များကို ရယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ ပဲနီလေးတင်သွင်းမှုအပေါ် စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (Agriculture Infra-structure and Development Cess) ကောက်ခံခြင်းကို ၃၁-၃-၂၀၂၄ နေ့အထိ ကင်းလွတ်ခွင့်ပြုထားရာမှ နောက်ထပ် ၁ နှစ် တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၁-၁၂-၂၀၂၃ နေ့တွင် အကောက်ခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
တောင်သူလယ်သမားများ၏ဝင်ငွေကို တိုးတက်စေမည့် ဈေးကောင်းရရှိစေရန်နှင့် အရန်ရိက္ခာဖြည့်ဆည်း သိုလှောင်ရန်အတွက် လက်ရှိကာလတွင် အခြေခံရည်ညွှန်းဈေးနှုန်း၏ အထက်၌ ရောင်းဝယ်လျက်ရှိသော ပဲစင်းငုံများအား ပြောင်းလဲမှုရှိသော ဈေးနှုန်းတွက်ချက်မှုပုံစံဖြင့် အိန္ဒိယ အစိုးရက ဝယ်ယူစုဆောင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလထိ ၁၁ လတာ ကာလ အတွင်း ရော်ဘာအခြောက် တန်ချိန် ၃၃၄၁၇၆ တန် တင်ပို့ခဲ့ပြီး ယမန်နှစ်အလားတူ တင်ပို့မှု ၃၂၂၅၈၆ တန်အပေါ် ၃.၆% တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ရော်ဘာတင်ပို့မှုမှရငွေမှာ အမေရိကန်ဒေါ်လာ ၄၄၅.၄ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၄၆၅.၈ သန်းရရှိခဲ့သည့် အတွက် တန်ဖိုးအားဖြင့် ၄.၄% ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနက ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြပါသည်။
ဗီယက်နမ်ရော်ဘာလုပ်ငန်း ၂၁ ခုကို ကုန်သွယ်မှု အမှတ်တံဆိပ်ဖြစ်သည့် “ဗီယက်နမ် ရော်ဘာ” အမှတ်တံဆိပ်ဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ် (တရုတ်)၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးရေးအတွက် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ် ရော်ဘာအဖွဲ့ (Vietnam Rubber Group-VRG) ၏ ဖော်ပြချက်အရ အဆိုပါ ရော်ဘာလုပ်ငန်း ၂၁ ခု၏ စက်ရုံ ၃၃ ရုံမှ ထုတ်ကုန် ၉၆ မျိုးအထိ တင်ပို့နိုင်ခြင်းသည် ၎င်းတို့၏အမှတ်တံဆိပ်အပေါ် ယုံကြည်စိတ်ချရမှု တိုးမြင့်လာခြင်းကို သက်သေပြနေကြောင်း သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် လျော့နည်းမည်ဟု ခန့်မှန်းမှုနှင့်အတူ နိုဝင်ဘာလအတွင်း ဆန်ဈေးနှုန်းများမှာ ၂.၂% မြင့်တက်ခဲ့သည်။
ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု မှာ တန်ချိန် ၈.၇ သန်းမှ ၈.၈ သန်းအထိ ရှိမည်ဟု ကုန်သည်များက ခန့်မှန်းကြကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံတွင် ဆန်စပါးဦးစီးဌာနသည် အထွက်နှုန်းမြင့် စပါးမျိုးကွဲ ၈ မျိုးအား ဧပြီလတွင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးလျက် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများသို့ ၎င်းစပါး မျိုးကွဲများကို အသိပေးမိတ်ဆက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် ၅% မှ ၁၀% ခန့် တိုးတက်လာမည်ဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က ခန့်မှန်းထားရာ ဆန်တန်ချိန် ၆၇၀,၀၀၀ ဝန်းကျင်ခန့် တင်ပို့နိုင်ဖွယ်ရှိပြီး ရည်မှန်းထားသော လျာထားချက် တန် ချိန် ၇၀၀၀၀၀ ၏ ၉၅% အထိ ရှိလာမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ အရန်ဆန်ထားရှိမှုသည် ၂ဝ၂၃ ခုနှစ် ခရစ် စမတ်ကာလနှင့် ၂ဝ၂၄ ခုနှစ် နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြည်သူများ၏ လိုအပ်မည့်ပမာဏကို ပြည့်မီ လုံလောက်မှုရှိကြောင်း နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီဖြစ်သော ဘူးလော့ (Bulog) အဖွဲ့ က ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံတွင် ၂ဝ၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေသည် ၂ဝ၂၂ ခုနှစ် တစ်နှစ်လုံး၌ တင်ပို့ခဲ့မှုထက် တန်ဖိုးနှင့်ပမာဏပါ ကျော်လွန်ခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါ သည်။ ၂ဝ၂၃ ခုနှစ်တွင် ဗီယက်နမ်၏ စပါးစိုက်ဧရိယာမှာ ဟက်တာ ၇.၁ သန်း ရှိပြီး စပါးအထွက်နှုန်း ၁ ဟက်တာလျှင် ၆.ဝ၈ တန်ဖြင့် စုစုပေါင်း စပါးတန်ချိန် ၄၃.၁ သန်း ထွက်ရှိဖွယ်ရှိရာ ယခင်နှစ် ထက် တန်ချိန် ၄၂ဝဝဝဝ ခန့် ပိုမိုမည်ဖြစ်ကြောင်း သိရှိရပါသည်။