Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဟင်းချက်ဆီ ဈေးနှုန်းတိုးမြှင့်သတ်မှတ်ရေး အစီအစဉ် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး ရှင်းလင်း

     အင်ဒိုနီးရှားအစိုးရ အထောက်အပံ့ပါဝင်သည့် ဟင်းချက်ဆီ၏ အမြင့်ဆုံးလက်လီဈေးနှုန်း (HET) ကို တိုးမြှင့်သတ်မှတ်ရန် အစိုးရ၏အစီအစဉ်ကို ကုန်သွယ်ရေးဝန်ကြီးက မေလ ၃ ရက်တွင် အတည်ပြုပြောကြားလိုက်ကြောင်း TEMPO သတင်းဌာနက ဖော်ပြထားသည်။ MinyaKita ခေါ် အစိုးရအထောက်အပံ့ ဟင်းချက်ဆီသည် စားအုန်းဆီ အချိုးအစား ၅၀% ပါဝင်သည့် ဇီဝဒီဇယ် ထုတ်လုပ်ရေး (B50) အစီအစဉ်တွင် စားအုန်းဆီကြမ်း (CPO) အား အသုံးပြုမည်ဖြစ်သောကြောင့် CPO ရောင်းလိုအား ကန့်သတ်ချက်နှင့် ဆက်နွယ်မှုမရှိကြောင်း၊ အဆိုပါလက်လီဈေးနှုန်း တိုးမြှင့် သတ်မှတ်ရေး အစီအစဉ်အရ CPO ဈေးနှုန်းကို မြင့်တက်စေမည်ဖြစ်ကြောင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို သက်ရောက်စေမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက် ကြောင်း သတင်းရရှိပါသည်။

    CPO ဈေးနှုန်းတစ်ဟုန်ထိုးမြင့်တက်လာခြင်းက ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြင့်တက် စေမှာဖြစ်ကြောင်း၊ ယင်းအခြေအနေကို အင်ဒိုနီးရှားအစိုးရအနေဖြင့် ထိန်းညှိဆောင်ရွက်လျက်ရှိ ကြောင်း၊ MinyaKita ခေါ် အစိုးရအထောက်အပံ့ ဟင်းချက်ဆီ ဈေးနှုန်းသည် ၃ နှစ်ကြာ ဈေးနှုန်း ပြောင်းလဲမှု မရှိခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

    အစိုးရအထောက်အပံ့ ဟင်းချက်ဆီ ဈေးနှုန်းတိုးမြှင့်သတ်မှတ်မည့်ပမာဏကို လက်ရှိ အချိန်တွင် အတည်မပြုရသေးကြောင်းနှင့် တိုးမြှင့်မည့်ဈေးနှုန်းကို သတ်မှတ်ရေး ဆွေးနွေးဆဲဖြစ် ကြောင်း ၎င်းကဆိုသည်။

    အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဟင်းချက်ဆီအတွက် ကုန်ကြမ်းပစ္စည်းဖြစ်သည့် CPO ဈေးနှုန်းသည် ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း၊ ရေနံဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက် လာမှု နှင့်အတူ CPO က စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာသည့်အတွက် CPO ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

    အင်ဒိုနီးရှား စားအုန်းဆီ မဟာဗျူဟာမြောက် လေ့လာတွေ့ရှိချက်များအရ ၂၀၂၆ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် CPO ဈေးနှုန်းများသည် ကမ္ဘာ့ဈေးကွက်တွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၁၆၅ ရှိခဲ့ရာမှ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၄၄၀၊ မေလတွင် အမေရိကန်ဒေါ်လာ ၁၇၀၁ နှင့် ဇွန်လတွင် အမေရိကန်ဒေါ်လာ ၁၇၈၃ ထိမြင့်တက်လာမည်ဖြစ်ကြောင်း လေ့လာတွေ့ ရှိချက်တွင် ဖော်ပြထားသည်ဟု သိရှိရသည်။ 

    အင်ဒိုနီးရှား၌ လက်ရှိတွင် MinyaKita ခေါ် အစိုးရအထောက်အပံ့ ဟင်းချက်ဆီ ဈေးနှုန်း သည် တစ်လီတာလျှင် ရူပီးယား ၁၅၇၀၀ ဖြစ်ကြောင်း၊ အဆိုပါဟင်းချက်ဆီ ဈေးနှုန်းကို ကုန်သွယ် ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်သည့် စည်းမျဉ်းအမှတ်  ၄၃ အရ ကြီးကြပ်ထိန်း ကျောင်း သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ အဆိုပါ ဈေးနှုန်း တိုးမြှင့်သတ်မှတ်ရေး အစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးဌာနက ကျင်းပသည့်အစည်းအဝေးမှ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

    အမျိုးသားအဆင့် လုပ်ပိုင်ခွင့်အာဏာပြုရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ရေကြောင်းနှင့် ရင်းနှီး မြှုပ်နှံမှု ကိစ္စရပ်များဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Mr. Zulkifli Hasan က MinyaKita ၏ အမြင့်ဆုံးဈေးနှုန်း (HET) တိုးမြှင့်ရေးအစီအစဉ်တွင် ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကြီးကြပ်ရေး အေဂျင်စီနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ ဌာနများ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သတ် မှတ်မည့်ဈေးနှုန်းကို ပူးပေါင်းတွက်ချက်ရမည်ဖြစ်ကြောင်း၊ တွက်ချက်ရရှိသည့် ဈေးနှုန်းအား အထူးအစည်းအဝေးကျင်းပ၍ အတည်ပြုဆုံးဖြတ်ရဖြစ်ကြောင်း ပြောကြားခဲ့သည်ကို TEMPO သတင်းဌာန၏ဖော်ပြချက်များအရ လေ့လာသိရှိရပါကြောင်း တင်ပြအပ်ပါသည်။

Source: TEMPO.CO, May 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံသို့ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှု မြင့်တက်လာ

    ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။ အကြောင်းရင်းမှာ ကမ္ဘာ့ကော်ဖီစျေးနှုန်းများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ လယ်တွင် ကျဆင်းသွားသော်လည်း လှော်ထားပြီး ပြုပြင်ထုတ်လုပ်ထားသော ကော်ဖီထုတ်ကုန် များအပေါ် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဖြစ်ပါသည်။ 

     ဗီယက်နမ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ သုံးလပတ် အတွင်း ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၀.၆ သန်း တန်ဖိုးရှိ ကော်ဖီတန်ချိန် ၉,၉၀၀ ခန့် တင်ပို့ခဲ့ပြီး ၎င်းပမာဏသည် ယခင်နှစ်ထက် တင်ပို့မှုပမာဏအားဖြင့် ၂၂.၅ ရာခိုင်နှုန်းနှင့် တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၈.၇ ရာခိုင်နှုန်းထိ  မြင့်တက်လာကြောင်း သိရှိရသည်။

    ကော်ဖီတင်ပို့မှုပမာဏထက် တင်ပို့မှုတန်ဖိုးမှာ ပိုမိုလျင်မြန်စွာ မြင့်တက်လာခြင်းသည် တန်ဖိုးမြင့် ပြုပြင်ထုတ်လုပ်ထားသော ကော်ဖီသို့ ပြောင်းလဲဦးတည်လာခြင်းကို ညွှန်ပြနေခြင်း ဖြစ်သည်။ ယခုနှစ် ပထမနှစ်လတွင် ထိုင်းနိုင်ငံသို့ တင်ပို့သော ဗီယက်နမ်နိုင်ငံ ကော်ဖီပို့ကုန် ဝင်ငွေ၏ ၈၃.၆ ရာခိုင်နှုန်းကို ပြုပြင်ထုတ်လုပ်ထားသော ထုတ်ကုန်များမှ ရရှိပါသည်။

    ဧပြီလထုတ်သတင်းလွှာတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အထူးသဖြင့် ထိုင်းနိုင်ငံ မြို့ကြီးများရှိ စားသုံးသူများသည် အသင့်ဖျော်ကော်ဖီ သောက်သုံးမှုမှ လှော်ပြီးကြိတ်ထားသော ကော်ဖီ၊ ကော်ဖီကြမ်းခါးသောက်သုံးမှုများနှင့် အထူးအဆင့်မီ ကော်ဖီ အမျိုးအစားများဆီသို့ ပိုမိုပြောင်းလဲသောက်သုံးလာကြကြောင်း သိရှိရပါသည်။

    ဘန်ကောက်၊ ချင်းမိုင်နှင့် ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများ သွားလာမှုများသော ဒေသများတွင် ခေတ်မီကော်ဖီဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်လာမှုသည် အရည်အသွေး မြင့်မားပြီး မူရင်း ထုတ်လုပ်သည့်နေရာကို ခြေရာခံစစ်ဆေးနိုင်သော ကော်ဖီထုတ်ကုန်များအပေါ် ဝယ်လိုအားကို မြင့်တက်စေခဲ့သည်။

    ဗီယက်နမ်၏ ထိုင်းနိုင်ငံသို့ ကော်ဖီတင်သွင်းမှုဝေစုမှာ ပြီးခဲ့သော တစ်နှစ်အတွင်း ၂၄.၂ ရာခိုင်နှုန်းမှ ၃၅.၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ယင်းအချက်မှာ ကုန်သွယ်ရေးဆိုင်ရာ အချက် အလက်အရ ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကဦးဆောင်ပေးသွင်းသူနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

    ဈေးကွက်သုတေသနလုပ်သူများ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် ကော်ဖီသုံးစွဲမှုသည် ၂၀၃၂ ခုနှစ်အထိ နှစ်စဉ် ၇ မှ ၈ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ခန့်မှန်းထားပြီး ခြောက်နှစ်တာ ကာလတွင် တန်ချိန် ၁၂၀၀၀၀ ကျော်နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ဘရာဇီး၊ မလေးရှားနှင့် အင်ဒိုနီးရှားမှ ပေးသွင်းသူများသည် ၎င်းတို့၏ ဖြစ်တည်မှုအခြေအနေကို ချဲ့ထွင် နေရာယူလာခြင်းကြောင့် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာနေသည်။

    အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာမှ အချက်အလက်အရ ဗီယက်နမ်ကော်ဖီသည် ဒေသတွင်း ပြိုင်ဘက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိနေဆဲဖြစ်သည်။ ယင်းအချက်ကို ဒေသချင်း ကပ်လျက်တည်ရှိခြင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နည်းခြင်း နှင့် အာဆီယံ ကုန်သွယ်ရေးအုပ်စုအတွင်း အခွန်ဆိုင်ရာ အကျိုးအမြတ်များရှိခြင်း စသည့်တို့က ထောက်ပံ့ ပေးထားခြင်းဖြစ်ပါသည်။

    ကော်ဖီလုပ်ငန်းနယ်ပယ်မှ အရာရှိများ၏ ပြောကြားချက်အရ လှော်ပြီးကြိတ်ထားသော ကော်ဖီ၊ အသင့်ဖျော်ကော်ဖီနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်များကဲ့သို့ တန်ဖိုးမြင့်ပိုင်း ဈေးကွက်များသည် ထိုင်းနိုင်ငံ၏လျင်မြန်စွာ တိုးတက်နေသော ဈေးကွက်တွင် မိမိတို့၏ အနေ အထားကို ပိုမိုခိုင်မာစေရန် ဗီယက်နမ် တင်ပို့သူများအတွက် အခွင့်အလမ်းများ ပေးစွမ်းနေ ကြောင်း သိရသည်။

    ထိုင်းနိုင်ငံတွင် ကော်ဖီသုံးစွဲမှုသည် ကျယ်ပြန့်လာပြီး လူတစ်ဦးလျှင် နှစ်စဉ် ကော်ဖီခွက် ၃၄၀ ကျော်ခန့် ပျမ်းမျှသုံးစွဲလျက်ရှိသည်။ ပြည်တွင်းဈေးကွက်ကို ၂၀၂၅ ခုနှစ်တွင် ထိုင်းဘတ် ၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ကထက် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံသည် ကော်ဖီထုတ်လုပ်မှု ပမာဏမှာ နည်းပါးပြီး စိုက်ပျိုးမြေ ဧရိယာမှာ ခန့်မှန်း အားဖြင့် ဟက်တာ ၃၅,၀၀၀ ခန့် ရှိကာ နှစ်စဉ် ပဲစိမ် ထုတ်လုပ်မှုသည် တန်ချိန် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိရှိကြောင်း သိရှိရပါသည်။

Source: Viet Nam News, 1-5-2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရှေ့တောင်အာရှ ရထားလမ်းသစ်ကြောင့် တရုတ်နိုင်ငံတွင် ဒူးရင်းသီးစျေးနှုန်းများ ကျဆင်း

    အရှေ့တောင်အာရှမှ ဒူးရင်းစိုက်တောင်သူများသည် ယခုအခါ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသည့် အအေးခန်း ရထားလမ်းဝန်ဆောင်မှုအသစ်ကို အသုံးပြု၍ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ ယခင်ကထက် ပိုမို မြန်ဆန်စွာ တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်နိုင်ခြင်းကြောင့် အနံ့ပြင်းသော ဒူးရင်း သီး၏ စျေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံအတွက် အကြီးဆုံးဒူးရင်းသီးအရင်းအမြစ်ဖြစ်သည့် ထိုင်းနိုင်ငံမှ ဒူးရင်းသီးများ တင်ဆောင်လာသည့် ပထမဆုံး ကုန်စည်ရထားကြီးသည် လာအိုနိုင်ငံကိုဖြတ်၍ မြောက်ဘက် တရုတ်နိုင်ငံဆီသို့ ယခင်အပတ်တွင် စတင်ခုတ်မောင်းလာခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံလွှင့် ဌာန CCTV က ၂၈-၄-၂၀၂၆ ရက်နေ့တွင် ဖော်ပြထားသည်။

    ယခင်နှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံခန့် (ထိုင်းဘတ်ငွေ ၂၂၄ ဘီလီယံ) ရှိသည့် ကမ္ဘာ့ဒူးရင်းတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်ဈေးကွက်သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် အနံ့ပြင်းသော ဒူးရင်းသီးကို အလွန်တန်ဖိုးထားကြပြီး အထိမ်းအမှတ်ပွဲများတွင် လက်ဆောင်အဖြစ် မကြာခဏ ပေးကမ်းလေ့ရှိကြောင်း၊ အလေးချိန် ၆ ကီလိုဂရမ်ရှိသော ဒူးရင်း သီးတစ်လုံးသည် တရုတ်နိုင်ငံ၌ ယွမ် ၂၀၀ (၉၅၀ ဘတ်) အထိ ဈေးရကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်သည့် ရထားလမ်းကွန်ရက် တစ်ခုကို တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့ပြီး အဆိုပါလမ်းကြောင်းကို ထိုင်းနိုင်ငံဆီသို့ ယခင်ရှိပြီး ရထားလမ်းများနှင့်လည်း ချိတ်ဆက်ထားကြောင်း သိရှိရသည်။

     CCTV ၏ ဖော်ပြချက်အရ အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အထိ အအေးရှိသော အခန်းပါရှိ သည့် အအေးခန်းရထားလမ်း ဆက်သွယ်မှုအသစ်သည် ထိုင်းနိုင်ငံ၏ Laem Chabang ဆိပ်ကမ်း မှ လာအိုနိုင်ငံကိုဖြတ်၍ ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့သို့ ပြေးဆွဲသည်။

    People's Daily သတင်းစာ၏ ဖော်ပြချက်အရ ထိုင်းဒူးရင်းသီးများ တင်ဆောင်သော ရထား များသည် ယခုအခါ မနက်ခင်းတိုင်း ကူမင်းမြို့သို့ ရောက်ရှိမည်ဖြစ်ကာ ယခုနှစ်တွင် အပူပိုင်းဒေသ သီးနှံဖြစ်သော ဒူးရင်းတန်ချိန် ၂၀၀၀၀၀ ကျော်ကို သယ်ယူပို့ဆောင်နိုင်ရန် မျှော်မှန်းထားပြီး ကူမင်း မြို့သို့ ခရီးစဉ်သည် သုံးရက်ကြာမြင့်ကြောင်း သိရှိရသည်။

    ရထားလမ်းဆက်သွယ်မှုကြောင့် ထိုင်းဒူးရင်းများကို တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ အဓိကမြို့ကြီး Chengdu မြို့သို့ တင်ပို့ရန် ယခုအခါ ၅ ရက်သာ ကြာမြင့်ပြီး ယခင်က တစ်ပတ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ CCTV ၏ အဆိုအရ တင်သွင်းလာသော ဒူးရင်းသီးများ၏ စျေးနှုန်းသည် ရောင်းလိုအား တိုးလာခြင်းကြောင့် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။

    မလေးရှားနိုင်ငံ၊ Durian Academy မှ တောင်သူများကို လေ့ကျင့်သင်ကြားပေးသည့် အကြံပေး Mr. Lim Chin Khee ၏ ပြောကြားချက်အရ ဒူးရင်းတင်ပို့သူများအတွက် ရထားလမ်း သည် ကုန်ကျစရိတ်သက်သာပြီး လေကြောင်းကုန်စည်ပို့ဆောင်ခနှင့် နှိုင်းယှဉ်ပါက စျေးသက်သာ ကာ ရေကြောင်းကုန်စည်ပို့ဆောင်မှုထက် ပိုမိုမြန်ဆန်သည့်အတွက် ကောင်းမွန်သော ရွေးချယ်မှု တစ်ခုဖြစ်ကြောင်း၊ အကြောင်းမှာ ရေကြောင်းပို့ဆောင်ချိန် ပိုမိုကြာမြင့်ခြင်းကြောင့် အသီးများ မကြာခဏ ပုပ်သွားတတ်သောကြောင့်ဖြစ်ကြောင်း သိရှိရသည်။

    တရုတ်-လာအို ရထားလမ်းသည် ဒူးရင်းတင်ပို့မှုအတွက် အရေးပါသည့်လမ်းကြောင်း တစ်ခု ဖြစ်လာကြောင်း၊ အကြောင်းမှာ အဆိုပါရထားလမ်းသည် အမြန်နှုန်း၊ ကုန်ကျစရိတ်နှင့် အသီး အရည်အသွေး ထိန်းသိမ်းမှုများကြားတွင် ဟန်ချက်ညီညီ ထိန်းထားသောကြောင့်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် အသီးများ အထူးသဖြင့် ဒူးရင်းသီးများအတွက် အချိန်နှင့် အပူချိန် ထိန်းချုပ်မှုသည် အလွန်အရေးကြီးကြောင်း သိရှိရသည်။

    အအေးခန်း အသုံးပြုခြင်းသည် ခရီးစဉ်အတွင်း ပုပ်သွားခြင်း၊ အသီးမှည့် မညီညာခြင်းနှင့် ကိုင်တွယ်စဉ် ထိခိုက်ပျက်စီးခြင်းများမှ ဆုံးရှုံးမှုကို လျှော့ချပေးကြောင်း Kim က ပြောကြားခဲ့ သည်။ CCTV ၏ အစီရင်ခံစာအရ ရထားလမ်းအသစ်ဖြင့် တင်ပို့သော ဒူးရင်းသီး ၃ ရာခိုင်နှုန်းသာ ပုပ်သွားနိုင်ခြေရှိပြီး ယခင်ကမူ ၁၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရှိရသည်။

    တရုတ် E-commerce ကုမ္ပဏီကြီး JD.com ၏ အစိတ်အပိုင်းဖြစ်သော JD Fresh က တရုတ်နိုင်ငံ၏ စားသုံးသူများသည် အရည်အသွေးပိုင်းကို ပိုမိုအာရုံစိုက်လာကြသည်ဟု ဧပြီလ ၂၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။အချိန်ကြာမြင့်စွာတည်ရှိခဲ့သော အရည်အသွေးဆိုင်ရာ စိုးရိမ်မှုများ ကို ဖြေရှင်းရန်အတွက် JD Fresh က အသက် ၁၀ နှစ်အရွယ် ဒူးရင်းပင်များမှ အကောင်းဆုံး မွန်ထောင်းဒူးရင်းသီးများကို ရွေးချယ်ရန် စံသတ်မှတ်ချက်တစ်ခုကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဆိုပါ စံသတ်မှတ်ချက်သည် ဒူးရင်းသီး အလုံး ၁၀၀ တွင် ၉၉ လုံးကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားစေကြောင်း သိရှိရသည်။

    ၁၀၃၅ ကီလိုမီတာ ရှည်လျားသော တရုတ်-လာအို ရထားလမ်းကို ဘေဂျင်း၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် စီမံကိန်း၏ ဆောက်လုပ်ရေးကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၅.၉ ဘီလီယံကို အညီအမျှ ကျခံခဲ့ကြသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲမွဲတေပြီး ကုန်းတွင်း ပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံအား တရုတ်နှင့် ဒေသတွင်းရှိ အခြားနိုင်ငံများသို့ ကုန်သွယ်ရေး လမ်းကြောင်းသစ်များ ပံ့ပိုးပေးခြင်းဖြင့် လာအို၏စီးပွားရေးကို မြှင့်တင်ရန်ဖြစ်သည်။

    တရုတ်နိုင်ငံသည် ယခင်နှစ်က ၎င်း၏ ဒူးရင်းသီးအများစုကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ များမှ တင်သွင်းခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှလည်း အနည်းငယ်စီ တင်သွင်းခဲ့သည်။ Lim ၏ ပြောကြားချက်အရ အအေးခန်းရထားလမ်း ဝန်ဆောင်မှုအသစ်ကို အခွင့် ကောင်းယူနိုင်ရန် ပထဝီအနေအထားအရ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အကောင်းဆုံး အနေအထားတွင် ရှိကြသည်။

Source: Bangkok Post, 4 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရှေ့အလယ်ပိုင်းဒေသတွင် ထိုင်းဆန် ဈေးကွက်နေရာ ပျောက်ဆုံးနေခြင်း

     အီရန်စစ်ပွဲကြောင့် အီရတ်နိုင်ငံသို့ ဆန်တင်ပို့မှုများ ရပ်တန့်သွားခြင်းနှင့် သယ်ယူပို့ဆောင် ရေးစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းထားသော တန်ချိန် ၇ သန်း ပြည့်မီရန် အခက်အခဲရှိနေသည်။

     အီရန်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသသို့ ဆန်တင်ပို့မှုများအပေါ် အကြီးအကျယ် ထိုး နှက်ချက် ဖြစ်စေခဲ့ပြီး လွန်ခဲ့သည့် သုံးလတာကာလအတွင်း ဆန်တန်ချိန် ၂၀၀၀၀၀ ကျော် တင်ပို့ နိုင်မည့် အခွင့်အရေးများကို ဆုံးရှုံးသွားစေခဲ့သည်ဟု ထိုင်းဆန်တင်ပို့သူများက ပြောကြားခဲ့သည်။

    ၂၀၂၆ ခုနှစ်၏ ပထမလေးလပတ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် အဓိကဈေးကွက် အားလုံးတွင် တင်ပို့ရောင်းချနေရဆဲဖြစ်သော်လည်း စစ်ပွဲကြောင့် သုံးလကြာတင်ပို့မှုများ ရပ်ဆိုင်း ထားရသည့် အရှေ့အလယ်ပိုင်းဒေသမှာမူ ခြွင်းချက်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများ အသင်း၏ ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့သည်။

    အဆိုပါအကျိုးဆက်ကြောင့် ယခုနှစ်၏ ပထမလေးလပတ်အတွင်း ထိုင်းနိုင်ငံသည် ဆန် တန်ချိန် ၂.၂ သန်းသာ တင်ပို့နိုင်ခဲ့ပြီး သတ်မှတ်ထားသော ရည်မှန်းချက်အောက် ရောက်ရှိနေခဲ့ သည်။ အကယ်၍ လက်ရှိ လစဉ်ပျမ်းမျှ တင်ပို့မှုနှုန်းအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်း ပို့ကုန်ပမာဏသည် တန်ချိန် ၆.၆ သန်း ခန့်သာ ရှိနိုင်သဖြင့် ရည်မှန်းထား သော တန်ချိန် ၇ သန်း ပြည့်မီရန် လိုအပ်ချက်များ ရှိနေမည်ဖြစ်သည်။

    ပို့ကုန်ရည်မှန်းချက် မပြည့်မီရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရတ်ဈေးကွက်ကို လက် လွှတ်လိုက်ရခြင်းကြောင့် ဖြစ်ကြောင်း Chookiat က ပြောကြားခဲ့သည်။ ပုံမှန်အခြေအနေတွင် ထိုင်းနိုင်ငံသည် အီရတ်နိုင်ငံသို့ တစ်လလျှင် ဆန်တန်ချိန် ၈၀၀၀၀ မှ ၉၀၀၀၀ ခန့် တင်ပို့နေရပြီး တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် ၁ သန်းခန့် ရှိသောကြောင့် အီရတ်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆန်ပို့ကုန် ဈေးကွက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

     သို့သော်လည်း အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ စတင်ဖြစ်ပွားကတည်းက အီရတ်နိုင်ငံ သို့ ဆန်တင်ပို့မှုများသည် လုံးဝရပ်တန့်သွားခဲ့သည်။ ဆန်များကို တင်ဆောင်နေသည့် ကုန်တင် သင်္ဘောတစ်စင်းသည်ပင် မထွက်ခွာနိုင်တော့သဖြင့် တင်ဆောင်ထားသည့်ကုန်စည်များကို ကမ်း သို့ ပြန်ပို့ခဲ့ရပြီး လွန်ခဲ့သည့် သုံးလတာကာလအတွင်း ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်းသို့ ဆန် တင်ပို့နိုင်မည့်ပမာဏ တန်ချိန် ၂၀၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု Chookiat က ပြောဆိုခဲ့သည်။

    အာရှဈေးကွက်များ၊ အထူးသဖြင့် ထိုင်းဆန်ဝယ်လိုအား သိသိသာသာ မြင့်တက်လာသည့် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် စုစုပေါင်း ဆန်တင်ပို့မှု ပမာဏကို ဆက်လက် အထောက် အကူ ပြုနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥပမာအားဖြင့် မလေးရှား နိုင်ငံသည် ၎င်း၏ ဆန်အရန်ရိက္ခာ စုဆောင်းမှုကို (၃) လစာမှ (၉) လစာ  အထိ တိုးမြှင့်ခဲ့ရာ အရန် ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဆန်ဝယ်ယူမှုများကို သိသိသာသာ တိုးမြှင့်ခဲ့ရသည်။

    သို့သော် ထိုင်းဆန်တင်ပို့မှုသည် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ ၂၀ ရာခိုင်နှုန်း ခန့် မြင့်တက်လာသော သယ်ယူပို့ဆောင်ရေးစရိတ်များ၊ သင်္ဘောကုန်တင်ခများနှင့် အာမခံကြေး များ ကြောင့်လည်း ဖိအားပေးခြင်းခံနေရသည်။

    ထိုင်းနှင့်တရုတ် နှစ်နိုင်ငံအစိုးရများအကြား (G2G) ဆန်အရောင်းအဝယ်ပြုလုပ်မှုများနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ရှင်းလင်းရာတွင် ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ် ဆန်တန်ချိန် ၄၀၀၀၀ ကို အစိုးရချင်း (G2G) စနစ်ဖြင့် တင်ပို့ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံဘက်မှ ထိုင်းဆန်ကို ဆက်လက်ဝယ်ယူရန် ဆန္ဒရှိသဖြင့် ယခုအခါ ဒုတိယအသုတ်အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး နောက်ထပ် တင်ပို့ မည့် ပမာဏမှာ စုစုပေါင်း တန်ချိန် ၅၀၀၀၀ မှ ၆၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က တင်ပြခဲ့သည်။

    သို့သော်လည်း ထိုင်းနိုင်ငံသည် အစိုးရအကူးအပြောင်းကာလကို ဖြတ်သန်းနေရသော ကြောင့် အဆိုပါလုပ်ငန်းစဉ်ကို အတည်ပြုချက်ရယူရန် အစိုးရအဖွဲ့နှင့် အသစ်ဖွဲ့စည်းထားသော အမျိုးသား ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြရမည်ဖြစ်ကြောင်း Arada က ပြော ကြားခဲ့သည်။

    ယခုအချိန်တွင် အရောင်းအဝယ်မှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး လက်ရှိ သဘောတူညီချက် အောက်တွင် နောက်ထပ် ဆန်အမှာစာများကို မျှော်မှန်းထားကြောင်း Arada က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် လက်ရှိတွင် ဆန်တန်ချိန် ၂၈၀၀၀၀ အတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားပြီးဖြစ်ကာ ဌာနအနေဖြင့် နောက်ထပ်တန်ချိန် ၂၂၀၀၀၀ ကို အတည်ပြုပေးနိုင်ရေး အတွက် အစိုးရအဖွဲ့သို့ တင်ပြရန် ပြင်ဆင်နေကြောင်း သိရပါသည်။ ထို့ကြောင့် စုစုပေါင်း ရည်မှန်းချက်မှာ လျာထားသည့်အတိုင်း တန်ချိန် ၅၀၀၀၀၀ အထိ ရှိလာမည်ဖြစ်သည်။

Source: The Nation Thailand, 6 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ် ပထမလေးလအတွင်း အိန္ဒိယ၏ ကော်ဖီတင်ပို့မှု ၂၇ ရာခိုင်နှုန်း မြင့်တက်

     ရိုဘတ်စတာကော်ဖီနှင့် အသင့်သောက်ကော်ဖီများကို အဓိကအားဖြင့် အများအပြားတင်ပို့ လျက်ရှိခြင်းကြောင့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၁.၇၄ သန်း (၂၆.၆) ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း အစိုးရထုတ်ပြန်သည့် အချက်အလက်များကဖော်ပြထားသည်။

     ယခင်နှစ် အလားတူကာလ၌ ကော်ဖီတန်ချိန် ၁.၃၇ သန်းတင်ပို့ခဲ့ကြောင်း၊ အိန္ဒိယသည် ရိုဘတ်စတာ မြေနိမ့်ကော်ဖီ၊ အာရေးဘီးကား ကုန်းမြင့်ကော်ဖီနှင့် အသင့်သောက်ကော်ဖီ စသည့် ကော်ဖီအမျိုးအစားများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

     ကော်ဖီတင်ပို့မှုတန်ဖိုးအနေဖြင့် ယခင်နှစ် အဆိုပါကာလ၌ စုစုပေါင်းတင်ပို့မှု ရူပီး‌ငွေ ၇၅၇.၀၇ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ရူပီး ၉၃၆.၅၇ သန်းအထိ မြင့်တက်လာပြီး တစ်ဆက်တည်း မှာပင် ပကတိအကျိုးအမြတ်ရရှိမှုသည် တစ်တန်လျှင် ၄၇၅၀၂၃ ရူပီးမှ ၄၉၄၇၇၆ ရူပီးသို့ တိုးတက်ခဲ့ကြောင်းသိရသည်။

     ယခင်နှစ်၌ ဇန်နဝါရီလမှ ဧပြီလအတွင်း ရိုဘတ်စတာကော်ဖီ တင်ပို့မှုသည် ၆၂၇၃၆.၉၂ တန်ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၈၅၁၆၈ အထိ တိုးမြင့်လာကြောင်း၊ အသင့်သောက်ကော်ဖီ တင်ပို့မှုသည် တန်ချိန် ၁၇၅၀၄ မှ တန်ချိန် ၂၀၃၃၂ သို့မြင့်တက်လာကြောင်း၊ အသင့်သောက် ကော်ဖီအား တစ်ဆင့်ခံပြန်လည်တင်ပို့မှုသည် တန်ချိန် ၃၀၂၇၄ မှ တန်ချိန် ၃၈၁၆၉ သို့ တိုးမြင့် လာကြောင်း ကော်ဖီဘုတ်အဖွဲ့၏ ကိန်းဂဏန်းအချက်အလက်အရသိရသည်။

     သို့သော် ပြီးခဲ့သည့်နှစ်တွင် အာရေးဘီးကား ကော်ဖီတင်ပို့မှုသည် တန်ချိန် ၇၂၄၇၉ မှ တန်ချိန် ၃၀၅၈၉ သို့  ၅၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၃.၈၂ သန်းရှိကြောင်းသိရသည်။

     အိန္ဒိယ၏ ကော်ဖီတင်ပို့မှုကဏ္ဍသည် ၂၀၂၆ ခုနှစ်တွင် ပြန်လည်ဆန်းသစ်လာရာ ကမ္ဘာ့ ကော်ဖီတင်ပို့မှုတွင် ၎င်း၏ အခန်းကဏ္ဍသည် ရိုဘတ်စတာ ကော်ဖီတင်ပို့သူအဖြစ် သတ်မှတ်ထား သည့် ၎င်း၏ သမားရိုးကျဖြစ်တည်မှုထက် ပိုမိုကျော်လွန်လျက်ရှိကြောင်း ပညာရှင်များက ပြော ကြားထားသည်။ ထုတ်လုပ်မှုဆိုင်ရာခန့်မှန်းတွက်ချက်များ၊ ပို့ကုန်တန်ဖိုး တိုးမြှင့်ရရှိမှုများ၊ အဆင့် ဆင့်ပြုပြင်ထုတ်လုပ်ရန်နှင့် ပြည်တွင်းစားသုံးမှု အစဉ်တစိုက်တည်ငြိမ်စေရန်တို့အတွက် သွင်းကုန် အမြောက်အမြား တင်သွင်းရမှု စသည်တို့သည် ကော်ဖီလုပ်ငန်းကဏ္ဍ၌ ရင်ဆိုင်ရသည့်  အရေး ပါသော အချက်များဖြစ်ကြောင်း ပညာရှင်များကပြောကြားထားသည်။

     ကော်ဖီအဓိကထုတ်လုပ်သည့်ပြည်နယ်များဖြစ်သော Karnataka ၊ Kerala နှင့် Tamil Nadu တို့မှ ကော်ဖီထွက်ရှိမှုအရ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကော်ဖီထွက်ရှိမှုတန်ချိန် ၄၀၃၀၀၀  ရှိမည်ဟု အိန္ဒိယကော်ဖီဘုတ်အဖွဲ့က ခန့်မှန်းထားသည်။ ကော်ဖီစိုက်ဧက များပြားခြင်းနှင့် စိုစွတ် ရာသီဥတုအခြေအနေများကြောင့် ခန့်မှန်းခြေအားဖြင့် အာရေးဘီးကားကော်ဖီ တန်ချိန် ၁၁၈၀၀၀ နှင့် မြေပြန့်ကော်ဖီ တန်ချိန် ၂၈၄၀၀၀ တိုးမြှင့်ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ရာသီဥတု ဆိုးဝါးမှုနှင့် သဘာဝဘေးအန္တရာယ်အခြေအနေများသည် ကော်ဖီတင်ပို့မှုကဏ္ဍအတွက် အရေးပါ သည့် အချက်များအဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်းသိရသည်။

Source: The Hindu Business Line, 5 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကာနာတကာပြည်နယ်တွင် နေကြာစေ့ တန်ချိန် ၉,၀၂၃ ဝယ်ယူရန် အိန္ဒိယဗဟိုအစိုးရ အတည်ပြု

    အိန္ဒိယနိုင်ငံ၌ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် ကာနာ တကာ (Karnataka) ပြည်နယ်တွင် နေကြာစေ့ ၉၀၂၃ တန်ကို အနည်းဆုံး အာမခံဈေး (MSP) ဖြင့် ဝယ်ယူရန် အတည်ပြုလိုက်သည်။ ထို့အပြင် ဗဟိုအစိုးရသည် မဟာရဋ္ဌ (Maharashtra) ပြည်နယ် တွင် ၂၀၂၅-၂၆ စိုက်ပျိုးရာသီအတွက် ကုလားပဲ အများဆုံး ဝယ်ယူမည့် ပမာဏကိုလည်း ၈၁၉၈၈၂ မက်ထရစ်တန် အထိ တိုးမြှင့်ခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဤ ဆုံးဖြတ်ချက် နှစ်ခုလုံးသည် တောင်သူများအတွက် ရူပီး ၄၈၈၆.၄၆ ကုဋေကျော် တန်ဖိုးရှိသော အနည်းဆုံး အာမခံဈေး (MSP) အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်သည်။

    ဝယ်ယူမည့် ကာလကိုလည်း ၃၀ ရက် ထပ်မံတိုးမြှင့် လိုက်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် အထိ ဝယ်ယူသွားမည်ဖြစ်သည်။ ဤကဲ့သို့ ဝယ်ယူမှုပမာဏ တိုးမြှင့်ခြင်းနှင့် အချိန်ကာလ တိုးမြှင့် ခြင်းတို့မှာ ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုကြောင့် တောင်သူများ အရှုံးခံရောင်းချရခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့၏ ထွက်ကုန်များအတွက် ထိုက်တန်သော တန်ဖိုးကို ရရှိစေရန်ဖြစ်သည်။ တောင်သူများအတွက် ပိုမိုလုံခြုံပြီး ခန့်မှန်းရလွယ်ကူသော စိုက်ပျိုးရေးဝန်း ကျင်တစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းသည် မူလ သတ်မှတ်ထားသော အချိန်အတွင်း မရောင်းနိုင်ခဲ့သော လယ်သမားများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး MSP အကျိုး ခံစားခွင့်များကို ပိုမိုရရှိနိုင်စေရန် ကူညီမည်ဖြစ်ကြောင်း သိရသည်။

Source: The Hindu Business Line, 5 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မိုးသည်းထန်စွာ ရွာသွန်းမှုများက ဘင်္ဂလားဒေ့ရှ်၏ စပါးထွက်ရှိမှုကို ထိခိုက်စေနိုင်

    မုတ်သုံရာသီအကြိုကာလ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အိန္ဒိယနိုင်ငံဘက်ခြမ်း၌ မြစ် ချောင်းများ ရေလျှံပြီး တစ်ဟုန်ထိုးစီးဆင်းလာမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ဒေသတွင် မြစ်‌ရေကြီးမှုကိုဖြစ်ပေါ်စေပြီး အဓိကအရေးပါသော နွေစပါးများ ရိတ်သိမ်းချိန်၌ စိုက်ပျိုးဧရိယာ အများအပြား ရေနစ်မြုပ်မှုအန္တရာယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဧပြီ ၂၉ ရက် နေ့တွင် ပြောဆိုခဲ့ကြသည်။

    မရပ်မနား မိုးရွာသွန်းမှုများအပြင် လေပြင်းနှင့်မိုးကြိုးမုန်တိုင်း တိုက်ခတ်မှုများကြောင့် လယ်သမားများသည် ပေါင်လယ်ခန့်အထိ ရေနစ်မြုပ်နေသော ၎င်းတို့၏ လယ်ယာစိုက်ခင်းများ အတွင်း ရနိုင်သမျှ စပါးများကို ခက်ခဲစွာ ရိတ်သိမ်းလျက်ရှိခဲ့ကြသည်။ Sunamganj မြို့တွင် စပါးစိုက်သည့် လယ်သမားတစ်ဦးဖြစ်သူ Mr Mohammad Al Amin က ရေမျက်နှာပြင် မြင့်တက် နေသည့်ကြားမှပင် ၎င်းတို့အနေဖြင့် ရေနစ်မြုပ်မှုမရှိပဲ ကျန်နေသော စပါးများကို ဆယ်တင်ရရှိရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောဆိုခဲ့သည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း Haor Basin မြေနိမ့်ချိုင့်ဝှမ်းဒေသတွင် လယ်သမား များသည် အဓိက စပါးစိုက်ပျိုးရာသီဖြစ်သည့် Boro padi ခေါ် နွေသီးနှံရာသီမှ ရင့်မှည့်နေပြီဖြစ် သော စပါးများကို ရိတ်သိမ်းနေဆဲဖြစ်သည်။ နွေစပါးသီးနှံများ သိသာစွာ ပျက်စီးဆုံးရှုံးမှုသည် ကျေးလက်ဒေသ လူနေမှုဘဝနှင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှု နှစ်ရပ်လုံးကို ထိခိုက်စေနိုင် သည်။

    နေ့ရက်ဆက် မိုးရွာသွန်းမှုများနှင့် အိန္ဒိယနိုင်ငံ Meghalaya နှင့် Assam ပြည်နယ်များမှ မြစ်ရေစီးဆင်းလာမှုများက ထိခိုက်လွယ်သော စပါးစိုက်ခရိုင်များတွင် ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်ကို မြင့်မားလာစေကြောင်း၊ Sunamganj, Sylhet, Kishoreganj, Habiganj နှင့် Moulvibazar  မြို့များရှိ ဧရိယာများစွာတွင် စပါးခင်းများ ‌ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင် များက ပြောဆိုကြသည်။

    နေရာဒေသ အများအပြား၌ တာဘောင်ရိုးများကိုကျော်လွန်၍ ရုတ်တရက် ရေဝင်ရောက်မှု ဖြစ်ပေါ်ပြီးနောက် ရေကြီးရေလျှံမှုက သီးနှံစိုက်ခင်းများအတွင်း ရေနစ်မြုပ်မှုကို ပျံ့နှံသွားစေခဲ့ သည်။ ထို့အပြင် မိုးသည်းထန်မှုသည် ဟင်းသီးဟင်းရွက်များ အပါအဝင် အခြားသောသီးနှံများကို လည်း ထိခိုက်ပျက်စီးစေခဲ့ရာ စားနပ်ရိက္ခာ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သည့်အရေးအပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။

    ရှေ့လာမည်နေ့ရက်များတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များကလည်း မြစ်ညှာ‌ဒေသမှ ရေများ ထပ်မံဝင်ရောက်မှုသည် Haor Basin ချိုင့်ဝှမ်းဒေသတစ်လျှောက် ရေကြီးရေလျှံမှု ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးပြောဆိုထားသည်။

    လက်ရှိ စိုက်ပျိုးမှုအဆင့်တွင် စိုက်ခင်းများ ရေနစ်မြုပ်ခြင်းသည် စပါးအထွက်နှုန်းကို သိသိ သာသာ လျော့နည်းစေမည်ဟု စိုက်ပျိုးရေး အရာရှိများက သတိပေးထားသည်။ လယ်သမားများ အနေဖြင့်မူ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ပဋိပက္ခကြောင့် ဒီဇယ်ဆီပြတ်လပ်မှုနှင့် ဆက် စပ်လျက် ဆည်ရေစနစ်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။

    ကမ္ဘာ့ တတိယအကြီးဆုံး စပါးစိုက်ပျိုးသူဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  ပြည်တွင်း မှ ထွက်ရှိသော ဆန်စပါးများအားလုံးနီးပါးကို ပြည်တွင်း၌ပင် စားသုံးမှုပြုလျက်ရှိပြီး ရံဖန်ရံခါ၌ ရေကြီးခြင်း သို့မဟုတ် မိုးခေါင်ခြောက်သွေ့ခြင်းကို ကြုံတွေ့ရမှုကြောင့် ဆန်စပါးပြတ်လပ်သည့် အခြေအနေမျိုးတွင် ပြည်ပမှမှာယူတင်သွင်းခြင်းကို လုပ်ဆောင်နေရဆဲဖြစ်သည်။

Source: Straits Times, 29 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖွံ့ဖြိုးဆဲနိုင်ငံများထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်ရန် ဥရောပပါလီမန် အတည်ပြု

       ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဥရောပသမဂ္ဂသို့ ဆန်တင်သွင်းမှုသည် လွန်ခဲ့သော ဆယ်စုနှစ်၏ ပျမ်းမျှ ပမာဏထက် ၄၅ ရာခိုင်နှုန်း ကျော်လွန်သွားပါက အလိုအလျောက် ကာကွယ်ရေးလုပ်ငန်းစဉ်များ (automatic safeguards) စတင် အသက်ဝင်စေရန် ဥရောပပါလီမန်၏ မျက်နှာစုံညီ အစည်း အဝေးက အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါမဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၄၅၉ မဲ၊ ကန့်ကွက်မဲ ၁၂၇ မဲနှင့် ကြားနေမဲ ၇၀ မဲ ရရှိခဲ့သည်။

       ဤကဲ့သို့ တတိယနိုင်ငံများမှ ဆန်တင်သွင်းမှုကို ကန့်သတ်ထားသော်လည်း ၂၀၂၄-၂၀၂၅ ခုနှစ် ရာသီအတွင်း ဆန်တန်ချိန် ၁.၇၂၇ သန်း တင်သွင်းခဲ့ရာ ယင်းပမာဏမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံ၏ ယခင်ရာသီက စုစုပေါင်းထုတ်လုပ်မှုဖြစ်သော တန်ချိန် ၁.၆၁၃ သန်းထက် ပိုမိုများပြား နေသည်။ ဥရောပပါလီမန်သည် ဥရောပဆန်စပါးစိုက်တောင်သူများကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး အမေရိကန်၊ မော်ရိုကိုနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ ကမ္ဘာ့အခြားဒေသများတွင် ကျင့်သုံးနေသည့် လမ်းစဉ်ကို လိုက်နာခြင်းလည်း ဖြစ်သည်။

       ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများအတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေရန်နှင့် ဆင်းရဲ မွဲတေမှုပပျောက်စေရန် ရည်ရွယ်လျက် Generalized System of Preferences ခေါ် အထူးအခွင့် အရေးပေးသည့်စနစ်ကို ၁၉၇၁ ခုနှစ်တွင် ဥရောပသမဂ္ဂက စတင်ဖန်တီးခဲ့ပြီး ၁၀ နှစ်တစ်ကြိမ် ပြန် လည်သုံးသပ်လျက်ရှိရာ အဆိုပါနိုင်ငံများမှ ဥရောပသမဂ္ဂသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် အခွန် လျှော့ပေါ့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းများကို ခံစားခွင့်ရရှိနေသည်။

       ဥရောပပါလီမန်ရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌနှင့် အစီရင်ခံစာ တင်သွင်းသူ Bernd Lange က ယခုဆုံးဖြတ်ချက်သည် နိုင်ငံပေါင်း ၆၀ ကျော်ရှိ လူဦးရေ ၂ ဘီလီယံ ကျော်အတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း၊ ဥရောပသမဂ္ဂဈေးကွက်သို့ နောက်ထပ် ၁၀ နှစ် အထိ အခွန်ကင်းလွတ်ခွင့်နှင့် ခွဲတမ်းကန့်သတ်ချက်မဲ့ ဝင်ရောက်ခွင့်ပေးခြင်းဖြင့် ဥရောပသမဂ္ဂ သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ယုံကြည်စိတ်ချရပြီး ခန့်မှန်းရလွယ်ကူသော ရေရှည်လက်တွဲဖော် အဖြစ် ဆက်ရှိနေရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

       ဥရောပရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများကမူ ယင်းအစီအမံများ စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာအကြာတွင် အခြေအနေများ ပြောင်းလဲခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အလွန်စျေးသက်သာသော ဆန်များတင်သွင်းမှုကြောင့် ဥရောပ ဆန်စပါးကဏ္ဍသည် အပြင်းအထန်ဖိအားပေးခံနေရကြောင်း၊ ယင်းနိုင်ငံများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဥရောပထက်နည်းပါးပြီး သီးနှံစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ လည်း ကွဲပြားနေကြောင်း ထောက်ပြကြသည်။

      ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှုကို ကန့်သတ်ရန်မဟုတ်ဘဲ ဥရောပဆန်စပါး ကဏ္ဍအနေဖြင့် ကျေးလက်ဒေသများတွင် ၎င်း၏အခြေခံကျသောအခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ဥရောပ တောင်သူလယ်သမား ကိုယ်စားလှယ်အဖွဲ့ အစည်းက ပြောကြားခဲ့သည်။

     စပိန်နိုင်ငံအခြေစိုက် တောင်သူလယ်သမား အဖွဲ့အစည်းဖြစ်သော Cooperativas Agro-alimentarias de España မှ ဆန်စပါးကဏ္ဍ ဥက္ကဋ္ဌ Félix Liviano က ၎င်းတို့ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာအဆင့်၌ ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်ကို ကြုံတွေ့နေရကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး နိုင်ငံများသည်ပင် ယင်းတို့၏ ကုန်ထုတ်လုပ်သူများကို အကာအကွယ်ပေးရန်အတွက် တုံ့ပြန်မှုများ ကို လုပ်ဆောင်လာကြကြောင်း၊ ဥရောပသည်လည်း စောင့်ဆိုင်းနေနိုင်လိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

      အစဉ်အလာအရ စပါးစိုက်ပျိုးထုတ်လုပ်သည့် မြစ်ဝကျွန်းပေါ်ဒေသများစွာရှိသော စပိန် နိုင်ငံသည် ဥရောပ၌ ဒုတိယအကြီးဆုံး ဆန်စပါးထုတ်လုပ်သူဖြစ်သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလအတွင်း စပါးစိုက်ပျိုးမှုမှာ ကျဆင်းမှုလမ်းကြောင်းပေါ်တွင် ရှိနေသည်ကို စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှု အချက်အလက်များက ရှင်းလင်းထင်ရှားစွာ ညွှန်ပြလျက်ရှိသည်။

       အဆိုပါ တောင်သူလယ်သမားအဖွဲ့အစည်း၏ အချက်အလက်များအရ ၂၀၁၁ ခုနှစ်၌ စပါး စိုက်ဧရိယာ ဟက်တာ ၁၂၀၀၀၀ မှ ဆန်တန်ချိန် ၉၁၀၀၀၀ ထုတ်လုပ်နိုင်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဧရိယာ ဟက်တာ ၁၀၀၀၀၀ အောက်သို့ ကျဆင်းလျက် ဆန်တန်ချိန် ၇၄၇၅၀၀ သာ ထုတ်လုပ်နိုင် ကြောင်း၊ ကျေးလက်ဒေသများ၌ ရာသီဥတုခြောက်သွေ့မှုကို သိသာစွာကြုံတွေ့ခဲ့ရသော ၂၀၂၃ ခုနှစ်တွင် စပါးစိုက်ဧရိယာနှင့် ရိတ်သိမ်းထွက်ရှိမှု နှစ်ရပ်လုံး ကျဆင်းသည့်လမ်းကြောင်းကို အထင် အရှား မြင်တွေ့နိုင်ကြောင်း၊ ဥရောပ၏ ဆန်စပါးကဏ္ဍမှ ကိုယ်ပိုင်ဖူလုံမှုသည် ၂၀၁၁ ခုနှစ်၌ ၇၅ ရာခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိကာလတွင် ၄၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ယခုအခါ ဥရောပသမဂ္ဂ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိသော ဆန်များ၏ ထက်ဝက်ကျော်သည် ပြင်ပဒေသများမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: SS Rice News, 30 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လာအိုနိုင်ငံ ဒေသထွက်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ချဲ့ထွင်ရန် ကြိုးပမ်း

          လာအိုနိုင်ငံထုတ် ကုန်ပစ္စည်းများကို မြှင့်တင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် လာအိုထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ချဲ့ထွင်ရန်ရည်ရွယ်သည့် (၁၂) ကြိမ်မြောက် “ခရိုင်တစ်ခု၊ ထုတ်ကုန်တစ်ခု” (One District One Product – ODOP) နှင့် စံပြမိသားစုထုတ်ကုန် ပြပွဲကို လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတွင် ကျင်းပလျက်ရှိသည်။

        မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည့် ၎င်းပြပွဲတွင် တစ်နိုင်ငံလုံးရှိ ပြည်နယ် (၉) ခုမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၇၀ နှင့် ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။ ၂၀၁၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော ODOP စီမံကိန်းသည် ဗီယင်ကျန်းမြို့ရှိ ခရိုင်တစ်ခုစီတိုင်းကို အနည်းဆုံး ထူးခြားထင်ရှားသည့် အမှတ်အသားထုတ်ကုန် (၅) မျိုးစီထုတ်လုပ်ရန် တိုက်တွန်းအားပေးခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် မေလအထိ ဗီယင်ကျန်းမြို့တွင် အဆိုပါစီမံကိန်းအောက်၌ အသိအမှတ်ပြုလက်မှတ်ရ စီးပွားရေးလုပ်ငန်း ၇၇ ခု ရှိလာပြီး ကျေးရွာပေါင်း ၆၅ ရွာတွင် ထုတ်ကုန်ပေါင်း ၃၁၉ မျိုးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း Vientiane Mai သတင်းစာက မေလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

       ကုန်ပစ္စည်းများ ပြသရုံသာမက ဤပွဲတွင် နေရောင်ခြည်စွမ်းအင် (Solar Energy) ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပြန်လည်အသုံးပြုခြင်း (Recycling)၊ ရက်ကန်းခတ်ခြင်းနှင့် လာအိုရိုးရာ ဟင်းချက်ပြိုင်ပွဲများအပြင် ကလေးဖက်ရှင်ရှိုးနှင့် စွမ်းရည်ပြပွဲများကဲ့သို့သော လူငယ်ဦးတည်သည့် လှုပ်ရှားမှုများလည်း ပါဝင်သည်။ ဤပြပွဲသည် ပြည်တွင်းဖြစ် ထုတ်ကုန်များကို မြှင့်တင်ရန်နှင့် လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရာတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိပါကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

ဒေါ်လာ ၂၉ ဘီလီယံ တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အတည်ပြုလိုက်သည့် ထိုင်းနိုင်ငံ

          ထိုင်းနိုင်ငံသည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ တန်ဖိုးရှိ အဓိကစီမံကိန်း ကြီး ၆ ခုကို အတည်ပြုလိုက်ကြောင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အတည်ပြုလိုက်သည့် အဆိုပါစီမံကိန်းများထဲတွင် TikTok ၏ ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းခွဲမှ လုပ်ဆောင်မည့် ဘတ် ၈၄၂ ဘီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် တန်ဖိုးရှိ အကြီးစားဒေတာအခြေခံအဆောက်အအုံ တိုးချဲ့မှုစီမံကိန်းလည်းပါဝင်ကြောင်း ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ “ဒီစီမံကိန်းဟာ Bangkok၊ Samut Prakan နှင့် Chachoengsao ခရိုင်တွေမှာ ဆာဗာတွေ ထပ်မံတပ်ဆင်တာ၊ ဒေတာသိုလှောင်မှုနဲ့ စီမံဆောင်ရွက်မှု အခြေခံအဆောက်အအုံတွေကို တိုးချဲ့တာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအပေါ် မြင့်တက်လာတဲ့ ဝယ်လိုအားကို ထောက်ပံ့ပေးနိုင်မှာဖြစ်သလို၊ ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေမှာပါ” ဟု ဘုတ်အဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်က တရုတ်နိုင်ငံ ByteDance ပိုင် TikTok ကုမ္ပဏီသည် ဒေတာစင်တာများအတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောကြားခဲ့ဖူးပါသည်။

       “TikTok အနေနဲ့ အဓိက အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ၊ ထိုင်း လုပ်ငန်းရှင်တွေအတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့နဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်လုပ်သားအင်အားစုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှုဆိုင်ရာနဲ့ အီးကောမတ်စ် (e-commerce) သင်ရိုးညွှန်းတမ်းတွေကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးသွားဖို့လည်း ကတိပြုထားပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ပြောကြားချက်များအရ သိရှိရပါသည်။

Source: Reuter                                                                          

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ