Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပိုလျှံမှုမှသည် ပြတ်လပ်မှုဆီသို့ - အီရန်စစ်ပွဲနှင့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ဆန်ရိက္ခာ ထောက်ပံ့ မှု ခြိမ်းခြောက်ခံနေရ

    အီရန်စစ်ပွဲကြောင့် မြေသြဇာရှားပါးမှုနှင့် စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက် လာခြင်းတို့ ဖြစ်ပေါ်လျက်ရှိပြီး အာရှတစ်လွှားရှိ တောင်သူများမှာ စိုက်ပျိုးဧရိယာများကို လျှော့ချနေကြသည်။ ထို့အပြင် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လာခြင်းကြောင့်လည်း ကမ္ဘာပေါ် တွင် စားသုံးမှု အများဆုံးဖြစ်သည့် ဆန်စပါးထွက်ရှိမှုကို ထိခိုက်စေနိုင်ပြီး ယခုနှစ်အတွင်း ဆန် ရိက္ခာ ထောက်ပံ့မှု ကျဆင်းလာဖွယ်ရှိသည်။

     ဆန်သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျပြီး ထောက်ပံ့မှုအနည်းငယ် ပြတ် တောက်ပါသွားပါက နိုင်ငံအသီးသီးသို့ ရိုက်ခတ်မှုရှိကာ စျေးနှုန်းများ မြင့်တက်စေပြီး အထူးသဖြင့် အာရှနှင့် အာဖရိကရှိ စားသုံးသူများ၏ အိမ်ထောင်စုအသုံးစရိတ်များကို ဝန်ပိစေနိုင်သည်။ ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဧပြီလတွင် ခန့်မှန်း ခဲ့သည်မှာ ၂၀၂၅/၂၆ ခုနှစ်၌ ဆန်ထုတ်လုပ်မှုသည် ၂ ရာခိုင်နှုန်း တိုးတက်လာပြီး စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ဆိုသည်။

     သို့သော်လည်း အီရန်စစ်ပွဲ၏ အကျိုးဆက်များသည် ဆန်တင်ပို့မှု အများဆုံးဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ တောင်သူများအပြင် ဆန်တင်သွင်းမှုကို မှီခိုနေရသော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အပေါ် သက်ရောက်မှုရှိနေကြောင်း စိုက်ပျိုးသူများနှင့် ကုန်သည်များက ပြော ကြားသည်။ အဆိုပါစစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသနှင့် ကမ္ဘာ့စျေးကွက်များကို ချိတ်ဆက်ပေး ထားသည့် အဓိကကျသော ရေလမ်းကြောင်း တစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် စီးဆင်းနေသော လောင်စာဆီနှင့် မြေသြဇာ ထောက်ပံ့မှုများ ပြတ်တောက်ခဲ့ရသည်။

     အချို့နိုင်ငံတွေမှာ တောင်သူတွေဟာ စပါးစတင်စိုက်ပျိုးနေကြပြီဖြစ်ပေမဲ့ သွင်းအားစု စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် အရင်ကထက် လျှော့ချသုံးစွဲနေကြပါတယ်ဟု ကုလသမဂ္ဂ FAO ၏ အဓိကစီးပွားရေးပညာရှင် Maximo Torero က ပြောကြားသည်။ ဒါကြောင့် ဒီနှစ် ဒုတိယ နှစ်ဝက်နဲ့ လာမယ့်နှစ်အစောပိုင်းမှာ ကမ္ဘာ့ဆန်ရိက္ခာထောက်ပံ့မှု ပိုမိုကျပ်တည်းလာတာကို မြင်တွေ့ရပါလိမ့်မယ် ဟု ၎င်းက ဆိုသည်။

     ထိုင်းနိုင်ငံ Chai Nat ပြည်နယ်မှ လယ်သမားတစ်ဦးဖြစ်သူ Sripai Kaew-Eam က ဓာတ်မြေဩဇာနှင့် လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်က တစ်ရိုင် (၀.၄ ဧက) လျှင် ဘတ် ၄,၅၀၀ မှ ၅,၀၀၀ ခန့်ရှိရာမှ ယခုအခါ ဘတ် ၆,၀၀၀ ခန့် ဖြစ်လာ ကြောင်း၊ သို့သော် ရရှိသည့် စပါးဈေးမှာ တစ်တန်လျှင် ၆,၂၀၀ ဘတ်ခန့်သာ ရှိကြောင်း ပြောကြား ခဲ့သည်။

     ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည်လည်း အလားတူအခြေ အနေနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် ပုံမှန်ထွက်ရှိနေကျ တန်ချိန် ၁၉ သန်း၊ ၂၀ သန်းဝန်းကျင်ရှိရာမှ တန်ချိန် ၆ သန်းခန့်အထိ သိသိသာသာ လျော့နည်းသွားနိုင်သည်။ "ဒါဟာ ဖိလစ်ပိုင်နိုင်ငံကို စိုးရိမ်စရာအခြေအနေကို ရောက်သွားစေပါလိမ့်မယ်။ ဆန်တင်ပို့တဲ့နိုင်ငံတွေရဲ့ ကန့်သတ်ချက်တွေကြောင့် ထုတ်လုပ်မှုလျော့နည်းသွားတာကို ပြန်လည်ဖြည့်ဆည်းဖို့ အလွန် ခက်ခဲ သွားပါလိမ့်မယ်" ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ Arze Glipo Glipo က ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံတွင်မူ မြေသြဇာထောက်ပံ့မှုမှာ အခက်အခဲမရှိသော်လည်း အယ်လ်နီညို ကြောင့် အထွက်နှုန်း ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။ အင်ဒိုနီးရှား စာရင်းအင်းဗျူရို၏ ခန့်မှန်းချက်အရ မတ်လမှ မေလအတွင်း စပါးရိတ်သိမ်းဧရိယာမှာ ၁၀.၆ ရာခိုင်နှုန်း လျော့နည်းပြီး ဟက်တာ ၃.၈၅ သန်း (ဧက ၉.၅ သန်း) သို့ ကျဆင်းသွားနိုင်ကာ စပါးထုတ်လုပ်မှုမှာလည်း ၁၁.၁၂ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၂၀.၆၈ သန်းသာ ရှိတော့မည်ဖြစ်သည်။

    ထောက်ပံ့ရေးဆိုင်ရာ စိုးရိမ်မှုများရှိနေသော်လည်း အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက် အလက်များအရ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် အိန္ဒိယသည် ကမ္ဘာ့သိုလှောင်မှု၏ ငါးပုံတစ်ပုံခန့် ရှိသော စံချိန်တင် တန်ချိန် ၄၂ သန်းကို ထိန်းသိမ်းထားသည့်အတွက် ကမ္ဘာ့ဆန် လက်ကျန် အမြောက်အမြား ရှိနေသေးသည်။ FAO မှ Torero က Hormuz ရေလက်ကြား အခြေ အနေ ချက်ချင်းပြေလည်သွားလျှင်ပင် ဆန်ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းနှင့် လာမည့် ၂ ပတ်မှ ၃ ပတ်အတွင်း ရေလက်ကြားကို ပြန်မဖွင့်နိုင်ပါက အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင် ကြောင်း ပြောကြားခဲ့သည်။

Source: Reuters, 30 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးလိုငွေပြမှု မြင့်တက်လာ

     ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သော် လည်း ကုန်သွယ်ရေးလိုငွေပြနေမှုသည် ဆက်လက်ကျယ်ပြန့်လျက်ရှိသဖြင့် အလုံးစုံလွှမ်းခြုံရှုမြင် ပါက ကုန်သွယ်ရေး ဖွဲ့စည်းတည်ဆောက်ပုံအရ ထိလွယ်ရှလွယ်သည့် အခြေအနေရှိကြောင်း ညွှန်ပြလျက်ရှိသည်။

    ထိုင်းသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဗဟိုဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်ရုံးနှင့် အကောက်ခွန်ဌာနတို့၏ အချက်အလက် များအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်း-တရုတ် နှစ်နိုင်ငံကြား စုစုပေါင်းကုန်သွယ်မှု တန်ဖိုးသည် ထိုင်းဘတ်ငွေ ၁.၂၇၈ ထရီလီယံရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၈.၇၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း The Nation Thailand သတင်းဌာနရှိ Thansettakij လေ့လာ ဆန်းစစ်ရေးအဖွဲ့က ဖော်ပြထားသည်။

   သို့ရာတွင် ထိုင်းနိုင်ငံဘက်မှ တင်ပို့မှုတန်ဖိုးမှာ ဘတ်ငွေ ၂၉၉.၄၂၃ ဘီလီယံဖြင့် တိုးတက်မှု သုညဒသမ ၇၀ ရာခိုင်နှုန်းသာရှိပြီး တရုတ်နိုင်ငံထံမှ တင်သွင်းခဲ့သော သွင်းကုန်တန်ဖိုးသည် ဘတ် ငွေ ၉၇၉.၁၆ ဘီလီယံဖြင့် တိုးတက်မှု ၂၅.၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ ဤ အခြေအနေက ယခုနှစ် ပထမသုံးလပတ်၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ထိုင်းနိုင်ငံအဖို့ ကုန်သွယ်မှုလိုငွေ ဘတ် ၆၇၉.၇၃၇ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး ၄၁ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။

    ထိုင်းဘက်မှ တရုတ်ဈေးကွက်သို့ တင်ပို့သည့် ကုန်စည်များ၏ ဖွဲ့စည်းတည်ဆောက်ပုံတွင် စက်မှုထုတ်ကုန်နှင့် လယ်ယာထွက်ကုန်များအပေါ် အမှီပြုနေရဆဲဖြစ်သည်။ အဓိကပို့ကုန် ငါးမျိုး အနက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများသည် ဘတ် ၄၃.၂၆၄ ဘီလီယံဖြင့် ၄ ရာခိုင်နှုန်း ကျဆင်း ပြီး ရော်ဘာထုတ်ကုန်များသည် ဘတ် ၃၃.၉၆၈ ဘီလီယံဖြင့် ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လတ်ဆတ်၊ အေးခဲနှင့် အခြောက်ခံ သစ်သီးဝလံထုတ်ကုန်များသည် ဘတ် ၂၃.၃၉၂ ဘီလီယံဖြင့် ၃၆ ရာခိုင်နှုန်း၊ ကြေးနီနှင့် ကြေးနီထုတ်ကုန်များသည် ဘတ် ၂၂.၅၈၆ ဘီလီယံဖြင့် ၈၀ ရာခိုင်နှုန်း၊ အခြားစက်မှုထုတ်ကုန်များသည် ဘတ် ၁၈.၁၃၂ ဘီလီယံဖြင့် ၇၁ ရာခိုင်နှုန်း အသီးသီး တိုးတက် ခဲ့သည်။

   တရုတ်နိုင်ငံထံမှ စက်မှုထုတ်ကုန်နှင့် ကုန်ကြမ်းပစ္စည်းများကို ဆက်လက်အလေးပေး၍ တင်သွင်းနေဆဲဖြစ်ပြီး  အဓိကသွင်းကုန် ငါးမျိုးအနက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများသည် ဘတ် ၅၅.၇၅၇ ဘီလီယံဖြင့် ၃၀ ရာခိုင်နှုန်း၊ အခြားသတ္တုရိုင်းနှင့် သတ္တုဖြတ်စများသည် ဘတ် ၄၃.၁၆ ဘီလီယံဖြင့် ၄၈ ရာခိုင်နှုန်း၊ သတ္တုထုတ်ကုန်များသည် ဘတ် ၃၄.၃၇၆ ဘီလီယံဖြင့် ၃၂ ရာခိုင်နှုန်း၊ လျှပ်စစ်ဆားကစ်ဘုတ်များသည် ဘတ် ၃၁.၃၇၁ ဘီလီယံဖြင့် ၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့သည်။ သို့သော် သံနှင့် သံမဏိထုတ်ကုန်များ တင်သွင်းမှုမှာ ဘတ် ၃၅.၂၄၁ ဘီလီယံဖြင့် ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

  တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှုလိုငွေပြမှု အရှိန်မြင့်တက် လာသည့် လမ်းကြောင်းသည် ၂၀၂၅ ခုနှစ်၌ လိုငွေပြမှု သိသာစွာမြင့်တက်ခဲ့သော ကုန်သွယ်ရေး ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန်နှင့် ထပ်တူကျလျက်ရှိသည်။ ယခင်နှစ်၌ ထိုင်း-တရုတ် နှစ်နိုင်ငံ ကြား စုစုပေါင်းကုန်သွယ်မှု တန်ဖိုးသည် ဘတ်ငွေ ၄.၈၇ ထရီလီယံရှိပြီး ထိုင်းဘက်မှ တင်ပို့မှု တန်ဖိုး ဘတ်ငွေ ၁.၃၀ ထရီလီယံဖြင့် တိုးတက်မှု ၅.၀၆ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံထံမှ တင်သွင်းမှု တန်ဖိုး ဘတ်ငွေ ၃.၅၆ ထရီလီယံဖြင့် တိုးတက်မှု ၂၇.၇၈ ရာခိုင်နှုန်းရှိခဲ့သည်။ ရလဒ်အားဖြင့် ၎င်းနှစ်တွင် ထိုင်းဘက်၌ ကုန်သွယ်မှုလိုငွေ ဘတ် ၂.၂၆ ထရီလီယံ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ်က ထက် ၃၉.၉၀ ရာခိုင်နှုန်း ပိုမိုခဲ့သည်။

    နိုင်ငံတကာနှင့် အာဆီယံ စီးပွားရေးဆိုင်ရာ အလွတ်တန်းပညာရှင် တွဲဖက်ပါမောက္ခ Aat Pisanwanich က Thansettakij ၏ လေ့လာမှုစစ်တမ်း၌ ဖော်ပြရာတွင် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ဖိအားသုံးရပ် ကြောင့် ကုန်သွယ်မှုလိုငွေပြခြင်းသည် ဘတ်ငွေ ၂.၂ ထရီလီယံကိုကျော်လွန်လျက် စံချိန်သစ်တင် ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်။

   ပထမအချက်မှာ အမေရိကန်နိုင်ငံ၏ သွင်းကုန်အခွန်တိုးမြှင့်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲမှ ဖိအားများကို ရင်ဆိုင်ရပြီးနောက် တရုတ်နိုင်ငံသည် ၎င်း၏ပို့ကုန်များကို အမေရိကန်ဈေးကွက်မှ အာရှနှင့် အာဆီယံဒေသများဆီသို့ လမ်းကြောင်းပြောင်းလဲ ချိန်ညှိလုပ်ဆောင်လာခြင်းဖြစ်သည်။ ဤအခြေမနေက တရုတ်ကုန်စည်များ ဒေသတွင်းသို့ အလုံးအရင်းနှင့် သိသာစွာဝင်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

   ဒုတိယအချက်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ထောက်ပံ့မှုကွင်းဆက်အရ ထိုင်းနိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ရာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများသို့ ထောက်ပံ့ ရန်အတွက် စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို တင်သွင်း နေရခြင်းဖြစ်သည်။

   တတိယအချက်မှာ အီးကောမာ့စ်နှင့် အွန်လိုင်းရောင်းဝယ်မှုစင်္ကြန်များ တိုးချဲ့လာခြင်းက တရုတ်နိုင်ငံထုတ် ဈေးနှုန်းသက်သာသော ကုန်စည်များကို ထိုင်းစားသုံးသူများထံ မြန်ဆန်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ရောက်ရှိလာစေခြင်းပင်ဖြစ်သည်။

    ထိုင်းနိုင်ငံ၏ သံမဏိနှင့် ရော်ဘာထုတ်ကုန်များကို ပြည်တွင်း၌ သုံးစွဲမှုနှုန်း ၃၀ ရာခိုင်နှုန်း အောက်သို့ ကျဆင်းလာခြင်းက ပြည်တွင်းထုတ်ကုန်များ၏နေရာတွင် တရုတ်နိုင်ငံမှ တင်သွင်းလာ သည့် ကုန်စည်များဖြင့် အစားထိုးအသုံးပြုမှု များပြားလာသည်ကို ထင်ဟပ်လျက်ရှိသည်။

    တွဲဖက်ပါမောက္ခ Aat က ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆၇.၈ ဘီလီယံ သို့မဟုတ် ထိုင်းဘတ်ငွေ ၂.၂ ထရီလီယံခန့်ဖြစ်ပေါ်ခဲ့ရပြီး နောက် ၂၀၂၆ ခုနှစ်တွင်လည်း လိုငွေပြခြင်းသည် ဆက်လက်မြင့်တက်နိုင်သည်ဟု ပြောဆိုခဲ့သည်။

   အခြားတစ်ဖက်၌ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ဒေါ်လာ ၅၂ ဘီလီယံခန့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လျက်ရှိပြီး အမေရိကန်ဈေးကွက်သည် ထိုင်းပို့ကုန်များ အတွက် ရှေ့လာမည့်ကာလများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

    ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ ကုန်စည်များကို တင်သွင်းမှုမြင့်တက်လာမှုအပေါ် ဆက်လက်မှီခိုနေရခြင်းမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းထုတ်ကုန်များ၏ ယှဉ်ပြိုင် နိုင်စွမ်းသည် ထုတ်လုပ်မှုစရိတ်နှင့် ဈေးနှုန်းယှဉ်ပြိုင်ရမှု နှစ်ရပ်လုံး၏ ဖိအားများအောက်၌ ဆက်လက်တည်ရှိနေကြောင်း အလုံးစုံ လွှမ်းခြုံသုံးသပ်မှု ပုံရိပ်က ညွှန်ပြလျက်ရှိသည်။ ဤအချက် သည် အရေးပါသည့် မူဝါဒရေးရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ရှေ့လာမည့်ကာလ များတွင် ချိန်ညှိဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း The Nation Thailand သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: The Nation Thailand, 27 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ယခုနှစ်တွင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု မြင့်တက်ဖွယ်ရှိ

      ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ အယ်လ်နီညို (El Niño) ရာသီဥတု ဖြစ်စဉ်ကြောင့် ယခုနှစ် စပါးထွက်ရှိမှု လျော့နည်းနိုင်ခြေရှိခြင်းအရ နိုင်ငံ၏ ဆန် တင်သွင်းမှုပမာဏသည် စံချိန်တင်မြင့်တက်ဖွယ်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးဌာန၏ ပြောကြား ချက်အရ သိရသည်။

       ဖိလစ်ပိုင် စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa ကအကယ်၍ ဓာတ်မြေ ဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်မှုရှိပါက ယခုနှစ်တွင် စပါးအထွက်ပမာဏ သည် တန်ချိန် ၁၈.၆ သန်းမှ ၁၈.၈ သန်းအတွင်းသို့ လျော့နည်းထွက်ရှိနိုင်သည်ဟု အမျိုးသား ဆန်စပါးအစီအစဉ်၏ ရှေ့အလားအလာ ပြန်လည်သုံးသပ်ခန့်မှန်းချက်ကို ကိုးကားလျက် ပြောဆို ခဲ့ခြင်းဖြစ်သည်။ ဈေးနှုန်းများ မြင့်တက်လာမှုမတိုင်မီ ယခုနှစ်အတွက် စပါးထွက်ရှိနိုင်မှုကို မူလက တန်ချိန် ၂၀.၂၈ သန်းထွက်ရှိရန် မျှော်မှန်းထားခဲ့သည်။

      ယခုနောက်ဆုံး ပြင်ဆင်ခန့်မှန်းချက်သည် ၁၀ နှစ်တာအတွင်း အနိမ့်ကျဆုံးဖြစ်ပြီး စပါးတန်ချိန် သန်း ၂၀ အထက် ထွက်ရှိရေး ဖိလစ်ပိုင်၏ မျှော်လင့်ချက်ကို စိတ်ပျက်အားလျော့စေ ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ပြည်တွင်း၌ စပါး စိုက်ပျိုးမှုကို ထိခိုက်ပြီး ဆန်တန်ချိန် ၄.၈၁ သန်းအထိ အမြင့်မားဆုံးစံချိန်တင် တင်သွင်းခဲ့ရသည် ကို ဖော်ညွှန်းလျက် ဈေးကွက်စိန်ခေါ်မှုများအပေါ် သဘာဝအလျောက် တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ဆန်ကို တင်သွင်းရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ကုန်သည်များနှင့် တင်သွင်းသူများသည် ထုတ်လုပ်မှုကျဆင်းသည့် အခြေအနေကို မြင်တွေ့ရချိန်၌ ဆန်ပိုမို တင်သွင်းကြမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ဖိအားများအောက်တွင် ဖိလစ်ပိုင်အနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၄.၈ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း Mr. De Mesa က ပြောဆိုခဲ့သည်။

      အစိုးရ၏ နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ ယခုနှစ်တွင် ဧပြီ ၉ ရက်နေ့အထိ ဆန် တန်ချိန် ၁.၂၆ သန်း တင်သွင်းထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့သော ၉၁၇၈၅၃ တန်ထက် သုံးပုံတစ်ပုံခန့် ပိုမိုလျက်ရှိသည်။

       ၅၀ ကီလိုဂရမ်ဝင် ဓာတ်မြေဩဇာတစ်အိတ်၏ ပျမ်းမျှဈေးနှုန်းသည် ပီဆိုငွေ ၂၅၀၀ အထိရှိ နေပြီး စပါးအဓိကစိုက်ပျိုးရာ Ilocos ဒေသတွင် ပီဆို ၂၉၀၀ အထိ မြင့်တက်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာ အသုံးပြုမှုသည် အထူးသဖြင့် စိုစွတ်သောစိုက်ပျိုးရာသီကာလ၌ အရေးပါကြောင်း၊ သုံးစွဲမှု အနည်းငယ်လျှော့ချရုံဖြင့်ပင် စပါးအထွက်နှုန်း သိသာစွာ ကျဆင်းမည်ဖြစ်ကြောင်း၊ ဓာတ် မြေဩဇာ ဈေးနှုန်းများ မြင့်မားလာချိန်၌ အထောက်အပံ့များရရှိရေးသည် စိုက်ပျိုးသူများအတွက် အရေးကြီးကြောင်း Mr. De Mesa က ပြောကြားခဲ့သည်။

      အစိုးရ မိုးလေဝသဗျူရိုဖြစ်သော Pagasa က ရှေ့လာမည့် ဇွန်-ဇူလိုင်-ဩဂုတ် ကာလများ အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ပေါ်ပေါက်လာနိုင်ခြေသည် ၇၉ ရာခိုင်နှုန်းရှိပြီး ၎င်းဖြစ်စဉ် သည် ၂၀၂၇ နှစ်ဆန်းပိုင်းကာလအထိ တည်ရှိနေနိုင်သည်ဟု ဧပြီ ၂၂ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

    စီးပွားရေးရာ အကဲဖြတ်လေ့လာဆန်းစစ်သည့် Fitch Solutions အဖွဲ့၏ ယူနစ်တစ်ခုဖြစ် သော BMI ကလည်း ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်မှုနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ပွဲဖြစ်ပွားနေခြင်းက ကမ္ဘာလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ် သက်ရောက်မှုကို ပိုမိုဆိုးရွားလာစေရန် ခြိမ်းခြောက်လျက်ရှိကြောင်း ပြောဆိုထားသည်။

     အမေရိကန် မိုးလေဝသဌာနတစ်ခုဖြစ်သော အမျိုးသား သမုဒ္ဒရာနှင့်လေထု စီမံခန့်ခွဲမှုအဖွဲ့ (NOAA) ကမူ ၂၀၂၆ ခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်နိုင်ခြေသည် ၆၂ ရာခိုင်နှုန်းရှိပြီး နှစ်ကုန်ပိုင်းအထိ ဆက်လက်တည်ရှိနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ် ၌ အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်မှုမှာ ၃၃ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထား သည်။

Source: Business Mirror, 22 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်ရေလုပ်ငန်းကဏ္ဍ၏ အောင်မြင်မှုနောက်ကွယ်မှ အဓိကမောင်းနှင်အားမှာ သိပ္ပံနှင့် နည်းပညာဖြစ်

         ဗီယက်နမ်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍသည် တစ်နှစ်လျှင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်အထိ ရရှိနေပြီး ပို့ကုန်တန်ဖိုးအရ ကမ္ဘာ့အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိသည်။ သို့သော်လည်း မျိုးကောင်းမျိုးသန့်ရရှိမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများရှိနေသဖြင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်မှာ အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

          ရေလုပ်ငန်းနှင့် ရေလုပ်ငန်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Nguyen Quang Hung က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် လုပ်ငန်းကဏ္ဍတစ်ခုလုံး ရေရှည်တည်တံ့စေရန် အဓိကသော့ချက်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ရှေ့လာမည့် ကာလများတွင် ရောဂါကင်းစင်ပြီး လျင်မြန်စွာကြီးထွားကာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော အဓိကရေသတ္တုမျိုးစိတ်များကို သုတေသနပြု ထုတ်လုပ်သွားရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးတွင် အဆင့်မြင့်နည်း ပညာ၊ ဇီဝ နည်းပညာနှင့် ဒီဂျစ်တယ်နည်းပညာများကို ပေါင်းစပ်ပြီး “စမတ်ကျသော ရေလုပ်ငန်းပုံစံများ” (Smart Aquaculture Models) ဖော်ဆောင်သွားမည်ဖြစ်သည်။

         ဗီယက်နမ်ရေလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းထုတ်လုပ်မှု တန်ချိန် ၁၀ သန်းနီးပါး ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံခန့် ရရှိခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမသုံးလ ပတ်တွင်လည်း အဆိုပါတိုးတက်မှု အရှိန်အဟုန်မှာ ဆက်လက်တည်ရှိနေပြီး ရေထွက်ပစ္စည်း တန်ချိန် ၂.၁၈၄ သန်း ထွက်ရှိကာ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂.၆၄ ဘီလီယံ ရရှိခဲ့သည်။ အထူးသဖြင့် ပုစွန်နှင့် Pangasius ငါးလုပ်ငန်းများမှာ အဓိကကျသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေသည်။

         လက်ရှိတွင် ရေလုပ်ငန်းကဏ္ဍသည် ပြည်ပမှ မျိုးသန့်တင်သွင်းမှုအပေါ် မှီခိုနေရခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ခေတ်မမီတော့သော ထိန်းသိမ်းမှုနည်းပညာများ စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ယင်းတို့ကို ဖြေရှင်းရန်အတွက် ငါးဖမ်းရေယာဉ်စုများကို ခေတ်မီအောင် ပြုပြင်ခြင်း၊ သိုလှောင်ထိန်းသိမ်းမှုနည်းပညာ မြှင့်တင်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းသော ပင်လယ်ပြင်ငါးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေသည်။

         ၂၀၂၁-၂၀၂၅ ကာလအတွင်း သိပ္ပံနှင့် နည်းပညာစီမံကိန်းပေါင်း ၁၁၃ ခုကို အကောင်အထည်ဖော်ခဲ့ရာ ၆၀ ခုမှာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး လက်တွေ့ထုတ်လုပ်မှုကဏ္ဍတွင် အကျိုးကျေးဇူးများစွာ ရရှိနေပြီဖြစ်သည်။ နောင်တွင် ရေသယံဇာတများကို ထိရောက်စွာ အသုံးပြုပြီး ထုတ်ကုန်များ၏ တန်ဖိုးကို မြှင့်တင်နိုင်မည့် “ပတ်လည်စီးပွားရေးနှင့် စိမ်းလန်းသော စီးပွားရေးပုံစံ” (Circular and Green Economy Model) သို့ ကူးပြောင်းသွားရန် ရည်မှန်းထားသည်။ ယင်းအတွက် သိပ္ပံနှင့် နည်းပညာပိုင်းတွင် ကိုယ်ပိုင်ရပ်တည်နိုင်မှု (Autonomy) ကို မြှင့်တင်ပြီး သုတေသနရလဒ်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

ထိုင်းငုယင်လက်ဖက်သည် ဒေါ်လာဘီလီယံချီတန်သည့် ဈေးကွက်ကို ဦးတည်နေသော

       ဗီယက်နမ်နိုင်ငံ၊ ထိုင်းငုယင်ပြည်နယ်သည် ၎င်း၏လက်ဖက်စိုက်ပျိုးရေးကဏ္ဍကို မဟာဗျူဟာမြောက် ဦးတည်ချက်များ၊ ခေတ်မီထုတ်လုပ်မှုပုံစံများဖြင့် အဆင့်မြှင့်တင်ကာ ၂၀၃၀ ပြည့်နှစ်တွင် “ဒေါ်လာဘီလီယံတန် သီးနှံ” (Billion-dollar crop) ဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဟက်တာ ၂၂,၀၀၀ ကျော်ရှိသော လက်ဖက်စိုက်ခင်းများမှ ထွက်ရှိသည့်တန်ဖိုးနှင့် ပမာဏသည် ထိုင်းငုယင်ပြည်နယ်၏ အဓိကစီးပွားရေးမဏ္ဍိုင်ဖြစ်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။

       ထိုင်းငုယင်ပြည်နယ်သည် Tan Cuong၊ La Bang နှင့် Trai Cai ကဲ့သို့သော နာမည်ကျော် လက်ဖက်စိုက်ပျိုးရာဒေသများကြောင့် “လက်ဖက်မြို့တော်” ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည်။ ၂၀၂၅ ခုနှစ် စာရင်းဇယားများအရ တစ်နှစ်လျှင် လက်ဖက်စိမ်းရွက် တန်ချိန် ၂၆၅,၀၀၀ ကျော် ထုတ်လုပ်နိုင်ပြီး ဗီယက်နမ်ဒေါင် ၁၄.၈ ထရီလီယံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈၀ သန်းကျော်) တန်ဖိုးရှိသည်။ အဆိုပါအခြေခံကောင်းများကြောင့် ၂၀၃၀ ပြည့်နှစ်တွင် လက်ဖက်ကဏ္ဍတစ်ခုလုံး၏ တန်ဖိုးကို ဒေါင် ၂၅ ထရီလီယံ (ဒေါ်လာ ၁ ဘီလီယံကျော်) အထိ မြှင့်တင်ရန် ဒေသန္တရအစိုးရက ရည်မှန်းထားခြင်းဖြစ်သည်။

          ထိုင်းငုယင်ပြည်နယ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Pham Van Tho က “လက်ဖက်ကို အဓိကလုပ်ငန်းအဖြစ်ပြောင်းလဲဖို့ ထုတ်လုပ်မှု၊ ပြုပြင်မှုနဲ့ ရောင်းချမှုအပိုင်းတွေကို တစ်ပြိုင်တည်း ဟန်ချက်ညီညီ လုပ်ဆောင်နေပါတယ်။ ပြည်တွင်းဈေးကွက် တင်မကဘဲ ကမ္ဘာ့ဈေးကွက်ကိုပါ ထိုးဖောက်နိုင်ဖို့ E-commerce နဲ့ ကုန်သွယ်ရေးပြပွဲတွေကို အသုံးပြုပြီး ကူညီပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။

         Phu Thinh ကဲ့သို့သော မြို့နယ်များတွင် စိုက်ပျိုးမြေချဲ့ထွင်ခြင်းထက် VietGAP နှင့် Organic စံနှုန်းများအတိုင်း အရည်အသွေးမြှင့်တင်ခြင်းကို ပိုမိုဦးစားပေးလာကြသည်။ ၎င်းတို့သည် ၂၀၃၀ တွင် စိုက်ပျိုးမြေ ၇၀ ရာခိုင်နှုန်းကို ဘေးကင်းလုံခြုံမှုစံနှုန်းမီစေရန် ရည်ရွယ်ထားသည်။

          အသေးစားစိုက်ပျိုးသူများအား စုစည်းပေးသည့် “သမဝါယမအဖွဲ့များ” သည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဥပမာအားဖြင့် Hai Yen လက်ဖက်သမဝါယမအဖွဲ့သည် အဖွဲ့ဝင် အနည်းငယ်ဖြင့် စတင်ခဲ့သော်လည်း ယခုအခါ ဟက်တာများစွာကို အော်ဂဲနစ်စံနှုန်းဖြင့် စိုက်ပျိုးကာ ဟနွိုင်း၊ ဟိုင်ဖုန်း စသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ သမဝါယမအဖွဲ့များကြောင့် စိုက်ပျိုးထုတ်လုပ်မှုမှာ စနစ်တကျရှိလာပြီး အမှတ်တံဆိပ် (Brand) တည်ဆောက်ရာတွင် ပိုမိုလွယ်ကူလာကြောင်း ဒေသခံများကဆိုသည်။

       ထိုင်းငုယင်လက်ဖက်သည် ထုတ်လုပ်မှုတင်မကဘဲ လက်ဖက်ယဉ်ကျေးမှုကို အခြေခံသည့် “အတွေ့အကြုံသစ် ခရီးသွားလုပ်ငန်း” (Experiential Tourism) ကိုပါ တွဲဖက်ဖော်ဆောင်လျက်ရှိသည်။ နည်းပညာပိုင်းတွင်လည်း GPS စနစ်သုံး စိုက်ပျိုးမြေစီမံခန့်ခွဲမှုနှင့် ဒီဂျစ်တယ် နည်းပညာများကို အသုံးပြုကာ အရည်အသွေးကို ထိန်းချုပ်နေသည်။

        လက်ရှိတွင် “Thai Nguyen Tea” အမှတ်တံဆိပ်ကို နိုင်ငံအများအပြားတွင် မှတ်ပုံတင် ကာကွယ်ထားပြီးဖြစ်ကာ “Tan Cuong” လက်ဖက်မှာ ဥရောပဈေးကွက်အထိ ထိုးဖောက်ရောက်ရှိ နေပြီဖြစ်သည်။ အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများ၏ ဟန်ချက်ညီညီ ကြိုးပမ်းမှုများ ကြောင့် ထိုင်းငုယင်ပြည်နယ်၏ “ဒေါ်လာဘီလီယံတန် လက်ဖက်သီးနှံ” ရည်မှန်းချက်သည် လက်တွေ့ဖြစ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Source : Vietnam Plus                                                                        

DOCA (ရန်ကုန်)

စင်္ကာပူနိုင်ငံ၏ ပထမသုံးလပတ် ထုတ်လုပ်မှုကဏ္ဍ ၇.၉ ရာခိုင်နှုန်း မြင့်တက်လာ

​          စင်္ကာပူနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် မတ်လတွင် ယခင်နှစ် အလားတူကာလထက် ၁၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်၏ စုစုပေါင်းတိုးတက်မှုမှာ ၇.၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက် များအရ သိရှိရသည်။

​          စင်္ကာပူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (EDB) ၏ ထုတ်ပြန်ချက်အရ မတ်လအတွင်း ဇီဝဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှုနှင့် ဓာတုဗေဒကဏ္ဍများမှလွဲ၍ ကျန်ရှိသည့် ကဏ္ဍအားလုံးမှာ တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ အီလက်ထရွန်နစ်ကဏ္ဍမှာ ၃၀ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့သည်။ အထူးသဖြင့် AI (Artificial Intelligence) နည်းပညာသုံး ပစ္စည်းများအတွက် လိုအပ်ချက်များပြားလာခြင်းကြောင့် Semiconductors၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး ပစ္စည်းများနှင့် လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်မှုမှာ သိသိသာသာ တိုးတက်ခဲ့ခြင်းဖြစ်သည်။

​          တိကျအင်ဂျင်နီယာကဏ္ဍမှာ ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ Optical Instruments၊ အီလက်ထရွန်နစ် ဆက်သွယ်မှုပစ္စည်းများနှင့် သတ္တုအစိတ်အပိုင်းများ ထုတ်လုပ်မှုမြင့်တက်ခဲ့သလို၊ ဆီမီးကွန်ဒတ်တာ စက်ကိရိယာများ ထုတ်လုပ်မှုမှာလည်း တိုးတက်မှုရှိခဲ့သည်။

​          အထွေထွေ ထုတ်လုပ်မှုကဏ္ဍမှာ ၇.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ သံမဏိထည်များနှင့် အဆင်သင့်သုံး ကွန်ကရစ်များ ထုတ်လုပ်မှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် အစား အသောက်၊ ဖျော်ရည်နှင့် ဆေးလိပ်ကဏ္ဍတွင်လည်း အဖျော်ယမကာအနှစ်များနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှုများကြောင့် တိုးတက်မှုရှိခဲ့သည်။

​          Transport Engineering မှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ကုန်းလမ်းနှင့် လေကြောင်း ကဏ္ဍနှစ်ခုလုံး တိုးတက်လာခြင်းဖြစ်သည်။ အထူးသဖြင့် လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် လေကြောင်းလိုင်းများ၏ ပြုပြင်ထိန်းသိမ်းမှု (MRO) လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသုံး စက်ကိရိယာများ ထုတ်လုပ်မှုလျော့နည်းသွားခြင်းကြောင့် ရေကြောင်းနှင့် ကမ်းလွန်အင်ဂျင်နီယာကဏ္ဍမှာ ဆုတ်ယုတ်ခဲ့သည်။

​          ဇီဝဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှုမှာ ၁၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဆေးဘက်ဆိုင်ရာ ကိရိယာများ လိုအပ်ချက်လျော့နည်းလာခြင်းနှင့် ဆေးဝါးကုန်ကြမ်း (API) ထုတ်လုပ်မှု ပုံစံပြောင်းလဲခြင်းတို့ကြောင့် ဖြစ်သည်။ ဓာတုဗေဒကဏ္ဍမှ, ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ကုန်ကြမ်းပေးသွင်းမှု ပြတ်တောက်မှုများကြောင့် ရေနံနှင့် ရေနံဓာတုပစ္စည်း ထုတ်လုပ်မှုများ လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ ခြုံငုံကြည့်ပါက မတ်လအတွင်း စင်ကာပူ၏ စုစုပေါင်းထုတ်လုပ်မှုသည် ဖေဖော်ဝါရီလ ထက် ၄.၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

   ပြည်ပသို့တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေရရှိသော မြန်မာ့ဆန်စပါး

             ဆန်သည် မြန်မာတို့၏ အစားအစာစနစ်တွင် နေ့စဉ်အခြေခံလိုအပ်ချက်ဖြစ်နေပြီး မြန်မာ ပြည်သူလူထုအတွက် အရေးပါသော အဓိကစားသောက်ကုန်စည်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် အဓိကကဏ္ဍတစ်ခုဖြစ်သည်။ ဆန်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိနေပြီး၊ ဆန်ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကို ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ အရည်သွေးမြင့်ဆန်များ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ ပိုမိုတိုးတက်ရရှိနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ အနေဖြင့်လည်း အရည်အသွေးမြင့်စပါးများ စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းကြောင့် တစ်ဦးချင်းဝင်ငွေ တိုးတက် လာနိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှု အခွင့်အလမ်း များလည်း ပိုမိုရရှိနိုင်ခြင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှသာ ပြည်သူများလူမှုစီးပွားဘဝ တိုးတက် မြင့်မားနိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝတိုးတက်လာနိုင်ခြင်းတို့အပြင် မြန်မာ့ ဆန်စပါးလုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ပြည်ပတင်ပို့မည့် ဆန်စပါး စိုက်ပျိုးရေးဇုန်(Rice Export Zone) အစီအစဉ်အား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အနေဖြင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF)မှ ထုတ်ပြန်ထားသော စာရင်းများအား

လေ့လာသိရှိမှုအရ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စုစုပေါင်း တင်ပို့မှုနှင့်ဝင်ငွေ

          ကာလ(လအလိုက်)                                ရရှိသည့် နိုင်ငံခြားဝင်ငွေ(ဒေါ်လာသန်း)

          ၂၀၂၅ /ဧပြီ                                           ၅၂ သန်း

          ၂၀၂၅ /မေ                                            ၉၁ သန်း

          ၂၀၂၅/အောက်တိုဘာ                     ၉၂ သန်း

          ၂၀၂၅/ဒီဇင်ဘာ                                      ၉၉ သန်း

          ၂၀၂၆/ဇန်နဝါရီ                                      ၆၀ သန်း

          ၂၀၂၆/ဖေဖော်ဝါရီ                                   ၅၅/သန်း

          ၂၀၂၆/မတ်                                            ၇၁ /သန်း

 

 

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၂၀၂၅ခုနှစ် ဧပြီလ မှ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာ အတွင်းပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄သန်းကျော်(၂၇၄၀၀၀၀)တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်းအထိ ရရှိခဲ့ကြောင်း၊

ယခင်နှစ်နှင့်နှိုင်းယှဉ်ချက်

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈သန်း တင်ပို့ခဲ့သည့် အတွက် ယခုနှစ်တွင် တန်ချိန် ၂ သိန်းခွဲခန့် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

အဓိက တင်ပို့သည့် ဈေးကွက်နှင့် လမ်းကြောင်းများ

          မြန်မာဆန်ကို အာဆီယံနိုင်ငံများဖြစ်သော ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား၊ တရုတ်၊ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၀ကျော်သို့  ပင်လယ် ရေကြောင်း လမ်းကြောင်းဖြင့် အဓိကတင်ပို့ပြီး အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှလည်း တင်ပို့လျက်ရှိသည်။

          မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လာမည့် ကာလများတွင် တစ်လလျှင် ဆန် တန်ချိန် ၃၀၀၀၀၀ ဝန်းကျင် ပုံမှန်တင်ပို့နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လေ့လာမှုများအား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

အာလူးတန်ချိန် ၆,၅၀၀ ဝယ်ယူရန် အိန္ဒိယဗဟိုအစိုးရ ခွင့်ပြု

    အိန္ဒိယဗဟိုအစိုးရသည် ပြည်နယ်အနှံအပြားရှိ အာလူးစိုက်တောင်သူများကို ကာကွယ်ပေး သည့်အနေဖြင့် တစ်တန်လျှင် ၆၅၀၀.၉၀ ရူပီး ဈေးကွက်ပေါက်ဈေးရှိ Uttar Pradesh ပြည်နယ်မှ အာလူးများအား သန်း ၂၀၃.၁၅ အထိ ဝယ်ယူရန် အတည်ပြုလိုက်ကြောင်းသိရှိရသည်။

    စိုက်ပျိုးရေးပြည်ထောင်စုဝန်ကြီးက လက်ရှိတွင်တန်ချိန် ၉၄,၅၀၀ ဝယ်ယူထားရာမှ Andhra Pradesh ပြည်နယ်တွင် တန်ချိန် ၁.၁၃ ခန့်အထိ တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ Karnataka ပြည်နယ်ရှိ အာလူး ဝယ်ယူခြင်းအား မေလ (၁၅) ရက်နေ့အထိ တိုးမြှင့်ထားပြီး တောင်သူများအတွက်ပိုမိုရောင်းချရန် အချိန်တိုးမြှင့်ပေးထားခြင်းဖြစ်သည်။

    စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ပြည်နယ်များရှိ စိုက်ပျိုးရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် Virtual စနစ်ဖြင့် တွေ့ဆုံရာတွင် အဆိုပါ အာလူးဝယ်ယူခြင်း အဆိုပြုလွှာအပေါ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    တောင်သူများအား သင့်တင့်မျှတသည့်ဈေးနှုန်းရရှိရန်နှင့် ဈေးနှိမ်ရောင်းချမှုမှ တားဆီးရန် အတွက် အစိုးရအနေဖြင့် ယခုကဲ့သို့ဝယ်ယူမှုကိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ဝယ်ယူခြင်းကြောင့် အာလူးအများဆုံးထွက်ရှိသည့်ကာလတွင် တောင်သူများ တွေ့ကြုံရသည့် စိုးရိမ်မှုများအား ဖြေလျော့ပေးသည့်အနေဖြင့် တောင်သူများအတွက်ဈေးကောင်း ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။

Source – Business Standard, April 18 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာတင်ပို့မှုမှာ ၄၂ ရာခိုင်နှုန်းထိ သိသိသာသာ မြင့်တက်လာမှုနှင့် အတူ အမေရိကန်ဒေါ်လာ ၆၄၉ သန်းရရှိ

     ကမ္ဘောဒီးယားနိုင်ငံ၏ ရော်ဘာကဏ္ဍသည် ၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဇန်နဝါရီမှ မတ်လအထိ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များ တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၄၉ သန်း ရရှိခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာန (GDCE) မှ ထုတ်ပြန်သော ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ သိရသည်။

    ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၄၂.၅ ရာခိုင်နှုန်းအထိ တိုးတက် လာခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်  ပြန်လည်ဖြစ်ပေါ်လာခြင်းနှင့် နိုင်ငံ၏ ပို့ကုန်စီးပွားရေးတွင် ရော်ဘာ ကဏ္ဍ၏ တိုးတက်ပြောင်းလဲလာမှုကဏ္ဍကို ပြသခြင်းပင်ဖြစ်သည်။

    နောက်ဆုံးရကိန်ဂဏန်းများအရ ရော်ဘာတင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမသုံးလတွင် ကမ္ဘောဒီးယား၏ စုစုပေါင်း ပို့ကုန်၏ ၈ ရာခိုင်နှုန်းကို တင်ပို့နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလတွင် တင်ပို့မှု ၆.၆ ရာခိုင်နှုန်းမှ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုးတက်မှုသည် အထည်အလိပ်၊ ဖိနပ်နှင့်ခရီးသွားဆိုင်ရာပစ္စည်းများသာ အဓိကကြီးစိုးလွှမ်းမိုးခဲ့သော နိုင်ငံ၏ပို့ကုန် တည်ထောင်မှု ပုံစံမှ ပြောင်းလဲလာမှုကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။

    ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကဲ့သို့သော အဓိကထုတ်လုပ်သောနိုင်ငံများတွင် ထောက်ပံ့မှု အခက်အခဲများဖြစ်ပေါ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည် ကောင်းမွန် လာခြင်းကြောင့် ပြီးခဲ့သောလများတွင် နိုင်ငံတကာရော်ဘာစျေးနှုန်းများ မြင့်တက်လာခဲ့သည်။

    ကားတာယာ ထုတ်လုပ်မှုအတွက် သဘာဝရော်ဘာကို အဓိကအသုံးပြုနေရသော မော်တော်ယာဉ်ကဏ္ဍသည် ရော်ဘာဝယ်လိုအား ပြန်လည်မြင့်တက်လာစေသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နေပါသည်။

    ပြီးခဲ့သော ဆယ်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အစိုးရအစီအမံများနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ၏ အထောက်အပံ့ဖြင့် ရော်ဘာစိုက်ပျိုးမှုဧရိယာများ တိုးတက်လာခဲ့သည်။ အသေးစားစိုက်ခင်းများနှင့်အတူ အကြီးစားစိုက်ခင်းများကလည်း ရော်ဘာထုတ်လုပ်မှုနှင့် ပြည်ပ သို့တင်ပို့နိုင်မှု စွမ်းပကားကို မြှင့်တင်ပေးခဲ့ပါသည်။

   စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများသည် နိုင်ငံ၏ ကုန်သွယ်ရေးအစုစုတွင် ပိုမိုအရေးပါသော ကဏ္ဍ တစ်ခု ဖြစ်လာပါသည်။ ထုတ်လုပ်မှုတွင် အချိုးအစားကြီးမားစွာ ပါဝင်နေသော အသေးစား လယ်မြေပိုင်ဆိုင်သူ တောင်သူများသည် စျေးနှုန်းမတည်ငြိမ်မှုများနှင့်ချေးငွေရရှိမှုအကန့်အသတ် များအပြင် ခေတ်မီလယ်ယာစိုက်ပျိုးရေး နည်းပညာများကို အသုံးချနိုင်မှု အကန့်အသတ်များ နှင့်လည်း ဆက်လက်ရင်ဆိုင်နေရသည်။ထုတ်လုပ်သူများအတွက် ထောက်ပံ့မှုစနစ်များကို ခိုင်မာ စေခြင်းသည် ရော်ဘာကဏ္ဍတိုးတက်မှု ရေရှည်တည်တံ့ရန်အတွက်  အရေးပါမည် ဖြစ်ကြောင်း သိရှိရပါသည်။

    ကွာလာလမ်ပူမြို့အခြေစိုက် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ၏ နောက်ဆုံးသုံးသပ်ချက်အရ ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာ ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ် တွင် တန်ချိန် ၁၅.၃၂၄ သန်းအထိ ရောက်ရှိမည်ဟု အစီအမံရေးဆွဲထားကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မှတ်တမ်းတင်ထားသော တန်ချိန် ၁၄.၉၉၆ သန်း မှ နှစ်စဉ်အလိုက် ၂.၂ ရာခိုင်နှုန်း တိုးတက်လာမှု ကို ပြသခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းရင်းမျိုးစုံကြောင့် အနီးကပ် ကာလအတွင်း ထုတ်လုပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ရင်ဆိုင်နေရစဉ်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဦးဆောင်ထုတ်လုပ်သူအဖြစ် ဆက်လက်တည်ရှိမည်ဟု မျှော်မှန်း ထားသည်။ မလေးရှားနိုင်ငံသည် ရော်ဘာထုတ်လုပ်မှုအားပေးမှုအစီအစဉ် (IPG) အရ စွန့်ပစ် ထားသော ရော်ဘာစိုက်ခင်းများ ပြန်လည်ပြုပြင် အသုံးချရန် ကြိုးပမ်းနေကြောင်း ANRPC အထွေထွေ အတွင်းရေးမှူး Suttipong Angthong က အစီရင်ခံစာတစ်ရပ်တွင် ပြောကြားခဲ့သည်။

   တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဝယ်လိုအားသည် သဘာဝ ရော်ဘာ လိုအပ်ချက်ကို ဆက်လက်ထိန်းထားနိုင်မည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း အထောက်အပံ့ဖြစ်စေလိမ့် မည်ဟု မျှော်မှန်းထားကြသည်။

    တစ်ဖက်တွင်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားနေသည့် တင်းမာမှုများ၊ အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး မရေရာမှုများနှင့် ရော်ဘာအထွက်နှုန်း နည်းသော ရာသီသို့ ရောက်ရှိလာချိန်တွင် ခန့်မှန်းရခက်သော ရာသီဥတုအခြေအနေများသည် ထောက်ပံ့ရေးကွင်းဆက်နှင့် ကုန်သွယ်မှုစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အဓိက စိန်ခေါ်မှုများ ဖြစ်လာနိုင်ပါသည်။

Source: Khmer Times, 21 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှားနိုင်ငံ၏ အရန်ဆန်လက်ကျန်ပမာဏ တန်ချိန် ၅ သန်း အထိ စံချိန်တင် ရောက်ရှိခြင်း

   အင်ဒိုနီးရှားအစိုးရ၏ အရန်ဆန်လက်ကျန်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တန်ချိန် ၅,၀၀၀,၁၉၈ သန်း သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ၏သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင် ပမာဏဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ကြေညာခဲ့သည်။

    အဆိုပါ ပမာဏသည် ပထမဦးဆုံးအကြိမ်ဖြစ်ကာ မိမိတို့ သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသည့် ပမာဏဖြစ်ပြီး နိုင်ငံအတွက် သမိုင်းဝင် အောင်မြင်မှု မှတ်တိုင် တစ်ခု ဖြစ်ပါကြောင်း Andi Amran Sulaiman က ၂၃-၄-၂၀၂၆ ရက် (ကြာသပတေးနေ့)တွင် ဂျာဗားကျွန်းအနောက်ပိုင်း၊ ကာရာဝမ်ရှိ Bulog ဆန်သိုလှောင်ရုံ၌ ဆန်လက်ကျန်များကို စစ်ဆေး ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထိုအောင်မြင်မှုသည် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် နိုင်ငံပိုင်စားနပ်ရိက္ခာ ထောက်ပံ့ပို့ ဆောင်ရေးအဖွဲ့ (Bulog) အပါအဝင် အဖွဲ့အစည်းအသီးသီး၏ စုပေါင်းကြိုးပမ်းမှုများအပြင် ပြည်သူလူထု၊ လေ့လာစောင့်ကြည့်သူများနှင့် သတင်းမီဒီယာများ၏ ပံ့ပိုးကူညီမှုကြောင့်ဖြစ် ကြောင်း၊ အစိုးရအနေဖြင့် ဂိုဒေါင်များကို ငှားရမ်းခြင်းဖြင့် ဆန်သိုလှောင်နိုင်စွမ်း ပမာဏကို ဆက်လက် တိုးမြှင့်ဆောင်ရွက်နေကြောင်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။

    ဥပမာအားဖြင့် ကာရာဝမ် (Karawang) ဒေသတွင် အစိုးရသည် မက်ထရစ်တန် ၁၀၂,၀၀၀ ဆံ့ ဂိုဒေါင်တစ်ခုကို ငှားရမ်းထားပြီး လက်ရှိတွင် တန်ချိန် ၈၀,၀၀၀ ခန့် ဖြည့်တင်းပြီးဖြစ်ကာ လာမည့် နှစ်ပတ်အတွင်း အပြည့်အဝ သိုလှောင်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ Bulog ၏ စုစုပေါင်း ဂိုဒေါင်သိုလှောင်နိုင်စွမ်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ချိန် ၃ သန်း ခန့်ရှိပြီး ငှားရမ်းထားသော ဂိုဒေါင်များမှ တန်ချိန် ၂ သန်း ပမာဏ သိုလှောင်နိုင်ရန် ထပ်ဆောင်း ပံ့ပိုး ပေးထားခြင်း ဖြစ်သည်။

   ယခုငှားရမ်းထားသော သိုလှောင်ရုံများသည် လက်ရှိတွင် ၎င်းတို့၏ သိုလှောင်နိုင်စွမ်း ပမာဏသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သောကြောင့် နောင်တွင် လက်ကျန်ပမာဏ ထပ်မံ တိုးတက်လာမည့် အခြေအနေကို ကြိုတင်မျှော်တွေး၍ တန်ချိန် ၁ သန်း ဆံ့သော အခြားဂိုဒေါင် နေရာများကို ထပ်မံငှားရမ်းရန် အစိုးရအား တိုက်တွန်းနှိုးဆော်ထားကြောင်း ဝန်ကြီးက မှတ်ချက် ပြု ပြောကြားခဲ့သည်။

    အရန်ဆန်ပမာဏ စံချိန်တင်ရရှိမှုသည် အမျိုးသားစားနပ်ရိက္ခာဖူလုံမှုကို ခိုင်မာစေရုံ သာမက ဆန်ကို များစွာမှီခိုနေရသော ကမ္ဘာ့စားနပ်ရိက္ခာ တည်ငြိမ်ရေးအတွက်လည်း အင်ဒိုနီးရှား နိုင်ငံ၏ ပါဝင်ကူညီမှုကို ပေါ်လွင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်းခန့် တင်သွင်း ခဲ့ရသော်လည်း ၂၀၂၅ ခုနှစ်တွင်မူ ဆန်တင်သွင်းမှုအားလုံးကို အစိုးရက အောင်မြင်စွာ ရပ်တန့် နိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

    အစိုးရသည် ပြည်တွင်းဆန်ထုတ်လုပ်မှုနှင့် အရန်ရိက္ခာများတိုးမြှင့်ရန် ဆက်လက်ကြိုးပမ်း နေသဖြင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆန်တင်သွင်းရန် လိုအပ်မည်မဟုတ်ဟု မျှော်လင့်ထားသည်။

   အစိုးရက ထုတ်ပြန်ထားသော အရန်ဆန်လက်ကျန် ကိန်းဂဏန်း အချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေရန် ပြည်သူများအနေဖြင့် Bulog ၏ ဆန်သိုလှောင်ရုံများကို တိုက်ရိုက် ဝင်ရောက် စစ်ဆေးနိုင်ရန် လမ်းဖွင့်ပေးထားပါကြောင်း Sulaiman က ပြောကြားခဲ့သည်။

Source: Antara News, 23 April, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ