Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင် ကုန်ထုတ်လုပ်မှုကဏ္ဍ မေလတွင် ပြန်လည်ဦးမော့လာ

         ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ပြည်တွင်းဝယ်လိုအား ပိုမိုခိုင်မာလာမှုကြောင့် မေလတွင် ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။ ဆက်တိုက်ဖြစ်ပေါ်နေသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှုများနှင့် ကုန်ကျစရိတ် မြင့်မားလာမှုများက လုပ်ငန်းကဏ္ဍအပေါ် ဆက်လက်ဖိစီးနေဆဲဖြစ်ကြောင်း သိရပါသည်။

          S&P Global က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ နိုင်ငံ၏ ဝယ်ယူမှုမန်နေဂျာများ ညွှန်းကိန်း (PMI) သည် ဧပြီလရှိ ၄၈.၃ မှ မေလတွင် ၅၀.၈ သို့ မြင့်တက်လာခဲ့ပြီး ပြန်လည်တိုးတက်လာမည့် အလားအလာကို ပြသနေကြောင်း သိရပါသည်။ PMI ညွှန်းကိန်း ၅၀ အထက်ရှိခြင်းသည် ကဏ္ဍတိုးချဲ့လာခြင်းကိုဖော်ပြပြီး အဆိုပါအဆင့်အောက် ရောက်ရှိခြင်းမှာ ကျဆင်းခြင်းကို ညွှန်ပြနေကြောင်း သိရပါသည်။

          အဆိုပါ တိုးတက်ကောင်းမွန်လာခြင်းမှာ အဓိကအားဖြင့် ပြည်တွင်းဝယ်ယူသူများထံမှ အမှာစာအသစ်များ တိုးပွားလာခြင်းကြောင့်ဖြစ်ပြီး ယင်းက ထုတ်လုပ်သူများအား ကုန်ထုတ်လုပ်မှု ပိုမိုမြှင့်တင်ရန် လှုံ့ဆော်ပေးခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းများသည် ပြည်တွင်းစျေးကွက်ရှိ ပိုမိုခိုင်မာလာသော ဝယ်လိုအားအခြေအနေများကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြရာ ကုန်ထုတ်လုပ်မှုပမာဏမှာ သုံးလတာကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့ပါသည်။

          သို့သော်လည်း အဆိုပါ ပြန်လည်ဦးမော့လာမှုသည် ပြည်ပရောင်းအားတွင်မူ ထင်ဟပ်နေခြင်းမရှိကြောင်း သိရပါသည်။ ပို့ကုန်အမှာစာများသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ပိုင်း အဆိုးရွားဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့ရာ တိုးတက်မှုမှာ ပြည်တွင်းဝယ်လိုအား အပေါ်တွင်သာ အဓိက မှီခိုနေရဆဲဖြစ်ကြောင်း သိရပါသည်။

        အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်နေသော အနှောင့်အယှက်များက ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်သက်ရောက်နေသဖြင့် ပစ္စည်းရောက်ရှိချိန် ကြာမြင့်မှုမှာ ၁၈ လနီးပါးကာလအတွင်း အဆိုးရွားဆုံးအဆင့်များထဲမှ တစ်ခုသို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။

          တစ်ချိန်တည်းမှာပင် ကုန်ထုတ်လုပ်သူများသည် ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ ပိုမိုကြီးမားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းက အမြတ်အစွန်းအပေါ် ဖိအားများဖြစ်စေခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းခွင်များက ဝန်ထမ်းအင်အားကို ဆက်လက်လျှော့ချခဲ့ကြသဖြင့် စက်ရုံအလုပ်အကိုင်ခန့်အပ်မှုမှာ နှစ်နှစ်တာကာလအတွင်း အဆိုးရွားဆုံး ကျဆင်းမှုကိုပြသခဲ့ပြီး အလုပ်သမားစျေးကွက် အခြေအနေများလည်း အားနည်းသွားခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်တိုးတက်လာသော်လည်း စီးပွားရေးပညာရှင်များက နောက်ဆုံးရရှိသော PMI ညွှန်းကိန်းကို အပြည့်အဝ ပြန်လည်ဦးမော့လာခြင်းအဖြစ် မကောက်ချက်ချရန် သတိပေးထားကြကြောင်း သိရပါသည်။

           Ateneo de Manila တက္ကသိုလ်မှ စီးပွားရေးပညာရှင် Leonardo Lanzona က ဤအချက်အလက်များသည် ရေရှည်တည်တံ့သော တိုးချဲ့မှုထက် တည်ငြိမ်မှုရှိလာခြင်းကိုသာ ပိုမိုညွှန်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက PMI တွက်ချက်မှုများသည် ကုန်ပစ္စည်းပေးပို့မှု နှောင့်နှေးကြန့်ကြာခြင်းများအပေါ် လွှမ်းမိုးမှုရှိနိုင်ကြောင်း၊ ယင်းက စီးပွားရေးအခြေအနေများ စိန်ခေါ်မှုရှိနေဆဲဖြစ်သော်လည်း ပင်မညွှန်းကိန်းကို လုပ်ကြံဖန်တီး၍ မြင့်တက်စေနိုင်ကြောင်း ထောက်ပြခဲ့ကြောင်း သိရပါသည်။

         သို့သော်လည်း ယုံကြည်စိတ်ချရသော ပြန်လည်ဦးမော့မှုတစ်ခု ဖြစ်ပေါ်လာရန်အတွက် အမှာစာအသစ်များ စဉ်ဆက်မပြတ် တိုးတက်လာခြင်း၊ ဝန်ထမ်းအသစ်များ ပြန်လည်ခန့်အပ်လာခြင်းနှင့် ကုန်ကျစရိတ် ဖိအားများလျော့ပါးသွားခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သော တိုးတက်ကောင်းမွန်မှုများ လိုအပ်လိမ့်မည်ဖြစ်ကြောင်း Lanzona က အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: CDM                                                                             

DOCA (ရန်ကုန်)

ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ အရှိန်မြှင့်တင်ရန်ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

         ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က ဥရောပတစ်ဝန်းရှိ ထိုင်းသံအမတ်များနှင့် ကောင်စစ်ဝန်ချုပ်များအား ဥရောပသမဂ္ဂနှင့် ထိုင်းနိုင်ငံအကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ ကြောင်း သိရပါသည်။ ထို့ပြင် သံတမန်များအား “Diplomacy 2.0” ဟု ခေါ်သည့် ပိုမိုတက်ကြွပြီး လက်တွေ့ကျသော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းမြှင့်တင်ရေးကို အားပေးဆောင်ရွက်ရန်လည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရပါသည်။ တရားဝင်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသော ဝန်ကြီးချုပ် Anutin က မေလ ၃၁ ရက်နေ့တွင် ပဲရစ်မြို့၌ ဥရောပဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ထိုင်းသံအမတ်များနှင့် ကောင်စစ်ဝန်ချုပ်များ အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးအပြောင်းအလဲများကြား ထိုင်းနိုင်ငံကိုကမ္ဘာ့ ဆွဲဆောင်မှုအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုနေရာများထဲမှတစ်ခုအဖြစ် ရပ်တည်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနှင့် အီးယူတို့သည် FTA ဆွေးနွေးပွဲ ကိုးကြိမ်မြောက်အဆင့်ကို ဇွန်လအတွင်း ဘရပ်ဆဲလ်မြို့၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရပါသည်။ ထိုင်းအစိုးရက ဆွေးနွေးမှုများကို အမြန်ဆုံးအပြီးသတ်နိုင်ရန်ရည်မှန်းထားပြီး အီးယူနှင့် FTA လက်မှတ်ရေးထိုး ပြီးဖြစ်သော ဗီယက်နမ်နှင့် မလေးရှားကဲ့သို့ နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မလျော့ကျစေရန် ကြိုးပမ်းနေကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Anutin က ဥရောပကို ကုန်သွယ်ဖက်တစ်ဦးအဖြစ်သာ မမြင်သင့်တော့ဘဲ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာ့ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း၊ ထိုင်းနိုင်ငံသည် ASEAN ၏ အလယ်ဗဟိုတွင် တည်ရှိသည့် မဟာဗျူဟာအရ အရေးပါသော နေရာအားသာချက်ကို အသုံးချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ “အင်အားကြီးနိုင်ငံများအကြား တင်းမာမှုများ ရှိနေသော်လည်း အာဆီယံဒေသသည် တည်ငြိမ်ပြီး ခိုင်မာနေဆဲဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်သည့် လူဦးရေအင်အားလည်း ရှိနေသည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် Anutin က “Diplomacy 2.0” သည် ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများကြား မျှတမှုကိုထိန်းသိမ်းထားနိုင်ရန်နှင့် လက်တွေ့ကျသောရလဒ်များ ဖော်ဆောင်နိုင်ရန်ရည်ရွယ်သည့် တက်ကြွသောသံတမန်ရေးမူဝါဒဖြစ်ပြီး လုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဟူသော မဏ္ဍိုင်လေးရပ်ကို အခြေခံထားကြောင်းနှင့် လက်ရှိ ထိုင်းနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏တင်ပို့မှုကိုမြှင့်တင်ပေးနိုင်သည့် အီလတ်ထရောနစ်ကဏ္ဍ

         စီးပွားရေးပညာရှင်များက ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေ တိုးတက်လာမှုနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများတင်ပို့မှု ဆက်လက်အားကောင်းနေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် ပို့ကုန်တိုးတက်မှုခန့်မှန်းချက်ကို မြှင့်တင်လိုက်ကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း ရေနံဈေးနှုန်း မြင့်မားနေခြင်းကြောင့် သွင်းကုန်တိုးတက်မှုနှုန်းမှာ ပို့ကုန်ထက် ပိုမိုမြန်ဆန်လာမည်ဟုလည်း ခန့်မှန်းထားကြောင်း သိရပါသည်။ အမေရိကန်-အီရန် ပဋိပက္ခနှင့် ပတ်သက်သည့် မသေချာမရေရာမှုများ မြင့်မားနေသော်လည်း Siam Commercial Bank Economic Intelligence Center (EIC) က ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှု ခန့်မှန်းချက်ကို ယခင် ၀.၅ ရာခိုင်နှုန်းမှ ၇.၈ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ကြောင်း သိရပါသည်။ EIC ၏ ထုတ်ပြန်ချက်အရ ယခုနှစ်ပထမလေးလအတွင်း ပို့ကုန်တန်ဖိုးသည် ယခင်နှစ်တူညီသည့်ကာလထက် ၁၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခန့်မှန်းချက်များကို ဆက်တိုက်ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် အီလက်ထရွန်နစ်ပစ္စည်းများတင်ပို့မှုမှာ ဧပြီလအတွင်း ယခင်နှစ်ထက် ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမလေးလအတွင်း စုစုပေါင်း တိုးတက်မှုနှုန်းမှာ ၅၇ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရပါသည်။ EIC ၏အဆိုအရ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့ကလည်း ကမ္ဘာ့ကုန်သွယ်ရေး တိုးတက်မှုခန့်မှန်းချက် ကို ၀.၅ ရာခိုင်နှုန်းမှ ၁.၉ ရာခိုင်နှုန်းနှင့် ၂.၆ ရာခိုင်နှုန်းမှ ၂.၈ ရာခိုင်နှုန်းသို့ အသီးသီး မြှင့်တင်ထားကြကြောင်း သိရပါသည်။ WTO က အာရှဒေသတွင် အထူးသဖြင့် ဉာဏ်ရည်တု (AI) နှင့်ဆက်စပ်သည့်ပစ္စည်းများကုန်သွယ်မှု ဆက်လက်တိုးတက်မည်ဟု မျှော်မှန်းထားပြီး အမေရိကန်၏ သွင်းကုန်အခွန်စည်းကြပ်မှုများကြောင့်ဖြစ်ပေါ်မည့် ထိခိုက်မှုသည် ယခင်ခန့်မှန်းထားသလောက် မပြင်းထန်ကြောင်း ဖော်ပြခဲ့ပါသည်။ EIC က “ကမ္ဘာ့အီလက်ထရွန်နစ်လုပ်ငန်းကဏ္ဍ ပြန်လည်တိုးတက်လာမှုနှင့် ဒေတာစင်တာများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးပွားလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ အီလက်ထရွန်နစ်ပို့ကုန်များသည် အနီးကပ်ကာလအတွင်း ဆက်လက်အားကောင်းမည်” ဟု သုံးသပ်ထားကြောင်း သိရပါသည်။ အီလက်ထရွန်နစ်ပို့ကုန်သည် ၂၀၂၅ ခုနှစ်တွင် ထိုင်း၏စုစုပေါင်းပို့ကုန်၏ ၂၁ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုထားကြောင်း သိရပါသည်။ တစ်ဖက်တွင် EIC သည် ယခုနှစ်သွင်းကုန်တိုးတက်မှုခန့်မှန်းချက်ကို ၉ ရာခိုင်နှုန်းမှ ၁၅.၈ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ ၎င်းမှာ ပထမလေးလအတွင်း သွင်းကုန်တိုးတက်မှု ၃၅.၇ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကုန်ကြမ်းများ၊ တစ်ဝက်ပြီးစီးကုန်ပစ္စည်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စက်ပစ္စည်းများ တင်သွင်းမှုမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ အခြားသုတေသနအဖွဲ့ဖြစ်သော Kasikorn Research Center (K-Research) ကလည်း ယခုနှစ် ပို့ကုန်တိုးတက်မှုကို ၈.၂ ရာခိုင်နှုန်းအထိရှိမည်ဟု မျှော်မှန်းထားပြီး ယခင်က ၁ ရာခိုင်နှုန်းကျော်သာ တိုးတက်မည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ K-Research မှ သုတေသီ Palitchaya Ritsuk က “အမေရိကန်က Section 301 ကို အသုံးပြုလာနိုင်သည့် အန္တရာယ်ကို ထည့်သွင်းစဉ်းစားထားသော်လည်း အီလက်ထရွန်နစ်ကဏ္ဍ၏ အားကောင်းမှုကြောင့် ပို့ကုန်ခန့်မှန်းချက်ကို မြှင့်တင်ခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသသို့ပို့ကုန်များမှာလည်း ယခင်နှစ်တူညီသည့်ကာလထက် ၁၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေသတွင်း လုံခြုံစိတ်ချရသည့်ရင်းနှီးမြှုပ်နှံမှုအဖြစ် ရွှေဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ရွှေတင်ပို့မှုများ မြင့်တက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ K-Research သည် ၂၀၂၆ ခုနှစ်အတွက် သွင်းကုန်တိုးတက်မှု ခန့်မှန်းချက်ကို ၁၃.၉ ရာခိုင်နှုန်းတွင် ဆက်လက်ထားရှိခဲ့ပြီး ပို့ကုန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တိုးတက်မှုများက အဓိကမောင်းနှင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Maybank ကလည်း ယခုနှစ် ထိုင်းပို့ကုန်တိုးတက်မှုကို ၁၈ ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ၎င်းမှာပထမလေးလအတွင်း အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်နှင့် အီလက်ထရွန်နစ်ပစ္စည်းများအတွက် ဝယ်လိုအားဆက်လက်မြင့်တက် နေခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ Maybank ၏ ခန့်မှန်းချက်အရ စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ အားကောင်းနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စက်ပစ္စည်းများနှင့် ထုတ်လုပ်ရေးလိုအပ်ချက်များ မြင့်တက်လာမည်ဖြစ်ပြီး ယခုနှစ် သွင်းကုန်တိုးတက်မှုမှာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

Gulf Development Plc အား ဗီယက်နမ်တွင်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်တိုက်တွန်းခဲ့သည့် သမ္မတ To Lam

           ဗီယက်နမ်သမ္မတ To Lam သည် ထိုင်းနိုင်ငံ၏ စျေးကွက်တန်ဖိုးအရ အကြီးဆုံးစွမ်းအင် ကုမ္ပဏီဖြစ်သော Gulf Development Plc အား ဗီယက်နမ်နိုင်ငံအတွင်း စွမ်းအင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် သမ္မတ To Lam သည် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ဗီယက်နမ်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မဟာဗျူဟာကဏ္ဍများတွင် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ VietnamPlus သတင်းဌာန၏ ဖော်ပြချက်အရ သမ္မတ To Lam က Gulf အနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးတာဝန်ယူမှုစံနှုန်းများနှင့် ကိုက်ညီသည့်စီမံကိန်းများကို အကောင်အထည်ဖော်သင့်ကြောင်း ထို့အပြင်နည်းပညာလွှဲပြောင်းမှုနှင့် ပြည်တွင်းလုပ်သားများ လေ့ကျင့်ပေးရေးဆိုင်ရာ ကတိကဝတ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ To Lam က ရေရှည်အမြင်နှင့် အတွေ့အကြုံများပြည့်ဝသော ရင်းနှီးမြှုပ်နှံသူများအတွက် ဗီယက်နမ်က အပြည့်အဝပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Gulf ၏ အမှုဆောင်အရာရှိချုပ် Sarath Ratanavadi က ကုမ္ပဏီအနေဖြင့် ဗီယက်နမ်၏ ရေရှည်မဟာ ဗျူဟာမိတ်ဖက်အဖြစ် ရပ်တည်လိုကြောင်းနှင့် Gulf သည် LNG နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဗီယက်နမ်၏ အမျိုးသားစွမ်းအင်လုံခြုံရေးကို အားဖြည့်ပေးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ Gulf သည် ထိုင်းနိုင်ငံတွင် LNG ကုန်သွယ်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အရေးပါသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါသည်။ Sarath Ratanavadi က ယခင်ကလည်း ကမ္ဘာတစ်ဝန်း LNG ရှားပါးမှုနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် စိုးရိမ်မှုများ မြင့်တက်နေသော်လည်း သဘာဝဓာတ်ငွေ့သည် ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၏ အဓိကအခြေခံ စွမ်းအင်ရင်းမြစ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်အရ ကမ္ဘာ့ LNG ထောက်ပံ့မှုမှာ တင်းကျပ်နေဆဲဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း LNG အရင်းအမြစ်အသစ်များ ဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် အကျိုးသက်ရောက်မှုကို လျော့နည်းစေခဲ့ကြောင်း သိရပါသည်။ Gulf အနေဖြင့် LNG ဝယ်ယူမှုများကို အရှေ့အလယ်ပိုင်း ဒေသအပြင် အခြားနိုင်ငံများ အထူးသဖြင့် နိုင်ဂျီးရီးယားနိုင်ငံထံမှ ကွဲပြားစွာဝယ်ယူထားသဖြင့် ထောက်ပံ့မှုပြတ်တောက်မှုများ၏ သက်ရောက်မှုကို အနည်းငယ်သာ ခံစားရကြောင်း သိရပါသည်။ Gulf သည် ထိုင်းနိုင်ငံတွင်ထုတ်ပေးထားသော LNG ကုန်သွယ်ရေးလိုင်စင် ခြောက်ခုအနက် တစ်ခုကိုကိုင်ဆောင်ထားပြီး နှစ်စဉ် LNG တန်ချိန် ၇.၈ သန်းအထိ တင်သွင်းခွင့်ရရှိထားပြီး ယမန်နှစ်က LNG တန်ချိန် ၃.၇ သန်း တင်သွင်းခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် Gulf သည် တပ်ဆင်ပြီး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ၁၆,၀၀၀ မဂ္ဂါဝပ် (MW) ရှိပြီး နောက်ထပ် ၉,၀၀၀ မဂ္ဂါဝပ်ကို တည်ဆောက်သည့်အဆင့်အောက်တွင် တည်ရှိနေကြောင်း သိရပါသည်။ ထို့ပြင် ၂၀၃၃ ခုနှစ်အရောက်တွင် ၎င်း၏စွမ်းအင်လုပ်ငန်းစုစုပေါင်းအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အချိုးအစားကို လက်ရှိ ၁၇ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ဘက်ထရီသုံးလျှပ်စစ်ကားများ (BEVs စံချိန်တင်ရောင်းချနိုင်ရန်မျှော်လင့်နေသည့် Mercedes-Benz (Thailand)

         ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် မသေချာမရေရာမှုများ ဖြစ်ပေါ်နေသည့်အတွက် ဘက်ထရီသုံးလျှပ်စစ်ကားများ (BEVs) အပေါ် ဝယ်လိုအားဆက်လက်မြင့်တက်လာမည်ဟု Mercedes-Benz (Thailand) က မျှော်လင့်ထားကြောင်း သိရပါသည်။ Mercedes-Benz (Thailand) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Christian Schell က ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံ၌ Mercedes-Benz ကားအသစ်မှတ်ပုံတင်မှု စုစုပေါင်း ၁,၉၄၉ စီးရှိခဲ့ပြီး passenger နှင့် commercial သုံးယာဉ်များရောင်းအားမှာ ၁,၃၀၄ စီး ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ အဆိုအရ ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများကြောင့် စားသုံးသူများသည် လျှပ်စစ်ကားများကို ပိုမိုစိတ်ဝင်စားလာကြောင်း သိရပါသည်။ မော်တော်ယာဉ်လုပ်ငန်း လေ့လာသုံးသပ်သူများကလည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းသည် ကားဝယ်ယူရန်စဉ်းစားနေသူများကို BEV များဘက်သို့ ဦးတည်လာစေကြောင်း သဘောတူညီကြပါသည်။ သို့သော် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍသည် ကမ္ဘာ့ပွားရေးမရေရာမှုများ၊ အိမ်ထောင်စုကြွေးမြီမြင့်မားနေမှုနှင့် ပြည်တွင်းစီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းကြောင့် စားသုံးသူများ၏ ဝယ်ယူရန်ဆုံးဖြတ်ချက်များ နောက်ကျနေမှု စသည့် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း သိရပါသည်။ Mercedes-Benz (Thailand) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် Bangkok International Motor Show 2026 တွင် ရောင်းအားသည် ယခင်နှစ်က ၈၇၀ စီးမှ ယခုနှစ် ၂,၁၁၁ စီးအထိ မြင့်တက်လာခဲ့ပြီး ၁၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Schell က ထိုပမာဏသည် ခုနစ်နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစီးရေ ၂,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်သည် BEV ရောင်းအားအတွက် စံချိန်တင်နှစ်တစ်နှစ် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းတွင် Mercedes-Benz သည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗန်ကားများအပါအဝင် စုစုပေါင်း အစီးရေ ၄၉၉,၇၀၀ စီး ရောင်းချခဲ့ပြီး BEV ရောင်းအားမှာ နှစ်ဆဂဏန်းနှုန်းဖြင့် တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဥရောပဈေးကွက်တွင်လည်း BEV ဝယ်လိုအား ၁၀၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး CLA၊ GLC နှင့် GLB စသည့်မော်ဒယ်သစ်များအပေါ် ဈေးကွက်တုံ့ပြန်မှု ကောင်းမွန်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း BEV များနှင့် နည်းပညာမြင့် ဟိုက်ဘရစ် အင်ဂျင်သုံး မော်တော်ယာဉ်များအပါအဝင် မော်ဒယ်သစ် ၄၀ ကျော်ကို မိတ်ဆက်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ ကုမ္ပဏီ တည်ထောင်သည့် နှစ် ၁၄၀ ပြည့် အထိမ်းအမှတ်အဖြစ် Mercedes-Maybach S 580 e Night Series ကို ထိုင်းနိုင်ငံတွင် မကြာသေးမီက မိတ်ဆက်ခဲ့ပြီး ဈေးနှုန်း ဘတ် ၁၄ သန်း သတ်မှတ်ထားကာ အစီးရေ ၁၆ စီးသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်က မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သူများအား ဈေးနှုန်းတိုးမြှင့်မှုများကို ရွှေ့ဆိုင်းထားရန် တိုက်တွန်းထားပြီး ကုန်ကျစရိတ် မြင့်တက်လာခြင်းသည် ထုတ်လုပ်မှုစွမ်းရည်နှင့် ကားဈေးနှုန်းများအပေါ် ပြင်းထန်စွာထိခိုက်နိုင်ကြောင်း သတိပေးထားပါသည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသဖြင့် အပိုပစ္စည်း ထုတ်လုပ်သူများသည် ထုတ်ကုန်ဈေးနှုန်းများကို ပြင်ဆင်ရန်လိုအပ်နေကြောင်း သိရပါသည်။ သို့သော် Schell က Mercedes-Benz (Thailand) အနေဖြင့် ပေးသွင်းသူများနှင့် ထိုကိစ္စအပေါ် ဆွေးနွေးခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပြီး ပြည်တွင်းမိတ်ဖက်လုပ်ငန်းများကို ရေရှည်ဆက်လက် ပံ့ပိုးသွားမည်ဟု အလေးပေး ပြောဆိုခဲ့ပါသည်။ ၎င်းတို့၏ထုတ်လုပ်မှုမှာ ပြည်တွင်းထုတ်ပစ္စည်းအသုံးပြုမှု ၅၀ ရာခိုင်နှုန်းကျော် ပါဝင်သည့်အတွက် ထိုင်းကုမ္ပဏီများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း Schell က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

တရုတ်သို့ရေထွက်ကုန်တင်ပို့မှုတိုးချဲ့နေသည့်အင်ဒိုနီးရှား

       အင်ဒိုနီးရှား ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် တရုတ်ဈေးကွက်သို့ အင်ဒိုနီးရှားရေထွက်ကုန်များ တင်ပို့နိုင်ရေး လမ်းကြောင်းများကို ဆက်လက်တိုးချဲ့လျက်ရှိပြီး လက်ရှိတွင် ငါးနှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ (UPIs) ၆၃၈ ခုအထိ တရုတ် နိုင်ငံ၏ခွင့်ပြုချက် ရရှိထားကြောင်း သိရပါသည်။ ရေကြောင်းနှင့် ငါးလုပ်ငန်းထုတ်ကုန်အရည် အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ အကြီးအကဲ Ishartini က တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) သည် မေလ ၁၁ ရက်နေ့တွင် နောက်ထပ် UPI ရှစ်ခုအား တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခဲ့ရာ ယခင်ခွင့်ပြုထားသည့် လုပ်ငန်းများနှင့် ပေါင်း၍ စုစုပေါင်း ၆၃၈ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အသစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှစ်ခုမှာ PT Duta Mitra Semesta, PT BPH Global Indonesia, CV Daniel Nathania Fishery, PT Bintang Samudera Pratama, PT Ramantha Kawanua Indonesia, PT Marindo Jaya Maros, PT Jaya Mega Samudra နှင့် PT Zhongyi Supply Chain Services တို့ဖြစ်ကြောင်း သိရပါသည်။ Ishartini က အဆိုပါ လုပ်ငန်းရှစ်ခု၏ တင်ပို့ခွင့်လျှောက်ထားမှုများကို နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် Mutual Recognition Arrangement (MRA) စနစ်အောက်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် ရေထွက်ကုန် အမျိုးအစားပေါင်း ၁,၀၈၀ မျိုးကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံတန်ဖိုးရှိသော ရေထွက်ကုန် တန်ချိန် ၄၉၁,၅၂၈ တင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်ဈေးကွက်သို့ အဓိကတင်ပို့သည့် ရေထွက်ကုန် ၁၀ မျိုးတွင် အေးခဲထားသော ပြည်ကြီးငါး၊ Eucheuma cottonii ပင်လယ်ရေမှော်၊ Gracilaria ရေမှော်၊ အေးခဲ Ribbonfish ငါး၊ Eucheuma cottonii၊ အခြောက်လှန်း Eucheuma cottonii ရေမှော်၊ အခြောက်လှန်း Gracilaria ရေမှော်၊ Eucheuma spinosum၊ အေးခဲ Leatherjacket ငါးနှင့် အေးခဲ Croaker ငါးတို့ ပါဝင်ကြောင်း သိရပါသည်။ Ishartini က ပြည်ပတင်ပို့ခွင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာပါဝင်ပတ်သက်သူများအား ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်နှင့် စက်ရုံပတ်ဝန်းကျင်တွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် အစားအစာဘေးကင်း လုံခြုံရေးစံနှုန်းများကို တိကျစွာလိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ယခင်ကလည်း ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono က အင်ဒိုနီးရှား၏ ငါးလုပ်ငန်းကဏ္ဍကို ပိုမိုတိုးတက်စေရန်နှင့် လွတ်လပ်သောကုန်သွယ်ရေးခေတ်အတွင်း ဦးဆောင်နိုင်ငံ တစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ထုတ်ကုန်အရည်အသွေးကို အမြဲတမ်းအာမခံထိန်းသိမ်းထားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က စိုက်ပျိုးရေးစက်မှုလုပ်ငန်းများတွင် တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာစေရန် တောင်ဆို

           ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ၂၇-၆-၂၀၂၆ ရက်နေ့တွင်  တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစက်မှုကဏ္ဍ၊ အထူးသဖြင့် သီဟိုဠ်စေ့ထုတ်လုပ်ခြင်းနှင့် ဆန်ပြုပြင်ထုတ်လုပ်ခြင်း ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန် တိုက်တွန်းခဲ့သည်။ CDC ၏ အထွေထွေအတွင်းရေးမှူး Chea Vuthy နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းကုန်သည်နှင့် စက်မှုလုပ်ငန်း (ICCI) ၏ ဥက္ကဋ္ဌ Park Joo Bong ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုရာတွင် Vuthy က ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာ တိုးတက်မှုအပေါ်ကျေနပ်အားရကြောင်း ပြောကြားခဲ့ပြီး လက်ရှိခရီးစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှုတိုးလာစေရန်နှင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ သိသာထင်ရှားစွာ တိုးတက်လာစေရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများကို လေ့လာရာတွင် Vuthy က ရော်ဘာပြုပြင်ထုတ်လုပ်ရေးကဏ္ဍ၏ ခိုင်မာသောတိုးတက်မှုများ အလေးပေးပြောကြားခဲ့ပြီး ပြည်တွင်း တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် တိုးမြင့်လာသော ဝယ်လိုအားကို ထောက်ပံ့ရန်အတွက် အကျိုးကျေးဇူးများစွာရရှိရန် ရင်းနှီးမြှုပ်နှံမှုများပိုမိုလိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ရော်ဘာပြုပြင်ထုတ်လုပ်ရေးအပြင် သစ်လုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်ကြရန် အားပေးခဲ့ပြီး သစ်သားလုပ်ငန်းသည် သစ်သားပြားနှင့် အခြားပရိဘောဂထုတ်လုပ်ရေးစက်ရုံများကို ထောက်ပံ့ရန် မြင့်မားသော ဝယ်လိုအားရှိကြောင်း Vuthy ကပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Park Joo Bong က ကမ္ဘောဒီးယားနိုင်ငံ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူသဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အပေါ်စိတ်ဝင်စားကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်းသည် ပြည်တွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်အခွင့်အရေးတစ်ခုဖြစ်ကြောင်း  RAC ပြောကြား

            ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီ (RAC) သည် ကမ္ဘောဒီးယားပြည်တွင်းထုတ်ကုန်များ အတွက်ပံ့ပိုးကူညီမှုများပေးရန်တောင်ဆိုခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်ခြင်းနှင့် ဒေသတွင်းဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။ အစိုးရ အရာရှိများသည် ပြည်တွင်းထုတ်ကုန်များအပေါ် စာသုံးသူများ ပိုမိုနှစ်သက်မှု မြင့်မားလာချိန်တွင် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများတိုးပွားလာမှုများကို ၂၉-၅-၂၀၂၆ ရက်နေ့က RAC တွင် ကျင်းပပြုလုပ်ခဲ့သော “-----------” တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲသို့ အစိုးရဝန်ကြီးဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယားထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို အားကောင်းလာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ RAC ဥက္ကဋ္ဌ Sok Touch က ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ပြည်တွင်းဈေးကွက်ကို ဆက်လက်တိုးချဲ့သင့်ပြီး တင်သွင်းကုန်ပစ္စည်းများအပေါ် မှီခိုမှုများကို လျော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်ကို အားကောင်းစေသင့်ကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး Pen Sovicheat က ကမ္ဘောဒီးယားထုတ်ကုန်များအပေါ် ပြည်သူလူထုထောက်ခံမှု မြှင့်မားလာခြင်းသည် ဒေသခံထုတ်လုပ်သူများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ ကန့်သတ်ချက်များသည် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် ထိုင်နိုင်ငံမှ ရွေးချယ်ထားသော တင်သွင်းမှုများကို အာရုံစိုက်ထားသော်လည်း စားသုံးသူများသည် ကမ္ဘောဒီးယားနိုင်ငံ၏အစားထိုးရွေးချယ်စရာများကို ပိုမိုရွေးချယ်လာသည်နှင့်အမျှ ထိုင်းနိုင်ငံ၏ တင်သွင်းကုန်များသည် ပြည်တွင်းဈေးကွက်များတွင် လျော့နည်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံထုတ်လုပ်သူများသည် အရည်အသွေးမြင့်မားသော စံနှုန်းများ၊ ပိုမိုကောင်းမွန်သော ထုတ်ပိုးမှုများ၊ တင်ကြပ်သော ထုတ်ကုန်စမ်းသပ်မှုများနှင့် ပိုမိုအားကောင်းသော စားသုံးသူပံ့ပိုးမှုတို့မှတဆင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ကြောင်း Pen Sovicheat က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ပြင်သစ်–အင်ဒိုနီးရှား အဆင့်မြင့်စီးပွားရေးကောင်စီအားကြိုဆိုခဲ့သည့် အင်ဒိုနီးရှားသမ္မတ

       အင်ဒိုနီးရှားသမ္မတ Prabowo Subianto က ပြင်သစ်–အင်ဒိုနီးရှား အဆင့်မြင့်စီးပွားရေးကောင်စီ (France-Indonesia High-Level Business Council) ဖွဲ့စည်းတည်ထောင်မှုကို နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် ရည်ရွယ် သည့် မဟာဗျူဟာမြောက်ခြေလှမ်းတစ်ရပ်အဖြစ် ကြိုဆိုလိုက်ကြောင်း သိရပါသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့၌ မေလ ၂၈ ရက်နေ့က ပြင်သစ်သမ္မတ Emmanuel Macron နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် Prabowo က ထိုပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားလိုကြောင်းနှင့် ပြင်သစ်–အင်ဒိုနီးရှားအဆင့်မြင့်စီးပွားရေးကောင်စီ ဖွဲ့စည်းခြင်းကိုလည်း အထူးဝမ်းမြောက်စွာကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ Prabowo ၏ အဆိုအရ အဆိုပါကောင်စီသည် အင်ဒိုနီးရှားနှင့် ပြင်သစ်စီးပွားရေးလုပ်ငန်းများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကိုအားပေးမည့် အရေးပါသည့်ပလက်ဖောင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး နှစ်ဖက်အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Prabowo က ပြင်သစ်နိုင်ငံသည် ဥရောပ၏ အဓိက ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံရေးတွင်လည်း မဟာဗျူဟာမြောက် အခန်းကဏ္ဍတစ်ရပ်ရှိနေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံစီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေခြင်းသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် သိသာထင်ရှားသည့် အကျိုးကျေးဇူးများရရှိစေမည်ဟု ယုံကြည်ကြောင်းနှင့် လက်ရှိတွင် အင်ဒိုနီးရှားနှင့် ပြင်သစ်တို့၏ ဆက်ဆံရေးသည် “ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” (Comprehensive Strategic Partnership) အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုအတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ သန့်ရှင်းသောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် သုတေသနကဏ္ဍများအပြင် အင်ဒိုနီးရှား–ဥရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (I-EU CEPA) အကောင်အထည်ဖော်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Prabowo က လက်ရှိဆောင်ရွက်နေသည့် သဘောတူညီချက်များနှင့် အစီအစဉ်များသည် အင်ဒိုနီးရှားနှင့် ပြင်သစ်အကြားဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံလုံးအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရစာရင်းများအရ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနှင့် ပြင်သစ်တို့၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ ပြင်သစ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၅၃၂ သန်း ပြခဲ့ကြောင်း သိရပါသည်။ ပြင်သစ်နိုင်ငံသည် အင်ဒိုနီးရှား၏ မဟာဗျူဟာမြောက်ရင်းနှီး မြှုပ်နှံမှု မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် အဆင့်မြှင့်ထုတ်လုပ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အထိ အင်ဒိုနီးရှားတွင် ပြင်သစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၆၉ ဘီလီယံရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်း ၃၃.၇ ရာခိုင်နှုန်းရှိကာ ဒေသခံအလုပ်သမား ၃၇,၀၀၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စမတ်နည်းပညာတွင် တရုတ်နိုင်ငံ Hebei ပြည်နယ်နှင့်ပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားကြိုးပမ်း

       အင်ဒိုနီးရှားအစိုးရနှင့် တရုတ်နိုင်ငံ Hebei ပြည်နယ်တို့သည် စမတ်နည်းပညာဖွံ့ဖြိုး တိုးတက်ရေးကိုအခြေခံ၍ စက်မှုထောက်ပံ့ရေးကွင်းဆက်များနှင့် စက်မှုကဏ္ဍတိုးတက်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto သည် Hebei ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Zhao Chenxin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မကြာသေးမီက လက်ခံတွေ့ဆုံခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ မေလ ၂၉ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် Hartarto က အင်ဒိုနီးရှားနှင့် တရုတ်တို့၏ စီးပွားရေးဆက်ဆံမှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏထက် သုံးဆခန့် ပိုမိုမြင့်မားနေကြောင်း ပြောကြားခဲ့ပါသည်။ Hartarto က အင်ဒိုနီးရှားအစိုးရသည် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဆောင်ရွက်နေကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေမည့် အချက်အလက်များကြောင့်ဖြစ်ကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်သကဲ့သို့ ထုတ်လုပ်မှုကဏ္ဍမှတစ်ဆင့် နိုင်ငံခြားဝင်ငွေများကိုလည်း တိုးမြှင့်ပေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် အင်ဒိုနီးရှား အစိုးရကအလေးထားဆောင်ရွက်နေသော သတ္တုအခြေပြုအဆင့်မြှင့်ထုတ်လုပ်ရေးစီမံကိန်းများ အထူးသဖြင့် နီကယ်နှင့် ဘောက်ဆိုက်ကဏ္ဍများ အောင်မြင်စေရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေမည့်အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်းနှင့် ထိုအဆင့် မြှင့်ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးတွင် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ပံ့ပိုးပေးနေသည့် တရုတ်နိုင်ငံကိုလည်းကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်စီးပွားရေး တိုးတက်မှုအခွင့်အလမ်းများကို လက်လှမ်းမီစေရန် မဟာဗျူဟာမြောက် စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်မှုအဖြစ် Hartarto က နည်းပညာမြင့် စက်မှုလုပ်ငန်းများ၊ စမတ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးသင့်လျော်သော စီးပွားရေးဇုန်များကို အင်ဒိုနီးရှားက ပြင်ဆင်ထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အထူးသဖြင့် North Sulawesi ဒေသကို နိုင်ငံတကာဒေတာချိတ်ဆက်မှုများအတွက် အရေးပါ သည့် တံခါးပေါက်ဒေသအဖြစ် သတ်မှတ်နိုင်ကြောင်း ၎င်းက ထောက်ပြခဲ့ပါသည်။ အဆိုပါ ဒေသသည် ကမ္ဘာလုံးဆိုင်ရာ ဒေတာပို့ဆောင်ရေး ကွန်ရက်များမှတစ်ဆင့် အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ပထဝီအနေအထား အားသာချက်ကြောင့် ဒေတာစင်တာ (Data Center) များတည်ဆောက်ရန် အလားအလာကောင်းများရှိကြောင်း သိရပါသည်။ တစ်ဖက်တွင် Hebei ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Zhao Chenxin က အင်ဒိုနီးရှားစီးပွားရေးရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် မူဝါဒအမျိုးမျိုးချမှတ်ဆောင်ရွက်နေမှုများကို ချီးကျူးပြောကြားခဲ့ပါသည်။ ၎င်းက Hebei ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များအား အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန် တက်ကြွစွာပါဝင်လာစေရေး အားပေးဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ လက်ရှိ Hebei ပြည်နယ်သည် စမတ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) အခြေပြု စက်မှုလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရပါသည်။ Hebei ပြည်နယ်အစိုးရသည် Hartarto ၏ အကြံပြုချက်များကို ကြိုဆိုခဲ့ပြီး ထိုအချက်များကို တရုတ်စီးပွားရေးအသိုင်းအဝိုင်းထံ အမြန်ဆုံးမျှဝေသွားကာ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုအဆုံးသတ်တွင် နှစ်ဖက်သည် ပို့ဆောင်ရေးလိုင်းများဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုထိရောက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အနာဂတ် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန်နှင့် အနီးကပ်ဆက်သွယ်မှုများ ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ Hartarto ကလည်း ပို့ဆောင်ရေးလိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးလေ့လာလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သိဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ