Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသသို့ ဘာစမာတီဆန်တင်ပို့မှု အဟန့်အတားဖြစ်ပြီး အိန္ဒိယ နိုင်ငံ၏ ဆန်တင်ပို့မှု ကျဆင်းလာ

   အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပင်လယ်ကွေ့ စျေးကွက်များသို့ အရည်အသွေးမြင့် ဘာစမာတီဆန်အမျိုးအစား တင်ပို့မှုများ ပြတ်တောက် သွားခဲ့ရပြီး ၂၀၂၆ ခုနှစ်၏ ပထမလေးလပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် အနည်းငယ် ကျဆင်းသွားခဲ့ကြောင်း အစိုးရအရာရှိနှစ်ဦးက ပြောကြား ခဲ့သည်။

    ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားသည့် အိန္ဒိယနိုင်ငံသည် ပုံမှန်အားဖြင့် ၎င်း၏နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် အများဆုံး ဆန်တင်ပို့နေ သည့် ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန် သုံးနိုင်ငံပေါင်း တင်ပို့မှုထက် ပိုမိုများပြားစွာ တင်ပို့လေ့ရှိ သည်။ ယခုနှစ်တွင် ဆန်စပါးစံချိန်တင် ရိတ်သိမ်းနိုင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ ဆန်စျေးနှုန်းများ သည် ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ ဆန်တင်ပို့မှု လျော့ကျလာခြင်းက ပြည်တွင်း ဆန်စျေးနှုန်းများအပေါ် ဖိအား ပိုမိုသက်ရောက်လာစေမည်ဖြစ်သည်။

    ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း နိုင်ငံ၏ ဆန်တင်ပို့မှုသည် လွန်ခဲ့သောနှစ်က ထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မက်ထရစ်တန်ချိန် ၈.၃၉ သန်း ရှိခဲ့ကြောင်း အဆိုပါ အရာရှိ များက ပြောကြားခဲ့သည်။ အီရန်နိုင်ငံ အပါအဝင် အခြားစျေးကွက်များသို့ တင်ပို့မှု လျော့ကျသွား ခြင်းကြောင့် အဆိုပါကာလအတွင်း ဘာစမာတီဆန် တင်ပို့မှုသည် ၇ ရာခိုင်နှုန်း ကျဆင်းကာ မက်ထရစ်တန်ချိန် ၂.၃ သန်းသာ ရှိခဲ့သည်။ ဘာစမာတီမဟုတ်သော အခြားဆန်အမျိုးအစား တင်ပို့မှုမှာမူ လွန်ခဲ့သောနှစ်က မက်ထရစ်တန်ချိန် ၆.၀၃ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၆.၀၉ သန်း သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။

    အမည်မဖော်လိုသည့် နယူးဒေလီအခြေစိုက် ဆန်တင်ပို့သူတစ်ဦးက အီရန်စစ်ပွဲ မပြီးဆုံး မချင်း ဆန်တင်ပို့မှုပမာဏသည် ပုံမှန်အဆင့်အောက်တွင် ဆက်လက်ရှိနေဦးမည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ အီရန်၊ အီရတ်၊ ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ ဦးတည်မည့် ဆန်တင်ပို့မည့် သင်္ဘောများသည် ပဋိပက္ခကြောင့် လမ်းခရီးတွင် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေ ရသဖြင့် ဝယ်ယူသူများနှင့် တင်ပို့သူများက အရောင်းအဝယ် စာချုပ်အသစ်များ ချုပ်ဆိုရန် လက်တွန့်နေကြကြောင်း အဆိုပါ ကုန်သည်က ဆိုသည်။

    အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော အခြားဆန်များကို ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ အိုင်ဗရီကို့စ်၊ ဂီနီနှင့် ကင်မရွန်းစသည့် နိုင်ငံများသို့ အဓိက တင်ပို့လေ့ရှိပြီး အရည်အသွေးမြင့် ဘာစမာတီဆန်များကိုမူ ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည် ထောင်စု (UAE) ရှိ ဝယ်ယူသူများထံ အဓိက တင်ပို့သည်။ အစိုးရ၏ ကိန်းဂဏန်း အချက်အလက် များအရ ပြီးခဲ့သည့်နှစ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကျော်တက်သွားသည်အထိ အီရန် နိုင်ငံသည် အိန္ဒိယဘာစမာတီဆန်၏ အကြီးမားဆုံးစျေးကွက် ဖြစ်ခဲ့သည်။

    ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများဖြင့် အီရန်စစ်ပွဲ စတင်ခဲ့ပြီးကတည်းက သင်္ဘောအာမခံခနှင့် ရေကြောင်းကုန်စည်ပို့ဆောင်ခများ မြင့် တက်လာခဲ့ကာ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ပြတ် တောက်သွားစေခဲ့သည်။ ယင်းအခြေအနေကြောင့် အာဖရိကဝယ်ယူသူများထံမှ ဘာစမာတီ မဟုတ်သော အခြားဆန်များအပေါ် ဝယ်လိုအားကို ကျဆင်းစေခဲ့ကြောင်း အိန္ဒိယအရှေ့တောင် ပိုင်း Kakinadaအခြေစိုက် ဆန်တင်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ ဆန်စျေးကွက်တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် ပြိုင်ဆိုင်နေရခြင်း ဖြစ် သည်။

Source: Reuters, 27 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပါကစ္စတန်နိုင်ငံသည် ဝါကြိတ်ရာသီ မစတင်မီကပင် အမေရိကန်နှင့် ဘရာဇီးမှ ဝါဂွမ်းများ တင်သွင်း

       ‌ပြည်တွင်းအထည်အလိပ်စက်ရုံများမှ ယခင်သီတင်းပတ်အတွင်း ရောင်းချခဲ့သည့် အမေရိကန် ၏ ၂၀၂၆-၂၀၂၇ ဝါသီးနှံတွင် စုစုပေါင်း ဝါဂွမ်းဘေထုပ်ရေ ၂၁၆,၀၀၀ အနက် ၉၅ ရာခိုင်နှုန်းခန့် ဖြစ်သော ဝါဂွမ်းဘေထုပ်ရေ ၂၀၆,၁၀၀ကို ဝယ်ယူခဲ့ကြောင်း၊ စက်ရုံလုပ်ငန်းရှင်များသည် ဘရာဇီး နိုင်ငံမှလည်း ဝါဂွမ်းပမာဏ မြောက်များစွာကို တင်သွင်းနေကြကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။

     ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပါကစ္စတန်နိုင်ငံအနေဖြင့် ဝါဂွမ်းနှင့် စားသုံးဆီ တင်သွင်းမှု အတွက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ သုံးစွဲဖွယ်ရှိပြီး ယင်းပမာဏမှာ အဆိုပါ ကုန်စည်များအတွက် နိုင်ငံသမိုင်းတွင် အမြင့်မားဆုံး သွင်းကုန်ကုန်ကျစရိတ် ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

      ဝါဂွမ်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ထပ်ခါတလဲလဲ ကြေညာချက်များ ထုတ် ပြန်နေသော်လည်း ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံး ဝါဂွမ်းထုတ်လုပ်သည့်ဇုန်ဖြစ်သော  Rahim Yar Khan မြို့တွင် နောက်ထပ် သကြားစက်ရုံတစ်ရုံကို ခွင့်ပြုပေးလိုက်ခြင်းသည် ဝါစိုက်ပျိုးမှု ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်လာစေသည်။

      ကမ္ဘာတစ်ဝန်း ပါကစ္စတန်နိုင်ငံ၏ ဝါဂွမ်းကဏ္ဍကို ကိုယ်စားပြုသည့် အဓိကအဖွဲ့အစည်း ကြီး နှစ်ခုအနက် တစ်ခုဖြစ်သော Karachi ဝါဂွမ်းအသင်းသည် ပိုင်ဆိုင်မှုအငြင်းပွားမှု စွပ်စွဲခံရ သည့်အကြောင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ချိတ်ပိတ်ခံထားရသည်။ အဆိုပါအခြေအနေကြောင့် နိုင်ငံတကာ ဝါဂွမ်းစျေးကွက်များတွင် ပါကစ္စတန်နိုင်ငံအတွက် ကိုယ်စား ပြုမှုမရှိပဲဖြစ်နေကြောင်း သိရှိရပါသည်။

    နောက်ထပ် စိုးရိမ်ဖွယ်ရာ တိုးတက်မှုတစ်ခုမှာ တစ်ချိန်က အိန္ဒိယတိုက်ငယ်၏ ပထမဆုံး ဗိုင်းရပ်စ်ကင်းစင်သော ဝါဂွမ်းမျိုးစိတ်ကို တီထွင်ဆန်းသစ်ပေးခဲ့မှုကြောင့် ကျော်ကြားခဲ့သည့် ဗဟိုဝါဂွမ်းသုတေသနတက္ကသိုလ် (CCRI) ၏ မြေနေရာများတွင် Gymkhana Club တစ်ခု တည် ဆောက်နေခြင်းပင်ဖြစ်သည်။ ဝါကြိတ်ခွဲသူများဖိုရမ်ဥက္ကဋ္ဌ Ihsanul Haq ၏ ပြောကြားချက်အရ ပါကစ္စတန် ဝါကြိတ်ခွဲသူများအသင်း (PCGA) သည် လာမည့် ဘတ်ဂျက်တွင် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ ဆီ၊  ဆီကြိတ်ဖတ် နှင့် ဆီချေးတို့အပေါ် အရောင်းအခွန်(sales tax) ကို ပယ်ဖျက်ပေးရန် အဆိုပြု ထားကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံလုံးဆိုင်ရာ အထည်အလိပ်စက်ရုံ များအသင်း (APTMA) က စွမ်းအင်နှုန်းထားများနှင့် အတိုးနှုန်းများကို လျှော့ချပေးခြင်းအပြင် အထူးအပိုဆောင်းအခွန် (Super Tax) နှင့် အခြားသော အခွန်အခများကို ရုပ်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။

    အထည်အလိပ်လုပ်ငန်းအနေဖြင့် ဝါဂွမ်းထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဝါဂွမ်းကဏ္ဍ တွင် အထောက်အထား ခိုင်မာမှုမရှိသည့် စီးပွားရေးအလေ့အထများကို ပပျောက်စေရန်အတွက် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ် Ishaq Dar၏ ဦးဆောင်မှုအောက်တွင် အပြီးသတ်ပြင်ဆင်ခဲ့သော ဝါဂွမ်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လည်း လိုလားလျက်ရှိကြောင်း သိရှိရပါသည်။

     ဝါသီးနှံရာသီသစ်ကို ဝါတန်ဖိုးကွင်းဆက်တစ်ခုလုံးတွင် စံချိန်တင်မြင့်မားသော စျေးနှုန်းများ ဖြင့် စတင်လိုက်ပြီဖြစ်သည်။ ဝါဈေးနှုန်းသည် တစ်မန် (maund)လျှင် ၂၃,၀၀၀ ရူပီး၊ အစေ့ မထုတ်ရသေးသောဝါကုန်ကြမ်း (phutti) သည် ၄၀ ကီလိုဂရမ်လျှင် ၁၂,၅၀၀ ရူပီး၊ ဝါစေ့‌ဈေးနှုန်း သည် တစ်မန်(maund) လျှင် ၅,၂၀၀ ရူပီးနှင့်  ဆီကြိတ်ဖတ်စျေးနှုန်းသည် တစ်မန် (maund) လျှင် ၄,၈၀၀ ရူပီးအထိ အသီးသီး မြင့်တက်လာခဲ့ပြီး ယင်းစျေးနှုန်းများအားလုံးသည် ပါကစ္စတန် နိုင်ငံတွင် သမိုင်းတင်နိုင်သည့် အမြင့်ဆုံး စံချိန်တင်စျေးနှုန်းများ ဖြစ်ကြသည်။

    သို့သော် Punjab နှင့် Sindh ပြည်နယ်များရှိ ဝါကြိတ်ခွဲစက်ရုံ အမြောက်အမြားသည် လုပ်ငန်းလည်ပတ်ရန် မျှော်လင့်ထားသောကြောင့် အီးဒ်ပွဲတော် အားလပ်ရက်များအပြီးတွင် စျေး နှုန်းများ ပြန်လည်ကျဆင်းလာနိုင်သည်ဟု စျေးကွက်စောင့်ကြည့်လေ့လာသူများက ယုံကြည်နေ ကြကြောင်း သိရှိရပါသည်။

    ပင်လယ်ကွေ့ပဋိပက္ခကြောင့် ရေရှည်ပြတ်တောက်ခဲ့ရပြီးနောက် တင်သွင်းလာသော ဝါ ဂွမ်းအချို့ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။ အီရန်-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းနှင့် ပါကစ္စတန်-အာဖဂန်နစ္စတန် တင်းမာမှုများကို လျော့ပါးသက် သာစေရန် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခြင်းတို့သည် အာဖဂန်နယ်စပ် ပြန်လည်ဖွင့်လှစ် လာနိုင်ပြီး အာဖဂန်နစ္စတန်မှ ပါကစ္စတန်သို့ ဝါဂွမ်းအထုပ်ရေ ၃၀၀,၀၀၀ ခန့် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။

Source: DAWN, 25 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယအစိုးရသည် တောင်သူလယ်သမားများကို အထောက်အပံ့ဖြစ်စေရန် စားသုံးဆီတင်သွင်းခွန် တိုးမြှင့်ရန် တွေးတောချိန်ဆနေ

       ပြည်တွင်းဟင်းသီးဟင်းရွက်ဆီလုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ အိန္ဒိယအစိုးရ သည် တောင်သူလယ်သမားများကို အထောက်အပံ့ဖြစ်စေရန် စားသုံးဆီတင်သွင်းခွန်ကို တိုးမြှင့် ရေးအား စဉ်းစားဆွေးနွေးလျက်ရှိသော်လည်း ယခုအချိန်အထိ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ် ရသေးပေ။

      အစိုးရအနေဖြင့် အခွန်နှုန်းထားတိုးမြှင့်ခြင်းသည် အိန္ဒိယတောင်သူများအတွက် ကောက်ပဲ သီးနှံများ ပိုမိုကောင်းမွန်သော ဈေးနှုန်းရရှိစေရန် ကူညီနိုင်ခြင်းရှိ၊ မရှိကို စိစစ်နေကြောင်း၊ ယခု ကဲ့သို့ ဆွေးနွေညှိနှိုင်းမှုများသည် ယခုနှစ်အတွင်း အာရှတွင် ငွေကြေးတန်ဖိုး အကျဆုံးဖြစ်နေ သည့် ရူပီးငွေအပေါ် ဖိအားဖြစ်စေသည့် ပြည်ပနိုင်ငံခြားငွေ စီးထွက်မှုကို လျှော့ချနိုင်ရန် နယူး ဒေလီအစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

      အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရ ခြင်းဖြစ်သဖြင့် ကမ္ဘာ့အကြီးဆုံး စားသုံးဆီဝယ်ယူသူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယခုလ အစောပိုင်း တွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက စားသုံးသူများအား အဓိကသွင်းကုန်များဖြစ်သည့် ဟင်းသီး ဟင်းရွက်ဆီ၊ ဓာတ်မြေဩဇာ၊ ရွှေနှင့် ရေနံကြမ်းတို့အပေါ် မှီခိုနေရမှုကို လျှော့ချရန် တိုက်တွန်း ပြောကြားခဲ့ရာ သွင်းကုန်အစားထိုးနိုင်ရေးအား ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေး ဆောင်ရွက် ရန် အချက်ပြလိုက်ခြင်းဖြစ်သည်။

      စားသုံးဆီအပေါ် အခွန်တိုးမြှင့်နိုင်ခြေရှိမှုသည် လတ်တလောကာလအတွင်း ပြုလုပ်ခဲ့ သည့် ရွှေအပေါ် အခွန်တိုးမြှင့်မှု၏ နောက်ဆက်တွဲဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ငွေပေးချေမှုလက်ကျန် (current account)အပေါ် ဖိအားများကို လျှော့ချနိုင်ရန် တူညီသည့်အားထုတ်မှု အစိတ်အပိုင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခများသည် ဟင်းသီးဟင်းရွက်ဆီ၊ အသားနှင့် ကောက်ပဲသီးနှံ တို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက် အနှောက်အယှက်ဖြစ်စေခဲ့သဖြင့် ကမ္ဘာကုလသမဂ္ဂက တိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ကုန်စည်အပေါ် ကုန်ကျစရိတ်သည် လွန်ခဲ့သော ၃ နှစ်ကျော်ကာလအတွင်း ယခင်လက အမြင့်ဆုံးမြင့်တက်ခဲ့သည်။

      ကမ္ဘာ့တစ်ဝှမ်း စားသုံးမှုအများဆုံးဖြစ်သည့် စားအုန်းဆီသည် ပဋိပက္ခစတင်ပြီးနောက် ၁၂ ရာခိုင်နှုန်းခန့်ထိ မြင့်တက်သွားခဲ့ကြောင်း၊ အဓိက ထုတ်လုပ်သည့်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ပြည်တွင်းအသုံးပြုသည့်စွမ်းအင်ကုန်ကျစရိတ်ကို ခုနှိမ်ထိန်းညှိနိုင်စေရန် ဇီဝလောင်စာ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်လာသောကြောင့် ပြည်ပသို့ တင်ပို့မှုပမာဏ လျော့နည်းလာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ တင်သွင်းမှုအခွန် တိုးမြှင့်ရန် အလားလာဖြင့် လုပ် ဆောင်ချက်သည် ဝယ်ယူမှုများကို နှေးကွေးသွားစေနိုင်ပြီး လတ်တလော ဖြစ်ပေါ်နေသည့် ဈေး နှုန်းအဆမတန် မြင့်တက်မှုကို ထိန်းချုပ်နိုင်ခြေရှိနေကြောင်း သိရှိရပါသည်။

Source: Kotak News Desk, 22 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဟိုချီမင်းစီးတီးတွင် ဒူးရင်းသီး လက်လီဈေးနှုန်းများ တစ်ကီလိုဂရမ်လျှင် ၁.၅ ဒေါ်လာအထိ ကျဆင်းသွား

          ဟိုချီမင်းစီးတီး (HCMC) ရှိ လမ်းဘေးဆိုင်များနှင့် စူပါမားကတ်များတွင် ဒူးရင်းသီးများကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၄၀,၀၀၀ မှ ၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၅ - ၂.၃) ဖြင့် လက်လီရောင်းချနေကြပြီး ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းသွားခြင်း ဖြစ်သည်။

    မြို့အနှံ့ရှိ လမ်းမများပေါ်တွင် ဒူးရင်းသီးဆိုင်များ မှိုလိုပေါက်လာပြီး ဈေးနှုန်းသက်သာမှုကြောင့် ဖြတ်သန်းသွားလာနေသည့် မော်တော်ဆိုင်ကယ်သမားများကို ဆွဲဆောင်လျက်ရှိသည်။ လွန်ခဲ့သည့် တစ်နှစ်က Ri6 ဒူးရင်းသီးအမျိုးအစားကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ ကြားဖြင့် လက်လီရောင်းချခဲ့ရကြောင်း အဆိုပါဆိုင်အချို့မှ အရောင်းသမားများက ပြောကြားခဲ့သည်။

        Pham Van Dong လမ်းပေါ်တွင် ဆိုင်ဖွင့်ထားသည့် ကုန်သည်တစ်ဦးဖြစ်သူ Hong က သူမအနေဖြင့် ပုံမှန်အားဖြင့် ဖရဲသီးနှင့် ကျွဲကောသီးများကိုသာ ရောင်းချလေ့ရှိသော်လည်း ယခုနှစ်တွင် စိုက်ခင်းအဝယ်ဒိုင်ဈေးများ အလွန်ကျဆင်းသွားသောကြောင့် ဒူးရင်းသီးပြောင်းလဲ ရောင်းချခြင်းဖြစ်ကြောင်း ပြောသည်။ သူမသည် Ri6 ဒူးရင်းသီးများကို မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ Dong Thap ပြည်နယ်မှ ဝယ်ယူခြင်းဖြစ်ပြီး ဟိုချီမင်းစီးတီးတွင် အလွန်အရောင်းသွက်သည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

         မြို့တွင်းရှိ စူပါမားကတ် အများအပြားတွင်လည်း Ri6 နှင့် Monthong ဒူးရင်းသီး အမျိုးအစား နှစ်ခုစလုံးကို အလားတူဈေးနှုန်းများဖြင့် ရောင်းချနေကြသည်။ Le Duc Tho လမ်းပေါ်တွင် သစ်သီးဆိုင်ဖွင့်ထားသူ Pho က ပုံမှန်အားဖြင့် ပုံသဏ္ဌာန်မမှန်သော သို့မဟုတ် အရည်အသွေးနိမ့်သော ဒူးရင်းသီးများကိုသာ ယခုကဲ့သို့ ဈေးအပေါဆုံးဖြင့် ရောင်းချလေ့ရှိပြီး အရည်အသွေးကောင်းမွန်သော အသီးများကိုမူ ပို့ကုန်အတွက် သီးသန့်ဖယ်ထားလေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

        မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ဒူးရင်းသီးကုန်သည်တစ်ဦးဖြစ်သူ Hoang က ၎င်းအနေဖြင့် ပုံမှန်အားဖြင့် နှစ်စဉ် ယခုလိုအချိန်မျိုးတွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် အသီးများကို လိုက်လံဝယ်ယူပေးရသော်လည်း ယခုနှစ်တွင် ပြည်ပတင်ပို့မှုပိုင်း၌ အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် မေလဆန်းကတည်းက ပြည်တွင်းဖြန့်ဖြူးသူများထံသာ လွှဲပြောင်းရောင်းချနေရကြောင်း ပြောသည်။

        ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vinafruit) ၏ ပြောကြားချက်အရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ ဒူးရင်းသီးအထွက်ဆုံး ရာသီချိန်နှင့် တိုက်ဆိုင်ပြီး အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုနှေးကွေးသွားခြင်းကြောင့် လတ်တလောလများ အတွင်း ဒူးရင်းသီးဈေးနှုန်းများ အဆမတန်ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

      ထို့အပြင် ပြည်ပသို့ တင်ပို့ရန်အတွက် အရည်အသွေးစစ်ဆေးမှု (Quality testing) အဆင့်ဆင့်သည် အချိန်အလွန်ကြာမြင့်နေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များက အဝယ်ရပ်ဆိုင်းထားကြခြင်း ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

         ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ကလည်း လက်ရှိအချိန်သည် တရုတ်နိုင်ငံသို့ ပို့ကုန်ချင်း ပြိုင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးအထွက်ဆုံး ရာသီချိန်ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။

        သို့သော် ထိုင်းနိုင်ငံ၏ ရိတ်သိမ်းရာသီမှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီး ဗီယက်နမ်နိုင်ငံ၏ အရှေ့တောင်ဘက်ဒေသများတွင်မူ ဒူးရင်းသီးများ မကြာမီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒါက တရုတ်နိုင်ငံကို ဒူးရင်းသီး ပြန်လည်တင်ပို့နိုင်ဖို့အတွက် အခွင့်အရေး ကောင်းတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက သုံးသပ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

အိန္ဒိယအစိုးရက စားသုံးဆီ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံရေး စီစဉ်လျက်ရှိ

    အိန္ဒိယအစိုးရ အရာရှိများက စားသုံးဆီ တင်သွင်းမှုများအပေါ် အခွန် တိုးမြှင့်ကောက်ခံ ခြင်းက လယ်သမားများအား သီးနှံဈေးနှုန်း မြင့်တက်စေခြင်းဖြင့် အကူအညီပေးနိုင်ခြင်း ရှိ/မရှိ နှင့် သွင်းကုန် အမြောက်အများ တင်သွင်းခြင်းနှင့်ချိတ်ဆက်နေသည့် နိုင်ငံခြားငွေလဲလှယ်ခြင်း စီးဆင်းမှုများကို ထိန်းချုပ်နိုင်ခြင်း ရှိ/မရှိ အခြေအနေများကို ဆန်းစစ်လျက်ရှိကြောင်း အိန္ဒိယ အခြေစိုက် Business Today  သတင်းဌာနက မေလ ၁၈ ရက်က ဖော်ပြထားပါသည်။

    အိန္ဒိယအနေဖြင့် လယ်သမားများကို အကူအညီဖြစ်စေရေးနှင့် ရူပီးတန်ဖိုးအပေါ် ဖိအား ဖြစ်ပေါ်လာမှုအား လျှော့ချစေရေးတို့အတွက် စားသုံးဆီ တင်သွင်းမှုအခွန်ကို တိုးမြှင့်သတ်မှတ်ရန် အဆိုပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအစီအစဉ်ဖြစ်ပေါ်လာရခြင်းမှာ ယခုနှစ် တွင် ရူပီးငွေကြေးသည် အာရှဒေသ၏ အဆိုးဆုံး စွမ်းဆောင်မှုရှိ ငွေကြေးတစ်ခုဖြစ်လာခြင်းနှင့် အစိုးရအနေဖြင့် စားသုံးဆီ၊ ဓါတ်မြေဩဇာ၊ ရွှေ နှင့် ရေနံ ကဲ့သို့သော သွင်းကုန်များအပေါ်  မှီခိုရမှု လျှော့ချပေးရန်တို့အတွက် ဖြစ်သည်။  ယခု မေလ အစောပိုင်းတွင်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီက စားသုံးဆီအပါအဝင် သွင်းကုန်ပစ္စည်းများအပေါ် မှီခိုအားထားမှု မပြုလုပ်ကြရန် စားသုံးသူပြည်သူများအား တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။ 

    အိန္ဒိယအစိုးရအနေဖြင့် ပြီးခဲ့သည့်သတင်းပတ်အတွင်း အရေးကြီးကုန်စည်စာရင်းတွင် မပါဝင်သည့် သွင်းကုန်များ ထိန်းချုပ်ရန်ရည်ရွယ်၍ ရွှေနှင့် ငွေ တင်သွင်းမှုအပေါ် အခွန်ကို ၁၅ % ခန့် ဆွဲတင်သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယသည် စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်၏ ၆၀ %ခန့်အား ပြည်ပမှတင်သွင်းလျက်ရှိရာ ကမ္ဘာတွင် စားသုံးဆီ တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ စားသုံးဆီ သွင်းကုန်အခွန် တိုးမြှင့်သတ်မှတ်မည်ဆိုပါက အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကထွက်ရှိသည့် စားအုန်း ဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီ တို့အပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

    စားသုံးဆီ သွင်းကုန်အခွန်တိုးမြှင့်သတ်မှတ်ရေး အဆိုပြုချက်သည် ကမ္ဘာ့အစားအစာ ဈေးနှုန်းမြင့်တက်လာရာမှ စတင်ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် အီရန်ပဋိပက္ခက သယ်ယူပို့ဆောင်ရေး ကွင်းဆက်ကို အခက်အခဲအဟန့်အတားဖြစ်စေသည့်အပြင် ကုန်ပစ္စည်းများ ၏ ဈေးနှုန်းများကိုပါ မြင့်တက်လာအောင် တွန်းအားပေးလျက်ရှိသည်။ စားအုန်းဆီသည် ကမ္ဘာ့အသုံးပြုမှုအများဆုံး စားသုံးဆီတစ်မျိုးဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခစတင်ဖြစ်ပွားကတည်းက ၁၂ % ခန့် ဈေးနှုန်း မြင့်တက်လာခဲ့သည်။ စားအုန်းဆီ ဈေးနှုန်း မြင့်တက်ရသည့်အကြောင်းအရင်းမှာ စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့က ၎င်းတို့၏စွမ်းအင်အတွက် ကုန်ကျစရိတ်မြင့်တက်လာမှုကို ကာမိစေရန် စားအုန်းဆီအချိုးကျရောနှောပါဝင်သည့် ဇီဝဒီဇယ်ဆီ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်လာမှုကြောင့်ဖြစ်သည်။

    သို့သော် အိန္ဒိယအနေဖြင့် စားသုံးဆီ သွင်းကုန်အခွန် တိုးမြှင့်သတ်မှတ်ရေး အစီအမံ ချမှတ် လိုခြင်းမှာ စားသုံးဆီ ဝယ်ယူမှုကို နှေးကွေးစေရန်နှင့် မကြာသေးမီကပင် ဈေးနှုန်း တဟုန်းထိုး မြင့်တက်လာခြင်းအား ထိန်းချုပ်နိုင်ရန်တို့အတွက်ဖြစ်ကြောင်း သိရှိရပါသည်။ စားသုံးဆီသွင်းကုန် အခွန်တိုးမြှင့်ရေးသည် အဆိုပြုစဉ်းစားချက်ဖြစ်ကြောင်းနှင့် Final Decision ကို ဖော်ပြမထား သေးကြောင်း အစီရင်ခံစာက ဆိုပါသည်။ င််င်း််််ြုြင်း 

     အိန္ဒိယသည် ပြည်တွင်းစားသုံးဆီဈေးနှုန်း ကျဆင်းစေရေးနှင့် ဆီသန့်စင်ပြုပြင် ထုတ်လုပ် သူများအား အထောက်အကူပြုစေရေးတို့အတွက် စားအုန်းဆီကြမ်း၊ ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီ ကြမ်းတင်သွင်းမှု အခွန်ကို ၂၀ % မှ ၁၀ %သို့ ယခင်နှစ်က လျှော့ချခွင့်ပြုပေးခဲ့သည်။ အိန္ဒိယ ရူပီး ငွေကြေးတန်ဖိုးသည် အားပျော့လာခဲ့ပြီး အမေရိကန်ဒေါ်လာထက် ၉၆.၃၅ ခန့် တန်ဖိုး လျော့ကျ ခဲ့ကြောင်းနှင့် ရေနံဈေးနှုန်းများမြင့်တက်လာသဖြင့် ဖိအားများနှင့်ရင်ဆိုင်လျက်ရှိကြောင်း Business Today  သတင်းဌာန၏ ဖော်ပြချက်များအား တင်ပြအပ်ပါသည်။ 

    အိန္ဒိယအစိုးရက  စားသုံးဆီ သွင်းကုန်အခွန်တိုးမြှင့်ရေးအစီအမံကို လယ်သမားများအား သီးနှံဈေးနှုန်းများ ပိုမိုရရှိရေး၊ သွင်းကုန်အပေါ် မှီခိုရမှုအား လျှော့ချရေးနှင့် ပြည်တွင်း ဆီထွက် သီးနှံများထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်ရေးဟူသည့် အကျိုးကျေးဇူးများကို ရှေးရှု၍ ဆောင်ရွက် မည်ဖြစ်သော်လည်း တစ်ဖက်တွင် စားသုံးသူများအတွက် စားသုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာနိုင် ခြင်း၊ တင်သွင်းလာသော စားသုံးဆီများ၏ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်ခြင်းနှင့် အစားအစာ ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်လာနိုင်ခြင်းတို့ ကြုံတွေ့လာနိုင်ကြောင်း သိရှိရသည်။

Source: Business Today, 18 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

         

 

 

 

ကမ္ဘာ့ဝယ်လိုအား လျော့ကျလာမှုကြောင့် စားအုန်းဆီဈေးနှုန်းများ အကျဘက်ကိုဦးတည်လာ  

   ကမ္ဘာ့စားအုန်းဆီ ဝယ်လိုအားလျော့ကျလာမှု၊ ဈေးနှုန်းကျဆင်းမှုနှင့် ဈေးကွက် အတွင်း ရင်းဂစ်ပိုမို အားကောင်းလာမှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ ကျဆင်းခဲ့ ကြောင်း Chem Analyst သတင်းဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

    စားအုန်းဆီ အဓိက တင်သွင်းနိုင်ငံများ(တရုတ်၊ အိန္ဒိယ)၏ ဝယ်လိုအား လျော့ကျလာမှု ကြောင့် ဈေးနှုန်းအကျဘက်သို့ ဆက်လက်ဦးတည်နေကြောင်း၊ ကုန်သည်များအနေဖြင့် စားသုံးဆီ အချင်းချင်း  ဈေးနှုန်းယှဉ်ပြိုင်မှု၊ ရေနံဈေးနှုန်းနှင့် နိုင်ငံခြားငွေ ငွေလဲနှုန်း အတက် အကျတို့အပေါ် စောင့်ကြည့်လျက်ရှိကြောင်း၊ အဆိုပါအခြေအနေက စားအုန်းဆီကုန်သွယ်မှုကို နှေးကွေးစေလျက် ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် သင်္ဘောတင်ပို့ဆောင်ရမည့် စားအုန်းဆီအရောင်းအဝယ်ဈေး နှုန်း (တင်ပို့နိုင်ငံ၏ ဆိပ်ကမ်းအရောက်ဈေးနှုန်း-FOB Price) သည် ဘာဆာမလေးရှား ကုန်စည် ဒိုင်၌ တစ်တန်လျှင် ရင်းဂစ် ၄၄၁၉ (အမေရိကန်ဒေါ်လာ ၁၁၂၅.၈၆) ဖြစ်ရာ ၆၂ ရင်းဂစ် (၁.၃၈%) ခန့်ကျဆင်းခဲ့ကြောင်း၊ ယခင်အပတ်ကျဆင်းမှုသည် ၀.၇၈ % ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း စားအုန်းဆီရောင်းချမှုဖိအားများနှင့် ရင်ဆိုင်လျက်ရှိပြီး တင်ပို့မှုငြိမ်သက်လျက်ရှိကြောင်း သိရှိရပါ သည်။

    စားအုန်းဆီအဓိကဝယ်ယူသည့်နိုင်ငံများ(တရုတ်၊ အိန္ဒိယ) က စားအုန်းဆီဈေးနှုန်းအပေါ် ချင့်ချိန်ဝယ်ယူမှုလုပ်ဆောင်လျက်ရှိကြောင်း၊ အခြားနိုင်ငံများကလည်း ကမ္ဘာ့ဟင်းသီးဟင်းရွက် ဆီဈေးနှုန်းအတက်အကျဖြစ်ပေါ်ခြင်း၊ စီးပွားရေးအရမသေချာမှု ဖြစ်ပေါ်ခြင်းတို့အပေါ် စိုးရိမ်မှု များရှိလာခြင်းကြောင့် ချင့်ချိန်ဝယ်ယူတင်သွင်းမှုလုပ်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီကာလ များအတွင်း ကြုံတွေ့ခဲ့ရသည့်ဆုံးရှုံးမှုများကို ပြန်လည်ကာမိစေရန် အကန့်အသတ် ဖြစ်စေလျက် ရှိကြောင်း သုတေသီများက မှတ်ချက်ပြုပြောကြားခဲ့သည်။

    တရုတ် Dalian ကုန်စည်ဒိုင်က ဟင်းသီးဟင်းရွက်ဆီဈေးကွက်အတွင်း ဖြစ်ပေါ်သော ကြိုပွိုင့်ဈေးနှုန်းများကို အမျိုးမျိုးဖော်ပြထားကြောင်း၊ ပဲပုပ်ဆီဈေးနှုူန်းသည် များစွာ ပြောင်းလဲမှု မရှိဘဲ တစ်တန်လျှင် တရုတ်ယွမ် ၈၅၄၇ (အမေရိကန်ဒေါ်လာ ၁၂၅၅ ခန့်) နှင့် စားအုန်းဆီ ဈေးနှုန်းသည် ၀.၉၆% ကျဆင်းကြောင်း သိရှိရသည်။ အမေရိကန် Chicago ကုန်သွယ်ရေးအဖွဲ့၏ ပဲပုပ်ဆီကြိုပွိုင့်ဈေးနှုန်းသည် ၀.၅၂% ကျဆင်းသွားကြောင်း ဖော်ပြထားသည်။

     စားအုန်းဆီဈေးနှုန်းများသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီကဏ္ဍတွင် ဈေးကွက်ဝေစုရရှိရေး အတွက် တိုက်ရိုက်ယှဉ်ပြိုင်လျက်ရှိခြင်းကြောင့် ပြိုင်ဘက်စားသုံးဆီ (ပဲပုပ်ဆီ)ဈေးနှုန်း အတက် အကျအပေါ် မှီခိုလျက်ရှိကြောင်း၊ ကုန်သည်များက ပဲပုပ်ဆီ၊ နေကြာဆီနှင့် ရေနံ ဈေးနှုန်းအတက် အကျအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အဆိုပါဆီဈေးနှုန်းပြောင်းလဲမှုများက စားအုန်း ဆီဝယ်လိုအားနှင့် ဈေးနှုန်းအပေါ် လွှမ်းမိုးလျက်ရှိသည်။

    ရေနံဈေးနှုန်းများသည် သုံးပတ်ဆက်တိုက် အတက်အကျဖြစ်ပေါ်မှုပြီးဆုံးခဲ့ပြီးနောက် ဈေးကွက်ကို ဖိအားများရှိလာနေကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက အရှေ့အလယ်ပိုင်းပဋိပက္ခ အပစ် အခတ်ရပ်စဲရေးအခြေအနေနှင့် အမေရိကန်သမ္မတ Donald Trump ၏ တရုတ်ခရီးစဉ်အခြေ အနေတို့ကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ ပထဝီနိုင်ငံရေး အခင်းအကျင်းတွင် မသေချာ မရေရာမှုရှိခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှုဆက်ဆံရေးအခြေအနေများက ကုန်စည်ဈေးနှုန်းအတက် အကျကို ပိုမိုကျယ်ပြန့်လာစေလျက်ရှိသည်။

    ရေနံဈေးနှုန်းကျဆင်းလာမှုက စားအုန်းဆီကို  ဇီဝဒီဇယ်ဆီထုတ်လုပ်ရန် ဆွဲဆောင်မှု လျော့ကျစေပြီး စက်မှုကဏ္ဍသုံးအတွက် ဝယ်လိုအားကိုပါ အားလျော့စေလျက်ရှိသည်။ ဇီဝ ဒီဇယ် ဆီထုတ်လုပ်သူများအနေဖြင့် စွမ်းအင်ဈေးကွက်အလာအလာအပေါ်မူတည်၍ ဝယ်ယူ ရေးဗျူဟာ များကို ထိန်းညှိဆောင်ရွက်ကြကြောင်း၊ ရေနံဈေးနှုန်းများလျော့ကျလာမှုက ဟင်းသီးဟင်းရွက်ဆီ မှ ရရှိသည့် ဇီဝဒီဇယ်ဆီထုတ်လုပ်ခြင်းအတွက် မက်လုံးများကို လျော့ကျစေ လျက်ရှိသည်။

    ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုအချက်အလက်များအရ ဥရောပ၏စားအုန်းဆီနှင့် ပဲပုပ်ဆီ တင်သွင်းမှုသည် ဇူလိုင်လတွင် ပိုမိုအားလျော့မှုဖြစ်လာနိုင်ကြောင်း ဖော်ပြချက်သည်လည်း နောက်ထပ်အကြောင်းအရာ တစ်ခုဖြစ်နေကြောင်း၊ ဥရောပကော်မရှင်က ထုတ်ပြန် ချက်များအရ ဥရောပ၏ ပဲပုပ်တင်သွင်းမှုအနေဖြင့် မေလ ၁၀ ရက်တွင် တန်ချိန် ၁၁.၂၃ သန်းခန့်ဖြစ်ရာ ယခင်နှစ် တင်သွင်းမှုနှင့်ကာလတူနှိုင်းယှဉ်ပါက ၉% ခန့် ကျဆင်းသွားကြောင်း၊ ဥရောပနိုင်ငံများသို့ စားအုန်း ဆီတင်သွင်းမှုသည် တန်ချိန် ၂.၄၇ သန်းဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် ၄% ခန့်  တင်သွင်းမှု ကျဆင်း လာကြောင်း ဖော်ပြထားပါသည်။

    ထို့ပြင် ရင်းဂစ်ငွေကြေးဈေးနှုန်းက အမေရိကန်ဒေါ်လာထက် ၀.၁၈% ခန့် အားကောင်း လာမှုက အခြားငွေကြေးကို အသုံးပြုဝယ်ယူတင်သွင်းရသည့် ဝယ်လက်များအနေဖြင့် စားအုန်းဆီ ကို ဈေးကြီးစွာ ဝယ်ယူကြရပြီး ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းအားနှင့် ဝယ်လိုအားကို လျော့ကျစေသည်။ အချုပ်အားဖြင့် စားအုန်းဆီဈေးနှုန်းဈေးကွက်သည် ကမ္ဘာ့ဝယ်လိုအားလျော့ကျမှု၊ ပြိုင်ဘက် စားသုံးဆီ (ပဲပုပ်ဆီ) ဈေးနှုန်းပိုမိုအားလျော့လာမှု၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့အပေါ်မူတည်လျက်ရှိရာ စားအုန်းဆီကုန်သည်များကလည်း ပို့ကုန်အချက် အလက်များ၊ ပထဝီနိုင်ငံရေးအခြေအနေများနှင့် ပိုမိုကျယ်ပြန့်လာသည့် ဈေးကွက်အလားအလာ၊ ဈေးနှုန်းအတက်အကျတို့ကို ဆက်လက်စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း Chem Analyst သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

Source: Chem Analyst, 14 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

 

တရုတ်နိုင်ငံက အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များကို ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်မံဝယ်ယူဖွယ်ရှိ

        သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပဲတီစိမ်း/ပဲပုတ်အပြင် အခြားသော အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များကိုပါ ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်မံတင်ပို့နိုင်မည့် အခွင့်အလမ်းများ ပွင့်လန်းလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

          မေလ ၁၅ ရက်နေ့က Bloomberg နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင်ဂရင်းယား (Jamieson Greer) က ပေကျင်းမြို့တွင် ပြုလုပ်မည့် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးအပြီး၌ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များကို ဒေါ်လာ “ဘီလီယံပေါင်းများစွာ” ထပ်မံဝယ်ယူရန် တရုတ်နိုင်ငံက သဘောတူညီချက်များ လက်မှတ်ရေးထိုးလိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့ကြောင်း သိရသည်။

          လွန်ခဲ့သည့် အောက်တိုဘာလက နှစ်ဖက်စလုံးသည် တစ်နှစ်လျှင် ပဲပုတ်တန်ချိန် ၂၅ သန်း ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဂရင်းယားက ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် “ယခုခရီးစဉ်ကြောင့် လာမည့်သုံးနှစ်အတွင်း နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော စိုက်ပျိုးရေးထွက်ကုန်များကို ထပ်မံဝယ်ယူမည့် သဘောတူညီချက်များကို မြင်တွေ့ရရန်” မျှော်လင့်ထားသည်။ “ဒါက စုစုပေါင်းပမာဏပါ။ ပဲပုတ်တင်မကဘဲ အခြားထွက်ကုန်တွေလည်း ပါဝင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

         အလားတူပင် မေလ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့သော Fox News နှင့် အင်တာဗျူးတွင်လည်း မစ္စတာထရမ့်က “တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုပြီးဝယ်ယူသွားမှာပါ” ဟု အတည်ပြုပြောကြားခဲ့သည်။ ဒေါ်လာဘီလီယံပေါင်းများစွာ” တန်ဖိုးရှိမည့် အုပ်စုတွင် မည်သည့်ပစ္စည်းများပါဝင်မည် သို့မဟုတ် ပဲပုတ်ပါဝင်ဦးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လေ့လာဆန်းစစ်သူများနှင့် ကုန်သည်များကမူ မနှစ်က ပဲပုတ်သဘောတူညီချက်သည်လည်း ယခုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထိုသဘောတူညီချက် တစ်ခုတည်းတင် ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးရှိခဲ့ကြောင်း သိရသည်။

         ပဲပုတ်သည် လောလောဆယ်တွင် ကမ္ဘာ့ထိပ်တန်း ပဲပုတ်တင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသို့ အမေရိကန်၏ အကြီးမားဆုံး ပို့ကုန်ဖြစ်သည်။ ပဲပုတ်သည် ထရမ့်၏ သမ္မတသက်တမ်း နှစ်ခုစလုံးအတွင်း ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံသည် ပဲပုတ်ဝယ်ယူမည့် ကတိကဝတ်ကို ဖြည့်ဆည်းပေးနေပြီး၊ ဝါရှင်တန်အနေဖြင့် ယခုနှစ်ကုန်တွင် ထပ်ဆောင်းဝယ်ယူမှုများရှိလာရန် မျှော်လင့်ထားကြောင်း ဂရင်းယားက ပြောကြားခဲ့သည်။

          “ဒေါ်လာဘီလီယံပေါင်းများစွာ ဆိုတာက သိပ်ပြီး အဓိပ္ပာယ်အများကြီး မဖော်ဆောင်ပေမဲ့ ‘နှစ်ကုန်’ ဆိုတဲ့ စကားစုက တရုတ်နိုင်ငံအနေနဲ့ သီးနှံဟောင်းပဲပုတ်တွေကို ဝယ်ယူမှာမဟုတ်ဘူးဆိုတာကို ပြောင်းလဲညွှန်းဆိုနေပါတယ်” ဟု အာရှကုန်သည်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ဖေဖော်ဝါရီလတုန်းက ထရမ့်သည် မကြာသေးမီကမှ ရိတ်သိမ်းထားသော အမေရိကန်သီးနှံများထဲမှ ပဲပုတ်တန်ချိန် ၈ သန်း ထပ်မံဝယ်ယူမည့် တရုတ်နိုင်ငံ၏ ဖြစ်နိုင်ခြေကို ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း လက်ရှိတွင် ဤဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသွားပြီဟု ကုန်သည်များက ယုံကြည်ကြသည်။

        ထိပ်သီးအစည်းအဝေးမတိုင်မီ ဈေးကွက်အတွင်း၌ ပေကျင်းအနေဖြင့် ပဲပုတ်ဝယ်ယူမှု ပစ်မှတ်ကို တန်ချိန် ၂၅ သန်းထက် ပိုမိုတိုးမြှင့်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ဤအမြင်ကို မေလ ၁၄ ရက်နေ့က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ပြောကြားချက်က ပိုမိုခိုင်မာစေခဲ့ပြီး ၎င်းက လက်ရှိသဘောတူညီချက်သည် ပြဿနာကို ဖြေရှင်းပြီးဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

           ကုန်သည်များသည် ပဲပုတ်သွင်းကုန်ခွန် လျှော့ချပေးနိုင်မည့် ဖြစ်နိုင်ခြေကို အနီးကပ်စောင့်ကြည့်နေကြသည်။ ဤလုပ်ဆောင်ချက်သည် တရုတ်ပုဂ္ဂလိကပဲပုတ်ကြိတ်ခွဲရေးစက်ရုံများ အမေရိကန်ပဲပုတ်များကို ပြန်လည်ဝယ်ယူနိုင်ရန် ကူညီပေးနိုင်သည်။ မနှစ်က သွင်းကုန်ခွန်မြင့်မားမှုကြောင့် ၎င်းတို့သည် လပေါင်းများစွာ ဝယ်ယူမှုများကို ရပ်ဆိုင်းခဲ့ကြရသည်။ ထိုအချိန်က တရုတ်နိုင်ငံပိုင် လုပ်ငန်းများသာလျှင် ယင်းထုတ်ကုန်ကို ဆက်လက်ဝယ်ယူခဲ့ကြကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

အီရန်စစ်ပွဲနှင့် မိုးခေါင်ရေရှားမည့် မိုးလေဝသခန့်မှန်းချက်များကြောင့် ဆန်တင်ပို့မှုကဏ္ဍ စိန်ခေါ် မှုများနှင့် ရင်ဆိုင်နေရခြင်း

     ရာသီဥတုအခြေအနေများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများသည် ကုန်သွယ်မှု ပမာဏအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနိုင်သဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံ၏ ဆန် တင်ပို့မှု အလားအလာမှာ မရေမရာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်း ရှင်များအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

     ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန် ၇ သန်း တင်ပို့နိုင်လိမ့်မည်ဟု နိုင်ငံခြား ကုန်သွယ်မှ ဦးစီးဌာန (DFT) က ခန့်မှန်းထားပြီး ယခုနှစ် ပထမ လေးလပတ်အတွင်း ဆန်တန်ချိန် ၂.၂ သန်းခန့် တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း ဆန်အသင်း၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် အိန္ဒိယဆန်ဖြူ ၅ ရာခိုင်နှုန်း၏ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ရှိပြီး ထိုင်း ဆန်ဖြူ ၅ ရာခိုင်နှုန်း၏  ဈေးနှုန်းမှာ တစ်တန်လျှင် ၄၂၀ ဒေါ်လာ ရှိကြောင်း အသင်း၏ အဆိုအရ သိရသည်။

     အိန္ဒိယဆန်နှင့် ထိုင်းဆန်ကြား ဈေးနှုန်းကွာဟချက် ကြီးမားနေခြင်းကြောင့် အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များသည် အာဖရိကဈေးကွက်၏ ဝေစုအမြောက်အမြားကို ရယူနိုင်ခဲ့ပြီး ယင်းသည် ထိုင်းဆန်တင်ပို့မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်းရှင်များ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့သည်။

     ၂၀၂၅ ခုနှစ်တွင် အီရတ်နိုင်ငံသည် ဆန်တန်ချိန် ၁ သန်း တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆန်ပို့ကုန်ဈေးကွက်ဖြစ်ခဲ့ကာ ယင်းနောက်တွင် တန်ချိန် ၈၈၀,၀၀၀ ဖြင့် တောင် အာဖရိကနိုင်ငံနှင့် တန်ချိန် ၈၂၀,၀၀၀ ဖြင့် အမေရိကန်ပြည်ထောင်စုတို့က အသီးသီးရှိခဲ့ကြောင်း နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန (DFT) ၏ အချက်အလက်များအရ သိရသည်။

    ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အီရတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု လမ်း ကြောင်း ပြတ်တောက်သွားခဲ့ရကြောင်းနှင့် ၂၀၂၆ ခုနှစ်၏ ပထမ လေးလပတ်အတွင်း အီရတ်နိုင်ငံ သို့ ဆန်တန်ချိန် ၉၀,၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ရှေ့အလားအလာမှာ စိန်ခေါ်မှုများပြားနေပြီး အကြောင်းအမျိုးမျိုး ၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    အကယ်၍ ရေလက်ကြား ပြန်လည်ဖွင့်ပေးလာပါက အီရတ်နိုင်ငံသည် ထိုင်းနိုင်ငံထံမှ ဆန်တင်သွင်းမှုများကို ပြန်လည်စတင်လာနိုင်ပြီး ဒုတိယနှစ်ဝက်တွင် အော်ဒါအမှာစာ အမြောက် အမြား ဝင်ရောက်လာခြင်းက ဆန်ဝယ်လိုအားကို မြင့်တက်လာစေနိုင်ကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ အကယ်၍ ယခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပွားခဲ့ပါက ဒေသတွင်း သို့ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းများဖြစ်ပေါ်လာနိုင်ပြီး အရှေ့တောင်အာရှတစ်လွှားရှိ ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထိုင်းနိုင်ငံရှိ ဆန်စပါး စိုက်ခင်း အများစုသည် ဆည်မြောင်းစနစ်များထက် မိုးရေအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်သည်။

     ထို့ပြင် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး တောင်သူလယ်သမားများအတွက် ကုန်ကျစရိတ်များ ပိုမိုများပြားလာကြောင်း နှင့် ယင်း၏ ရလဒ်အနေဖြင့် တောင်သူများသည် ဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချနိုင်ခြေရှိပြီး ယင်းက အထွက်နှုန်းများကို လျော့နည်းကျဆင်းသွားစေနိုင်သည့် အလားအလာ ရှိနိုင်ကြောင်း သိရသည်။ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲမှုကြောင့် အထွက်နှုန်းကျဆင်းခြင်းသည် သီးနှံအထွက် နှုန်းအပေါ် ကျရောက်လာနိုင်သည့် အယ်လ်နီညို၏ သက်ရောက်မှုနှင့် ပေါင်းစပ်သွားပါက ယခုနှစ် တွင် ဆန်ဈေးနှုန်းများ အနည်းငယ် ပိုမိုမြင့်တက်လာစေနိုင်ကြောင်း မစ္စတာ Chookiat က ပြော ကြားခဲ့သည်။

    ယခုကဲ့သို့သော ရာသီဥတုဖြစ်စဉ်သည် စားနပ်ရိက္ခာပြတ်လပ်မှုကို ကာကွယ်ရန်အတွက် ဆန်စပါး ကြိုတင်စုဆောင်းလိုသည့် ဝယ်လက်နိုင်ငံများထံမှ ဝယ်လိုအားကို မြင့်တက်လာစေနိုင် သဖြင့် ဆန်တင်ပို့မှုဈေးကွက်အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်ပါသည်။ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်လျက်ရှိပြီး ဆန် စပါးများ ဝယ်ယူစုဆောင်းသည့် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အော်ဒါအမှာစာများကို တိုးမြှင့်လျက်ရှိ ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ၂၀၂၆ ခုနှစ်၏ ပထမ သုံးလပတ်အတွင်း မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁၃၄,၀၀၀ တင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၃,၀၀၀ ခန့်မှ သိသိ သာသာ မြင့်တက်လာခဲ့ကာ ဖိလစ်ပိုင်နိုင်ငံသည်လည်း အဆိုပါကာလအတွင်း တန်ချိန် ၅၂,၀၀၀ မှ တန်ချိန် ၁၀၀,၀၀၀ ခန့်အထိ တိုးမြှင့်တင်သွင်းခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေသည် အီရတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့် အရန်သင့်ရှိနေသည့် ဆန်ပမာဏများကို ဝယ်ယူပေးရာ ရောက်သည့်အတွက် အထောက်အကူဖြစ်စေခဲ့သည်ဟု မစ္စတာ Chookiat က ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏မူဝါဒကို စားနပ်ရိက္ခာဖူလုံမှုဆီသို့ တဖြည်းဖြည်းချင်း ပြောင်းလဲ ချမှတ်လာခဲ့ရာ ယင်း၏ရလဒ်အနေဖြင့် ထိုင်းဆန်တင်သွင်းမှုကို လျှော့ချခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် အလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်တစ်ခု ကျရောက်လာပါက ဆန် တင်သွင်းမှုကို ပြန်လည်တိုးမြှင့်ကောင်း တိုးမြှင့်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    မည်သို့ပင်ဖြစ်စေကာမူ ယခုနှစ်အတွက် ချမှတ်ထားသည့် ဆန်တန်ချိန် ၇ သန်း ပို့ကုန် ရည်မှန်းချက်ကို ထိုင်းနိုင်ငံအနေဖြင့် ပြည့်မီစွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆမိပါကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ ဆန်စပါးလုပ်ငန်းကဏ္ဍ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အတွက် ထုတ်လုပ်မှုစရိတ်များ လျှော့ချ ခြင်း၊ အထွက်နှုန်းတိုးမြှင့်ခြင်း၊ ဆန်စပါးမျိုးစိတ်သစ်များ တီထွင်ခြင်းနှင့် ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်ရန် ရေရှည် ဗျူဟ တစ်ရပ် ချမှတ်ကျင့်သုံးရန် ၎င်းက အစိုးရအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

Source: Bangkokpost, 20 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

 

 

 

 

 

တရုတ်နိုင်ငံ၊ ယူနမ်ပြည်နယ်ရှိ မိုဟန်နယ်စပ်ဂိတ်သည် ထိုင်းဒူးရင်းသီးတင်ပို့မှုအတွက် အဓိက ဝင်ပေါက်တစ်ခုဖြစ်လာ

   တရုတ်နိုင်ငံ၏ မိုဟန်နယ်စပ်ဂိတ်သည် ထိုင်းဒူးရင်းသီးတင်ပို့ရာတွင် အဓိကဝင်ပေါက် တစ်ခု ဖြစ်လာသည်။ အဆိုပါဂိတ်မှတစ်ဆင့် ၂၀၂၆ ခုနှစ် ပထမလေးလပတ်တွင်  လတ်ဆတ်သော ဒူးရင်းသီး တင်သွင်းမှုသည် တန်ချိန် (၁၂၁,၀၀၀) ထိ မြင့်တက်လာခဲ့ပြီး ယင်းသို့ မြင့်တက်လာရ ခြင်းမှာ ရထားလမ်းပန်း ထောက်ပံ့ပို့ဆောင်ရေး ပိုမိုကောင်းမွန်လာခြင်းနှင့် အရှေ့တောင်အာရှ သစ်သီးအပေါ် တရုတ် ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။

     ယူနမ်ပြည်နယ် တရုတ်-လာအိုနယ်စပ်တွင် တည်ရှိသော မိုဟန်နယ်စပ်ဂိတ်သည် လတ်ဆတ် သော ဒူးရင်းသီး အမြောက်အမြား ဈေးကွက်သို့ ဝင်ရောက်လာချိန်ဖြစ်သော သီးနှံ ရိတ်သိမ်းချိန် ကာလအတွင်း ဒူးရင်းသီးတင်သွင်းမှု အမြင့်ဆုံးပမာဏကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ကူမင်း မြို့ရှိ စီးပွားရေးရာရုံးမှ ထုတ်ပြန်ခဲ့သည်။ နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် လတ်ဆတ်သော ဒူးရင်းသီးများမှာ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံမှ တင်သွင်းလာကြခြင်း ဖြစ် ကြောင်း သိရှိရပါသည်။

    ကူးမင်းမြို့ရှိ အကောက်ခွန်ဌာနမှ ကိုးကားထားသော အချက်အလက်များအရ မိုဟန်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဒူးရင်းသီး တန်ချိန် ၁၂၁,၀၀၀ တန် တင်သွင်းခဲ့ပြီး အဆိုပါ ပမာဏသည် ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက ၁.၇ ဆထိ တိုးလာကြောင်း အဆိုပါရုံးမှ ပြောကြားချက်အရ သိရှိရပါသည်။ ယင်းပမာဏသည် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှု စုစုပေါင်း၏ သုံးပုံတစ်ပုံကို ကိုယ်စား ပြုပါသည်။         

    ၂၀၂၆ ခုနှစ် ဧပြီလတစ်လတည်းအတွင်းပင် အဆိုပါ စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဒူးရင်းသီး တင်သွင်းမှုပမာဏသည် တန်ချိန် ၈၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ယင်းသည် ရာသီအလိုက် ဝယ်လိုအားကောင်းမှုနှင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော သစ်သီးများအတွက် သယ်ယူပို့ ဆောင်ရေး ဗဟိုချက်အဖြစ် မိုဟန်၏ အရေးပါလာမှုကဏ္ဍကို ထင်ဟပ်စေပါသည်။

    မိုဟန်သည် အင်ဒိုချိုင်းနား(Indochina) ကျွန်းဆွယ်နှင့် တရုတ်နိုငံကို ဆက်သွယ်ထား သော မဟာဗျုဟာကျသော ဝင်ပေါက်တစ်ခုဖြစ်သည်။ အဆိုပါဒေသသည် လာအို-တရုတ် မီးရထားလမ်းနှင့် R3A အဝေးပြေးလမ်းမကြီး နှစ်ခုစလုံးဖြင့် ချိတ်ဆက်ထားပြီး တင်ပို့သူများ အတွက် “ရထား + ကားလမ်း” သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်ခွင့်ကို အသုံးပြုနိုင်ပါသည်။

    ဤကဲ့သို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အားသာချက်သည် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန် မီး ရထားဂိတ်ကို တရုတ်စျေးကွက်သို့ တင်ပို့သော အရှေ့တောင်အာရှမှ အရည်အသွေးမြင့် ကုန် ပစ္စည်းများ အထူးသဖြင့် လတ်ဆတ်သောသစ်သီးများအတွက် အရေးပါသည့် ဝင်ပေါက်များ အဖြစ် ပြောင်းလဲစေခဲ့သည်။

     တရုတ်မီးရထားလမ်း ကုန်သေတ္တာဌာန ကူမင်းရုံးခွဲ (China Railway Container Kunming Branch) ၏ ဒုတိယမန်နေဂျာဖြစ်သူ Ren Zhengwei ၏ ပြောကြားချက်အရ ထိုင်း ဒူးရင်းသီးများကို မူလဒေသမှ ရည်မှန်းထားသောဒေသသို့  အမြန်ဆုံးနှုန်း သုံးရက်အတွင်း ပို့ဆောင် ပေးနိုင်ကြောင်း သိရှိရပါသည်။ အဆိုပါဝန်ဆောင်မှုသည် သယ်ယူပို့ဆောင်ရေးကုန်ကျ စရိတ်ကို ၁၅ ရာခိုင်နှုန်း၊ ထိခိုက်ပျက်စီးမှုကို ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး ဒူးရင်းသီး၏ အရည် အသွေးနှင့် လတ်ဆတ်မှုကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။

     ကူမင်းအကောက်ခွန်ဌာန၏ အချက်အလက်အရ မိုဟန်ရထားလမ်းဂိတ်သည် ၂၀၂၆ ခုနှစ် ပထမလေးလပတ်တွင် ဒူးရင်းသီး တန်ချိန် ၃၄,၀၀၀ တန် တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁.၈ ဆတိုး၍ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိပါသည်။ ဒူးရင်း၊ မင်းဂွတ်သီး(mangosteen)၊ လေချုသီး (longan)၊ ရှောက်ချိုသီး(pomelo) နှင့် အုန်းသီး အပါအဝင် ထိုင်းသစ်သီးများသည် ဝယ်လိုအား မြင့်မားလာ၍ တရုတ်စားသုံးသူများအကြား ကျော်ကြားလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် နယ်စပ်ဂိတ် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး စနစ်များကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်လျက်ရှိပါသည်။

    ၎င်းတို့တွင် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန်မီးရထားဂိတ်တို့တွင် အကောက်ခွန်လုပ်ငန်းစဉ် များကို ပိုမိုမြန်ဆန်၍ အဆင်ပြေစေရန် ဆောင်ရွက်ခြင်းနှင့် စစ်ဆေးမှုနှင့် ကုန်ပစ္စည်း ရှင်းလင်းမှု လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရန် စမတ်အကောက်ခွန်စနစ်များကို အသုံးပြုခြင်းတို့ ပါဝင်ပါသည်။

     တိုးတက်လာသော ထောက်ပံ့ပို့ဆောင်ခြင်းနှင့် အကောက်ခွန်စနစ်များသည် ထိုင်းနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများမှ သစ်သီးတင်ပို့မှု တိုးမြှင့်လာစေပါသည်။ အဆိုပါတိုးတက်လာမှုများ သည် ထိုင်းနိုင်ငံမှ တင်ပို့သော သစ်သီး၏ လတ်ဆတ်မှုကို ထိန်းသိမ်း ရန်နှင့် တရုတ်နိုင်ငံမှ တစ်ဆင့် မြို့များသို့ ဖြန့်ဖြူးရာတွင် ပိုမိုမြန်ဆန်ရန် ကူညီပေးလျက်ရှိပြီး တင်ပို့သူများမှဖက်မှ စားသုံးသူများ၏ လိုလားချက်မြင့်တက်လာမှုကို ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

     ကူမင်းမြို့ရှိ စီးပွားရေးရာရုံးမှ ပြောကြားချက်အရ ထိုင်းနိုင်ငံလုပ်ငန်းရှင်းများသည် တရုတ် နိုင်ငံသို့ သစ်သီးများ တင်ပို့ရာတွင် မိုဟန်နယ်စပ်ဂိတ်နှင့် မိုဟန်မီးရထားဂိတ်တို့၏ အသုံးဝင်မှု အပိုင်းကို ထည့်သွင်းစဉ်းစားထားသင့်ပါသည်။ နယ်စပ်စစ်ဆေးရေးဂိတ်နှစ်ခုစလုံးသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေပြီး ခိုင်မာသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အလားအလာများရှိသဖြင့် ထိုင်း သစ်သီးများ၏ အရည်အသွေးနှင့် လတ်ဆတ်မှုကို ထိန်းသိမ်းရန် အလွန်သင့်လျော်ကြောင်း သိရ သည်။

Source: The Nation Thailand, 17 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဗီယက်နမ်ဒူးရင်းသီးများအတွက် ပို့ကုန်လိုအပ်ချက်များ ဖြေလျော့ပေးမည့်အိန္ဒိယ

         အိန္ဒိယသည် ဗီယက်နမ်မှတင်သွင်းသည့် လတ်ဆတ်သောဒူးရင်းသီးများအတွက် အထူးတင်သွင်းမှုစည်းကမ်းချက်များနှင့် ထပ်ဆောင်းအပင်ကျန်းမာရေးဆိုင်ရာ ကြေညာချက်များကို ဖယ်ရှားပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ထိုအပြောင်းအလဲကြောင့် အာရှ၏အကြီးဆုံး စားသုံးသူဈေးကွက်တစ်ခုသို့ ဗီယက်နမ်ဒူးရင်းတင်ပို့မှု ပိုမိုလွယ်ကူလာမည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ အဆိုပါအချက်ကို Vietnam Sanitary and Phytosanitary Notification Authority and Enquiry Point က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်နိုင်ငံများအတွက် မေလ ၁ ရက်မှ ၁၅ ရက်အထိ အစားအသောက်ဘေးကင်းရေးနှင့် အပင်၊ တိရစ္ဆာန် ကန့်သတ်စစ်ဆေးရေးဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ အိန္ဒိယ၏နောက်ဆုံး SPS အသိပေးချက်တွင် တင်သွင်းသည့်အပင်များအတွက် အပင်ကျန်းမာရေး ဆိုင်ရာစည်းမျဉ်းများကို ပြင်ဆင်ရန်စီစဉ်နေကြောင်း ဖော်ပြထားပါသည်။ အဆိုပြုထားသော ပြင်ဆင်ချက်များအရ ဗီယက်နမ်မှတင်ပို့သည့် လတ်ဆတ်သော ဒူးရင်းသီးများသည် အပင်ကျန်းမာရေးလက်မှတ်တွင် ထပ်ဆောင်းကြေညာချက်များ တင်ပြရန်မလိုအပ်တော့သလို အထူးတင်သွင်းမှုစည်းကမ်းချက်များနှင့်လည်း မသက်ဆိုင်တော့ကြောင်း သိရပါသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုကို ဗီယက်နမ်ဒူးရင်းလုပ်ငန်းအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် အဖြစ်သုံးသပ်နေကြပြီး အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ လျော့နည်းလာကာ တင်ပို့မှု လမ်းကြောင်း ပိုမိုချောမွေ့လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ သို့သော် စည်းမျဉ်းသစ်များသည် ဇူလိုင် ၃ ရက်အထိ အများပြည်သူဆိုင်ရာ ဆွေးနွေးအကြံပြုကာလအတွင်း ရှိနေဆဲဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီချက်များမပြုလုပ်မီ အခြေအနေများကို ဆက်လက်စောင့်ကြည့်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရပါသည်။ စည်းမျဉ်းများ တရားဝင်အကျိုးသက်ရောက်မှု ရရှိပြီးမှသာ ဆောင်ရွက်ခြင်းသည် နောက်ဆုံးမိနစ် မူဝါဒပြောင်းလဲမှု အန္တရာယ်ကို လျှော့ချနိုင်မည်ဟုလည်း သုံးသပ်ထားကြောင်း သိရပါသည်။ အိန္ဒိယသည် လူဦးရေ ၁ ဘီလီယံကျော်ရှိသော အာရှ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး တရုတ်ပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ ပိုမိုအဆင်ပြေသည့် နည်းပညာဆိုင်ရာစည်းကမ်းချက်များအောက်တွင် ဗီယက်နမ် ဒူးရင်းများဝင်ရောက်နိုင်ခြင်းသည် လာမည့်နှစ်များအတွင်း တင်ပို့မှုတိုးတက်ရေးအတွက် အရေးကြီးသော အခွင့်အလမ်းသစ်တစ်ရပ်ဖြစ်လာမည်ဟု မြင်တွေ့ထားကြောင်း သိရပါသည်။ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ဒူးရင်း တင်ပို့မှုသည် အမြင့်ဆုံးရာသီမဝင်ရောက်သေးသော်လည်း ပမာဏနှင့် တန်ဖိုးနှစ်မျိုးစလုံးတွင် သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ဈေးကွက်ချဲ့ထွင်ရေးနှင့် အမှတ်တံဆိပ် တည်ဆောက်ရေးလုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ဗီယက်နမ်၏ ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၂ သန်းရောက်ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ