Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယား၏ သံနှင့် စတီးလ်တင်သွင်းမှု ၆၀% နီးပါးမြင့်တက်

       ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် သံနှင့် စတီးလ်တင်သွင်းမှုသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၅၉.၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုအဓိကဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ၂ခုတင်သွင်းမှုမြင့်တက်လာခြင်းသည် စီးပွားရေးကြီးထွားရန်အတွက် အဓိကမောင်းနှင်အားများဖြစ်သည့် ပြည်တွင်းဆောက်လုပ်ရေးနှင့် အိမ်ရာမြေကဏ္ဍတို့တွင် အပေါင်းလက္ခဏာပြခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၈လတွင် သံနှင့် စတီးလ်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၀၄သန်းတန်ဖိုးရှိခဲ့ပြီး နိုင့်စုစုပေါင်းတင်သွင်းမှု၏ ၂.၁% နီးပါးဟု ခန့်မှန်းရကြောင်းသိရပါသည်။ ဩဂုတ်လ တစ်လတည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၅၁သန်းတန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၅.၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ အထွေထွေမြင့်တက်လာမှုနောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ၂ခုတင်သွင်းမှုမြင့်တက် ာခြင်းဖြစ်ကြောင်း အကောက်ခွန်အထွေထွေဦးစီးဌာန၏ အကဲဖြတ်ချက်အရသိရပါသည်။ ယခုနှစ်ပထမ ၈လတွင် ကမ္ဘောဒီးယား၏ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၆.၅% မြင့်တက်ခဲ့ကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)        

ကမ္ဘောဒီးယားမှ အရည်အသွေးအကောင်းဆုံးဆန်တင်သွင်းရန် အမေရိကန်လုပ်ငန်း သဘောတူလက်မှတ်ရေးထိုး

       ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF)  နှင့် အမေရိကန်မှ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် Otis McAllister,Inc တို့သည် ကမ္ဘောဒီးယား၏ အရည်အသွေးအကောင်းဆုံးဆန်အား အမေရိကန်ဈေးကွက်အတွက်ဝယ်ယူရန် နားလည်မှုသဘောတူစာချုပ်မူကြမ်း (MoV) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ MoU လက်မှတ်ရေးထိုးပွဲအခန်းအနားကို ၂၂-၉-၂၀၂၄ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chantol ကိုသက်သေပြု၍ CRF ၏ ဥက္ကဋ္ဌဖြစ်သူ Song Saran နှင့် Otis McAllister ၏ ဆန်နှင့်ပြောင်းဝယ်ယူခြင်းအတွက် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Patrick Murphy တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ MoU ၏အောက်တွင် CRF သည် ကမ္ဘောဒီးယား Jasmine rice ၊ ဆန်ဖွေး၊ SKO နှင့် SRO အမျိုးအစားနှင့် ဆန်ဖြူမျိုးစုံတို့ပါဝင်သည့် အရည်အသွေးမြင့်မားသောဆန်တို့ကို အမေရိကန်သို့ ပံ့ပိုးမည်ဟုသိရသည်။ Chantol က MoU သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ကမ္ဘောဒီးယားဆန်ကို အမေရိကန်ဈေးကွက်သို့တင်ပို့မှု ရှေ့ဆက်မြှင့်တင်ရန်အတွက် အခြေခံတစ်ခုဖြစ်ကြောင်းနှင့်  Made In Cambodia အမှတ်တံဆိပ်နှင့် ဆန်များ အမေရိကန်တွင် အထူးသဖြင့် စူပါမားကတ်များတွင် တည်ရှိမှုမြင့်တက်လာရန် မျှော်လင့်ရကြောင်းပြောကြားခဲ့ပါသည်။ Saran က ၎င်းတို့သည် အမေရိကန်ဈေးကွက်သို့ ဆန်တင်ပို့မှုတိုးချဲ့မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်၌နေထိုင်သော ကမ္ဘောဒီးယားလူမျိုးများက ကမ္ဘောဒီးယားဆန်ကို လွယ်ကူစွာဝယ်ယူနိုင်စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ MoU သည် Otis McAllister,Inc က ဇွန်လတွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ကမ္ဘောဒီးယား၏ အကောင်းဆုံးဆန်အရည်အသွေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ရယူပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုလုပ်ငန်းသည် ထိုအချိန်များက များစွာသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ပြည်တွင်းဆန်စက်ပိုင်ရှင်များနှင့် အစည်းအဝေးများကျင်းပခဲ့ပြီး စိုက်ပျိုးရေးအသင်းအဖွဲ့များနှင့် ဆန်စပါးစိုက်ခင်းများသို့ ကွင်းဆင်းလည်ပတ်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ် ပထမရှစ်လတွင် ကမ္ဘေားဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂,၀၂၃တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၃၀၅သန်းရရှိခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကုမ္ပဏီ ၅၃ခုသည် ကြိတ်ခွဲထားသောဆန်များကို နိုင်ငံပေါင်း ၆၅နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။

Source:Khmer Time

DOCA(ရန်ကုန်)

Samsung သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ကန်ဒေါ်လာ ၁.၈ဘီလီယံပိုမိုရင်းနှီးမြှုပ်နှံမည်

    ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Bac Ninh ပြည်နယ်တွင် လုပ်ငန်းလည်ပတ်နေသော တောင်ကိုရီးယား အီလက်ထရွန်နစ်ကုမ္ပဏီ Samsung ၏ လက်အောက်ခံကုမ္ပဏီတစ်ခုသည် ထိုနေရာတွင်ပင် နောက်ထပ်အမေရိကန်ဒေါ်လာ ၁.၈ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းသိရသည်။

          တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီးချုပ် Pham Minh Chinh က မျက်မြင်တွေ့ခဲ့သည့် Samsung Display Vietnam မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တိုးချဲ့ရန်လည်းရည်ရွယ်ထားခဲ့သည်။

         Samsung Display Vietnam သည် ယခုနှစ် ပထမနှစ်ဝက်တွင် ဝင်ငွေဒေါ်လာ ၆.၈ဘီလီယံဖြင့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၈၃.၆သန်းရရှိခဲ့ကြောင်းသိရသည်။ ဗီယက်နမ်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူ Samsung သည် နိုင်ငံတွင်းရင်းနှီးမြှုပ်နှံထားသော ဒေါ်လာ ၂၂ဘီလီယံရှိပြီး ၎င်းမှ ထက်ဝက်ခန့်သည် Bac Ninh ပြည်နယ်တွင်း၌ ရှိသည်။

      ဗီယက်နမ်ရှိ စက်ရုံလေးရုံသည် ထိုကာလတွင် Samsung ၏ တစ်ကမ္ဘာလုံးဆိုင်ရာဝင်ငွေ၏ ၃၀% ခန့်ကိုပံ့ပိုးပေးလျက်ရှိသည်။ Bac Ninh အာဏာပိုင်များသည် Apple, Foxconn နှင့် Geoertek အပါအဝင် ပရောဂျက်အမျိုးမျိုးတွင် ဒေါ်လာ ၅.၅ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ခွင့်ပြုချက်ကို တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

     ၂၀၅၀ခုနှစ်တွင် Bac Ninh ပြည်နယ်အား စီးပွားရေးဦးဆောင်သော ပြည်နယ်ဖြစ်လာစေရန် မျှော်မှန်းထားသည်။ နည်းပညာမြင့်စက်မှုလုပ်ငန်း၊ သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေး၊ စမတ်ကုန်ထုတ်လုပ်မှုများအတွက် ကမ္ဘာ့ထိပ်တန်းစင်တာများထဲမှ တစ်ခုဖြစ်လာရန်လည်း မျှော်မှန်းထားကြသည်။

Source: vnexpress 

DOCA(ရန်ကုန်)        

ကမ္ဘောဒီးယား အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးပရောဂျက်အားလုံးကို ဆက်လက်လုပ်ဆောင်မည်

       CLV-DTA ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်သည်ဖြစ်စေ ကမ္ဘောဒီးယားသည် ၎င်း၏အချုပ်အခြာအာဏာကာကွယ်ရေးကိုသေချာစေရန်အတွက် ၎င်း၏ အရှေ့မြောက်နယ်စပ်ဒေသများကို ဆက်လက်ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားသည်။ ဝန်ကြီးချုပ်၏ပြောပြချက်အရ အဆိုပါမူဝါဒတွင် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်သတ်မှတ်ပေးရေး၊ နယ်စပ်လမ်းများဖောက်လုပ်ရေးတို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင် အစိုးရအနေဖြင့် အရှေ့မြောက်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမြှင့်တင်ရေးအစီအစဉ်ကို လာမည့်နှစ်အထိ ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်းပြောကြားသည်။

         ဝန်ကြီးချုပ်က နယ်စပ်လမ်းဖော်လုပ်ရာတွင် အဓိကထားဆေင်ရွက်နေသော နယ်စပ်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသို့ ပံ့ပိုးပေးခဲ့ကြသော အိမ်နီးချင်း နိုင်ငံများအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုများကို အောက်တိုဘာလကုန်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယင်းနောက် ရန်ပုံငွေများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိသောဖွံ့ဖြိုးရေးစီမံချက်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

         နိုင်ငံ၏အရှေ့မြောက်ဒေသများသို့ အခမဲ့ခရီးစဉ်အစီအစဉ်များကို ယခုနှစ်အကုန်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် နိုင်ငံသားများက နယ်စပ်ဒေသတစ်လျှောက် အမှန်တကယ်ဖြစ်ပေါ်နေသော ဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့နိုင်စေရန် ကြိုးစားသွားမည်ဟု ထပ်မံပြောကြားခဲ့ပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်၏ စင်္ကာပူသို့တင်ပို့မှု သိသာစွာမြင့်တက်

       ဗီယက်နမ်နိုင်ငံ၏ စင်္ကာပူသို့တင်ပို့မှုမှာ ဩဂုတ်လတွင် သိသာစွာမြင့်တက်ခဲ့ပြီး ၂၀၂၄ခုနှစ်၏ ပထမ ၈လတင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၁.၁% မြင့်တက်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အစီရင်ခံစာအရသိရပါသည်။ အီလတ်ထရောနစ်ပစ္စည်းတပ်ဆင်မှုနှင့် စက်ယန္တယားကဏ္ဍတို့တွင် အားကောင်းသည့် စွမ်းဆောင်ရည်၏ မောင်းနှင်အားကြောင့် လွန်ခဲ့သည့်လတွင် ဗီယက်နမ်၏ စင်ကာပူသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၇၈.၆သန်းရှိခဲ့ပြီး ၅၈.၄% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုသည် ဗီယက်နမ်အား စင်္ကာပူ၏ ၁၈နိုင်ငံမြောက် အကြီးမားဆုံးဈေးကွက် မိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။ အဓိကပို့ကုန်များတွင် စက်ယန္တယား၊ ဖုန်းများနှင့် အစိတ်အပိုင်းတင်ပို့မှုမှာ (၂၁.၃၉%)၊ ဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာများနှင့် စက်ယန္တယားများမှာ (၁၅၀%)နှင့် ရေနံထုတ်ကုန်များတင်ပို့မှုမှာ ၈၇၀% ကြီးထွားခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် စင်္ကာပူထံမှ ဗီယက်နမ်၏ တင်သွင်းမှုမှာ စင်္ကာပူဒေါ်လာ ၁.၈၆ဘီလီယံ ဖြင့် ၉.၄၉% ကျဆင်းခဲ့ပြီး တတိယနိုင်ငံထံမှ ကုန်ပစ္စည်းများ စင်္ကာပူမှ ဗီယက်နမ်သို့တင်ပို့မှုမှာလည်း စင်္ကာပူဒေါ်လာ ၁.၂၆ဘီလီယံဖြင့် ၁၈.၈၇% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လတွင် စင်္ကာပူနှင့် ဗီယက်နမ်အကြား အပြန်အလှန်ကုန်သွယ်မှုမှာ စင်္ကာပူဒေါ်လာ ၂.၇၆ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၄.၈၉% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ စင်္ကာပူဒေါ်လာ ၂၁ဘီလီယံကျော်ရှိခဲ့ပြီး ဗီယက်နမ်အား စင်္ကာပူ၏ ၁၂ နိုင်ငံမြောက်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

ဖိလစ်ပိုင်နှင့် ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံပိုငွေပြခဲ့သည့် ဗီယက်နမ်

        ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့်ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံပိုငွေပြခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်ပထမပတ်တွင် ဗီယက်နမ်မှ ဖိလစ်ပိုင်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၀၇ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် (YoY) ၁၇% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဆန်သည် အဓိကတင်ပို့သည့် ကုန်ပစ္စည်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၇၁ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၉.၇% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဆန်သည် အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော်သည့် ဗီယက်နမ်မှ ဖိလစ်ပိုင်သို့ တစ်ခုတည်းသော ပို့ကုန်ဖြစ်ကြောင်းသိရပါသည်။ ဆန်အပြင် ဗီယက်နမ်မှ ဖိလစ်ပိုင်သို့တင်ပို့သည့် ထုတ်ကုန် ၆မျိုးမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ကျော်တန်ဖိုးရှိကြောင်းသိရပါသည်။ ထိုထဲတွင် စက်ယန္တယား၊ တပ်ဆင်ပစ္စည်းများနှင့် အပိုပစ္စည်းများ (အမေရိကန်ဒေါ်လာ ၂၅၅သန်း၊ ၃.၆% မြင့်တက်)၊ Clinker နှင့် ဘိလပ်မြေ (အမေရိကန်ဒေါ်လာ ၂၁၄သန်း၊ ၁၂.၉% ကျဆင်း)၊ ကော်ဖီ (အမေရိကန်ဒေါ်လာ ၁၉၆ သန်း၊ ၁၂၆% မြင့်တက်) ဖုန်းနှင့် အစိတ်အပိုင်းများ (အမေရိကန်ဒေါ်လာ ၁၇၂သန်း၊ ၄၈% မြင့်တက်) နှင့် ကွန်ပျူတာနှင့် အီလတ်ထရောနစ်ထုတ်ကုန်များ (အမေရိကန်ဒေါ်လာ ၁၁၉သန်း၊ ၁.၄% ကျဆင်း) တို့ပါဝင်ကြောင်းသိရပါသည်။ စိုက်ပျိုးရေးနှင့် ပင်လယ်စာကဏ္ဍတွင် ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန်များ (အမေရိကန်ဒေါ်လာ ၆သန်း၊ ၆% ကျဆင်း)၊ ငရုတ်ကောင်း (အမေရိကန်ဒေါ်လာ ၂၂.၈သန်း၊ ၃၉% မြင့်တက်)၊ သီဟိုဠ်စေ့ (အမေရိကန် ဒေါ်လာ ၁၁.၄ သန်း၊ ၅.၅% မြင့်တက်) နှင့် ပင်လယ်စာ (အမေရိကန်ဒေါ်လာ ၅၇.၉ သန်း၊ ၂၃.၉% ကျဆင်း) တို့ကို ဖိလစ်ပိုင်သို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ အဓိကထုတ်ကုန် ၃၃ခုကို ဖိလစ်ပိုင်သို့တင်ပို့ခဲ့ရာတွင် ၁၃ခုမှာ တန်ဖိုးကျဆင်းခဲ့ပြီး ၂၀ခုမှာ ကြီးထွားခဲ့ကြောင်းသိရပါသည်။ ကျောက်မီးသွေးတင်ပို့မှုပမာဏမှာ တန်ချိန် ၂၁၉တန်မှ ၆၉၇၂၀တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၀.၀၉သန်းမှ အမေရိကန်ဒေါ်လာ ၁၅.၁သန်းဖြင့် ကြီးထွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်းသိရပါသည်။ အခြားတစ်ဖက်တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁.၆၆ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများအား ဖိလစ်ပိုင်ထံမှတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဓိကတင်သွင်းသည့် ပစ္စည်းများမှာ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ (အမေရိကန်ဒေါ်လာ ၁.၀၃ဘီလီယံ၊ ၈.၃% မြင့်တက်)၊ စက်ယန္တယားနှင့် အပိုပစ္စည်းများ (အမေရိကန်ဒေါ်လာ ၁၇၆သန်း၊ ၃.၇% ကျဆင်း)နှင့် သာမန်သတ္တု (အမေရိကန်ဒေါ်လာ ၁၀၉သန်း၊ ၃.၆% မြင့်တက်)တို့ဖြစ်ကြောင်းသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

ဖိနပ်လုပ်ငန်းသည် အင်ဒိုနီးရှား၏ စီးပွားရေးကို အရှိန်မြှင့်တင်နိုင်ကြောင်း တာဝန်ရှိသူပြောကြား

        အင်ဒိုနီးရှားနိုင်ငံ၏ ဖိနပ်လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို ကမ္ဘာ့အဆင့်သို့ အရှိန်မြှင့်တင်ရန် အလားအလာရှိကြောင်း လုပ်ငန်းတာဝန်ရှိသူ တစ်ဦး၏အဆိုအရသိရပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ညွှန်ကြားရေးမှူးချုပ်၏ အတွင်းရေးမှူးဖြစ်သူ Riefky Yuswandi က ၂၀၂၄ခုနှစ်၏ ဒုတိယ ၃လပတ်ကာလတွင် နိုင်ငံ၏ဖိနပ်လုပ်ငန်းသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၉၂% မြင့်တက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၂-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သော Indonesia Footwear Creative Competition (IFCC) ၌ Yuswandi က 2023 World Footwear Yearbook ထံမှ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် ဖိနပ်အစုံပေါင်း ၈၀၇သန်းထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်ဖိနပ်ထုတ်လုပ်သူ ငါးနိုင်ငံတွင် ပါဝင်ခဲ့ကြောင်းနှင့် ထိုစုစုပေါင်းထုတ်လုပ်မှုထဲမှ ဖိနပ်အစုံပေါင်း ၄၄၅သန်း (၅၅%) ခန့်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အင်ဒိုနီးရှား၏ တည်ငြိမ်သော ထုတ်လုပ်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံ၏ ယခုနှစ်ဖိနပ်တင်ပို့မှုတန်ဖိုးသည် ၂၀၂၃ခုနှစ်တွင် ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၆.၄ဘီလီယံတန်ဖိုးကို ကျော်ဖြတ်နိုင်မည်ဟု ခန့်မှန်းရကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၆လတာ ဖိနပ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၇ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ ဖိနပ်အစုံ ၃၆၂သန်းကို လူဦးရေ ၂၈၂သန်းရှိသော အင်ဒိုနီးရှားပြည်တွင်း၌ ရောင်းချနိုင်ခဲ့ပြီး ထိုအချက်အရ နိုင်ငံသားတစ်ဦးသည် နှစ်စဉ် ဖိနပ်တစ်စုံ သို့မဟုတ် နှစ်စုံဝယ်ယူကြကြောင်းသိရပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ရလဒကောင်းများရရှိရန် ကြီးမားသောဆန်းသစ်တီထွင်ပြောင်းလဲခြင်းများလိုအပ်ကြောင်း Yuswandi ကပြောကြားခဲ့ပါသည်။ Yuswandi က စက်မှုဝန်ကြီးဌာန၏ စက်ယန္တယားပြန်လည်ဖွဲ့စည်းမှုပရိုဂရမ်သည် ဖိနပ်အပါအဝင် ပြည်တွင်းဖန်တီးနိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများကိုပံ့ပိုးပေးရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်အရ လုပ်ငန်းရှင်များသည် တင်သွင်းသည့် စက်ပစ္စည်းများ၏ ကုန်ကျစရိတ် ၂၅% နှင့် ပြည်တွင်း၌ ထုတ်လုပ်သည့် စက်ပစ္စည်းများ၏ ၄၀% အတွက် ငွေပြန်ရမည်ဟုသိရပါသည်။

Source : Antara News

DOCA(ရန်ကုန်)

တရုတ်သည် အာဆီယံ၏ ထိပ်ဆုံးနေရာ၌ ရှိနေသော ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ပေါ်ထွက်လာ

       အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် တရုတ်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားကောင်းစွာပေါင်းစပ် ထားခြင်းနှင့်အတူ ကာလကြာရှည် စီးပွားရေးဆက်နွယ်မှုကို ထိမ်းသိမ်းထားနိုင်ကြောင်း လာအိုနိုင်ငံစက်မှုနှင့် စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaithong Kommasith က လာအိုနိုင်ငံ Vietiane မြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့၌ ကျင်းပခဲ့သော 23rd ASEAN Economic Ministers-China Ministry of Commerce Consultation (AEM-MOFCOM) တွင် ပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် နှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀၂ဘီလီယံရှိခဲ့ပြီး အာဆီယံစုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ ၁၉.၇% ရှိကာ တရုတ်နိုင်ငံအား ဒေသ၏ နံပါတ်တစ်ကုန်သွယ်ရေးမိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။ အာဆီယံနိုင်ငံများတွင် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၇.၃ဘီလီယံရှိပြီး အာဆီယံ၏ စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၏ ၇.၅% ရှိကာ ဒေသ၏ တတိယအကြီးများဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ ထို့ပြင် လွန်ခဲ့သည့်နှစ်တွင် အာဆီယံနှင့် တရုတ်သည် များစွာသော ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကိုဆွေးနွေးခဲ့ကြပြီး အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (ACFTA) ၏ ပြဋ္ဌာန်းချက်များနှင့်တာဝန်များကို အပြည့်အဝနှင့် ထိရောက်စွာအကောင်အထည်ဖော်ရန် ၎င်းတို့၏အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးမှုများပြီးမြောက်ရေးနှင့် ACFTA 3.0 အဆင့်မြှင့်တင်မှုအကောင်အထည်ဖော်ခြင်းသည် နှစ်ဖက်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆက်လက်မြှင့်တင်ရန် မျှော်လင့်ကြောင်းသိရပါသည်။ ထိုစက်တင်ဘာလ ၂၂ရက်နေ့အစည်းအဝေးသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် E-commerce တို့တွင် နှစ်ဖက်စလုံး၏ ပူးပေါင်းမှုနှင့် ACFTA 3.0 အဆင့်မြှင့်တင်ရန်အတွက် ဆွေးနွေးမှုများတိုးတက်မှုအခြေအနေကို ပြန်လည်ဆန်းစစ်ရန်နှင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင်ကျင်းပမည့် ASEAN-China ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အဓိကရည်ရွယ်ခဲ့ကြောင်းသိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)

အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေများဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး နည်းလမ်းများကိုဆွေးနွေးခဲ့

        အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေဖြစ်သော ရူပီးနှင့် ကျပ်တို့မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနည်းလမ်းများကို စက်တင်ဘာလ ၂၁ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော ၁၂ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီးစီးပွားရေးဝန်ကြီးများအစည်းအဝေးပြင်ပ၌ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal နှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဝန်ကြီး ကန်ဇော်တို့တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြောင်းသိရသည်။

         ပဲအမျိုးမျိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ကား အစရှိသော နယ်ပယ်များမှ အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ပြီး ရူပီး-ကျပ် ငွေယန္တရားမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနည်းလမ်းများကိုဆွေးနွေးခဲ့ကြောင်း Goyal က ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ရေးသားခဲ့သည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁.၇၅ဘီလီယံရှိခဲ့သည်။ ထိုကဲ့သို့ ပြည်တွင်းသုံးငွေကြေးဖြင့် ရောင်းဝယ်ခြင်းသည် ငွေကြေးအား နှစ်ဆပြောင်းရန် လိုအပ်မှုကိုဖယ်ရှားခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ အိန္ဒိယ၏ မြန်မာနိုင်ငံသို့တင်ပို့မှုမှာ ယခင်နှစ်တွင် ကန်ဒေါ်လာ ၈၀၇သန်းမှ ၂၀၂၃-၂၀၂၄ တွင် ကန်ဒေါ်လာ ၆၇၀.၄သန်းသို့ကျဆင်းသွားခဲ့သည်။ သို့သော်လည်း သွင်းကုန်ပမာဏသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၅၄.၇၄သန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁.၀၇ဘီလီယံအထိတိုးမြင့်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် ယူရဒ်ကဲ့သို့သော ပဲမျိုးစုံကို ပြည်တွင်းဝယ်လိုအားဖြည့်ဆည်းပေးရန် ဝယ်ယူတင်သွင်းလျက်ရှိသည်။

        ဧပြီလတွင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်သွင်းသည့် ကုန်သည်များအတွက် ငွေပေးချေမှုယန္တရားအား ရိုးရှင်းလွယ်ကူစေရန် ဖြေလျှော့ပေးခဲ့သည်။ ပန်ဂျပ်အမျိုးသား ဘဏ်မှတစ်ဆင့် Special Rupee Vostro Account (SRVA) ကိုအသုံးပြုရန် ရူပီး/ ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှုစနစ်ကိုအသုံးပြုရန် တင်သွင်းသူများအား တောင်းဆိုထားကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် SRVA လက်အောက်ရှိ ငွေပေးချေမှုလုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Source : khmertimeskh

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမရှစ်လအတွင်း ဆီတင်သွင်းမှုအတွက် ဒေါ်လာ ၁.၆သန်းကျော်သုံးစွဲခဲ့

         ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုသည် ယခုနှစ်ရှစ်လအတွင်း ၁၈% မြင့်တက်လာခဲ့ကြောင်း အထွေထွေအကောက်ခွန်နှင့် ယစ်မျိုးဌာနမှ တနင်္ဂနွေနေ့ တွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုစုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၆၆၃သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၈% မြင့်တက်လာခဲ့သည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ဒီဇယ်လောင်စာအတွက် ဒေါ်လာ ၁၀၀၆သန်းနှင့် ရေနံဆီအတွက် ဒေါ်လာ  ၆၅၇သန်းသုံးစွဲခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆% နှင့် ၂၁% အသီးသီးမြင့်တက်လာခဲ့သည်။

         ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ပင်လယ်ကြမ်းပြင်ရှိ ရေနံသိုက်အားထုတ်လုပ်ရန် အစီအစဉ်မရှိသေးသောကြောင့် ဒီဇယ်လောင်စာနှင့် ရေနံဆီတင်သွင်းမှုအပေါ် လုံးလုံးလျားလျားမှီခိုနေရသည်။

          သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၏အဆိုအရ ကမ္ဘောဒီးယားနိုင်ငံ၏ ရေနံထွက်ကုန်လိုအပ်ချက်သည် ၂၀၂၀ခုနှစ်တွင် တန်ချိန် ၂.၈သန်းမှ ၂၀၃၀ခုနှစ်တွင် တန်ချိန် ၄.၈သန်းအထိတိုးလာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source : khmertimeskh

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ