Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ရုရှားနှင့် ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု အင်ဒိုနီးရှား ပြောကြား

            အင်ဒိုနီးရှားနိုင်ငံ ဒုတိယကုန်သွယ်ရေးဝန်ကြီး Dyah Roro Esti က ရုရှားနိုင်ငံနှင့် အထူးသဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် အင်ဒိုနီးရှားအနေဖြင့် ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၁၅ ရက်နေ့ထုတ်ပြန်ချက်အရ Esti က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှုများသည် အလားအလာကောင်းသော တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ထိုတိုးတက်မှုအရှိန်အဟုန်ကို နှစ်ဖက်စလုံးအကျိုးရှိစေမည့် ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ပိုမိုကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆက်လက်မြှင့်တင်နိုင်ရန် ၎င်းတို့အလိုရှိကြောင်း ရုရှားနိုင်ငံကာဇန်မြို့တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Vladimir Iltichev နှင့် တွေ့ဆုံစဉ် Esti က ပြောကြားခဲ့ပါသည်။ မေ ၁၂ ရက်နေ့က ကျင်းပခဲ့သော အဆိုပါ နှစ်ဖက်ဆွေးနွေးပွဲသည် အင်ဒိုနီးရှားနှင့် ရုရှားအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Esti ၏ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ရုရှားသည် Eurasian Economic Union (EAEU) အတွင်း အင်ဒိုနီးရှား၏ အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး ဒေသတွင်း အင်ဒိုနီးရှား၏ စုစုပေါင်း ကုန်သွယ်မှု၏ ၉၀.၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးထားကြောင်းလည်း Esti က ပြောကြားခဲ့ပါသည်။ ထို့ပြင် အင်ဒိုနီးရှားနှင့် ရုရှားတို့သည် အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သော ကုန်သွယ်ရေးဆက်ဆံမှုရှိကြောင်း သိရပါသည်။ ရုရှားသည် အင်ဒိုနီးရှားအတွက် ကျောက်မီးသွေး၊ ဓာတ်မြေဩဇာနှင့် သံမဏိထုတ်ကုန်များကဲ့သို့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းများ၏ အဓိကပံ့ပိုးသူဖြစ်ပြီး အင်ဒိုနီးရှားကလည်း စားအုန်းဆီ၊ ကော်ဖီ၊ အုန်းသီးထုတ်ကုန်များနှင့် ကိုကိုး စသည့်အရည်အသွေးမြင့် ထုတ်ကုန်များကို ရုရှားသို့ တင်ပို့နေကြောင်း သိရပါသည်။ Esti က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ လက်မှတ်ရေးထိုးခဲ့သည့် Indonesia-EAEU လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) အတည်ပြုရေးတိုးတက်မှုကိုလည်း အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအစိုးရသည် ထိုသဘောတူညီချက်ကို ၂၀၂၆ ခုနှစ် တတိယ သို့မဟုတ် စတုတ္ထ သုံးလပတ်အတွင်း စတင်အသက်ဝင်စေရန် ရည်မှန်းထားပြီး ပြည်တွင်းအတည်ပြုရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါသည်။ သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အင်ဒိုနီးရှားက Indonesian Chamber of Commerce and Industry (Kadin) နှင့် ပူးပေါင်း၍ Indonesia-EAEU Business Council (IEBC) ဖွဲ့စည်းရန် အဆိုပြုထားကြောင်းလည်း Esti က ပြောကြားခဲ့ပါသည်။ Esti က Indonesia-EAEU Business Council ဖွဲ့စည်းမှုသည် စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေရန်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများတိုးချဲ့ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်လာစေရန် အထောက်အကူဖြစ်မည်ဟုလို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အင်ဒိုနီးရှားသည် သတင်းအချက် အလက်နည်းပညာ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ စသည့် ကဏ္ဍများတွင် ကျွမ်းကျင်လုပ်သားအင်အားများ ပံ့ပိုးပေးခြင်းအားဖြင့် ရုရှားစက်မှုလုပ်ငန်း လိုအပ်ချက်များကို အထောက်အကူပြုနိုင်မည့် ဝန်ဆောင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါသည်။ Esti က ရုရှားစီးပွားရေးလုပ်ငန်းရှင်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဘန်တန်တွင် ကျင်းပမည့် Trade Expo Indonesia (TEI) 2026 သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။ Esti က Trade Expo Indonesia သည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံစေပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးမည့် အရေးပါသော အခမ်းအနားတစ်ခုဖြစ်ကြောင်း  ရှင်းပြခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Esti က သမ္မတ Prabowo Subianto ဦးဆောင်သည့် အစိုးရ၏ ဦးစားပေး မူဝါဒများအတွင်း စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေး၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု ဖော်ဆောင်ရေးတို့ ပါဝင်ကြောင်းလည်း အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ဩစတြေးလျသို့ ဓာတ်မြေဩဇာ တင်ပို့မှုအတွက် အင်ဒိုနီးရှားကို ကျေးဇူးတင်ကြောင်း ဩစတြေးလျအစိုးရ ပြောကြား

      အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် အစားအသောက်ဖူလုံရေးအန္တရာယ်များ မြင့်တက်လာနေချိန်တွင် ဓာတ်မြေဩဇာပံ့ပိုးပေးခဲ့သည့်အတွက် ဩစတြေးလျအစိုးရက အင်ဒိုနီးရှားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ Sulaiman က ဩစတြေးလျ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တောဝန်ကြီး Julie Collins ထံမှ ဓာတ်မြေဩဇာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman က ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကြားတွင် ဓာတ်မြေဩဇာ ထောက်ပံ့မှုကို ဖူလုံစေရန် ကူညီပေးခဲ့သည့်အတွက် ဩစတြေးလျ စိုက်ပျိုးရေးဝန်ကြီးက အင်ဒိုနီးရှားကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဩစတြေးလျအနေဖြင့် စွမ်းအင်၊ အစားအသောက်နှင့် စိုက်ပျိုးရေးကုန်ကြမ်းများ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အနှောင့်အယှက်များကို ဓာတ်မြေဩဇာ တင်ပို့မှုမှတစ်ဆင့် ဖြေရှင်းရာတွင် အင်ဒိုနီးရှား၏ ပူးပေါင်းဆောင်ရွက်မှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman ၏ အဆိုအရ ဩစတြေးလျသည် ထိုတင်ပို့မှုများကို ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ၏ ခံနိုင်ရည်အား မြှင့်တင်ရာတွင် အရေးပါသည့် ပံ့ပိုးမှုတစ်ရပ်အဖြစ် ရှုမြင်နေကြောင်း သိရပါသည်။ ၎င်းက အဆိုပါဖွံ့ဖြိုးတိုးတက်မှုသည် အင်ဒိုနီးရှား၏ ကိုယ်ပိုင်လုံလောက်မှု တိုးတက်လာမှုကို ပြသနေပြီး ထို့ကြောင့် ဓာတ်မြေဩဇာတင်ပို့နိုင်သည့် အနေအထားသို့ ရောက်ရှိလာကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ယခင်က အင်ဒိုနီးရှား သမ္မတ Prabowo Subianto နှင့် ဩစတြေးလျ ဝန်ကြီးချုပ် Anthony Albanese တို့အကြား ဖုန်းဆက်သွယ်ပြောဆိုမှုတွင်လည်း ဩစတြေးလျဘက်ကဓာတ်မြေဩဇာ တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ Sulaiman က အဆိုပါအဆင့်မြင့်ဆက်သွယ်ပြောဆိုမှုများသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် အင်ဒိုနီးရှား၏ အခန်းကဏ္ဍ ပိုမိုမြင့်တက်လာနေမှုကို ပြသနေကြောင်းနှင့် ထိုအရာသည် အင်ဒိုနီးရှားအပေါ်ယုံကြည်မှုပိုမိုမြင့်တက်လာနေပြီး ဒေသတွင်းအစားအသောက်တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အရေးပါသော နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာနေသည့် သက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  Sulaiman သည် မေ လ ၁၄ ရက် ကြာသပတေးနေ့တွင် East Kalimantan ပြည်နယ် Bontang ဆိပ်ကမ်း၌ ဩစတြေးလျသို့ ယူရီးယားဓာတ်မြေဩဇာ ပထမအသုတ်တင်ပို့မှုအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်ပို့မှုသည် အစိုးရနှစ်ရပ်ကြား သဘောတူညီချက်အရ ဓာတ်မြေဩဇာ တန်ချိန် ၂၅၀,၀၀၀ တင်ပို့ရန် စီစဉ်ထားသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ ပထမအသုတ်တွင် တန်ချိန် ၄၇,၂၅၀ တင်ပို့ခဲ့ပြီး နောင်တွင် တင်ပို့သည့်ပမာဏကို တန်ချိန် ၅၀၀,၀၀၀ အထိ တိုးမြှင့်သွားရန် စီစဉ်ထားကာ တန်ဖိုးအားဖြင့် ရူပီး ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၀၀ သန်းခန့်) ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဝန်ကြီးက ဓာတ်မြေဩဇာစက်မှုလုပ်ငန်း အားကောင်းလာခြင်းသည် စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်ရေးအပေါ်အခြေခံထားသည့် နိုင်ငံ၏အစားအသောက် ကိုယ်ပိုင်လုံလောက်မှုအစီအစဉ်ကို အထောက်အကူပြုရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူများ၏ စိုးရိမ်မှုများနှင့် ပတ်သက်၍ Sulaiman က ယခုတင်ပို့မှုများသည် ထုတ်လုပ်မှုပိုလျှံမှုမှ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပြည်တွင်းထောက်ပံ့မှုကို မထိခိုက်စေကြောင်း အာမခံ ပြောကြားခဲ့ပါသည်။ ၎င်း၏ အဆိုအရ နိုင်ငံ၏ ယူရီးယား ထုတ်လုပ်မှုမှာ တန်ချိန် ၇.၈ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ပြည်တွင်းလိုအပ်ချက်မှာ တန်ချိန် ၆.၃ သန်းသာရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ပြည်တွင်းစားနပ်ရိက္ခာဖူလုံးရေးကို တင်ပို့မှုထက်ဦးစား‌ပေးရန် Bulog ကိုညွှန်ကြားခဲ့သည့် အင်ဒိုနီးရှားသမ္မတ

       Prabowo Subianto က ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများနှင့် အရှေ့အလယ်ပိုင်း ဒေသပဋိပက္ခများကြောင့် အစားအသောက်ထောက်ပံ့မှုအပေါ် ဖိအားများမြင့်တက်လာနေသည့် အခြေအနေတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို တင်ပို့မှုထက်ဦးစားပေးဆောင်ရွက်ရန် အစိုးရ ပိုင်စားနပ်ရိက္ခာအေဂျင်စီ Bulog ကို မေလ ၁၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပါသည်။ အရှေ့ဂျာဗား ပြည်နယ် Nganjuk တွင် ပြောကြားရာ၌ Prabowo က ကမ္ဘာလုံးဆိုင်ရာ အစားအသောက် အကျပ်အတည်း ပိုမိုဆိုးရွားလာနေသော်လည်း အင်ဒိုနီးရှားအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာ သိုလှောင်မှုကို လုံလောက်စွာ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင် နိုင်ငံအများအပြားက အင်ဒိုနီးရှား၏ ကုန်ပစ္စည်းများကို ဝယ်ယူလိုကြောင်း ပြောကြားခဲ့သည်။ Prabowo က ယခုအကျပ်အတည်းသည် ကြာရှည်နိုင်သည့်အတွက် Bulog အနေဖြင့် ဈေးနှုန်းအလွန်ချိုသာစွာ မရောင်းရသကဲ့သို့ ဈေးနှုန်းအလွန်မြင့်မားစွာလည်း မရောင်းသင့်ကြောင်း၊ ၎င်းတို့၏ ဦးစားပေးသည် ပြည်သူများဖူလုံရေးဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား၏ဆန်ရိက္ခာထောက်ပံ့မှုမှာ တည်ငြိမ်နေဆဲဖြစ်ပြီး နိုင်ငံခြားဝယ်ယူသူများ၏ဝယ်လိုအားသည် မကြာသေးမီလများအတွင်း မြင့်တက်လာ ကြောင်း ပြောကြားခဲ့ပါသည်။ Prabowo ၏ အဆိုအရ India နှင့် Bangladesh အပါအဝင် နိုင်ငံအချို့က ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် တင်ပို့မှုကန့်သတ်ချက်များ ချမှတ်ခဲ့ပြီးနောက် နိုင်ငံခြားဝယ်ယူသူများ၏ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှား၏ စားနပ်ရိက္ခာကိုယ်ပိုင်ဖူလုံမှုကို တောင်သူလယ်သမားများ၊ စစ်တပ်နှင့် အမျိုးသားရဲတပ်ဖွဲ့တို့ ပူးပေါင်းကြိုးပမ်းမှုများကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ Prabowo က food sovereignty ဆိုသည်မှာ ဈေးနှုန်းသက်သာရေးတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအတွင်း လုံလောက်သောထောက်ပံ့မှုရရှိနိုင်ရေးလည်းပါဝင်ကြောင်း၊ ၎င်းတို့၏စားနပ်ရိက္ခာထောက်ပံ့မှု ဖူလုံနေသည့်အတွက် ပြင်ပအကျပ်အတည်းများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်းနှင့် “Red and White Village and Sub-district Cooperatives” အစီအစဉ်သည် ဒေသအနှံ့စိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်ပစ္စည်းဖြန့်ဖြူးရေးကို အားကောင်းလာစေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ကော်ပိုရေးတစ်အသင်းပေါင်း ၁,၀၆၁ ခု တည်ဆောက်ပြီးစီးခဲ့ကြောင်း ကြေညာခဲ့ပြီး ၎င်းတို့အနက် ၅၃၀ ခုမှာ အရှေ့ဂျာဗားရှိ ခရိုင် ၇ ခုတွင် တည်ရှိကာ ကျန် ၅၃၁ ခုမှာ ဗဟို ဂျာဗားရှိ ခရိုင်နှင့် မြို့ ၈ ခုတွင် တည်ရှိကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် မေ ၁၅ ရက်အထိ အင်ဒိုနီးရှားသည် ကော်ပိုရေးတစ်အရောင်းဆိုင်ပေါင်း ၉,၁၈၂ ခု တည်ဆောက်ပြီးဖြစ်ကာ နိုင်ငံတစ်ဝန်း ၈၀,၀၀၀ အထိ တိုးချဲ့သွားရန် ရေရှည်ရည်မှန်းချက် ချမှတ်ထားကြောင်း သိရပါသည်။ ထို့အပြင် အစိုးရပိုင် စားနပ်ရိက္ခာကုမ္ပဏီ PT Agrinas Pangan Nusantara ကလည်း နောက်ထပ်ကော်ပိုရေးတစ်ဆိုင်ခွဲပေါင်း ၂၅,၀၀၀ ခု တည်ဆောက်နေပြီး အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လမတိုင်မီ ဆိုင်ခွဲ ၃၀,၀၀၀ ကို ပြီးစီးဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အီးယူသို့ နဂါးမောက်သီးတင်ပို့မှု ဆက်လက်ထိန်းသိမ်းနိုင်ရန် ဗီယက်နမ် ကြိုးပမ်းအားထုတ်မှုများ မြှင့်တင်

        ဥရောပသမဂ္ဂ (EU) က ပိုမိုတင်းကျပ်လာသည့် အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ပိုးသတ်ဆေးကြွင်းကျန်မှုဆိုင်ရာ စည်းမျဉ်းများ ချမှတ်လာသည့်ကြားမှ ဗီယက်နမ်နိုင်ငံသည် ၎င်း၏ နဂါးမောက်သီး တင်ပို့မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး Dang Ngoc Diep က ဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အထူးကုအေဂျင်စီများကို စည်းမျဉ်းသစ်များ၏ သက်ရောက်မှုကို အကဲဖြတ်ရန်နှင့် အီးယူအာဏာပိုင်များနှင့် ဆွေးနွေးနိုင်ရေးအတွက် ပြဿနာရပ်များကို ပြန်လည်သုံးသပ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများအနေဖြင့် စည်းမျဉ်းသစ်များကို သိရှိနားလည်စေရန်နှင့် ထုတ်လုပ်မှုမှ တင်ပို့မှုကွင်းဆက်တစ်ခုလုံးတွင် လိုက်နာဆောင်ရွက်နိုင်စေရန် နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ပေးထားကြောင်း သိရပါသည်။

       ဗီယက်နမ်အာဏာပိုင်များ၏ ပြောကြားချက်အရ စစ်ဆေးမှုများတိုးမြှင့်ခြင်း၊ နောက်ကြောင်းပြန်ခြေရာခံမှု စနစ်များကျင့်သုံးခြင်းနှင့် ပြုပြင်တည့်မတ်သည့် လုပ်ဆောင်ချက်များကြောင့် အီးယူမှ ထုတ်ပြန်သည့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက်များ သည် ၂၀၂၄ ခုနှစ်တွင် အမှုပေါင်း ၆၄ ခု ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၁၇ ခုအထိ သိသိသာသာ လျော့နည်းသွားခဲ့ကြောင်း သိရပါသည်။

      မှတ်သားဖွယ်ရာအချက်အနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း အီးယူ၏ ကျန်းမာရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာနမှ လာရောက်စစ်ဆေးရာတွင် ဗီယက်နမ်၏ ငရုတ်သီး၊ နဂါးမောက်သီးနှင့် ဒူးရင်းသီး တင်ပို့မှုများအပေါ် အပြုသဘောဆောင်သည့် အကဲဖြတ်မှုများရရှိခဲ့ပြီး၊ ၎င်းသည် နောင်တွင် စစ်ဆေးမှုအကြိမ်ရေ လျှော့ချနိုင်ရေးအတွက် ညှိနှိုင်းရာတွင် အခြေခံကောင်းတစ်ခု ဖြစ်လာစေကြောင်း သိရပါသည်။

         စိုက်ပျိုးရေးနှင့် သစ်ပင်ပန်းမံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Huynh Tan Dat က ဗီယက်နမ်သည် အီးယူစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန်အတွက် ဓာတုပစ္စည်းများအပေါ် မှီခိုမှုကိုလျှော့ချကာ ဇီဝနည်းပညာသုံး အပင်ကာကွယ်ရေးနည်းလမ်းများကို တိုးမြှင့်အသုံးပြုပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးပုံစံများကို မြှင့်တင်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ထုတ်လုပ်မှုပွင့်လင်းမြင်သာမှုရှိစေရန်နှင့် နိုင်ငံတကာလိုအပ်ချက်များနှင့် ကိုက်ညီစေရန် စစ်ဆေးမှုများနှင့် စည်းကမ်းဖောက်ဖျက်မှုများကို တင်းကျပ်စွာ အရေးယူခြင်းများကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    အီးယူ၏ တင်းကျပ်သော လိုအပ်ချက်များသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ဗီယက်နမ် စိုက်ပျိုးရေးကဏ္ဍအတွက် ထုတ်ကုန်အရည်အသွေး၊ ပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့မှုကိုမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အနေအထားကို ခိုင်မာစေမည်ဖြစ်ကြောင်း ဒုဝန်ကြီး Diep က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Vnexpress                                                                     

DOCA (ရန်ကုန်)

ဧပြီလအတွင်း မြန်မာ့ပုစွန်တင်ပို့မှု မက်ထရစ်တန် ၃၅၀ ကျော်ထိရှိလာ

         လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကျော် တန်ဖိုးရှိသော ပုစွန် မက်ထရစ်တန် ၃၅၀ ကျော်ကို မြန်မာနိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ဖက်နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

       ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၀၉ သန်း တန်ဖိုးရှိသော ပုစွန် ၃၃၉.၂၈ မက်ထရစ်တန် တင်ပို့ခဲ့ပြီး၊ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၀.၀၇ သန်း တန်ဖိုးရှိသော ပုစွန် ၁၂.၇၆ မက်ထရစ်တန် တင်ပို့ခဲ့ရာ စုစုပေါင်းတင်ပို့မှု တန်ချိန် ၃၅၂.၀၄ မက်ထရစ်တန်ခန့် ရှိလာခဲ့ကြောင်း သိရပါသည်။

       ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

       မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ သို့ ရေထွက် ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Source: The Global New Light of Myanmar                                 

DOCA (ရန်ကုန်)

စားအုန်းဆီတင်သွင်းမှုများပြားခြင်းကြောင့် ၂၀၂၅-၂၀၂၆ ပထမနှစ်ဝက်တွင် အိန္ဒိယ၏ ဟင်းသီး ဟင်းရွက်ဆီ တင်သွင်းမှု ၁၃ % မြင့်တက်

   စားအုန်းဆီတင်သွင်းမှုသိသာစွာမြင့်တက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပထမ (၆) လတွင် အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် တန်ချိန် ၇.၉၄ သန်း (၁၃ ရာခိုင်နှုန်း) မြင့်တက် လျက်ရှိကြောင်း Solvent Extractors Association of India (SEA) က ဗုဒ္ဓဟူးနေ့က‌ ပြောကြား ထားပါသည်။

    ပြီးခဲ့သည့် အစောပိုင်းနှစ်ကာလတူတွင် ကမ္ဘာတစ်ဝန်းစားသုံးဆီတင်သွင်းမှု တန်ချိန် ၇.၀၄ သန်းရှိခဲ့ကြောင်း အိန္ဒိယ၏ဆီထွက်သီးနှံရာသီသည် နိုဝင်ဘာလ မှ အောက်တိုဘာလအထိ ဖြစ် ကြောင်း သိရသည်။

   တင်သွင်းမှုတန်ဖိုးသည် ပြီးခဲ့သည့်နှစ်က ရူပီ ၇၃,၀၀၀ သန်း ရှိခဲ့ရာမှ နိုဝင်ဘာလမှ ဧပြီလ အတွင်း ရူပီ ၈၇,၀၀၀ (၁၉ ရာခိုင်နှုန်း) သို့မြင့်တက်ခဲ့ကြောင်း သိရသည်။ တင်ပို့မှု စုစုပေါင်း အနေ ဖြင့် ဟင်းချက်ဆီတန်ချိန် ၇.၈၂ သန်း နှင့် စားသုံးရန် မဟုတ်သည့်ဆီတန်ချိန် ၁၂၁,၀၀၀ ကို တင်သွင်းထားကြောင်း SEA ကဖော်ပြထားပါသည်။

   စားအုန်းဆီတင်သွင်းမှုသည် ပြီးခဲ့သည့်အစောပိုင်းနှစ်က တန်ချိန် ၂.၇၄ သန်း မှ တန်ချိန် ၃.၉၇ သန်း အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့သော်လည်း ပဲပိစပ်နှင့် နေကြာဆီတင်သွင်းမှုသည် တန်ချန် ၄.၁၃ သန်းမှ တန်ချိန် ၃.၈၅ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

    အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယသို့ စားအုန်းဆီအဓိက တင်ပို့သည့် နိုင်ငံများ ဖြစ်ကြောင်း၊ အာဂျင်တီးနားသည် ပဲပိစပ်ဆီတင်ပို့မှုအများဆုံးဖြစ်ပြီး ဘရာဇီးသည် ဒုတိယ အများဆုံးတင်ပို့သူဖြစ်ကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့သည် နေကြာဆီ အဓိကတင်ပို့သည့် နိုင်ငံ များဖြစ်ကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ် ဧပြီလတွင် စားအုန်းဆီဈေးနှုန်း ၁၄-၁၅ ရာခိုင်နှုန်း မြင့်တက် လာမှုနှင့်အတူ ဟင်းချက်ဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်တွင်သိသာစွာမြင့်တက်ခဲ့ကြောင်း၊ ယင်းနှစ်ကာလတူ မှ ပဲပိစပ်ဆီနှင့် နေကြာဆီဈေးနှုန်းတို့သည်လည်း ၁၇ ရာခိုင်နှုန်း နှင့် ၂၂ ရာခိုင်နှုန်းအကြား မြင့် တက်ခဲ့ကြောင်းသိရှိရပါသည်။

    ပထမနှစ်ဝက်ကာလတွင် အိန္ဒိယသို့ နီပေါနိုင်ငံ၏ သန့်စင်ပြီးဆီများတင်ပို့မှုသည် တန်ချိန် ၂၁၇,၀၀၀ နီးပါးရှိခဲ့ရာ သန့်စင်ပြီး ပဲပိစပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် မုန်ညှင်းဆီတို့ အဓိက ပါဝင်ကြောင်း  သိရှိရပါသည်။

    စုစုပေါင်းဟင်းသီးဟင်းရွက်ဆီသိုလှောင်ထားရှိမှုသည် ၂၀၂၅ ခုနှစ် မေလတွင် တန်ချိန် ၁.၃၅ သန်းမှ ၂၀၂၆ ခုနှစ် မေလတွင် တန်ချိန် ၂.၁၂ သန်းအထိ တိုးမြင့်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ မှစ၍ ပိုက်လိုင်းအတွင်း သိုလှောင်ထားရှိမှု စဉ်ဆက်မပြတ်များပြားလျက်ရှိရာ ဆီထွက်သီးနှံရာသီ ဒုတိယနှစ်ဝက်အထိ တင်သွင်းမှုဆက်လက် မြင့်တက်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Business Standard, 13 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြီးခဲ့သောနှစ်ထက် ဂျုံထုတ်လုပ်မှု ပိုမိုမြင့်တက်မည်ဟုခန့်မှန်း

   အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ၂၀၂၆ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ၂၀၂၅-၂၆ သီးနှံနှစ် (ဇူလိုင်-ဇွန်) အတွင်း အိန္ဒိယနိုင်ငံ၏ ဂျုံထုတ်လုပ်မှုသည် မိုးရာသီ မဟုတ် သောအချိန်တွင် မိုးရွာသွန်းခြင်းနှင့် မိုးသီးကျခြင်းကြောင့် ဒေသအချို့တွင် ပျက်စီးမှုများရှိခဲ့သော် လည်း၊ ပြီးခဲ့သောနှစ်၏ တန်ချိန် ၁၁၇.၉၄ သန်းကို ကျော်လွန်နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ သီးနှံအခြေအနေကောင်းမွန်နေပြီး အစိုးရဝယ်ယူမှု (procurement) သည်လည်း စံချိန်တင်ဖြစ် လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂျုံသည် အဓိကဆောင်းရာသီသီးနှံဖြစ်ပြီး အဓိကစိုက်ပျိုးရာ ပြည်နယ်များတွင် ရိတ်သိမ်းမှု မှာအများအားဖြင့် ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။အစိုးရ၏ ဝယ်ယူမှုလုပ်ငန်းများလည်း အပြည့် အဝ ဆောင်ရွက်နေကြောင်း သိရသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနက မိုးရွာမှုမတိုင်မီ ၂၀၂၅-၂၆ အ တွက် ဂျုံထုတ်လုပ်မှုကို တန်ချိန် ၁၂၀.၂၁ သန်းအဖြစ် ခန့်မှန်းထားခဲ့ပြီး၊ ၎င်းပမာဏသည် ယခင် နှစ်က အမှန်တကယ်ထုတ်လုပ်မှုထက် ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။

    Roller Flour Millers' Federation of India (RFFI) က မကြာသေးမီက ရာသီဥတု ပျက်စီး မှုများကို ထည့်သွင်းတွက်ချက်ပြီးနောက် ဂျုံထုတ်လုပ်မှု အနည်းငယ် လျော့နည်းနိုင်ကြောင်း ဧပြီ ၁၄ ရက်တွင် ခန့်မှန်းခဲ့သည်။ အစားအစာရေးရာ အတွင်းရေးမှူး Sanjeev Chopra က ခန့်မှန်းချက် နှစ်ခုအကြား ကွာဟမှုကို လျှော့ချသည့်အနေဖြင့် Federation က ဂျုံထုတ်လုပ်မှုကို တန်ချိန် ၁၁၀ သန်းဟု ခန့်မှန်းထားသော်လည်း၊ မိုးမရွာမီ စိုက်ပျိုးရေးဝန်ကြီးဌာနက တန်ချိန် ၁၂၀ သန်းဟု ခန့်မှန်းထားခဲ့ရာ အမှန်တကယ်ထုတ်လုပ်မှုက တန်ချိန် ၁၁၀ သန်းနဲ့ ၁၂၀ သန်းကြား ဖြစ်လာနိုင် သည်ဟု  ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: The Business Standard, 11 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံတွင် မိုးခေါင်မှုအန္တရာယ်ရှိနေပြီး အယ်လ်နီညိုစိုးရိမ်မှုများကြောင့် ဆန်တင်သွင်းသူ များ ရိက္ခာစုဆောင်းလာ

    ၂၀၂၆ ခုနှစ်၏ မိုးခေါင်ရေရှားမှုအခြေအနေသည် ယခင်နှစ်များထက် ပိုမိုပြင်းထန်လာနိုင် ကြောင်း ခန့်မှန်းထားကြသည်။ ထိုင်းမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုအခြေအနေသို့ ကူးပြောင်းရန် ၆၁% သေချာနေပြီး ယင်းအခြေ အနေသည် နှစ်ကုန်ပိုင်းအထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

     စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးရုံး (OAE) ၏ ခန့်မှန်းချက်အရ ၂၀၂၅/၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ၏ စုစုပေါင်း စပါးအထွက်နှုန်းမှာ တန်ချိန် ၃၅.၄၄ သန်း ရှိမည်ဖြစ်ပြီး ယင်းပမာဏတွင် ၀.၃၂ ရာခိုင်နှုန်း လျော့ကျသွားသည့် မိုးစပါး တန်ချိန် ၂၆.၉၉ သန်းနှင့် ၁.၆၃ ရာခိုင်နှုန်း လျော့ကျသွား သည့် နွေစပါး တန်ချိန် ၈.၄၅ သန်းတို့ ပါဝင်မည် ဖြစ်သည်။ ယင်းသို့ အထွက်နှုန်း လျော့ကျ ရခြင်း၏ အဓိကအကြောင်းရင်းများမှာ မိုးခေါင်ရေရှားမှု အပါအဝင် ရာသီဥတုအခြေအနေများနှင့် အချို့ဒေသများရှိ ရေရရှိမှုကန့်သတ်ချက်များကြောင့် စိုက်ပျိုးမြေဧရိယာအချို့ လျော့နည်းသွား ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း နွေစပါး၏ ပျမ်းမျှ အထွက်နှုန်းမှာမူ တစ်ရိုင်လျှင် ၆၅၄ ကီလိုဂရမ်အထိ တိုးတက်လာခဲ့သည်။

    တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံက ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ဝယ်လိုအားထက် ပိုမိုများပြားနေခြင်းကြောင့် ဆန်ဈေးနှုန်းများ ပြန် လည်ကျဆင်းသွားနိုင်ကြောင်း OAE က မျှော်လင့်ထားသည်။ တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့သော အဓိကဆန်တင်သွင်းသည့် နိုင်ငံများတွင်လည်း လုံလောက်သော ဆန် ရိက္ခာအရန်သင့်ရှိနေသဖြင့် ဝယ်ယူမှုများကို လျှော့ချထားကြသည်။

    ထိုင်းဆန်တင်ပို့သူများအသင်း (TREA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswong က လက်ရှိတွင် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော "စူပါအယ်လ်နီ ညို" (Super El Niño) အခြေအနေကို ဆန်တင်ပို့သူများက စောင့်ကြည့်နေကြကြောင်း ပြောကြား ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏကို လျာထား ချက်ဖြစ်သော တန်ချိန် ၇ သန်း ပြည့်မီစေရန် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေပါသည်။ ယခု နှစ် ပထမ ၄ လပတ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၂.၂ သန်းသာ ရှိခဲ့သဖြင့် လျာထားချက် အောက် လျော့နည်းနေခဲ့ရာမှ ယခုကဲ့သို့ အခြေအနေကောင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    အင်အားပြင်း El Niño ရာသီဥတုဖြစ်စဉ်ကြောင့် မလေးရှားသည် ၎င်း၏ ဆန် အရန်သင့် သိုလှောင်မှုကာလကို ၃ လစာမှ ၉ လစာအထိ တိုးမြှင့်လိုက်ပါသည်။ ထို့ကြောင့် မလေးရှား အနေဖြင့် ဆန်ကို ပိုမိုအင်တိုက်အားတိုက် ဝယ်ယူရန် လိုအပ်လာမည်ဖြစ်သည်။ ဖိလစ်ပိုင်သည် အစောင့်ကြည့်သင့်ဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။ ယခုနှစ်တွင် ဖိလစ်ပိုင်သည် ဆန်တန်ချိန် ၆.၅ သန်းအထိ တင်သွင်းလာနိုင်ဖွယ်ရှိပြီး ယင်းပမာဏမှာ ပြီးခဲ့သည့်နှစ်က တင်သွင်းခဲ့သည့် တန်ချိန် ၃ သန်းကျော်ထက် နှစ်ဆနီးပါး ပိုမိုများပြားနေပါသည်။

   အိန္ဒိယသည် ဆန်ဈေးကွက် ပြန်လည်ဦးမော့လာရေးအတွက် အဓိကစောင့်ကြည့်ရမည့် နိုင်ငံဖြစ်ပါသည်။ အိန္ဒိယတွင် ဆန်အမြောက်အမြား သိုလှောင်ထားရှိပြီး ယင်းက ကမ္ဘာ့ဆန် ဈေးနှုန်းများ အလွန်အမင်း မြင့်တက်မသွားစေရန် ထိန်းကျောင်းပေးထားပါသည်။ သို့သော်လည်း အိန္ဒိယအနေဖြင့် ပြင်းထန်သော El Niño အခြေအနေနှင့် ရင်ဆိုင်ရပါက လူဦးရေ ၁.၅ ဘီလီယံမှ ၁.၆ ဘီလီယံအတွက် စားနပ်ရိက္ခာဖူလုံမှုကို စိုးရိမ်ရသဖြင့် အစိုးရက ပြည်ပသို့ ဆန်တင်ပို့မှုကို လျှော့ချခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်လာနိုင်ပါသည်။ ထိုသို့ဖြစ်လာပါက ထိုင်းနိုင်ငံ အတွက် အစားထိုးအမှာစာများ ပိုမိုရရှိလာမည့် လမ်းစပင် ဖြစ်ပါသည်။

    လက်ရှိတွင် ဗီယက်နမ်ဆန် (၅% ဆန်ကွဲ) သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ ခန့်၊ ထိုင်းဆန်မှာ ၄၀၈ ဒေါ်လာခန့်အထိ ဈေးမြင့်တက်လာနေပြီး ၎င်းမှာ ဈေးကွက်အတွင်း ဝယ်လို အား ပြန်တက်လာသည့် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း ၎င်းက သုံးသပ်ပြထားပါသည်။ ဤကဲ့သို့ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ စတင် မြင့်တက်လာခဲ့ သည်။ ဗီယက်နမ် ၅ မှတ်ဆန် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀ အထိ မြင့်တက် လာပြီး ယခင်က တစ်တန်လျှင် ၃၅၀ မှ ၃၇၀ ဒေါ်လာဝန်းကျင်သာရှိခဲ့သော ထိုင်း ၅ မှတ်ဆန်မှာ လည်း ယခုအခါ ၄၀၈ ဒေါ်လာဝန်းကျင်အထိ မြင့်တက်လာခဲ့သည်။ ၎င်းမှာ ဆန်ဈေးကွက်အတွင်း ဝယ်ယူသူများဘက်မှ ရောင်းချသူများဘက်သို့ တိမ်းညွန့်လာသည့် ကောင်းမွန်သော အချက်ပြမှု တစ်ခုပင် ဖြစ်သည်” ဟု Chukiat  က ပြောကြားခဲ့သည်။

Source: The Nation, May 13, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပါကစ္စတန်နိုင်ငံတွင် သရက်ရာသီနောက်ကျမှုကြောင့် ပြည်ပတင်ပို့ရေးအလားအလာ ထိခိုက်

   ပါကစ္စတန်နိုင်ငံတွင် သာမန်နှစ်များထက် နောက်ကျ၍ သရက်ရာသီ စတင်ဝင်ရောက်လာ ပြီး ထွက်ရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းလိမ့်မည်ဟု ခန့်မှန်းရသည်။ ဒေသတွင်း တင်းမာမှုများ၊ နယ်စပ်ပိတ်သိမ်းမှုများနှင့် ကုန်စည်ပို့ဆောင်ခ မြင့်တက်လာမှုတို့က ယခုနှစ် နိုင်ငံခြားသို့ တင်ပို့မှု ကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု တင်ပို့သူများက စိုးရိမ်နေကြသည်။

    လုပ်ငန်းရှင်များ၏ အဆိုအရ ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများကြောင့် သရက် သီး သီးချိန်၏ အစောပိုင်းအဆင့်တွင် သရက်ပန်းပွင့်များ ပျက်စီးခဲ့ရပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သရက်သီး ထွက်ရှိမှုပမာဏမှာ တန်ချိန် ၁.၅ သန်းဝန်းကျင်သို့ ကျဆင်း သွားကာ ယခင်နှစ်က တန်ချိန် ၁.၈ သန်းနီးပါးရှိကြောင်း၊ စိုက်ဧရိယာမှာ ဧက ၁၆၀,၀၀၀ ခန့်ဖြင့် မပြောင်းလဲဘဲ ရှိနေကြောင်း သိရှိရသည်။

   မတ်လနှင့် ဧပြီလများအတွင်း ပုံမှန်ထက် အေးမြစိုစွတ်သော ရာသီဥတုကြောင့်လည်း သရက်ရာသီနောက်ကျခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ဧပြီလနှောင်းပိုင်းတွင် စတင်လေ့ရှိသော ပြည် တွင်းဈေးကွက်အတွက် သရက်သီးခူးဆွတ်နိုင်ခြင်းမှာ ယခုနှစ်တွင်မေလ ပထမပတ်အထိ မစတင် နိုင်ခဲ့ကြောင်း၊ သရက်သီးတင်ပို့မှု အစီအစဉ်များမှာ မေလ ၂၀ ရက်ဝန်းကျင်အစား ဇွန်လ ၁ ရက် နေ့မှ စတင်ရန် မျှော်လင့်ရကြောင်း သိရှိရသည်။

   သရက်သီးအစောပိုင်းထွက်ရှိသည့် ပါကစ္စတန်နိုင်ငံ၊ Mirpurkhasမြို့၊ Tando Allahyar မြို့နှင့် Hyderabad မြို့တို့အပါအဝင် Sindh ခရိုင်များတွင် ပျမ်းမျှ သရက်အထွက်နှုန်းရှိကြောင်း၊ သို့သော်လည်း Rahim Yar Khanမြို့၊ Multanမြို့၊ Muzaffargarh မြို့နှင့် Shujaabad မြို့ ကဲ့သို့သော Punjab ပြည်နယ်ရှိ ရာသီနောက်ကျမှ သရက်သီးထွက်ရှိသော ဒေသများတွင် သရက် ထွက်ရှိမှု သိသိသာသာ နည်းပါးနေကြောင်း သိရှိရသည်။

   သရက်သီးတင်ပို့သူများက ယခုရာသီသည် ပုံမှန်ထက် ကြာရှည်နိုင်ပြီး နွေရာသီနှောင်းပိုင်း ရာသီဥတုအခြေအနေပေါ်မူတည်၍ စက်တင်ဘာလလယ်အထိ ကြာရှည်နိုင်သည်ဟု ယုံကြည် ကြကြောင်း၊ သို့သော် သရက်သီးထွက်ရှိမှုပမာဏ လျော့နည်းသော်လည်း ပါကစ္စတန် ရိုးရာဈေး ကွက်များတွင် ဝယ်လိုအားနည်းလာသောကြောင့် နိုင်ငံတကာစျေးနှုန်းများ သိသိသာသာမြင့်တက် လာမည်ဟု တင်ပို့သူများက မျှော်လင့်မထားကြောင်း National Fruit Pakistan ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ Shoaib Ahmad Basra က ပြောကြားသည်။

    အာဖဂန်နစ္စတန်သို့ ကုန်သွယ်ရေးလမ်းကြောင်းများမှာ ကြာရှည်စွာ နယ်စပ်ပိတ်သိမ်းမှု များအပြီးတွင်လည်း ပြတ်တောက်နေဆဲဖြစ်ပြီး ပင်လယ်ကွေ့ဒေသရှိ တင်းမာမှုများနှင့် ဟော်မုဇ် ရေလက်ကြား အနှောင့်အယှက်များက ကုန်စည်ပို့ဆောင်ခ မြင့်တက်စေပြီး သင်္ဘောရရှိနိုင်မှုကို လျှော့ချလျက်ရှိကြောင်း သိရှိရသည်။

   ဥရောပနှင့် ယူကေသို့ သရက်သီးတင်ပို့ရန်အတွက် ပါကစ္စတန်အနေဖြင့် အရှေ့အလယ် ပိုင်းလေကြောင်းလိုင်းများကို အားထားနေရခြင်းကြောင့် လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ် ငန်းများမှာလည်း မရေရာကြောင်း၊ လေယာဉ်အသွားအလာ လျော့နည်းမှုနှင့် ကုန်စည်နေရာ အကန့်အသတ်များက တင်ပို့သူများအတွက် သရက်တင်ပို့ရေး အစီအစဉ်ကို ရှုပ်ထွေးစေကြောင်း သိရှိရသည်။

Source: DAWN, 12 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျပန်ဈေးကွက်သို့ သီးနှံအသစ်များ ဝင်ရောက်ခွင့်ရရှိရေးနှင့် ငှက်ပျောသီးအပေါ် အကောက်ခွန် နှုန်းထား ပိုမိုလျော့ချရေး ဖိလစ်ပိုင်ညှိနှိုင်း

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက် ဝင် ရောက်ခွင့်ကို အားပေးထောက်ပံ့ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးကို မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကို တိုးချဲ့လျက်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ၏ ပြောကြားချက်အရ သိရှိပါသည်။

    စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ဌာနအနေဖြင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲစေရန်ရည်ရွယ်ပြီး ဖိလစ်ပိုင်-ဂျပန် စိုက်ပျိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအပေါ် ပြင်ဆင်ချက်များကို စောင့်ဆိုင်းလျက်ရှိ သည်ဟု ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် အစိုးရအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ အလုပ် အကိုင်ဖန်တီးရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုတွင် ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကြောင့် အဆို ပါ စာချွန်လွှာတွင် ငါးမွေးမြူရေးလုပ်ငန်းကို ထည့်သွင်းရန် အထူးစိတ်အားထက်သန်လျက် ရှိပါ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

    သဘောတူညီချက်အပေါ် ပြင်ဆင်ချက်များတွင် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများလည်း ပါဝင်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စနစ်ကျပြီး ခေတ်မီသောစိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စနစ်များနှင့် တိကျမှန်ကန်သော စိုက်ပျိုးရေးနည်းပညာများ၌ ဂျပန်နိုင်ငံ၏ ကျွမ်းကျင်မှုကို အသုံးချရန် ရည်ရွယ်လျက်ရှိပါသည်။

    စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏ ထုတ်လုပ်မှု စွမ်းအားကို တိုးတက်ကောင်းမွန်လာစေရန်နှင့် အစားအသောက်စနစ်များကို ခေတ်မီ တိုးတက်စေရန် ဆောင်ရွက်နေသော ကြိုးပမ်းမှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

    ထို့အပြင် ပြင်ဆင်ထားသည့်သဘောတူညီချက်အရ  စိုက်ပျိုးရေးနှင့် ငါးမွေးမြုးရေးလုပ်ငန်း ဆိုင်ရာ ပူးတွဲကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းကော်မတီသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု စနစ်တကျတည်ထောင်ကာ ရေရှည်အစီအမံများကို ဆက်လက်တည်တံ့စေရန် ရည်ရွယ်ပါသည်။

    ဌာနအနေဖြင့် မေလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့ထိ ဂျပန်နိုင်ငံသို့ သွားရောက်မည့် သမ္မတ Ferdinand Marcos Jr. ၏ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချွန်လွှာကို အပြီးသတ်လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း၊ ၎င်းခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသည်  ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(JPEPA) အရ ဂျပန်နိုင်ငံတွင် လတ်ဆတ်သော ငှက်ပျောသီးများအပေါ် အခွန်နှုန်းထား ပိုမိုလျော့ချရေး တောင်းဆိုချက်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသော နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှု များကို ဆက်လက်တိုးတက်မှုရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    JPEPA အရ ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် အောက်တိုဘာလနှင့် မတ်လကြား ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးအပေါ် အခွန် ၈ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ အခွန် ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ဖိလစ်ပိုင်ဌက်ပျောသီးများသည် ဂျပန်ဈေးကွက်တွင် သိသာသော ဈေးကွက်ဝေစုကို ထိန်းချုပ်ထားဆဲဖြစ်ပြီး အခွန်နှုန်းထားနည်းသောနိုင်ငံများသည် ၎င်းတို့၏ ပို့ကုန်များကို တဖြည်းဖြည်း နေရာယူလာကြသဖြင့် ၎င်း၏လွမ်းမိုးမှုကို ကျဆင်းမှေးမှိန် လာစေနိုင်ပါသည်။

    စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ ဂျပန်နိုင်ငံတွင် ဖိလစ်ပိုင်ရှောက်ချိုသီး (pomelos) နှင့် ဖိလစ်ပိုင်နိုင်ငံ၌ ဂျပန်စပျစ်သီးများအတွက် ဈေးကွက်သစ်ဝင်ရောက်မှုအခွင့်အလမ်း  တိုးတက် လာရန် စောင့်မျှော်နေကြောင်း သိရှိရပါသည်။

     မေလ ၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Kazuya Endo နှင့် အဆင့်မြင့် ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နှစ်ဦးနှစ်ဖက်စလုံးမှ ဇီဝဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေး နည်းပညာ များ အပါအဝင် ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ ကြောင်း စိုက်ပျိုးရေးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

    Francisco Tiu Laurel Jr. က ဂျပန်နိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်အဆင့်ခရီးစဉ် သည် စားနပ်ရိက္ခာဖူလုံမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်ပြောင်းလဲမှု ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲမှုနှင့် ဆက်လက်တည်ရှိမှုကို အတည်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဦးစားပေးလုပ်ငန်းများကို ကိုက်ညီအောင် ဆောင်ရွက်နိုင်ရန်နှင့် ဖိလစ်ပိုင် လယ်သမားများနှင့် ငါးဖမ်းလုပ်သားများကို တိုက်ရိုက်အကျိုးရှိစေမည့် အစီအစဉ်များကို အရှိန်မြှင့်တင်နိုင်ရန် အခွင့် အလမ်းတစ်ရပ်ကိုလည်း ပေးစွမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Manila Bulletin, 7 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ