Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

LNG Canada ၏ တင်ပို့မှုသည် တစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မက်ထရစ်တန် ၁ သန်း အထိ စံချိန်တင်ရှိခဲ့

          LSEG မှ ထုတ်ပြန်သော အချက်အလက်များအရ ကနေဒါနိုင်ငံ LNG Canada စက်ရုံမှ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုသည် ဧပြီလအတွင်း မက်ထရစ်တန် ၁ သန်းကျော်ရှိခဲ့ပြီး လစဉ်အလိုက် အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရပါသည်။ LNG Canada သည် နိုင်ငံ၏ ပထမဆုံးသော အဓိက LNG တင်ပို့သည့် အဆောက်အအုံဖြစ်ပြီး မြောက်အမေရိက အနောက်ဘက်ကမ်းခြေတွင်လည်း ပထမဆုံးဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကမ္ဘာ့အကြီးဆုံး LNG ဈေးကွက်ဖြစ်သော အာရှသို့ တိုက်ရိုက်တင်ပို့နိုင်သည့် အခွင့်အလမ်း ရရှိထားကြောင်း သိရပါသည်။

          ဧပြီလအတွင်း အဆိုပါစက်ရုံမှ ထုတ်လုပ်သမျှ ပမာဏအားလုံးကို အာရှသို့ တင်ပို့ခဲ့ပြီး ထက်ဝက်ကျော်ကို တောင်ကိုရီးယားနိုင်ငံသို့ ရောင်းချခဲ့ကြောင်းနှင့် ကုန်တင်သင်္ဘော တစ်စင်းမှာမူ တရုတ်နိုင်ငံသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။ ဝါရှင်တန်ဒီစီ (အမေရိကန် အစိုးရ) က ထရမ့်အစိုးရလက်ထက်တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးကတည်းက တရုတ်နိုင်ငံသည် အမေရိကန်ထံမှ LNG တိုက်ရိုက်တင်သွင်းခြင်း မရှိတော့ကြောင်းနှင့် ယင်းအစား အမေရိကန်ထုတ်လုပ်သူများနှင့် ချုပ်ဆိုထားသည့် သက်တမ်းရှည်စာချုပ်ပါ ဈေးနှုန်းချိုသာသော LNG များကို အခြားနိုင်ငံများသို့ ပြန်လည်ရောင်းချကာ ကမ္ဘာ့လက်ငင်းဈေးကွက်ရှိ မြင့်မားသောဈေးနှုန်းများမှတစ်ဆင့် အကျိုးအမြတ်ရယူရန် ရွေးချယ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါသည်။

          ဧပြီလ ၂၄ ရက်နေ့တွင် Qingcheng အမည်ရှိ ကုန်တင်သင်္ဘောသည် ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ သုံးပတ်ကြာ ခရီးနှင်ပြီးနောက် Dongjiakou ဆိပ်ကမ်းတွင် ကုန်ပစ္စည်းများချထားခဲ့ကြောင်း သိရပါသည်။ မည်သည့် LNG စက်ရုံကိုမဆို လည်ပတ်ရာတွင် စနစ်တကျ စီမံခန့်ခွဲထားသည့် အဆင့်ဆင့်လုပ်ဆောင်ရသော လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ ပိုင်ရှင်များသည် LNG သင်္ဘော ၇၉ စင်း တင်ပို့ပြီးဖြစ်ကြောင်း LNG Canada က ပြောကြားခဲ့သည်။ LNG Canada သည် Shell၊ မလေးရှားနိုင်ငံမှ Petronas၊ PetroChina၊ ဂျပန်နိုင်ငံမှ Mitsubishi Corp နှင့် တောင်ကိုရီးယားနိုင်ငံမှ KOGAS တို့ ပူးပေါင်းထားသည့် ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

          အဆိုပါစက်ရုံသည် ဇွန်လတွင် စတင်ထုတ်လုပ်ခဲ့ပြီးကတည်းက လုပ်ငန်းလည်ပတ်မှု နှေးကွေးခဲ့ပြီး လက်ရှိတွင် အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ယင်းစက်ရုံသည် တစ်နှစ်လျှင် မက်ထရစ်တန် ၁၄ သန်းအထိ တင်ပို့နိုင်စွမ်းရှိပြီး ၎င်းမှာ တစ်လလျှင် တန်ချိန် ၁.၁၆ သန်းနှင့် ညီမျှကြောင်း သိရှိရပါသည်။

Source: reuters                                                                         

DOCA (ရန်ကုန်)

ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု သိသိသာသာ ပြန်လည်မြင့်တက်လာ

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုန်စည်ပို့ကုန်တင်ပို့မှုသည် ယခုနှစ် ဧပြီလတွင် ယခင်နှစ်ကာလ တူထက် ၃၂.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရပါသည်။ ၎င်းသည် အထည်ချုပ်လုပ်ငန်း တင်ပို့မှုအားကောင်းလာခြင်းနှင့် အဓိကစျေးကွက် များမှ ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ရှစ်လဆက်တိုက် ကျဆင်းနေမှုကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

          ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) မှ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ ဧပြီလ၏ ဝင်ငွေသည် ယခင်နှစ်ကာလတူမှ အမေရိကန်ဒေါ်လာ ၃.၀၁ ဘီလီယံနှင့် နှိုင်းယှဉ်လျှင်လည်းကောင်း၊ မတ်လတွင်ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၃.၄၈ ဘီလီယံနှင့် နှိုင်းယှဉ်လျှင်လည်းကောင်း ၁၅.၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          ဧပြီလတွင် ပြန်လည်ဦးမော့လာခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ဇူလိုင်လမှ ဧပြီလအထိ စုစုပေါင်း ပို့ကုန်ဝင်ငွေမှာမူ အမေရိကန်ဒေါ်လာ ၃၉.၃၉ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂.၀၂ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်ကြောင်းသည်။

          ပို့ကုန်ဝင်ငွေ၏ အဓိကအစိတ်အပိုင်းဖြစ်သော အထည်ချုပ် (RMG) ကဏ္ဍသည် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃.၁၄ ဘီလီယံ ရရှိခဲ့ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် ဧပြီလရှိ ၂.၃၉ ဘီလီယံထက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          ဇူလိုင်လမှ ဧပြီလအထိ ကာလအတွင်း အထည်ချုပ်ကဏ္ဍ၏ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၃၁.၇၁ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၃၁.၂၁ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

          ယခုကဲ့သို့ ပြန်လည်ဦးမော့လာခြင်းမှာ ကမ္ဘာ့ဝယ်လိုအား ပြန်လည်နိုးထလာခြင်းနှင့် နိုင်ငံ၏ ပို့ကုန်လုပ်ငန်းများ၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကြောင့်ဖြစ်ကြောင်း EPB က သုံးသပ်ထားပါသည်။ အဓိကစျေးကွက်ကြီးများသည် ဧပြီလအတွင်း တိုးတက်မှုများ အခိုင်အမာရရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုမှာ ယခင်နှစ်ထက် ၄၃.၀၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းသို့ တင်ပို့မှုမှာလည်း ၂၃.၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်၏ ထိပ်တန်းပို့ကုန်စျေးကွက် ၂၀ ခုလုံးတွင် ယခုလအတွင်း အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                               

DOCA (ရန်ကုန်)

မတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု ၁၅.၃ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂၀.၈၅ ဘီလီယံအထိ ရှိလာ

        ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) မှ ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သော ကနဦးထုတ်ပြန်ချက်များအရ ယခုနှစ် မတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းကုန်စည် ပြည်ပကုန်သွယ်မှုသည် ၁၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀.၈၅ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူတွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈.၀၇ ဘီလီယံသာ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         PSA ၏ ထုတ်ပြန်ချက်များအရ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော စုစုပေါင်းပြည်ပကုန်သွယ်မှု ပမာဏသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ စုစုပေါင်းကုန်သွယ်မှု၏ ၆၀.၈ ရာခိုင်နှုန်းမှာ သွင်းကုန်များဖြစ်ပြီး ကျန်ရှိသော ၃၉.၂ ရာခိုင်နှုန်းမှာ ပို့ကုန်များဖြစ်ကြောင်း သိရပါသည်။ PSA မှ ထုတ်ပြန်သော အချက်အလက်များအရ ကုန်စည်ကုန်သွယ်မှုပမာဏ ကွာဟချက်သည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၄.၅၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၅၀ ဘီလီယံသို့ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

        ပို့ကုန်ကဏ္ဍသည် ဆက်လက်တိုးတက်နေဆဲဖြစ်ပြီး ၂၀.၄ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၈.၁၇ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရပါသည်။ အီလက်ထရွန်နစ် ထုတ်ကုန်များသည် ယခုလအတွင်း နိုင်ငံ၏ ထိပ်တန်းပို့ကုန်အဖြစ် ဆက်လက်ရှိနေပြီး အမေရိကန်ဒေါ်လာ ၄.၈၂ ဘီလီယံ ရရှိခဲ့ကာ ၎င်းမှာ စုစုပေါင်းပို့ကုန်၏ ၆၀ ရာခိုင်နှုန်းနီးပါးဖြစ်ခဲ့ကြောင်း သိရပါသည်။

          ၎င်းနောက်တွင် စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေးပစ္စည်းများမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၇.၂၂ သန်းနှင့် အခြားကုန်ချောထုတ်ကုန်များမှ အမေရိကန်ဒေါ်လာ ၄၀၂.၇၃ သန်းတို့ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။

          အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့မှာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ပို့ကုန်တင်ပို့ရာ နိုင်ငံများဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် သွင်းကုန်စုစုပေါင်းတန်ဖိုးသည်လည်း ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂.၆၈ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရပါသည်။

          ကုန်ကြမ်းနှင့် တစ်ဆင့်ခံကုန်စည်များသည် သွင်းကုန်၏ အများဆုံးအပိုင်းအဖြစ် အမေရိကန်ဒေါ်လာ ၄.၆၀ ဘီလီယံအထိ ရှိခဲ့ပြီး ၎င်းနောက်တွင် လူသုံးကုန်ပစ္စည်းများက အသီးသီး လိုက်ပါလျက်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်သို့ သွင်းကုန်အများဆုံး တင်သွင်းသည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး မတ်လအတွင်း သွင်းကုန် စုစုပေါင်း၏ ၂၇.၆ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၃.၅၀ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်းနှင့် အခြားအဓိက သွင်းကုန်တင်သွင်းသည့် နိုင်ငံများတွင် တောင်ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြောင်း သိရပါသည်။

Source: PNA                                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဘရာဇီးနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှု ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်

        ၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ဘရာဇီးနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုသည် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပြီး သရက်သီးနှင့် ပန်းသီးတို့မှာ အဓိကတင်ပို့ရသည့် အသီးများဖြစ်ကြကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း စုစုပေါင်းတင်ပို့မှုဝင်ငွေသည် အမေရိကန် ဒေါ်လာ ၃၅၀ သန်းကျော်ခန့်ရှိခဲ့ကြောင်း သိရပါသည်။

          Abrafutas အသင်း၏ ထုတ်ပြန်ချက်အရ အဆိုပါကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၁ သန်းခန့်ရရှိခဲ့ပြီး သစ်သီးဝလံ ကီလိုဂရမ် ၃၃၀ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၂၅ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၁၃ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

          သရက်သီးတင်ပို့မှုသည် တန်ဖိုးအားဖြင့် ၆၉ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ပန်းသီးတင်ပို့မှုမှာမူ တန်ဖိုးအားဖြင့် ၂၁၅ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၂၂၈ ရာခိုင်နှုန်းအထိ အဆမတန်မြင့်တက်ခဲ့ကြောင်း သိရပါသည်။

       အခြားတိုးတက်မှုရှိခဲ့သော အသီးများမှာ ထောပတ်သီး၊ သခွားမွှေး၊ ဖရဲသီးတို့ဖြစ်ကြောင်းနှင့် စပျစ်သီးတစ်မျိုးတည်းသာ ရာသီဥတုအခြေအနေကြောင့် တင်ပို့မှုပမာဏ လျော့နည်းခဲ့ကြောင်း သိရပါသည်။ ယခုကဲ့သို့ လုပ်ငန်းကဏ္ဍတိုးတက်လာခြင်းမှာ ထုတ်ကုန်၏ အရည်အသွေး၊ ထောက်ပံ့မှုတည်ငြိမ်ခြင်းနှင့် တင်ပို့မည့် နိုင်ငံများကို စုံလင်အောင် ချဲ့ထွင်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံသည် နိုင်ငံတကာစျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ကုန်သွယ်မှု သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးနိုင်ရန်လည်း မျှော်လင့်ထားကြောင်း သိရပါသည်။

           ဘရာဇီးနိုင်ငံမှ ထုတ်လုပ်သူများအဖွဲ့သည် စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာစေရန်နှင့် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာ ကုန်စည်ပြပွဲများသို့ သွားရောက်ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Fresh Plaza                                                                   

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ဝါဂွမ်းတင်သွင်းမှု သိသိသာသာ မြင့်တက်လာ

    ၂၀၂၆ ခုနှစ် မတ်လတွင် အစိုးရက ဝါဂွမ်းသွင်းကုန်အပေါ် အချိုးကျ ပြောင်းလဲကောက်ခံ သော အကောက်ခွန်နှုန်းထားနှင့် ကုန်သွယ်မှုအတွက် တန်ချိန် ၃၀၀,၀၀၀ ခွဲတမ်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်း အကောက်ခွန်ခွဲတမ်းသည် ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀၀,၀၀၀ တိုးလာပြီး ပြည်တွင်း အထည်အလိပ်လုပ်ငန်းများ၏ ကုန်ကြမ်း တန်ဖိုး မြှင့်တက်မှုဒဏ်ကို သက်သာစေရန် ခွဲတမ်းထုတ်ပြန်သည့်အချိန်ကို (၅) လခန့် စော၍ ရွှေ့ပြောင်း လုပ်ဆောင်ခဲ့‌ကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ ၂၀၂၆ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ အနေဖြင့်  ဝါဂွမ်းတန်ချိန် ၁.၈ သန်းခန့် တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူထက် ၁၃၈% တိုးတက် လာပြီး လအလိုက်အနေဖြင့် ၆% တိုးလာခဲ့သည်။

   ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တရုတ်နိုင်ငံ၏ ဝါဂွမ်းသွင်းကုန် စုစုပေါင်းသည် တန်ချိန် ၅.၅ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၆၂% တိုးတက်ခဲ့သည်။ မတ်လ အတွင်း ဝါဂွမ်း သွင်းကုန်ပမာဏသည် ယခင်နှစ်ကာလတူထက် ၂ ဆကျော် တိုးလာခဲ့ပြီး အဆိုပါ အခြေအနေက ရက်ကန်းစက်ရုံများအတွက် ကုန်ကျစရိတ်သက်သာသော ကုန်ကြမ်းများ အရေးတကြီး လိုအပ်နေသည့် အခြေအနေကို ပေါ်လွင်စေသည်။ လာမည့်ကာလများတွင် လက်ရှိ ပြည်တွင်းဝါဂွမ်းဈေးနှုန်းများသည် ဈေးနှုန်းမြင့်မားသော အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး သွင်းကုန် လိုအပ်ချက်မှာ အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။

   Zhuochuang သတင်းအချက်အလက်ဌာန၏ စောင့်ကြည့်မှုအရ မတ်လ ပထမ ၁၀ ရက် အတွင်း ပြည်တွင်း- ပြည်ပဝါဂွမ်းဈေးနှုန်းကွာဟမှုသည် တစ်နှစ်အတွင်း အနီးစပ်ဆုံး အမြင့်ဆုံး ဖြစ်သော ယွမ် ၃၀၀၀ သို့ ရောက်ရှိခဲ့သည်။ ပြည်ပဝါဈေးနှုန်းများ ချိုသာနေသည့်အတွက် ကုန်ချော ထုတ်လုပ်သူများက ပိုမိုနှစ်သက်သဘောကျ ဝယ်ယူသုံးစွဲနေကြကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မတ်လတွင် အစိုးရသည် ဝါသွင်းကုန် တန်ဖိုးအလိုက် အကောက်ခွန် ပြုပြင်ထုတ်လုပ် ရေးခွဲတမ်း တန်ချိန် ၃၀၀,၀၀၀ ကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀၀,၀၀၀ တိုးကာ ထုတ်ပြန်ချိန်ကို (၅) လခန့် စော၍ ရွှေ့ပြောင်းခြင်းမှာ ပြည်တွင်း အထည်အလိပ်လုပ်ငန်း များ၏ ကုန်ကြမ်းတန်ဖိုးမြှင့်တက်မှုဒဏ်ကို သက်သာစေရန် ဖြစ်သည်။

   တင်သွင်းသည့်ရင်းမြစ်နိုင်ငံများ၏ ရှုထောင့်မှကြည့်ပါက ပြည်တွင်း-ပြည်ပဝါဂွမ်းဈေးနှုန်း ကွာဟမှုသည် မြင့်မားသောအဆင့်တွင်ရှိပြီး ဈေးသက်သာသော သွင်းကုန်အနေဖြင့် သိသာ ထင်ရှားသော စျေးနှုန်းအကျိုးအမြတ်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဘရာဇီးဝါဂွမ်းသည် စျေးနှုန်းအကျိုးအမြတ် အမြင့်ဆုံးဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု အများဆုံးလည်းဖြစ်သည်။

    အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ အချက်အလက်များအရ မတ်လတွင် ဘရာဇီးမှ တင်သွင်းသော ဝါဂွမ်းပမာဏသည် ထိုလ၏ စုစုပေါင်းသွင်းကုန်၏ ၆၀% ရှိပြီး ရင်းမြစ် နိုင်ငံအားလုံးတွင် ပထမနေရာမှ ရပ်တည်ခဲ့သည်။ ၎င်းနောက် သြစတြေးလျနှင့် အမေရိကန်တို့က ၁၁% နှင့် ၈% သွင်းကုန် ဈေးကွက်ဝေစု ရှိသည်။ ၎င်းတို့အနက် သြစတြေးလျဝါဂွမ်းနှင့် အမေရိကန် ဝါဂွမ်းတို့၏ ဈေးကွက်ဝေစုသည် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း သိရသည်။ အဓိကအကြောင်းရင်းမှာ သြစတြေးလျနှင့် အမေရိကန် ဝါဂွမ်း တို့သည် အလျားနှင့် ညီညာမှုတို့တွင် ဘရာဇီးထက် သာလွန်သောကြောင့် ဖြစ်သည်။ ရက်ကန်း စက်ရုံအချို့သည် အရည်အသွေးမြင့် ကုန်ချောအော်ဒါများ၏ လိုအပ်ချက်ကို ပြည့်မီစေရန်အတွက် အဆင့်မြင့် ဝါဂွမ်းကုန်ကြမ်းများကို ဝယ်ယူမှုတိုးမြှင့်ခဲ့ကြကြောင်း သိရသည်။

    ဧပြီလနှောင်းပိုင်းတွင် ပြည်တွင်းဝါစိုက်ပျိုးမှုသည် ၈၀% ခန့် ပြီးစီးခဲ့ပြီး ယခုနှစ်တွင် Xinjiang ဒေသ၏ ဝါစိုက်ဧရိယာ လျော့နည်းခဲ့ပြီး ထွက်ရှိမှု လျော့ကျနိုင်မည်ဟု ခန့်မှန်းထားသည်။ အထည်အလိပ်ထုတ်လုပ်မှု ကဏ္ဍတွင် စွမ်းရည်သစ်များ ဆက်တိုက် အကောင်အထည်ဖော်လာပြီး ဝါဂွမ်း ဝယ်လိုအားတိုးလာသဖြင့် ကုန်သည်များအနေဖြင့် ရေရှည်တွင် ရောင်းလိုအားနှင့် သုံးစွဲမှု တင်းကျပ်လာမည်ဟု ခိုင်မာစွာ မျှော်လင့်နေကြကြောင်း သိရသည်။ ပြည်တွင်းဝါဂွမ်းဈေးနှုန်းသည် အထောက်အပံ့ ရရှိထားကြောင်း သိရသည်။ Zhuochuang သတင်းအချက်အလက်ဌာန၏ စောင့်ကြည့်မှုအရ ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ၏ 3128B ဝါဂွမ်းပျမ်းမျှ လက်ငင်းဈေးသည် တစ်တန်လျှင် ၁၆,၇၂၅ ယွမ်ဖြင့် ၂ နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့သည်။

Source : Sunsirs, 28 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယတွင် ၂၀၂၆ ခုနှစ်အတွင်း သကြား ၇ ရာခိုင်နှုန်းတိုးမြှင့်ထုတ်လုပ်မည်

    အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုကို ၂၀၂၅-၂၀၂၆ ဈေးကွက်ရာသီအတွင်း တန်ချိန် ၂၇. ၅၂ သန်း၊ ၇.၃၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သော အင်္ဂါနေ့တွင် ISMA ပြောကြားထားပါသည်။

    ဧပြီ ၃၀ ရက်နေ့အထိ သကြားတန်ချိန် ၂၅.၆၄ သန်းထုတ်လုပ်ခဲ့ကြောင်း၊ အောက်တိုဘာ လမှ နိုဝင်ဘာလအထိသည် သကြားဈေးကွက်ရာသီဖြစ်ကြောင်း၊ အိန္ဒိယ သကြားနှင့် ဇီဝလာင်စာ ထုတ်လုပ်သူများအသင်း (ISMA) က သကြားထုတ်လုပ်မှုအကြီးဆုံးပြည်နယ်ဖြစ်သည့် Maharashtra တွင် သကြားတန်ချိန် ၈.၀၉ သန်းမှ တန်ချိန် ၉.၉၂ သန်းသို့ တိုးမြှင့်ထုတ်လုပ်လျက်ရှိရာ တစ်ချိန် တည်းမှာပင် Karnataka ပြည်နယ်၏ သကြားထုတ်လုပ်မှုသည်လည်း တန်ချန် ၄.၀၄ သန်းမှ တန်ချိန် ၄.၈၀ သန်းအထိမြင့်တက်နေသည်ကိုတွေ့ရှိရေကြောင်း သိရှိရသည်။

   သို့သော် ဘဏ္ဍာနှစ်အစောပိုင်းက Uttar Pradesh ပြည်နယ်တွင် သကြားထုတ်လုပ်မှု တန် ချိန် ၉.၂၄ သန်းမှ တန်ချိန် ၈.၉၆ သန်းသို့ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း စံချိန်တင်ခဲ့သည့် တန်ချိန် ၂၆.၁၂ သန်းကို ကျော်လွန်၍ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၉.၃ သန်း ထုတ်လုပ်ရန်ရည်မှန်းထားကြောင်း ISMA ကပြောကြားထားပါသည်။

   သကြားစက်ရုံလည်ပတ်မှု သိသိသာသာကျဆင်းလျက်ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူက စက်ရုံ ၁၉ ခု နှင့်နှိုင်းယှဉ်ပါက ယခုအခါ စက်ရုံ ၅ ရုံသာလည်ပတ်လျက်ရှိကြောင်း၊ Tamil Nadu ပြည်နယ်ရှိ လည်ပတ်လျက်ရှိသော သကြားစက်ရုံတွင် သကြားတန်ချိန် ၅၀၀,၀၀၀ နီးပါး ထုတ် လုပ်သွားမည်ဖြစ်ေကြာင်းသိရသည်။

   ကြံစိုက်ရာသီချိန် နီးကပ်လာသည်နှင့်အမျှ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားမှု၊  စွမ်းဆောင် ရည်ကျဆင်းလာသည့် သကြားစက်ရုံအေဟာင်းများ၏ ပကတိအခြေအနေနှင့် ကြံများအား ပုတ်ပြတ်ကြိုတင်ဝယ်ယူမှု စသည်တို့အပေါ် အခြေပြု၍ အနိမ့်ဆုံးဈေးနှုန်းဖြင့် သတ်မှတ်ဝယ်ယူမှု ကို သကြားစက်ရုံက အစောပိုင်းက ဖော်ပြပေးထားပြီး ဖြစ်ကြောင်းသိရှိရသည်။

     Maharashtra ပြည်နယ်တစ်ခုတည်မှာပင် ကြံပုတ်ပြတ်ကြိုတင်အဝယ်ဈေးနှုန်းသည် ဧပြီလအလယ်အထိ ရူပီး ၂၁၃၀ သန်းအထိ ရှိရာ ယခင်နှစ်စံချိန်တင်ထားသည့် ရူပီး ၇၅၂ သန်း ၏ သုံးဆနီးပါးဖြစ်ကြောင်းသိရသည်။ သကြားစက်ရုံအနေဖြင့် အစိုးရအား လက်ရှိဆောင်ရွက် နေသော E20 အစီအစဉ်ထက် ပိုမိုကောင်းမွန်သော အီသနောရောနှောမှု ပိုမိုလုပ်ဆောင်နိုင်သည့် E25  နှင့် E85/E100 ကဲ့သို့ လောင်ကျွမ်းမှုမြန်ဆန်သည့် စက်ရုံများအဆင့်မြှင့်တင်ပေးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်နှုန်းကို သင့်လျော်အောင် စီစဉ်ပေးရန်  တိုက်တွန်းထားကြောင်း သိရသည်။

    အီသေနာ အဝယ်ဈးနှုန်းပြင်ဆင်ထုတ်ပြန်မှုနောက်ကျခြင်းကြောင့်  စက်ရုံများ အချိန်မီ မလည်ပတ်နိုင်သည့်အတွက် မြန်ဆန်သည့် ဈေးနှုန်းပြင်ဆင်ထုတ်ပြန်ခြင်းက စက်ရုံလည်ပတ်မှု ကို တိုးမြှင့်နိုင်ပြီး ရင်းနှီးမြှုပ်နှံသူများအား ခိုင်မာသည့် မူဝါဒကို ချပြပေးနိုင်မည်ဖြစ်ကြောင်း ISMA  က အလေးအနက်တိုက်တွန်းထားပါသည်။

Source : Business Standard, 24 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မိုးရွာသွန်းမှုကြောင့် ထိခိုက်ခံစားရသော လယ်သမားများကို ထောက်ပံ့ရန် ဂျုံဝယ်ယူရေး လျာထားချက်ကို အိန္ဒိယဗဟိုအစိုးရ ၁၅% တိုးမြှင့် သတ်မှတ်

   အိန္ဒိယဗဟိုအစိုးရသည် ယခုရာသီတွင် လယ်သမားများထံမှ ဂျုံကို ယခင် လျာထားချက် ၃၀ မီလီယံတန်မှ ၁၅% တိုး၍ ၃၄.၅ မီလီယံတန်အထိ ဝယ်ယူရန် ဆုံးဖြတ်ထား‌ကြောင်း၊ မိုးရွာ သွန်းမှု မမှန်ခြင်းကြောင့် သီးနှံပျက်စီးမှု ခံစားရသော လယ်သမားများကို ကူညီရန်နှင့် ပြည်နယ် များ၏ တောင်းဆိုချက်များကိုလည်း စဉ်းစားထားခြင်းဖြစ်ကြောင်း အစားအသောက်ဝန်ကြီးဌာန အတွင်းရေးမှူး Sanjeev Chopra က ၂၀၂၆ ခုနှစ် ဧပြီလ တတိယပတ်တွင် ပြောကြား သည်။

   Roller Flour Millers’ Federation of India ၏ နှစ်စဉ် ဂျုံသုံးသပ်ချက် ထုတ်ပြန်ရာတွင် ပြည်နယ်အလိုက် ဂျုံဝယ်ယူမည့် ပမာဏများကိုလည်း ဖော်ပြခဲ့သည်။ Madhya Pradesh ပြည်နယ်အနေဖြင့် ယခင် ၇.၈ မီလီယံ တန်မှ တိုးမြှင့်၍ ၁၀ မီလီယံတန် ၊ Uttar Pradesh ပြည်နယ်အနေဖြင့် ယခင်  ၁ မီလီယံတန်ခန့်မှ တိုးမြှင့်၍ ၂.၅ မီလီယံ တန်၊ Rajasthan ပြည်နယ် အနေဖြင့် ယခင် ၂ မီလီယံ တန်မှ တိုးမြှင့်၍ ၂.၃၅ မီလီယံတန်၊ Uttarakhand အနေဖြင့် ယခင် ၁,၀၀၀ တန်မှ တိုးမြှင့်၍ ၅,၀၀၀ တန် ကို ဝယ်ယူမည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ၃ နှစ်အတွင်း မဝယ်ယူနိုင်ခဲ့သည့် Delhi ပြည်နယ်မှလည်း ယခုနှစ်တွင် ဂျုံအချို့ဝယ်ယူနိုင်လာမည် ဖြစ်ရာ စုစုပေါင်း ဝယ်ယူ ပမာဏမှာ ယခင် ၃၀ မီလီယံတန်မှ ၃၄.၅ မီလီယံ တန်အထိ တိုးလာမည် ဖြစ်ကြောင်းသိရသည်။

    Punjab၊ Haryana၊ Madhya Pradesh နှင့် Rajasthan တို့အပါအဝင် အဓိက ဂျုံ စိုက်ပျိုးသော ပြည်နယ်များတွင် ဂျုံဝယ်ယူရာတွင် အသုံးပြုသည့် အရည်အသွေး စံနှုန်းများကို လျော့ပေါ့ပေးထားပြီး လယ်သမားများထံမှ ပိုမိုဝယ်ယူနိုင်ရန် လုပ်ဆောင်ထားကြောင်းလည်း ပြော ကြားခဲ့သည်။

   ဤကဲ့သို့ ဝယ်ယူပမာဏ တိုးမြှင့်ခြင်းကြောင့် ၂၀၂၆-၂၇ နှစ်အတွက် စတင် သိုလှောင်ထား သည့် ဂျုံပမာဏတွင် ခန့်မှန်း ၂၂ မီလီယံ တန် ထပ်တိုးလာမည်ဖြစ်ပြီး၊ ကုန်သည်များ၏ ခန့်မှန်း ချက်အရ စုစုပေါင်း ရရှိနိုင်မည့် ဂျုံပမာဏမှာ ၅၆.၅ မီလီယံတန်ခန့် ဖြစ်လာမည် ဖြစ် ကြောင်း၊ အများပြည်သူသို့ ဖြန့်ဝေပေးရန်လိုအပ်သည့် ဂျုံသီးနှံပမာဏ(Public Distribution System- PDS requirement) အတွက် လိုအပ်ချက်မှာ ၂၀၂၆-၂၇ တွင် အများဆုံး ၂၀ မီလီယံ တန် ဖြစ်မည်ဟု ပြောကြားထားကြောင်းသိရသည်။

   ၂၀၂၅-၂၆ စိုက်ပျိုးရေးနှစ်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနက ယခင်နှစ် ဂျုံထုတ်လုပ်မှု ထက် ပိုမို၍ တန်ချိန် ၁၂၀.၂၁ သန်းထုတ်လုပ်ရန် ခန့်မှန်းထားသော်လည်း အဓိက စိုက်ပျိုး ရေး ပြည်နယ်များတွင် ရာသီမမှန် မိုးရွာသွန်းခြင်းနှင့် မိုးကြိုးမိုးကြီးမှုများကြောင့် သီးနှံပျက်စီးမှု ဖြစ်ပွား သဖြင့် တန်ချိန် ၁၁၀ မှ ၁၂၀ သန်းအတွင်းသာ ထွက်ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

    Agriwatch ၏ အကြံပေးနှင့် GIS ဝန်ဆောင်မှုဒါရိုက်တာ Nalin Rawal က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျုံထုတ်လုပ်မှုကို တန်ချိန် ၁၁၅.၇ သန်းခန့်ရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ရာသီမမှန် မိုးရွာသွန်းမှုကြောင့် တန်ချိန် ၁၁၀.၆၅ သန်းသို့ လျော့နည်းသွားခဲ့ပြီး ယခင်နှစ် ၁၀၉.၆၃ သန်းထက်တော့ ပိုမိုမြင့်တက်နေဆဲဖြစ်ကြောင်း၊ အထွက်နှုန်းတွင် အနည်းငယ် ဆုံးရှုံးမှုရှိခဲ့ သော် လည်း စိုက်ဧက တိုးလာခြင်းကြောင့် ယင်းဆုံးရှုံးမှုကို ဖြည့်တင်းနိုင်ခဲ့ကြောင်း Business Standard သို့ ပြောကြားခဲ့သည်။

Source : Business Standard, 30 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပဲပိစပ်ဆီတင်သွင်းမှု သိသိသာသာကျဆင်း

   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက် များအရ ပဲပိစပ်ဆီ တင်သွင်းမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း သိသိသာသာ ကျဆင်းမှုရှိသည်။

    ပြည်တွင်းစျေးနှုန်းများသည် နိုင်ငံတကာဈေးကွက်ပေါက်နှုန်းနှင့်အညီ ညှိနှိုင်းပြင်ဆင်ထား ခြင်း မရှိသောကြောင့် တင်သွင်းမှုများကို လျှော့ချလိုက်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။ ယခုလက်ရှိအစိုးရနှင့် ယခင်ကြားဖြတ်အစိုးရတို့ထံ ဈေးနှုန်းတိုးမြှင့် ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အရှုံးခံရောင်းချနေရသည့် အခြေအနေမှာ ရေရှည်တွင် မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ဖြည့်စွက် ပြောကြားခဲ့ပါသည်။ သို့သော်လည်း အစိုးရဘက် ကမူ ဈေးနှုန်းကို ထိန်းချုပ် ထားရန် ကြိုးပမ်းနေပြီး တင်သွင်းမှု အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ် သဖြင့် ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း တုံ့ပြန်ထားသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ စားအုန်းဆီ တင်သွင်းမှုများသည် ယခင်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့တွင် တန်ချိန် ၄.၅၉ သိန်း ရှိခဲ့ရာမှ ယခုနှစ်ကာလတူတွင် တန်ချိန် ၄.၅၇ သိန်းသာရှိသဖြင့် သိသာစွာ ပြောင်းလဲခြင်း မရှိကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ပဲပိစပ်ဆီတင်သွင်းမှုသည် ယင်းကာလအတွင်း တန်ချိန် ၄.၄၈ သိန်းမှ ၂.၆၁ သိန်းသို့ သိသာစွာ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နှစ်စဉ် စားအုန်းဆီဝယ်လိုအားမှာ တန်ချိန် ၂၄သိန်းဖြစ်ပြီး ၉၀ ရာခိုင် နှုန်းက ပြည်ပမှတင်သွင်းကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် အကောက်ခွန် ကော်မရှင် ၏ အချက်အလက်များအရ သိရပါသည်။ မကြာသေးမီကာလက ဈေးကွက်အတွင်း အချို့ဒေသ များ၌ ဟင်းချက်ဆီ ပြတ်လပ်မှုများကြောင့် ဈေးနှုန်းများ မြင့်တက်နေပြီး ဝယ်ယူရန် ခက်ခဲလာ သည်။

    ထိပ်သီးစားအုန်းဆီတင်သွင်းသူတစ်ဦးဖြစ်သည့် Meghna Group of Industries ၏ ဥက္ကဋ္ဌ Mostafa Kamal က ဈေးနှုန်းသတ်မှတ်ချက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ တင်သွင်းမှု လျော့ကျလာခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ထို့အပြင် ဈေးနှုန်းသတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် အစိုးရအစည်းအဝေးများကို ယခင်နှစ် အောက်တိုဘာ လနှင့် နိုဝင်ဘာလတို့တွင် ဆွေးနွေးပြောကြားခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ရန် နှောင့် နှေး ကြန့်ကြာခဲ့ကြောင်းနှင့် ထိရောက်သောဆုံးဖြတ်ချက်ကို မချမှတ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့ သည်။ ၎င်းက "လုပ်ငန်းရှင်တွေ အရှုံးနဲ့ လည်ပတ်နေရတာပါ၊ ဘယ်ကုမ္ပဏီမှ ရေရှည်အရှုံးမခံ နိုင်ဘူး" ဟု အနာဂတ်ကာလများမှာ ရောင်းလိုအားနှင့်စပ်လျဉ်းပြီး သတိပေးပြောကြားခဲ့သည်။

   ကမ္ဘာ့ဘဏ်၏ ကုန်စည်‌ဈေးနှုန်းဆိုင်ရာအချက်အလက်များအရ နိုင်ငံတကာဈေးကွက်၌ ပဲပုပ်ဆီဈေးနှုန်းသည် ဇန်နဝါရီလတွင် တစ်တန်လျှင် ၁,၁၅၄ ဒေါ်လာ အရောင်းအဝယ်ဖြစ်ရာမှ ဖေဖော်ဝါရီလတွင် ၁,၂၈၂ ဒေါ်လာ မတ်လတွင် ၁,၄၈၂ ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။ အမည်မဖော်လိုသည့် အဓိကတင်သွင်းသူအရာရှိတစ်ဦး၏ အဆိုအရ ဆီတစ်လီတာလျှင် တာကာ ၂၀ (Tk 20) ခန့် အရှုံးပေါ်နေခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် ပုံမှန်စတော့ပမာဏကို ထိန်းသိမ်း နိုင်ရန် ဖိအားများရှိနေပြီး သင်္ဘောတစ်စီးစာ တင်သွင်းတိုင်း တာကာ ၁၅ ကုဋေမှ ၂၀ ကုဋေ အထိ အရှုံးပေါ်နိုင်ကြောင်း သိရသည်။

    ပဲပိစပ်ဆီနှင့်စပ်လျဉ်းပြီး အစိုးရက စုဆောင်းရရှိသော အချက်အလက်များအရ ဈေးနှုန်းကို တံဆိပ်ပေါ်တွင် ရိုက်နှိပ်ထားသည့် ဗူးသွင်း ပဲပုပ်ဆီသည် ဈေးကစားရန် အခွင့်အလမ်း မရှိကြောင်း ဖော်ပြသနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Khandakar Abdul Muktadir ပြောကြားခဲ့သည်။ ဗူးသွင်းဆီ ရောင်းလိုအားသည် လက်ရှိတွင် “အတန်ငယ် အကန့်အသတ် ရှိသည်” ဟု ၎င်းက ပြန်ကြားခဲ့သည်။ မထုပ်ပိုးရသေးသည် ပဲပိစပ်ဆီသည် အစိုးရသတ်မှတ် ဈေးထက် အနည်းငယ် ပိုမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေသော်လည်း “ပမာဏ လုံလုံ  လောက်လောက် ရှိနေသည်”ဟု ဆိုသည်။ “ကျွန်တော်တို့အနေဖြင့် ယင်းအခြေအနေများကို အနီး ကပ် စောင့်ကြည့်လျက်ရှိပြီး သင့်လျော်သော အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်” ဟု ဆိုပါသည်။

    ကျွန်တော်တို့အနေဖြင့် “အရေးကြီးကုန်စည်များ၏ လက်ရှိဈေးနှုန်းအဆင့်အတန်းအပြင် တင်သွင်းမှုအခြေအနေများကိုလည်း ပြန်လည် သုံးသပ်လျက်ရှိပြီး ယခုအချိန်အထိ သွင်းကုန် အခြေအနေသည် တည်ငြိမ်နေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ကြီးကြီးမားမား ဝင်ရောက် စွက်ဖက်သင့်သည့် အဓိကပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မလာသေးပါ" ဟု ဝန်ကြီး က ထပ် လောင်းပြောကြားခဲ့သည်။

Source: The Daily Star, 23 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သီးနှံရိတ်သိမ်းထွက်ရှိမှုခိုင်မာမည်ဟု မျှော်မှန်းချက်အရ အိန္ဒိယအစိုးရက ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံ တင်ပို့ခွင့်ပြု

   ၂၀၂၆ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အိန္ဒိယအစိုးရက ဂျုံသီးနှံသည် လက်ရှိသိုလှောင် စာရင်း အခြေအနေအရ ကောင်းမွန်နေပြီး ထပ်မံရိတ်သိမ်းမှုများလည်း ကောင်းမွန်မည်ဟု မျှော်မှန်းထား သဖြင့် ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံတင်ပို့ရန် ခွင့်ပြုခဲ့သည်။ ခွင့်ပြုချက်နှင့်အတူ စုစုပေါင်း ဂျုံ တန်ချိန် ၅၀ သိန်း နှင့် ဂျုံထွက်ပစ္စည်းတန်ချိန် ၁၀ သိန်း တင်ပို့ခွင့်ရရှိလာပြီဖြစ်သည်။ ထုတ်လုပ်မှု အလားအလာ ကောင်းမွန်ခြင်းနှင့် သိုလှောင်မှု အလုံအလောက်ရှိနေခြင်းကြောင့် ထပ်မံတင်ပို့ခွင့် ပြုခြင်းဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

    ဂျုံပမာဏ ထပ်မံတင်ပို့ခွင့်ပြုခြင်းကြောင့် စျေးကွက်တွင် လျင်မြန်စွာ လည်ပတ်နိုင်မှု တိုးတက်လာစေမည် ဖြစ်ပြီး လက်ကျန်ရိက္ခာများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် ဂျုံအထွက်နှုန်း အများဆုံးအချိန်တွင် ဈေးနှိမ်ရောင်းချရခြင်းများကို ကာကွယ်ရန် မျှော်လင့်ထားသည်။ ထို့အပြင် ပြည်တွင်းစျေးနှုန်းများကို တည်ငြိမ်စေပြီး တောင်သူများ၏ ဝင်ငွေကို တိုးတက်စေမည် ဖြစ်သလို နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံရေးကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

    စိုက်ပျိုးရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရေးနှစ် (ဇူလိုင်မှ ဇွန်) အတွက် ဂျုံထုတ်လုပ်မှုကို တန်ချိန် ၁၂၀.၂ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ ထုတ်လုပ်မှု တိုးလာခြင်းမှာ ၂၀၂၆ စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧရိယာ ၃၃.၄၁ သန်း ဟက်တာအထိ တိုးလာခြင်း ကြောင့်ဖြစ်ပြီး ယခင်နှစ် ၃၂.၈၀ သန်း ဟက်တာနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းဖြစ်ရာ သီးနှံ ရိတ်သိမ်းထွက်ရှိမှု ကောင်းမွန်မည်ဟု မျှော်မှန်းနိုင်သည်။ ယခင် ဇန်နဝါရီလတွင် အစိုးရက ဂျုံထွက်ပစ္စည်း တန်ချိန် ၅သိန်း တင်ပို့ခွင့်ပြုခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း ဂျုံထွက်ပစ္စည်း တန် ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံ ခွင့်ပြုခဲ့ကြောင်းသိရသည်။

     ဝန်ကြီးဌာနက အစိုးရသည် လယ်သမားများနှင့် စားသုံးသူများ၏ အကျိုးစီးပွားကို ညှိနှိုင်း ထိန်းညှိနိုင်ရန် သင့်လျော်သော မူဝါဒများ အချိန်မီချမှတ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

Source : Business Standard, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၅၈ သန်းကျော် ရရှိ

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅၈ သန်းကျော် ဝင်ငွေရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းကျော် တိုးမြင့်လာကြောင်း၊ ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း သီဟိုဠ်စေ့ တင်ပို့မှုသည် ယခင်နှစ် ကာလတူ၌ အမေရိကန်ဒေါ်လာ ၂၉၂ သန်း နီးပါးရှိရာမှ အမေရိကန်ဒေါ်လာ ၆၆ သန်း နီးပါး (၂၂.၅၄%) တိုးလာကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အစီရင်ခံစာအရ သိရှိရသည်။

     ကမ္ဘောဒီးယားသည် နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့ခဲ့ပြီး ဗီယက်နမ်စျေးကွက် အပေါ် ဆက်လက်မှီခိုနေရခြင်းမှာ အထင်ရှားဆုံးဖြစ်ကြောင်း၊ ဗီယက်နမ်သည် ကမ္ဘောဒီးယား နိုင်ငံ၏ သီဟိုဠ်စေ့အဓိကတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး အမေရိကန်ဒေါ်လာ ၃၅၆.၈ သန်းခန့်တန်ဖိုးရှိ သီဟိုဠ်စေ့များကို တင်သွင်းကာ ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်း သီဟိုဠ် စေ့တင်ပို့မှုတန်ဖိုး၏ ၉၉.၆၇ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

   ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ သီဟိုဠ်စေ့ တင်ပို့မှု သည် ၂၂ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့ပြီး ဗီယက်နမ်သို့ တင်ပို့မှုမှ ဒေါ်လာ ၃၀၀ သန်းနီးပါး ရရှိခဲ့ကြောင်း၊ ဗီယက်နမ်ပြီးလျှင် ထိုင်ဝမ်သည် ဒုတိယအကြီးဆုံးစျေးကွက်ဖြစ်ပြီး သီဟိုဠ်စေ့ တင်ပို့မှုမှ ဒေါ်လာ ၄၁၀,၀၀၀ ကျော် ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်က ဒေါ်လာ ၁၃၁,၀၀၀ ခန့်ရှိရာမှ ၂၀၀ ရာခိုင်နှုန်းကျော် သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ အခြားတင်ပို့သည့် နိုင်ငံ များမှာ တူရကီ၊ ယူအေအီး၊ နယ်သာလန်၊ ဂျပန်၊ ပြင်သစ်နှင့် နယူးဇီလန်တို့ဖြစ်ကြောင်း၊ တစ် ချိန်တည်းတွင် တောင်ကိုရီးယားနှင့် ဘယ်လ်ဂျီယမ်တို့သို့ တင်ပို့မှုမှာ ၂၀၂၆ခုနှစ် ပထမသုံးလတာ ကာလအတွင်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ ဒုတိယဥက္ကဋ္ဌ Suy Kokthean က ကမ္ဘော ဒီးယား၏ သီဟိုဠ်စေ့ကဏ္ဍသည် လက်ရှိတွင် အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ် မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုနှစ်တွင် ပုံမှန်မဟုတ်သည့် အေးသောရာသီဥတု နှင့် မိုးရွာသွန်းမှု တိုးလာခြင်းသည် သီဟိုဠ်ပန်းပွင့်ချိန်ကို ဆိုးကျိုးသက်ရောက်စေကြောင်း၊ ရာသီဥတု ပြောင်းလဲမှုသည် ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ကဏ္ဍအတွက် အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ကြာမြင့်စွာ အေးသောရာသီနှင့်အတူ ပန်းပွင့်ချိန်အတွင်း မိုးရွာသွန်းမှုသည် အထွက်နှုန်းကို သိသိ သာသာ ဆုံးရှုံးစေကြောင်း၊ ပူပြင်းသော ရာသီရောက်လာချိန်တွင် အပူလွန်ကဲမှုက ပန်းများကို ထပ်မံပျက်စီးစေပြီး ခြောက်သွေ့သွားစေကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ Kokthean က ရိတ်သိမ်းပြီးနောက် စီမံခန့်ခွဲမှုမှာလည်း အဓိကစိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေသေးကြောင်း၊ ကမ္ဘောဒီးယားတောင်သူများသည် သိုလှောင်ရောင်းချရန် အတွက် သီဟိုဠ်စေ့များကို အခြောက်ခံသည့်အလေ့အထကို မကျင့်သုံးသေးဘဲ လတ်ဆတ်သော သီဟိုဠ်စေ့များအဖြစ်သာ ရောင်းချနေကြကြောင်း၊ တောင်သူများအနေဖြင့် အခြောက်ခံသည့် အလေ့အထကို ကျင့်သုံးမည်ဆိုပါက ၎င်းတို့၏ သီဟိုဠ်စေ့ထုတ်ကုန်များကို ပိုမိုကြာရှည်စွာ သို လှောင်နိုင်ပြီး ပိုမိုကောင်းမွန်သည့်စျေးနှုန်းများဖြင့် ညှိနှိုင်းရောင်းချနိုင်မည်ဖြစ်ကြောင်း မှတ်ချက် ပြုခဲ့သည်။

    CAC သည် အထွက်နှုန်း အတက်အကျမခွဲခြားဘဲ ကုန်ကျစရိတ်လျှော့ချရန်နှင့် အမြတ် အစွန်းများ မြှင့်တင်ရန်အတွက် အော်ဂဲနစ်မြေသြဇာများ ထုတ်လုပ်သုံးစွဲရန် တောင်သူများကို အားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် CAC သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ သို့မဟုတ် ၂၀၂၇ ခုနှစ်အစောပိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ သီဟိုဠ်စေ့ဖိုရမ် (CIF) ကို ကျင်းပရန် ပြင်ဆင်နေပြီး ဝယ်ယူမှုလုပ်ငန်းများ မြှင့်တင်ရန်နှင့် တောင်သူများအတွက် စျေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

    အဆိုပါပွဲသည် အထူးသဖြင့် ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံတကာ ဝယ်လက်များကို ဆွဲဆောင်နိုင်ရန်နှင့် ကမ္ဘောဒီးယားတွင် ဝယ်ယူရေးဌာနများ ထူထောင်နိုင်ရန် တိုက်တွန်းနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ Kokthean က အစိုးရအနေဖြင့် သီဟိုဠ်စေ့ ပြုပြင် ထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း CAC သည် တောင်သူ များအတွက် စျေးနှုန်းတည်ငြိမ်မှုကို ပိုမိုအာရုံစိုက်နေကြောင်း၊ CAC အသင်းသည် တောင်သူများ အား ပံ့ပိုးကူညီရန် တည်ထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ဦးစားပေးအနေဖြင့် တောင်သူများ အတွက် ဈေးနှုန်းတည်ငြိမ်ပြီး မျှတသည့်စျေးနှုန်းများ ထိန်းသိမ်းပေးရန်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

    Kokthean က ပြည်တွင်းထောက်ပံ့ရေးကွင်းဆက် အားကောင်းခိုင်မာစေရေးသည်လည်း အရေးကြီးပြီး ပြည်တွင်းပြုပြင်ထုတ်လုပ်သူ အများအပြားသည် လုပ်ငန်းလည်ပတ်ငွေ ပြဿနာ များနှင့် ရင်ဆိုင်နေရကြောင်း၊ သီဟိုဠ်စေ့ ကုန်ကြမ်းများကို ပြည်တွင်းမှဝယ်ယူအသုံးပြုခြင်းကို အားပေးခြင်းသည် ယခုလက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times, 23 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ