Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆီဈေးနှုန်းဖိအားနှင့် မော်တော်ကားအရောင်းကျဆင်းမှုကြားမှ ဖိလစ်ပိုင်နိုင်ငံတွင် လျှပ်စစ်ကား (EV) အရောင်း မြင့်တက်လာ

      ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မော်တော်ကားအရောင်း ကျဆင်းနေသော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းများကြားတွင် လျှပ်စစ်ကား (EV) ကဏ္ဍမှာ သိသိသာသာ တိုးတက်လာသည့် တစ်ခုတည်းသော အချက်အချာဖြစ်လာကြောင်း ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် စက်မှုအချက်အလက်များအရ သိရသည်။

          ဖိလစ်ပိုင် မော်တော်ကားထုတ်လုပ်သူများအသင်း (CAMPI) နှင့် ထရပ်ကားထုတ်လုပ်သူများ အသင်းတို့က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ ပထမ သုံးလပတ်အတွင်း စုစုပေါင်း မော်တော်ကားရောင်းအားမှာ ၁၀၅,၆၄၂ စီး ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလရှိ ၁၁၇,၀၇၄ စီးနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားခြင်းဖြစ်သည်။

          လျှပ်စစ်ကား (EV) ရောင်းအားမှာမူ ပထမသုံးလပတ်တွင် ၁၁,၈၀၀ စီးအထိ ရှိလာပြီး ယခင်နှစ် ၈,၆၆၄ စီးထက် ၃၆.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အားသွင်းစနစ်သုံး ဟိုက်ဘရစ် လျှပ်စစ်ကား (Plug-in hybrid EVs) များမှာ အရောင်းရဆုံး အမျိုးအစားဖြစ်ခဲ့ပြီး၊ အစီးရေ ၁,၂၅၀ အထိ ၉၂၄.၆ ရာခိုင်နှုန်း ခုန်တက်ကာ ရောင်းချခဲ့ရကြောင်း သိရသည်။

        CAMPI ဥက္ကဋ္ဌ Jose Maria Atienza က အထူးသဖြင့် လောင်စာဆီဈေးနှုန်း မြင့်မားလာခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးစနစ်များကို ပိုမိုဝယ်လိုအား မြင့်တက်လာနေသဖြင့် EV ကားများသည် ဈေးကွက်အတွင်း ဝေစုပိုမိုရရှိလာရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံသို့ကျွဲကောသီးနှင့် သံပရိုသီးတင်ပို့ရန် ပရိုတိုကောလက်မှတ်ရေးထိုးခဲ့သည့် ဗီယက်နမ်

       ဗီယက်နမ်နိုင်ငံမှ ကျွဲကောသီးနှင့် သံပရိုသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လိုက်နာရမည့် phytosanitary သတ်မှတ်ချက်များဆိုင်ရာ ပရိုတိုကော (သဘောတူစာချုပ်မချုပ်မီညှိနှိုင်းချက်) တစ်ရပ်ကို ဧပြီ ၁၅ ရက်တွင် ဘေဂျင်းမြို့၌ ဗီယက်နမ်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်း ကျင်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GACC) တို့အကြား တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုလက်မှတ်ရေးထိုးပွဲကိုဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတ To lam၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနအဆိုအရ အဆိုပါ ပရိုတိုကောသည် ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံ အပင်ကာကွယ်ရေးနှင့် ကွာရန်တင်းအေဂျင်စီများအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာမှ ရရှိလာသော ရလဒ်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်–တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း တိုးချဲ့လာနေသည့် အခြေအနေတွင် ၎င်းပရိုတိုကောသည် တရားဝင် တင်ပို့ရာ လမ်းကြောင်းများသို့ ပြောင်းလဲသွားမှုကို ထပ်မံအတည်ပြုသလို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ပွင့်လင်းမြင်သာသည့် တင်ပို့မှု စနစ်ကိုလည်း အားကောင်းစေမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမူဘောင် ပိုမိုတိကျတိုးတက် လာမှုကိုလည်း ဖော်ပြနေကြောင်း သိရပါသည်။ ပရိုတိုကောအရ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲကောသီးနှင့် သံပရိုသီးများအတွက် စိုက်ပျိုးဧရိယာများနှင့် ထုပ်ပိုးစက်ရုံများအားလုံးကို စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် GACC တို့၏ အတည်ပြုချက် ရရှိရမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ပိုးမွှားထိန်းချုပ်ရေး စနစ်များကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးဧရိယာများတွင် Good Agricultural Practices (GAP) နှင့် Integrated Pest Management (IPM) စနစ်များကို အသုံးပြုရမည်ဖြစ်ပြီး သီးနှံကို ကောက်ယူမည့် ရက်မတိုင်မီ အနည်းဆုံး ၆၀ ရက်ခန့် အရင် သီးအိတ်ပတ်ထားခြင်းနှင့် fruit fly များအတွက် ထောင်ချောက်များ ထားရှိရမည်ဖြစ်ကြောင်း သိရပါသည်။ ထုပ်ပိုးစက်ရုံများအနေဖြင့် သန့်ရှင်းရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အသီးများကို ရွေးချယ်ခွဲခြားပြီး ရောဂါရှိသော သို့မဟုတ် ပိုးမွှား ကူးစက်ထားသောအသီးများ၊ အပင်အညစ်အကြေးများနှင့် မြေမှုန်များကို ဖယ်ရှားသန့်စင်ရမည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ် အသီးအနှံ တင်ပို့မှုအတွက် အရေးကြီးသော ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး စားသုံးလိုအား မြင့်မားသည့်အပြင် အလားအလာများလည်း ကြီးမားနေကြောင်း သိရပါသည်။ အခြားစိုက်ပျိုးရေးထုတ်ကုန်များ၏ တရားဝင် တင်ပို့မှု အောင်မြင်မှုများအပေါ် အခြေခံ၍ ကျွဲကောသီးနှင့် သံပရိုသီးများသည်လည်း ဈေးကွက် ဝေစုတိုးချဲ့နိုင်မည်ဖြစ်ပြီး ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတိုးတက်ရေးကို ကူညီပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ လာမည့်ကာလတွင် စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနသည် ဒေသများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် အနီးကပ်ပူးပေါင်း၍ ပရိုတိုကောကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းတွင် စည်းမျဉ်းများ အသိပေးခြင်း၊ စိုက်ပျိုးဧရိယာနှင့် ထုပ်ပိုးစက်ရုံများ စံချိန်စံညွှန်း ပြည့်မီစေရန် ပြင်ဆင်ခြင်းနှင့် တရုတ်နိုင်ငံ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးရေးများ တင်းကျပ်စွာ ဆောင်ရွက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ ကျွဲကောသီးနှင့် သံပရိုသီးများသည် ဗီယက်နမ်နိုင်ငံ၏ အားသာချက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များထဲတွင် ပါဝင်ပြီး လက်ရှိတွင် ကျွဲကောသီး စိုက်ပျိုးဧရိယာ စုစုပေါင်း ၁၀၆,၀၀၀ ဟက်တာခန့် ရှိကာ ကမ္ဘာ့အဓိက ထုတ်လုပ်သူများထဲတွင် ပါဝင်နေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဓာတုပစ္စည်းများနှင့် မြေဩဇာများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းနေသည့် ဗီယက်နမ်နှင့် အီဂျစ်

         ဗီယက်နမ် အမျိုးသား ဓာတုပစ္စည်း အုပ်စု (Vinachem) ၏ အထွေထွေဒါရိုက်တာ Nguyen Huu Tu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဓာတုပစ္စည်းနှင့် မြေသြဇာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အီဂျစ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ကြောင်း သိရပါသည်။ ဧပြီ ၁၄ ရက်တွင် Vinachem သည် အီဂျစ်နိုင်ငံရှိ apatite သတ္တုတူးဖော်ခြင်းနှင့် တင်ပို့မှုဈေးကွက်၏ ခန့်မှန်း ၄၀ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည့် Kayan for International Trade ကုမ္ပဏီနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်အရ Kayan သည် ထောက်ပံ့နိုင်စွမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ် အားသာချက်များကို အသုံးချ၍ Vinachem ၏ မြေသြဇာစက်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို လာမည့်ကာလအတွင်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ကုန်ကြမ်းထောက်ပံ့ရေးအပြင် နှစ်ဖက်သည် Vinachem ၏ အဓိကထုတ်ကုန်များဖြစ်သည့် မြေသြဇာများ၊ ဓာတုပစ္စည်းများ၊ ဘက်ထရီများ၊ accumulator များနှင့် စားသုံးသူအသုံးအဆောင်ပစ္စည်းများအတွက် ဈေးကွက်တိုးချဲ့ရေးကိုလည်း ရည်မှန်းထားကြောင်း သိရပါသည်။ Kayan သည် ဗီယက်နမ် ထုတ်ကုန်များကို အီဂျစ် ဈေးကွက်အပြင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများသို့ ဝင်ရောက်နိုင်ရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်အနေဖြင့် ယခု MoU သည် apatite သတ္တုရိုင်း ထောက်ပံ့ရေးနှင့် ဓာတုပစ္စည်း၊ မြေသြဇာ ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှု အခြေခံဖွဲ့စည်းပုံတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ထားပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆက်ဆံမှုကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။ အဆိုပါနေ့တွင် Vinachem ကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်နိုင်ငံရှိ ဗီယက်နမ် သံရုံးနှင့် လည်း သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ တွေ့ဆုံပွဲတွင် သံအမတ်ကြီး  Nguyen Nam Duong က ဈေးကွက်တိုးချဲ့ရေး ကြိုးပမ်းမှုများအပေါ် ချီးကျူးခဲ့ပြီး အီဂျစ်  ဈေးကွက်ရှာဖွေရေး၊ မိတ်ဖက်များချိတ်ဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည် ဖော်ရေးတို့တွင် Vinachem နှင့် ဗီယက်နမ်လုပ်ငန်းများအား ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ပါသည်။ Vinachem ၏ အထွေထွေဒါရိုက်တာ Tu ကလည်း သံရုံး၏ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး လာမည့်ကာလတွင် အီဂျစ်နိုင်ငံရှိ လုပ်ငန်းဆောင်ရွက်မှုများအတွက် ဆက်လက် အထောက်အကူပြု ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် Vinachem သည် အီဂျစ်နိုင်ငံမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀ သန်းခန့် တန်ဖိုးရှိသောapatite သတ္တုရိုင်း တန်ချိန် ၄၁၅,၀၀၀ ခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အသစ် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ အုပ်စုသည် ယင်း မဟာဗျူဟာ ကုန်ကြမ်းတင်သွင်းမှုကို ထပ်မံတိုးချဲ့သွားရန် မျှော်လင့်ထားပြီး နှစ်စဉ် လိုအပ်ချက် တန်ချိန် ၁ သန်းမှ ၁.၅ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗျူဟာမြောက် အစားအစာကုန်စည်များတင်သွင်းမှု လျော့ချနိုင်ခဲ့သည့် အင်ဒိုနီးရှား

        ကမ္ဘာလုံးဆိုင်ရာ ဖိအားများ မြင့်တက်လာနေသည့်အခြေအနေတွင် ပြည်တွင်းထုတ်လုပ်မှု တည်ငြိမ်မှုနှင့် ထိရောက်သော မူဝါဒများကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အစားအစာဖူလုံရေးကို ထိန်းသိမ်းထားနိုင်နေကြောင်း သိရပါသည်။ အမျိုးသား အစားအစာအာဏာပိုင်အဖွဲ့ (Bapanas) ၏အဆိုအရ လူဦးရေအများစု၏ အစားအစာလိုအပ်ချက်များကို လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်နေပြီး တင်သွင်းမှုအပေါ် မှီခိုနေရမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် အစားအစာမျှခြေခန့်မှန်းချက်အရ အင်ဒိုနီးရှားသည် မဟာဗျူဟာမြောက် ကုန်ပစ္စည်း ၁၀ မျိုးအနက် ၃ မျိုးသာ တင်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ဆန်၊ ပြောင်း၊ ငရုတ်သီး၊ ကြက်သား၊ ဥနှင့် သကြားတို့ကဲ့သို့ အဓိက ကုန်ပစ္စည်းများကို ပြည်တွင်းမှ အပြည့်အဝ ဖြည့်ဆည်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ အရှေ့တောင်အာရှတွင် လူဦးရေအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအတွက် ဆန်ထုတ်လုပ်မှုသည် အရေးကြီးသော အခြေခံထောက်တိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ်တွင် ယခင်နှစ် မှ ကျန်ရှိသော ဆန်ပမာဏ တန်ချိန် ၁၂ သန်းခန့်နှင့် နှစ်စဉ် ထုတ်လုပ်မှု တန်ချိန် ၃၄.၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ သုံးစွဲမှုကို တန်ချိန် ၃၁.၁ သန်းခန့်ဟု ခန့်မှန်းထားပြီး နှစ်ကုန်တွင် အမျိုးသားဆန်သိုလှောင်မှု တန်ချိန် ၁၆ သန်းခန့်အထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအမျိုးသား ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) ကို ပြည်တွင်း ဆန်ဝယ်ယူမှုကို ဦးစားပေးလုပ်ဆောင်ရန် တာဝန်ပေးထားပြီး နိုင်ငံ၏ အစားအစာ ကိုယ်ပိုင်လုံလောက်မှု အစီအစဉ်ကို ခိုင်မာစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် အဖွဲ့သည် သိုလှောင်ဆန် တန်ချိန် ၄.၇ သန်းကျော် ထားရှိပြီး မကြာမီ ၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရပါသည်။ ဧပြီလလယ်အထိ ပြည်တွင်းမှ ဝယ်ယူထားသည့် ပမာဏသည် တန်ချိန် ၁.၉ သန်းနီးပါးရှိပြီး နှစ်စဉ် ရည်မှန်းချက်၏ ၄၈.၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရပါသည်။ ထို့အပြင် မလေးရှားနိုင်ငံက အင်ဒိုနီးရှားမှ ဆန်တန်ချိန် ၂ သိန်း အနည်းဆုံး တင်သွင်းရန် စိတ်ဝင်စားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်ဟု သိရပါသည်။ Bulog သည် ၎င်းလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်မှုကို လေ့လာနေပြီး သင့်လျော်သော ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ်ဖော်ဆောင်ရန် စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံများသို့ ဆန်တင်ပို့မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း သိရပါသည်။ ဆန်အပြင် ပြောင်းတွင်လည်း ကိုယ်ပိုင်လုံလောက်မှု အောင်မြင်မှုကောင်းများ ရရှိထားပြီး တိရစ္ဆာန်အစာအတွက် အသုံးပြုသော ပြောင်းတင်သွင်းမှုကို ယခင်နှစ်ကတည်းက ရပ်တန့်နိုင်ခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် တင်သွင်းမှုသည် ပဲပိစပ်၊ ကြက်သွန်ဖြူနှင့် အမဲသားကဲ့သို့ ကုန်ပစ္စည်း အနည်းငယ်တွင်သာဖြစ်ပြီး အစိုးရက ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေးကို ဆက်လက်မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသစ်လတ်ဆတ် ၁၀၀ တန်နီးပါးကို လေကြောင်းဖြင့် ယူအေအီးသို့ တင်ပို့

         ဗီယက်နမ်မှ လတ်ဆတ်သောသစ်သီးနှင့် ဟင်းသီးဟင်းရွက် တန် ၁၀၀ နီးပါးကို ယူအေအီးသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ပြီး အရှေ့အလယ်ပိုင်းဈေးကွက်တွင် ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန်များ၏ တည်ရှိမှုကိုတိုးချဲ့ရန် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ Lulu Group International သည် ဧပြီလ ၁၈ ရက်နေ့တွင် လေယာဉ်တစ်စင်းကို အထူးငှားရမ်း၍ ဗီယက်နမ် တောင်ပိုင်းမှ သံပရာသီး၊ နဂါးမောက်သီး၊ ကျွဲကောသီးနှင့် ပိန္နဲသီးတို့ပါဝင်သည့်အရည်အသွေးမြင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ၉၈ တန်ကျော်ကို ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများ ဆက်လက်ဖြစ်ပေါ်နေသည့်အချိန်တွင် ဗီယက်နမ်မှ စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းဖြင့် တင်ပို့ရန် Lulu Group က ပထမဆုံး ရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါသည်။ ယူအေအီးသို့ ရောက်ရှိပြီးနောက် ၎င်းထုတ်ကုန်များကို Lulu ၏ စူပါမားကတ်ကွန်ယက်မှတဆင့် ယူအေအီးနှင့် အနီးအနားဒေသများသို့ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရပါသည်။ ယူအေအီးရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံး၏ တာဝန်ခံ အတွင်းရေးမှူး (၁) Truong Xuan Trung က လေကြောင်းပို့ဆောင်မှုကို Lulu ဥက္ကဋ္ဌ M.A. Yusuff Ali မှ တိုက်ရိုက် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ရေကြောင်းပို့ဆောင်မှု အခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် အဖွဲ့၏ ပြောင်းလွယ်ပြင်လွယ်မှုကို ထင်ဟပ်ကြောင်း သိရပါသည်။ ကုန်ကျစရိတ် ပိုမိုမြင့်မားသော်လည်း ထောက်ပံ့မှု တည်ငြိမ်စေရန်နှင့် အရှေ့အလယ်ပိုင်းသို့ ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုကို ဆက်လက်ပံ့ပိုးမည်ဆိုသည့် ကတိကဝတ်ကို ပြန်လည်အတည်ပြုရန် ရည်ရွယ်ကြောင်း သိရပါသည်။ Lulu ကိုယ်စားလှယ်တစ်ဦးက ဗီယက်နမ်မှ လတ်ဆတ်သောသစ်သီးနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် အရှေ့အလယ်ပိုင်း သုံးစွဲသူများအကြား ပိုမိုအသိအမှတ်ပြုခံလာရကြောင်း ပြောကြားခဲ့ပါသည်။ သီဟိုဠ်စေ့၊ ကော်ဖီနှင့် ဟင်းခတ်အမွှေးအကြိုင်များသည်လည်း လူကြိုက်များလာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ယူအေအီးသို့ ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၄၅ သန်းကျော်ရှိပြီး ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Trung က ထုတ်ကုန် အရည်အသွေးသည် သိသိသာသာ တိုးတက်လာကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အစေ့မပါ သံပုရာသီး တစ်သုတ်တွင် ပိုးသတ်ဆေး အကျန်ရှိမှု ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ထပ်မံတိုင်ကြားမှုမရှိတော့ကြောင်း သိရပါသည်။ အဘူဒါဘီတွင် အခြေစိုက်ထားသည့် Lulu Group International သည် အရှေ့အလယ်ပိုင်း၊ အာရှနှင့် ဥရောပတို့ရှိ နိုင်ငံ ၂၃ ကျော်တွင် လက်လီရောင်းချမှု ကွန်ယက်များကို လည်ပတ်နေပြီး နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ရရှိနေကြောင်း သိရပါသည်။ ထို့အပြင် ဗီယက်နမ် ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်း ဝယ်ယူဖြန့်ဖြူးရန် Ho Chi Minh မြို့တွင် ကိုယ်စားလှယ်ရုံးတစ်ခုကိုလည်း တည်ထောင်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံမှ ကျွဲကောသီးနှင့် သံပရာသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိ

​          ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတ To Lam ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနတို့သည် အပင်ပိုးမွှားသန့်စင်ရေးဆိုင်ရာ လိုအပ်ချက်များ (Phytosanitary requirements) ဆိုင်ရာ သဘောတူညီချက်ကို ဧပြီလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

​          အဆိုပါ သဘောတူညီချက်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲကောသီးနှင့် သံပရာသီး စိုက်ပျိုးသည့် နေရာအားလုံးနှင့် ထုပ်ပိုးသည့် စက်ရုံများသည် ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် တရုတ်အကောက်ခွန်ဌာန နှစ်ခုလုံး၏ အတည်ပြုချက် ရယူရမည်၊ တင်းကျပ်သော ပိုးမွှားထိန်းချုပ်မှု လုပ်ငန်းစဉ်များကို ကျင့်သုံးရမည်၊ စိုက်ပျိုးထုတ်လုပ်သူများသည် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်ထုံး (GAP) နှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း (IPM) လိုအပ်ချက်များကို လိုက်နာရမည်၊ ခုတ်သိမ်းခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ အသီးများကို အိတ်စွပ်ရမည်ဖြစ်ပြီး သစ်သီးဖျက်ပိုးများအတွက် ထောင်ချောက်များကို အသုံးပြုရမည်၊ ထုပ်ပိုးသည့် စက်ရုံများသည် သန့်ရှင်းမှုရှိရမည်ဖြစ်ပြီး ရောဂါရှိသော အသီးများ၊ ပိုးမွှားရှိသော အသီးများ၊ သစ်ပင်အကြွင်းအကျန်များနှင့် မြေဆီလွှာများကို သန့်စင်ဖယ်ရှားပြီးမှသာ အမျိုးအစား ခွဲခြားထုပ်ပိုးရမည် ဖြစ်သည်။

​          ယခုကဲ့သို့ ခွင့်ပြုချက်ရရှိခြင်းသည် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သော နှစ်နိုင်ငံ အပင်ကာကွယ်ရေးနှင့် ကွာရတ်တင်း (Quarantine) အေဂျင်စီများအကြား စနစ်တကျ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား စိုက်ပျိုးရေးကုန်သွယ်မှု ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ယခု သဘောတူညီချက်သည် ပွင့်လင်းမြင်သာမှုရှိခြင်း၊ စံချိန်စံညွှန်းကို လိုက်နာသော တရားဝင် တင်ပို့မှုလမ်းကြောင်း ဖြစ်ပေါ်လာစေခြင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခြင်းတို့ကို ဖော်ညွှန်းနေသည်။

​          တရုတ်နိုင်ငံသည် ဗီယက်နမ်သစ်သီးဝလံများအတွက် ဝယ်လိုအားမြင့်မားပြီး အလားအလာကောင်းသော အဓိကဈေးကွက်ကြီးတစ်ခု ဖြစ်သည်။ ကျွဲကောသီးနှင့် သံပရာသီးများသည်လည်း အခြားကုန်စည်များကဲ့သို့ပင် ဈေးကွက်ဝေစု ပိုမိုရရှိလာပြီး နိုင်ငံ၏ စုစုပေါင်း ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။

​          ကျွဲကောသီးနှင့် သံပရာသီးတို့သည် ဗီယက်နမ်၏ အားသာချက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကျွဲကောစိုက်ဧက ဟက်တာပေါင်း ၁၀၆,၀၀၀ ခန့် ရှိပြီး ကမ္ဘာပေါ်တွင် ကျွဲကောသီး အဓိက ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

တရုတ်သို့ အေးခဲဒူးရင်းသီးတန်ချိန် ၄၅၉ တန် တိုက်ရိုက် တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

           အင်ဒိုနီးရှား ကွာရန်တင်းအေဂျင်စီ (Barantin) နှင့် ဗဟိုဆူလာဝေစီပြည်နယ်အစိုးရတို့သည် ဧပြီလ ၁၆ ရက်နေ့က အေးခဲဒူးရင်းသီး (Frozen Durian) တန်ချိန် ၄၅၉ တန်ကို ဧပြီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ တန်ဖိုးအားဖြင့် ရူပီး၄၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၇ သန်းခန့်) ရှိသော အဆိုပါကုန်ပစ္စည်းများကို ဗဟိုဆူလာဝေစီ ပြည်နယ် Palu မြို့မှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Barantin အကြီးအကဲ Sahat M. Panggabean က ယခုတင်ပို့မှုသည် ၂၀၂၅ မေလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အင်ဒိုနီးရှား–တရုတ် အေးခဲဒူးရင်းသီးတင်ပို့ရေးသဘောတူညီချက်အပြီး ဈေးကွက်ဝင်ခွင့် ဖွင့်လှစ်ရန် ကြာမြင့်သောလုပ်ငန်းစဉ်၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Panggabean က တရုတ်ဈေးကွက်သို့ ဒူးရင်းသီး တင်ပို့နိုင်ခြင်းသည် စိုက်ပျိုးရေးသမားများမှအစ အစိုးရအထိ ပါဝင်သူအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်အရ ယခုအချိန်ထိ ဒူးရင်းသီးကွန်တိန်နာ ၁၅၁ လုံးကို တရုတ်နိုင်ငံသို့ တင်ပို့ထား ပြီး စီးပွားရေးတန်ဖိုးမှာ ရူပီး ၃၇၇.၅ ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ ယခင်က အင်ဒိုနီးရှားမှ တရုတ်သို့ ဒူးရင်းသီးတင်ပို့ရာတွင် တိုက်ရိုက်မဟုတ်ဘဲ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားတို့ကဲ့သို့ ကြားခံနိုင်ငံများမှတဆင့် တင်ပို့ခဲ့ရကြောင်း သိရပါသည်။ တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအချိန်ကို ၅၆ ရက်ခန့်မှ ၂၂ မှ ၂၆ ရက်အထိ လျှော့ချနိုင်ခဲ့ပြီး ဖြန့်ဖြူးရေးကုန်ကျစရိတ်ကိုလည်း တစ်ဝက်ခန့် လျှော့ချနိုင်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခဲ့ကြောင်း Panggabean က ပြောကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ထုတ်ကုန်အရည်အသွေးနှင့် လုံခြုံရေးကို ဆက်လက်အာမခံနေကြောင်းလည်း ၎င်းကအလေးပေး ပြောကြားခဲ့ပါသည်။ ဗဟိုဆူလာ ဝေစီကွာရန်တင်းရုံး အကြီးအကဲ Alfian က ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ အေးခဲဒူးရင်းသီး တရုတ်သို့ တင်ပို့မှုသည် ၄,၀၇၇ တန်အထိ ရောက်ရှိခဲ့ကြောင်း Barantin အချက်အလက်များကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ဒူးရင်းသီးဈေးနှုန်းသည် ဒေသတွင်းဈေးထက် ၅ ဆမှ ၇ ဆအထိ မြင့်မားသောကြောင့် တိုက်ရိုက်တင်ပို့မှုသည် အကျိုးအမြတ် အလားအလာ ကြီးမားကြောင်းလည်း Alfian က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် တင်ပို့ခွင့်ရရှိထားသော အေးခဲဒူးရင်းသီး ထုပ်ပိုးစက်ရုံ ၈ ခုအနက် ၇ ခုသည် ဗဟို ဆူလာဝေစီ ပြည်နယ်တွင် တည်ရှိ နေသဖြင့် ထိုဒေသသည် အဓိကတင်ပို့ရေး အချက်အချာဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါသည်။ ပြည်နယ်အစိုးရ အချက်အလက်များအရ ဗဟိုဆူလာဝေစီတွင် ဒူးရင်းသီးပင် ၃.၇ သန်း ခန့်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှု ၉၅,၁၄၀ တန်ရှိခဲ့ကြောင်း သိရပါသည်။ ထိုထုတ်လုပ်မှုများသည် အထူးသဖြင့် Poso နှင့် Parigi Moutong ဒေသများတွင် ပြန့်နှံ့နေကြောင်း သိရပါသည်။ ဗဟိုဆူလာဝေစီပြည်နယ်အုပ်ချုပ်ရေးမှူး Anwar Hafid က တိုက်ရိုက်တင်ပို့မှုသည် ပြည်နယ်အား အင်ဒိုနီးရှား၏ ဒူးရင်းသီး အဓိကထုတ်လုပ်ရာအချက်အချာဒေသအဖြစ် အားကောင်းစေပြီး ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ် ဒူးရင်းသီးဝယ်လိုအားသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ရှိနေသဖြင့် အင်ဒိုနီးရှားအတွက် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း အစိုးရဘက်က ရှုမြင်ထားသည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

I-EAEU FTA မှတစ်ဆင့် ပို့ကုန်ဈေးကွက်များကွဲပြားရန် အင်ဒိုနီးရှားကြိုးပမ်း

            ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားကာကွယ်ရေး ကုန်သွယ်မှုမူဝါဒများ မြင့်တက်လာနေချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် တင်ပို့ရာဈေးကွက် မျိုးစုံတိုးချဲ့နိုင်ရန် အင်ဒိုနီးရှား–ယူရေးရှား စီးပွားရေးယူနီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (I-EAEU FTA) ကို အကောင် အထည်ဖော်ရေး အရှိန်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။ ထိုကိစ္စကို ဧပြီလ ၉ ရက်နေ့တွင် ဂျကာတာ၌ ကျင်းပသည့် အင်ဒိုနီးရှား–ရုရှား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (WGTII) ၇ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ စီးပွားရေးရေးရာညှိနှိုင်းရေးဝန်ကြီးဌာန၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေး ဒုတိယဝန်ကြီး Edi Prio Pambudi က အင်ဒိုနီးရှားနှင့် ရုရှားအကြားတွင် အသုံးမချရသေးသည့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများစွာ ရှိနေကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေးတည်ထောင်သည့် ၇၆ နှစ် ပြည့်ကို I-EAEU FTA အကောင်အထည်ဖော်ရေး အရှိန်မြှင့်တင်ရန်ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု  တိုးချဲ့ရန် အခွင့်အရေးအဖြစ် အသုံးချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံနှစ်နိုင်ငံသည် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစားအသောက် လုံခြုံစိတ်ချရေး စသည့် အဓိက ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ရှာဖွေနေကြောင်း သိရပါသည်။ အခြားတစ်ဖက်တွင် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Vladimir Illichev က ယခင် အစည်းအဝေးများမှရလဒ်များ အထူးသဖြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် အကောင်အထည်ဖော်ရေး၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့အပြင် halal လုပ်ငန်းနှင့် ၂၀၂၃ ခုနှစ်မှ စတင်လည်ပတ်နေသော Surabaya–Vladivostok ထောက်ပံ့ပို့ဆောင်ရေးချိတ်ဆက်မှု စသည့်မဟာဗျူဟာကဏ္ဍများတွင် တိုးတက်မှုများရှိနေကြောင်း သိရပါသည်။ ရုရှားနှင့် ဘီလာရုစ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Jose Tavares က ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားကာကွယ်ရေးဆန်သည့် ကုန်သွယ်ရေး မူဝါဒများ မြင့်တက်နေသည့် အခြေအနေတွင် သဘောတူညီချက်အောက်၌ အခွန်အခ ၉၀ ရာခိုင်နှုန်းကျော် လျှော့ချမည် ဖြစ်ခြင်းသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ Tavares ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ နီးပါး ရောက်ရှိခဲ့ပြီး တင်ပို့ရာဈေးကွက် မျိုးစုံတိုးချဲ့ခြင်းနှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်းတို့ဖြင့် ထပ်မံတိုးတက်နိုင်သည့် အလားအလာ ရှိနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ခိုင်မာစေရန် စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းများအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် လိုအပ်ကြောင်း Tavares ကဆက်လက် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားဆိုင်ရာ ရုရှားသံအမတ် Sergey Tolchenov ကလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိက အခြေခံတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ သတင်းအချက်အလက် နည်းပညာ (IT)၊ အခြေခံအဆောက်အအုံနှင့် သတ္တု တူးဖော်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများရှိနေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံသည် စိုက်ပျိုးစရိတ်လျှော့ချရန် ရုရှားမှ မြေဩဇာတန်ချိန် ၂ သန်းတင်သွင်းရန် စိုက်ပျိုးရေးဝန်ကြီး စီစဉ်

           ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Mr. Suriya Juangroongruangkit သည် မြင့်တက်နေသော စိုက်ပျိုးရေးကုန်ကျစရိတ်များနှင့် ပြည်တွင်းမြေဩဇာ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် ရုရှားနိုင်ငံမှ မြေဩဇာ တန်ချိန် ၂ သန်း အရေးပေါ်တင်သွင်းမည့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်သည်။

         ဤလုပ်ဆောင်ချက်သည် လာမည့်စိုက်ပျိုးရာသီတွင် တောင်သူလယ်သမားများ ကမ္ဘာ့စျေးကွက်လှုပ်ခတ်မှုဒဏ်မှ သက်သာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဝန်ကြီးသည် မြေဩဇာတင် သွင်းရုံသာမက ပြည်တွင်း၌ စျေးနှုန်းတက်စေရန် ရည်ရွယ်ချက်ရှိရှိ မြေဩဇာများ သိုလှောင်ထားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။

         ရိုးရာစိုက်ပျိုးရေးမှ AI နှင့် Big Data သုံးသည့် တိကျစိုက်ပျိုးရေးစနစ် (Precision Farming) သို့ ပြောင်းလဲခြင်း၊ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော Green Economy ထုတ်ကုန်များထုတ်လုပ်ပြီး ဝင်ငွေတိုးအောင် လုပ်ဆောင်ခြင်း၊ တောင်သူများကို ခေတ်မီစိုက်ပျိုးရေးနှင့် စာရင်းကိုင်ပညာရပ်များ သင်ကြားပေးခြင်း၊ စျေးကွက်ဝယ်လိုအားနှင့် အညီ ထုတ်လုပ်စေခြင်းဖြင့် အထွက်နှုန်းလွန်ကဲပြီး စျေးကျသည့်ပြဿနာကို ကာကွယ်ခြင်း၊ စမတ်ရေစီမံခန့်ခွဲမှုစနစ်များဖြင့် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကို ကြိုတင်ကာကွယ်ခြင်းဖြင့် ထိုင်းစိုက်ပျိုးရေးကဏ္ဍ အဆင့်မြင့်လာစေရန် မဏ္ဍိုင် ၅ ရပ်ကို အကောင်အထည်ဖော်မည် ဖြစ်သည်။

        တောင်သူများ၏ ဆင်းရဲနွမ်းပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးနှင့် လယ်သမား သမဝါယမဘဏ် (BAAC) နှင့် ညှိနှိုင်းကာ (၃) နှစ်ကြာ အကြွေးဆိုင်းငံ့ပေးမည့် အစီအစဉ် (Debt Moratorium) ကိုလည်း ဆွေးနွေးလျက်ရှိသည်။ ထို့ပြင် လယ်ယာမြေ မီးရှို့ခြင်းကြောင့်ဖြစ်သော PM2.5 လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် ထုတ်ကုန်များကို နောက်ကြောင်းပြန်ခြေရာခံနိုင်သည့် စနစ် (Digital Traceability) များ ဖော်ဆောင်ရန် အတွက်လည်း အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။

Source : The Nation Thailand                                                            

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံရှိ သကြားစျေးနှုန်းများ မြင့်တက်လာနိုင်

           ကုန်ထုတ်လုပ်မှုစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ၊ အထူးသဖြင့် ပလတ်စတစ် ထုပ်ပိုးမှုနှင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လာမည့်မေလမှစတင်ကာ သကြားလက်လီ စျေးနှုန်းများမြင့်တက်လာတော့မည်ဖြစ်ကြောင်း ထိုင်းသကြားစက်ပိုင်ရှင်များ ကော်ပိုရေးရှင်း (TSMC) က ပြောကြားလိုက်သည်။

           ကမ္ဘာ့စီးပွားရေးဖိအားများနှင့် စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကြောင့် ကုန်ကျစရိတ်များမြင့်တက်နေသော်လည်း ပြည်သူများ၏ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်အတွက် ဧပြီလတစ်လလုံးတွင် သကြားစျေးနှုန်းကိုမတိုးဘဲ ထိန်းထားပေးမည်ဟု TSMC က အတည်ပြုခဲ့ကြောင်း သိရသည်။

          TSMC ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ Dr. Somchai Harnhirun ၏ ပြောကြားချက်အရ ကမ္ဘာ့ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သကြားထုပ်ပိုးရာတွင်သုံးသည့် အိတ်ခွံစျေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်။ စက်သုံးဆီ စျေးနှုန်းများ ဆက်တိုက်မြင့်မားနေခြင်းကြောင့် ဂိုဒေါင်များသို့ ပို့ဆောင်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ လက်လီဆိုင်များသို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် သယ်ယူစရိတ်များ ပိုမိုကုန်ကျလျက်ရှိသည်။

          လုပ်ငန်းရှင်များသည် မြင့်တက်လာသော စရိတ်များကို တစ်လကျော်ကြာ ကိုယ်တိုင် အရှုံးခံ ထိန်းညှိပေးခဲ့သော်လည်း ရေရှည်တွင် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်စေရန်အတွက် မေလ ၂၀၂၆ မှစ၍ စျေးနှုန်းကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စုများ တိုက်ရိုက် ဝယ်ယူသည့် လက်လီစျေးနှုန်းကိုသာ မြှင့်တင်မည်ဖြစ်သည်။ အစားအသောက်၊ အချိုရည်နှင့် ဆေးဝါးထုတ်လုပ်သည့် စက်မှုလုပ်ငန်းများသို့ ရောင်းချသည့်စျေးနှုန်းကိုမူ ယခုအကြိမ်တွင် တိုးမြှင့်မည်မဟုတ်ကြောင်းသိရသည်။

         ဤသို့ခွဲခြားသတ်မှတ်ခြင်းမှာ သကြားကို ကုန်ကြမ်းအဖြစ်သုံးသော အခြားလူသုံးကုန် ပစ္စည်းများ စျေးနှုန်းလိုက်မတက်စေရန်နှင့် စီးပွားရေး ဟန်ချက်ညီစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု Dr. Somchai က ဆိုသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ တစ်နှစ်လျှင် သကြားတန်ချိန် ၁၁.၈ သန်းခန့် ထုတ်လုပ်နိုင်ပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၂.၃၅ သန်းခန့်ရှိကြောင်း သိရသည်။ TSMC အနေဖြင့် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ကုန်ထုတ်လုပ်မှုစရိတ်များကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဈေးကွက်ယန္တရားနှင့်အညီ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source : The Nation Thailand                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ