Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်တောင်သူလယ်သမားများ ရိတ်သိမ်းပွဲတော်အတွက် သမ္မတ Xi Jinping က နှုတ်ခွန်းဆက်စကားပြောကြား

        တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး Xi Jinping သည် သတ္တမအကြိမ်မြောက် တရုတ်တောင်သူလယ်သမားများ ရိတ်သိမ်းပွဲတော်နေ့မတိုင်မီ CPC ဗဟိုကော်မတီကိုယ်စားလယ်သမားများနှင့် ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသူများကို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် XI က စိုက်ပျိုးရေးကဏ္ဍ၏ စီးပွားရေးအကျိုးအမြတ်များမြှင့်တင်ရန်၊ လယ်သမားများ၏ ဝင်ငွေတိုးလာစေရန်နှင့် လယ်သမားများအတွက် ထင်သာ မြင်သာသော အကျိုးကျေးဇူးများဆောင်ကြဉ်းပေးရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားစိန်ခေါ်မှုများ၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများရှိနေသော်လည်း တရုတ်နိုင်ငံသည် ၎င်း၏နွေစပါးအထွက်တိုးပြီး တစ်နှစ်ပတ်လုံး စပါးအထွက်တိုးရန်မျှော်လင့်ထားကြောင်း Xi က မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံအား ခေတ်မီတိုးတက်စေရေးအတွက် Xi သည် နိုင်ငံ၏စိုက်ပျိုးရေးအခြေခံအုတ်မြစ်ကို အဆက်မပြတ်ခိုင်မာစေရေးနှင့် ဘက်စုံကျေးလက်ပြန်လည်ရှင်သန်ရေးတို့ကိုမြှင့်တင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးအစီအစဉ်ကို လက်တွေ့အဖြစ်ပြောင်းလဲရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများခေတ်မီအောင် အုတ်မြစ်ချရန်နှင့် တရုတ်နိုင်ငံကို စိုက်ပျိုးရေးအင်အားကြီးနိုင်ငံအဖြစ်တည်ဆောက်ရာတွင် လယ်သမားများနှင့် အခြားကဏ္ဍများမှ ပြည်သူများကိုပါ ပါဝင်ဆောင်ရွက်ရန် ၎င်းက တောင်းဆိုခဲ့သည်။

Source : news.cgtn.com

DOCA(ရန်ကုန်)

ပါကစ္စတန်နိုင်ငံတွင် အထည်အလိပ်လုပ်ငန်းများတည်ထောင်ရန် တရုတ်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည်

      တရုတ်နိုင်ငံ၏ RUYI Group သည် ပါကစ္စတန်နိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အထည်အလိပ်လုပ်ငန်းများကိုတည်ထောင်မည်ဖြစ်သည်။ ၎င်းအတွက် နားလည်မှုစာချွန်လွှာ (Mou) အား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOF) နှင့် RUYI Shandong Group တို့ သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ် Shehbaz Sharif သည် ၎င်း၏ဥက္ကဋ္ဌ Qui Yufa ဦးဆောင်သော RUYI အဖွဲ့၏ အဖွဲ့ဝင် (၉) ဦးနီးပါး ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီးနောက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကိုသက်သေခံခဲ့သည်။

          RUYI Group သည် Sindh နှင့် Punjab တို့တွင် နိုင်ငံတကာအဆင့်မီ အထည်အလိပ်လုပ်ငန်းများတည်ထောင်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှ အထည်အလိပ်လုပ်ငန်းကြီး ၁၀၀ ခန့်အား အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိတ်ကြားထားကြောင်း RUYI Group က ဝန်ကြီးချုပ်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အထည်အလိပ်လုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ပါကစ္စတန်၏ အထည်အလိပ်တင်ပို့မှုမြှင့်တင်ရန်နှင့် နိုင်ငံအား အထည်ချုပ်လောက၏ အချက်အခြာကျသည့် နေရာဖြစ်အောင်ပြုလုပ်ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

        အဆိုပါ အထည်လိပ်လုပ်ငန်းများတွင် နေ‌ရောင်ခြည်စွမ်းအင်ကိုအသုံးပြုမည်ဖြစ်ပြီး ၎င်းတို့သည် ကာဗွန်ဒိုင်သုညနှင့် အဆင့်မြင့်အလိုအလျောက်နည်းပညာများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအထည်အလိပ်လုပ်ငန်းများသည် ဒေသခံသန်းဝက်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးဆောင်မည်ဖြစ်သည်။ RUYI Group သည်  Karachi နှင့် Lanorc တို့တွင် လက်ကားအရောင်းစင်တာများကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအထည်အလိပ်လုပ်ငန်းများ၏အုတ်မြစ်ကို ယခုနှစ်ကုန်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြီးစီးမည်ဟုခန့်မှန်းထားကြသည်။

         Shehbaz Sharif က RUYI Group သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံန် (CPEC) အောက်တွင် Sahiwal ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၌ ပထမဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ RUYI Group ဥက္ကဋ္ဌ Qui Yafu က ၎င်းတို့သည် ပါကစ္စတန်သို့ ရင်းနှီးမြှုပ်နှံသူများအဖြစ်အဟုတ်ဘဲ ပါကစ္စတန်၏ မိတ်ဆွေမျာအဖြစ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source: brecorder

DOCA(ရန်ကုန်)

 

 

တရုတ်နိုင်ငံ၏ ကန္တရသီးနှံတင်ပို့မှုသည် အရှေ့တောင်အာရှတစ်ခွင်သို့ အရသာအသစ်များယူဆောင်လာ

      ထိုင်းနှင့်မလေးရှာမှ ဒူးရင်းသီး၊ ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးနှင့် ဗီယက်နမ်နိုင်ငံမှ ပင်မှည့်သီးတို့အား တရုတ်နိုင်ငံ၏  စားသုံးသူမျာက ကောင်းစွာလက်ခံထားကြပြီး ယခုအခါ တရုတ်နိုင်ငံမှ ကန္တရသစ်သီးအား အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။

      တရုတ်နိုင်ငံမြောက်ပိုင်းတွင် မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ သဲကန္တရနယ်မြေဖြစ်သည့် Horqin Sandy Land ဥယျာဉ်ခြံများမှ ခူးဆွတ်ထားသော လတ်ဆတ်သော ဂဏန်းပန်းသီးများအား အအေးခန်းကုန်တင်ကားများဖြင့်တင်ဆောင်ကာ ဆိပ်ကမ်းများမှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံများသို့တင်ပို့ရန် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

       Teng Dayong သည် Inner Mongolia၊ Tonglia မြို့ရှိ Horqin Left Wing Middle Banner (ခရိုင်) မှ သစ်သီးတောင်သူတစ်ဦးဖြစ်ပြီး  ၎င်းဧရိယာတွင် ၁၉၀ mu (၁၂.၆၇ ဟတ်တာ) ခန့်ရှိသော ဂဏန်းပန်းသီးပန်းခြံကို စီမံခန့်ခွဲနေသူလည်းဖြစ်သည်။ ၎င်း၏ သီးစားပင်များသည် ယခုနှစ်တွင် ၁ mu လျှင် ဂဏန်းပန်းသီး ကီလိုဂရမ်၂,၀၀၀ထွက်ရှိမည်ဖြစ်ပြီး ဝင်ငွေ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ၁,၄၁၈) ရရှိကြောင်းပြောကြားခဲ့သည်။ ၎င်း၏ အသီးတစ်ဝက်နီးပါးအား အရှေ့တောင်အာရှနိုင်ငံများမှ မှာယူထားကြောင်းသိရသည်။

         ၎င်းသီးနှံများအား ရေကြောင်းပို့ဆောင်ရန်အတွက် Dalian ကဲ့သို့သော တရုတ်ဆိပ်ကမ်းများသို့ ကုန်တင်ကားများဖြင့် ပို့ဆောင်လျက်ရှိပြီး ဆယ်ရက်အကြာတွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ရှိ စူပါမားကတ်များပေါ်သို့ ရောက်ရှိလာမည်ဟုခန့်မှန်းထားကြသည်။

        Horqin Sandy Land ၏ကုန်းတွင်းပိုင်၌ တည်ရှိသော Tonglia မြို့တွင် ဂဏန်းပန်းသီးပင် ၃၅၀,၀၀၀ mu ရှိပြီး နှစ်စဉ်အထွက်နှုန်း တန်ချိန်၁၀၀,၀၀၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် ယွမ် သန်း၅၀၀နီးပါးဖြစ်သည်။

        ယခုနှစ်တွင် သစ်သီးစိုက်ပျိုးသူ Teng သည် သစ်သီးထုတ်ပို့ခြင်းနှင့် တင်ပို့ရောင်းချသည် ကုမ္ပဏီတစ်ခုတည်းတည်ထောင်ရန် မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသားတစ်ဦးနှင့်ပူးပေါင်းခဲ့သည်။ ပါတနာ Zeng Yong သည်Teng ထံမှ ဂဏန်းပန်သီးများကို နှစ်အတော်တန်ကြားမှာယူခဲ့သည်။

          Tonglia ရှိ Kailu ခရိုင်သည် တစ်နှစ်လျှင် ဂဏန်းပန်းသီးတန်ချိန် ၁၀၀ ကျော်တင်ပို့မှု မှတ်တမ်းတင်ထားပြီး ထိုင်း၊ မလေးရှာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် နိုင်ငံအနှံ့အပြားသို့တင်ပို့လျက်ရှိပြီး ဂဏန်းပန်းသီးတန်ချိန် ၁,၀၀၀ သိုလှောင်ထားနိုင်သော အအေးခန်းစက်ရုံအား ထိုခရိုင်တွင် တည်ဆောက်ပြီးနောက်နှစ် ဧပြီလနှင့် မေလအထိ လတ်လတ်ဆတ်ဆတ်တင်ပို့နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

Source: news.cgtn.com

DOCA(ရန်ကုန်)        

မိုးသည်းထန်မှုနှင့် ရေကြီးမှုများရှိသော်လည်း စပါးအထွက်တိုးမည်ဟု အိန္ဒိယဝန်ကြီးပြောကြား

    အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ရှိနေ သော်လည်း ယခုနှစ် ဆန်ထွက်ရှိမှုသည် ယခင်နှစ်ထက် ပိုမိုများပြားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က စက်တင်ဘာ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။

    ပြည်တွင်း၌ ဆန်လက်ကျန်ပမာဏမြင့်တက်နေပြီး လယ်သမားများသည် လာမည့်သီတင်း ပတ်များအတွင်း စပါးအသစ်များကို ရိတ်သိမ်းရန် စီစဉ်နေသောကြောင့် အိန္ဒိယနိုင်ငံ အနေဖြင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ရန် စဉ်းစားလျက်ရှိ သည်။ နိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံအတွက် လုံလောက်သော ထောက်ပံ့မှုရှိစေရန်နှင့် ပြည်တွင်း စျေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ်တွင် ပြည်ပသို့ အဆင့်အတန်း အမျိုးမျိုးဖြင့် ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ချက်များ ဆက်တိုက်ချမှတ်ခဲ့ ကြောင်း သိရသည်။

    ယခင်နှစ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း စိုက်ပျိုးမြေအားလုံး၏ ထက်ဝက်ခန့်ရှိသော မိုးကောင်းသောက်လယ်မြေများတွင် မိုးရွာသွန်းမှု လျော့နည်းခဲ့သည်။ မိုးဦး ရာသီအစ ဇွန်လတွင် အားနည်းမှုရှိသော်လည်း ယခုနှစ်တွင် မုတ်သုံမိုးရွာသွန်းမှု များပြားခဲ့ပြီး ၄ လအတွင်း  ပျမ်းမျှမိုးရွာသွန်းမှု၏အထက် ၇.၆ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။

    နိုင်ငံအတွင်း အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရာ ယခုနှစ် စပါးသီးနှံအချို့ အထွက်ပမာဏ လျော့နည်းဆုံးရှုံးမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ ကြောင်း သိရသည်။ သို့သော် ရေကြီးရေလျှံမှု ပြဿနာသည် နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အချို့ပြည်နယ်များရှိ နယ်မြေအချို့တွင်သာ တွေ့ကြုံခဲ့ခြင်းဖြစ်ကြောင်း၊  ၎င်းအနေဖြင့် မကြာသေးမီက ရေဘေးသင့်ပြည်နယ်အချို့သို့ သွားရောက်အားပေးခဲ့ကြောင်း၊ ယခုနှစ်၌ စပါး စိုက်ပျိုးမှုမှာ ပိုမိုများပြားသဖြင့် ရေကြီးမှုဖြစ်ပေါ်သော်လည်း စပါးအထွက်ပမာဏသည် ယခင်နှစ် ကထက် ပိုမိုလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီး Chouhan က ပြောကြားခဲ့သည်။

     စပါးအထွက်မြင့်မားမှုသည်  ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား အိန္ဒိယအစိုးရက ခွင့်ပြုပေးစေရန် တွန်းအားပေးလိမ့်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၌ ပို့ကုန်ကန့်သတ်ချက်များ ချမှတ်မှု မပြုမီကာလတွင် အိန္ဒိယ၏ဆန်တင်ပို့မှုသည် ကမ္ဘာ့ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း၊ ရာသီအသစ်မှ သီးနှံများမပေါ်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဘာစမာတီဆန် တင်ပို့မှုအတွက် ကြမ်းခင်းဈေးနှုန်း သတ်မှတ်ထားခြင်းကို အိန္ဒိယအစိုးရက စက်တင်ဘာ ၁၃ ရက် နေ့တွင် ဖယ်ရှားပေးခဲ့ကြောင်း သိရပါသည်။

Source: Reuters, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကနေဒါဈေးကွက်သို့ ဗီယက်နမ်၏ ပရီမီယံဆန် စတင်ဝင်ရောက်

     ဗီယက်နမ်နှင့် ကနေဒါ နှစ်နိုင်ငံမှ လုပ်ငန်းရှင်နှစ်ဦးတို့ ဖက်စပ်လုပ်ကိုင်သည့် KD Trading ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီသည် စျေးကွက်သုတေသနများကို စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ ပြီးနောက် ကနေဒါနိုင်ငံသို့ တင်သွင်းရန် ST25 အမျိုးအစား ဆန်ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ ST25 ဗီယက်နမ်ဆန်ကို တစ်ဦးတည်း ဖြန့်ဖြူးသူအဖြစ် ကနေဒါဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

    ကုမ္ပဏီအနေဖြင့် ST25 ဆန်အား စျေးကွက်အသစ်တွင် လက်ခံလာစေရန် တိကျသေချာ သော ကာလရှည် မဟာဗျူဟာများကို ချမှတ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Kevin Le က ပြောကြားခဲ့သည်။

     ဗီယက်နမ် စိုက်ပျိုးရေးအင်ဂျင်နီယာ Hồ Quang Cua နှင့်အဖွဲ့မှ သုတေသနပြုထုတ်လုပ် ခဲ့ပြီး Mr Cua's rice အမည်ဖြင့် လူသိများသော အဆိုပါ ST25 ဆန်အမျိုးအစားသည် ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ဆုရရှိခဲ့သည်။

   ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Trần Thu Quỳnh က ပြည်ပရှိ ဗီယက်နမ် လုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ထွက်ကုန်များကို ကနေဒါဈေးကွက်သို့ ဝင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့မှုအပေါ် များစွာကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ယခင်က ဗီယက်နမ် လုပ်ငန်းရှင်များသည် ကနေဒါသို့ ဆန်တင်ပို့ရန် ကြိုးစားခဲ့သော်လည်း အရည်အသွေး နိမ့်သော ဆန်များကိုသာ တင်ပို့နိုင်ခဲ့ကြောင်း၊ ကနေဒါရှိ ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် ST25 ကဲ့သို့သော အရည်အသွေးမြင့် အမှတ်တံဆိပ်ပါ ဆန်ထုတ်ကုန်များကို ကနေဒါဈေးကွက်သို့ တိုးမြှင့်ပို့ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

    ကနေဒါနိုင်ငံသည် ၁ နှစ်လျှင် ဆန်တန်ချိန် ၅၀၀၀၀၀ ခန့် တင်သွင်းမှုရှိပြီး ဆန်စားသုံးမှု အသင့်အတင့် ကြီးမားသော ဈေးကွက်ဖြစ်သည်။ သို့သော် ဆန်အရည်အသွေးနှင့် ပတ်သက်၍ တင်းကျပ်သော သတ်မှတ်ချက်များ ချမှတ်ထားသည်။

    သွင်းကုန်ဆန်များ၏ အရည်အသွေး ကောင်းမွန်စေရန်အတွက် ဗီယက်နမ်ကုန်သွယ်ရေးရုံး၊ ပို့ကုန်လုပ်ငန်းရှင်များ၊ တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများ အပါအဝင် ကဏ္ဍပေါင်းစုံမှ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း Ms. Quỳnh က ပြောကြားခဲ့သည်။

    ယခုနှစ် ပထမနှစ်ဝက်တွင် ကနေဒါသည် ဆန်တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၂၀၇ သန်း  သုံးစွဲခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဗီယက်နမ်သည် လက်ရှိတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၅ သန်းခန့်ဖြင့် ကနေဒါသို့ ဆန် တင်ပို့သည့် ထိပ်တန်းငါးနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း သိရပါသည်။

Source: Vietnam News, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ယခုနှစ်၌ ရော်ဘာပို့ကုန်တန်ဖိုး ရင်းဂစ် ၃၀ ဘီလီယံရရှိရန် မလေးရှားရော်ဘာကောင်စီ မျှော်မှန်း

    ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်ကာလမှာပင် ပြည်ပသို့ ရော်ဘာအမြောက်အမြားတင်ပို့နိုင်ခဲ့ရာ မလေးရှားနိုင်ငံ၏ ရော်ဘာနှင့် ရော်ဘာပို့ကုန်များအား ပြည်ပသို့တင်ပို့မှုသည် ယခုနှစ်အကုန်တွင် ရင်းဂစ် ၃၀ ဘီလီယံအထိ ရှိလာနိုင်မည်ဟု မလေးရှားရော်ဘာကောင်စီ (Malaysian Rubber Council  ̶  MRC) က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

     မလေးရှားနိုင်ငံ၏ ရော်ဘာနှင့် ရော်ဘာထုတ်ကုန်များတင်ပို့မှု တန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ရင်းဂစ် ၁၅.၅ ဘီလီယံအထိ သိသာစွာပြန်လည်တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အဆိုပါ တင်ပို့မှုတန်ဖိုး၌ ရော်ဘာ ထုတ်ကုန်များသည် ၇၀.၅ ရာခိုင်နှုန်း ပါဝင်လျက် ရင်းဂစ်ငွေ ၁၀.၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတင်ပို့မှုထက် ၂၉.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရော်ဘာတင်ပို့မှုတန်ဖိုးမှာ ရင်းဂစ် ၄.၆ ဘီလီယံ ရှိကြောင်း စက်တင်ဘာ ၂၃ ရက်နေ့၌ MRC က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

   ရော်ဘာလက်အိတ်များကို အများဆုံးတင်ပို့လျက်ရှိရာ ရော်ဘာထုတ်ကုန်တင်ပို့မှု စုစု ပေါင်း၏  ၆၂.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရရှိခဲ့သည့် ရင်းဂစ် ၅.၈ ဘီလီယံထက် ၁၆.၇ ရာခိုင်နှုန်း ပိုမိုပြီး ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်တွင် ရင်းဂစ် ၆.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း MRC ၏ ပြောကြားချက်အရ သိရှိရပါသည်။

    ကျန်းမာ‌ရေးကဏ္ဍအတွက် မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်မားသော လက်အိတ်များကို ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအား များပြားလျက်ရှိရာ ဆေးရုံသုံး လက်အိတ်များ တင်ပို့မှုမှ ရင်းဂစ် ၅ ဘီလီယံရရှိခဲ့ပြီး ၁၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဒုတိယ အများဆုံး တင်ပို့သော ရော်ဘာထုတ်ကုန်မှာ တာယာများဖြစ်ပြီး အများစုသည် နျူမက်တစ်တာယာ အမျိုးအစားအသစ် (New Pneumatic Tyres) ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်တွင် ကမ္ဘာ့ ဈေးကွက်အသီးသီးသို့ တင်ပို့ခဲ့ရာ ဘရာဇီးနိုင်ငံသို့ ၂၂.၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း၊ သို့သော် တာယာတင်ပို့မှုသည် ၁.၇ ရာခိုင်နှုန်းခန့် အနည်းငယ်ကျဆင်းခဲ့ပြီး ရင်းဂစ်ငွေ ၉၆၃.၈ သန်းသာရှိကြောင်း သိရှိရပါသည်။

    ရော်ဘာလက်အိတ်အပြင် ရော်ဘာစေးထုတ်ကုန်များဖြစ်သည့် ခွဲစိတ်ခန်းသုံး ရော်ဘာပိုက် နှင့် ရော်ဘာကြိုးပြား တို့ကိုလည်း တင်ပို့လျက်ရှိရာ ခွဲစိတ်ခန်းသုံး ရော်ဘာပိုက်တင်ပို့မှုသည် ၁၅.၈ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၂၉၈.၁ သန်းသို့ရောက်ရှိခဲ့ပြီး ရော်ဘာကြိုးပြားတင်ပို့မှုသည် ၁၅.၅ ရာခိုင် နှုန်းဖြင့် ရင်းဂစ် ၂၈၂.၅ သန်းသို့ မြင့်တက်ခဲ့ပါသည်။

      ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မလေးရှားနိုင်ငံ၏ စက်မှုနှင့် အထွေထွေသုံး ရော်ဘာပစ္စည်းများ ပြည်ပတင်ပို့မှုသည် အပြုသဘောဆောင် တိုးတက်ခဲ့ပြီး၊ ၆.၇ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၉၃၃.၉ သန်းနှင့် ၅.၁ ရာခိုင်နှုန်းဖြင့် ရင်းဂစ် ၈၅၄.၂ သန်းအသီးသီးရရှိခဲ့ကြောင်း၊ ရော်ဘာဖိနပ် တင်ပို့မှုသည် ၅.၆ ရာခိုင်နှုန်းဖြင့် စံချိန်တင်တိုးတက်ခဲ့ပြီး ပို့ကုန်တန်ဖိုး ရင်းဂစ် ၃၆၄.၉ သန်းကို ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

    MRC ၏ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုသည် မလေးရှား ရော်ဘာထုတ်ကုန်များအတွက် အကြီးဆုံးဈေးကွက်အနေဖြင့် ဆက်လက်ရပ်တည်လျက် ရင်းဂစ် ၃.၄၃ ဘီလီယံ တန်ဖိုးရှိသည့် ရော်ဘာပို့ကုန်စုစုပေါင်း၏ ၃၁.၄ ရာခိုင်နှုန်းတင်ပို့ခဲ့ရပြီး၂၀၂၃ ခုနှစ် ကာလတူထက် ၂၃.၁ ရာခိုင်နှုန်း သိသာစွာ တိုးတက်ခဲ့ကြောင်း၊ အခြား အဓိကတင်ပို့သော ဈေးကွက်များမှာ ရင်းဂစ်‌ငွေ တန်ဖိုးအားဖြင့် ၅၉၃.၁ သန်းဖြင့်  တရုတ်နိုင်ငံ၊ ၅၈၆.၄ သန်းဖြင့် ဂျပန်နိုင်ငံ၊ ၅၈၁ သန်းဖြင့် ဂျာမနီနှင့် ၄၇၀.၁ သန်းဖြင့် စင်ကာပူနိုင်ငံတို့အသီးသီးဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘတ်ငွေတန်ဖိုးခိုင်မာမှုနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေက ထိုင်းဆန်ဈေးနှုန်းကို ကျဆင်းစေ

      ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့် ထိုင်းဘတ်ငွေတန်ဖိုးခိုင်မာမှုတို့ကြောင့် ထိုင်းနိုင်ငံတွင် ဆန်နှင့် စပါးဈေးနှုန်းများသည် မကြာသေးမီလများအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖြစ်ပေါ်သော ဈေးနှုန်းများအား နှိုင်းယှဉ်ပါက စပါး ၁ တန် လျှင် ပျမ်းမျှဈေးနှုန်းအားဖြင့် ဘတ် ၁၀၀၀ ကျဆင်းခဲ့ပြီး ဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ဘတ် ၂၀၀၀ ကျဆင်းလာခဲ့ကြောင်း ထိုင်းဆန်စက်လုပ်ငန်းများအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

      အဆိုပါအသင်း၏ ဥက္ကဋ္ဌ Rangsan Sabaimuang က ကမ္ဘာ့ဈေးကွက်တွင် ဆန်ဝယ်ယူမှု လျော့ကျသွားကြောင်း၊ ယခုကဲ့သို့ ထိုင်းဆန်စပါးဈေးနှုန်းများ ကျဆင်းရသည့် အဓိက အကြောင်း အရင်းမှာ ဈေးနှုန်းများယှဉ်ပြိုင်ရမှု အပါအဝင် ပြည်ပနိုင်ငံများမှ ဆန်ဝယ်လိုအား လျော့ကျခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း၊ ထိုင်းဆန်များ၏ ဈေးနှုန်းများသည် အခြားနိုင်ငံများထက် မြင့်မားနေသဖြင့်  ဘတ်ငွေတန်ဖိုး ခိုင်မာမှုမှ သက်ရောက်မှုရှိကြောင်း ‌ပြောကြားခဲ့သည်။

      အဆိုပါအခြေအနေသည် အထူးသဖြင့် ဗီယက်နမ်နိုင်ငံအပါအဝင် အခြားဆန်တင်ပို့သည့် နိုင်ငံများနှင့် ဈေးနှုန်းပြိုင်ဆိုင်မှု မြင့်တက်စေခဲ့ကြောင်း၊ နိုင်ငံအသီးသီးမှ ဆန်အရည်အသွေး တူညီသောကြောင့် ဝယ်လက်များအနေဖြင့် ဈေးနှုန်းအပေါ် အဓိကထား၍ ဝယ်ယူကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

    ထိုင်းဆန်တင်ပို့သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ Mr. Rangsan က အလေးပေး ပြောဆိုရာတွင် ပထမအချက်မှာ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လယ်သမားများ ထံမှ စပါးများဝယ်ယူနိုင်ရေးအတွက် ငွေဖြစ်လွယ်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ဒုတိယအချက်မှာ ဆန်စက်အသင်းအဖွဲ့များအတွက် တင်းကျပ်သော ချေးငွေဆိုင်ရာ စံနှုန်းများနှင့် မူဝါဒ များကို ငွေကြေးအဖွဲ့အစည်းများက ချမှတ်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းဖြစ်ပြီး ယခုနှစ်တွင် သီးနှံဈေးကောင်းနေသော်လည်း ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှု စရိတ်များ ကြီးမြင့်ခြင်းကြောင့် လယ်သမားများ၏ အကျိုးအမြတ် ရရှိမှုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

    ချေးငွေကန့်သတ်ချက်များ ဖြေလျှော့ပေးရန် ဘဏ်များသို့ တွန်းအားပေးခြင်းဖြင့် ဆန်စက် လုပ်ငန်းရှင်များအား အကူအညီပေးရန် Mr. Rangsan က အစိုးရထံ တောင်းဆိုထားသည်။ စပါး များကို အရန်ဝယ်ယူထားရှိနိုင်စေရန် လုပ်ငန်းရှင်များသို့ ဘဏ်များမှ ချေးငွေထုတ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက် အမျိုးမျိုးကို လျှော့ချခြင်းနှင့် ချေးငွေပမာဏ ကန့်သတ်ချက်ကို တိုးမြှင့်ပေးခြင်းတို့ဖြင့် ဆန်စက်လုပ်ငန်းရှင်များအတွက် ငွေဖြစ်လွယ်မှုကောင်းမွန်အောင် အစိုးရဘက်မှ ကူညီပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဝယ်လိုအား အခြေအနေ၊ အခြားနိုင်ငံများမှ ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းဈေးကွက် အခြေအနေများအပါအဝင် အကြောင်းအချက်အမျိုးမျိုးတို့အပေါ်တွင် မူတည်နေသောကြောင့် ဆန်ဈေးနှုန်းများ၏ အနာဂတ် အလားအလာမှာ မရေရာသေးကြောင်း သိရှိရသည်။

    ဆန်စပါးလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများအနေဖြင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုအကဲဖြတ်ရန် စောင့်ဆိုင်းနေသည့်အတွက် လာမည့်နှစ်၌ ထိုင်းနိုင်ငံ၏ ဆန် ထုတ်လုပ်မှုပမာဏ မည်မျှတိုးလာမည်ကို လက်ရှိတွင် ခန့်မှန်း၍ မရသေးကြောင်း၊  ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းသည် အဆိုပါ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ဆန်စက်လုပ်ငန်းရှင်များနှင့် လယ်သမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လျော့ပါးစေရေး အစိုးရမှ ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် အကြံပြုခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း Mr. Rangsan ပြောကြားခဲ့သည်။

Source: The Nation Thailand, 21 September, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရာသီဥတုဆိုးရွားမှုကြောင့် အိန္ဒိယ၏ ကော်ဖီအထွက် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

    အိန္ဒိယနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် လျက်ရှိသော ကာနာတကာပြည်နယ်၌ ယခုနှစ် ရာသီဥတု ပုံသဏ္ဌာန် မမှန်မှုကြောင့် သီးနှံအထွက် ပမာဏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း လျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေကို တောင်သူများက စိုးရိမ် လျက်ရှိပြီး ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိကြောင်း သိရှိရသည်။

    ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ပုံမှန်ထက် အပူချိန်မြင့်မားခဲ့ပြီး မုတ်သုံရာသီ အကြိုကာလ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုဖြစ်ပေါ်ခြင်းကြောင့် ကော်ဖီပင်များ ပန်းပွင့်မှုမှာ ထိခိုက်မှုရှိခဲ့သည်။ ထို့အပြင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ပိုမိုရွာသွန်းမှုများ တစ်ဆက်တည်း ဖြစ်ပေါ်ခြင်းကလည်း ‌ကော်ဖီဘယ်ရီအသီးများ ကြွေကျမှုကို ဖြစ်ပေါ်စေခဲ့ပြီး အမြစ်ပုပ်ရောဂါ ကျရောက်မှုကဲ့သို့သော ရောဂါဘယများသည်လည်း သီးနှံအထွက်ကျဆင်းစေသည့် အကြောင်း အရင်းဖြစ်ခဲ့သည်။

    ကော်ဖီပင်များ၏ ကောင်း၊ သင့်၊ ညံ့ အခြေအနေမှာ နေရာကွက်ကျားဖြစ်ပေါ်လျက်ရှိပြီး ကာလရှည်ခြောက်သွေ့ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းကဲ့သို့ ရာသီဥတုအစွန်းရောက်ဖြစ် စဉ်များ၏ သီးနှံအထွက်အလားအလာအပေါ် သက်ရောက်မှုမှာ ဆက်လက်ရှိ‌နေခဲ့ကြောင်း၊ သီးနှံ များ၏ စုစုပေါင်းထိခိုက်ဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း၊ ရိုဘတ်စတာ ကော်ဖီများထက် အာရေးဘီးကားကော်ဖီ အထွက်ပမာဏသည် ပိုမိုလျော့နည်းဖွယ်ရှိကြောင်းဖြင့် ကာနာတကာ ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ KG Rajeev က ပြောကြားခဲ့သည်။

     ကာနာတကာပြည်နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက် မိုးရေချိန်ပိုမို ခဲ့ပြီး လက်ရှိအချိန်အထိ မုတ်သုံကာလ၏ မိုးဆက်လက်ရွာသွန်းမှုမှာ ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပေါ် နေဆဲဖြစ်သည်။ အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် မုတ်သုံရာသီ အတွင်း အဆိုပါပြည်နယ်တွင် ဇွန် ၁ ရက်နေ့မှ လက်ရှိအချိန်အထိ မိုးရွာသွန်းမှုသည် Kodagu ခရိုင် ၌ ၅ ရာခိုင်နှုန်းနှင့် Chikmagaluru ခရိုင်တွင် ၄၇ ရာခိုင်နှုန်းအထိ ပိုမိုလျက်ရှိသော်လည်း Hassan ခရိုင်၌မူ ၁၄ ရာခိုင်နှုန်း လျော့နည်းလျက်ရှိနေကြောင်း သိရှိရသည်။ ကော်ဖီ အဓိကစိုက်ပျိုးရာ နယ်မြေဒေသများတွင် မိုးဆက်လက်ရွာသွန်းမှုရှိနေဆဲဖြစ်သည်။

     Kodagu ခရိုင် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ A Nanda Belliappa က မုတ်သုံအကြိုကာလ၌ ကာလရှည်ခြောက်သွေ့မှုနှင့် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု တို့ကြောင့် ကော်ဖီအထွက်ပမာဏသည် ယခင်နှစ်ထုတ်လုပ်မှုအောက် ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း ကျဆင်းနိုင်ကြောင်း၊ လုပ်သားအင်အား ပြတ်လပ်မှုကလည်း ကော်ဖီစိုက်ခင်းများ၌ အရိပ်ကျ ရောက်မှု ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ရန် အခက်အခဲဖြစ်စေကြောင်း၊ အပူချိန်မြင့်မားလျက်ရှိမှုသည်လည်း သီးနှံထွက်ရှိမှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ရှေ့လာမည့်လများ၌ မိုးရွာသွန်းမှု ခန့်မှန်းချက်သည် ကော်ဖီသီးနှံအတွက် အလွန်အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

   အိန္ဒိယနိုင်ငံတွင် အာရေးဘီးကားကော်ဖီအား နိုဝင်ဘာ-ဒီဇင်ဘာလများ၌ ခူးဆွတ်ရိတ် သိမ်းရမည်တော့မည်ဖြစ်သည်။ ကော်ဖီဘုတ်အဖွဲ့၏ ပန်းပွင့်ချိန်အလွန်ကာလ ခန့်မှန်းချက်များ အရ ၂၀၂၃-၂၄ ခုနှစ်တွင် အာရေးဘီးကားကော်ဖီစေ့ တန်ချိန် ၁.၁၃ သိန်းနှင့် ရိုဘတ်စတာ ကော်ဖီတန်ချိန် ၂.၆၁ သိန်း၊ စုစုပေါင်း ကော်ဖီထုတ်လုပ်မှု တန်ချိန် ၃.၇၄ သိန်းခန့် ရှိကြောင်း၊ အဆိုပါ သီးနှံရာသီနှစ်အတွက် အပြီးသတ်ခန့်မှန်းချက်ကို ထုတ်ပြန်မှု မရှိသေးကြောင်း သိရှိရသည်။

   သီးနှံအသစ်ထွက်ရှိမှုသည် ယခင်နှစ်၌ထုတ်လုပ်နိုင်ခဲ့မှုအောက် လျော့နည်းမည်မှာ သေချာကြောင်း၊ အချို့သော နယ်မြေဒေသများတွင် ထိခိုက်လျော့နည်းမှုမှာ ၄၀ ရာခိုင်နှုန်းကို ကျော်လွန်နိုင်ပြီး အချို့‌ဒေသများတွင်မူ အနည်းမျှသာ ထိခိုက်နိုင်ကြောင်း၊ နယ်မြေအားလုံး ခြုံငုံကြည့်ပါက ကော်ဖီအထွက် လျော့နည်းဆုံးရှုံးမှုသည် ၃၀ ရာခိုင်နှုန်း၏ အထက်တွင်ရှိနိုင်ကြောင်း၊ ကော်ဖီဈေးနှုန်းများ ကောင်းမွန်မှုရှိသော်လည်း ရာသီဥတု အပြောင်းအလဲများမှုကြောင့် တောင်သူများ အနေဖြင့် အထွက်ကောင်းမွန်စွာ ရရှိနိုင်မည် မဟုတ်ကြောင်းဖြင့် ကာနာတကာပြည်နယ် စိုက်ပျိုးထုတ်လုပ်သူများ အသင်းချုပ်၏ ဥက္ကဋ္ဌ HT Mohan Kumar က ပြောကြားခဲ့သည်။

   ကီရာလာပြည်နယ်ရှိ ကော်ဖီအဓိကစိုက်ပျိုးရာ  Wayanad ခရိုင်တွင်လည်း မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် သီးနှံအထွက် ထိခိုက်လျော့နည်းမည့် အခြေအနေရှိသည်။ ဇွန်လအစောပိုင်း၌ ထုတ်ပြန်ခဲ့သော အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ခန့်မှန်းချက်တွင် အောက်တိုဘာလမှ စတင်မည့် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီထုတ်လုပ်မှုမှာ အထူးသဖြင့် အာရေးဘီးကားကော်ဖီ အမျိုးအစားသည် အထွက်ကျဆင်းမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

Source: The Hindu Business Line, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အခွန်နှုန်းမြင့်တက်မှုအရ စားအုန်းဆီအဝယ်စာချုပ်များအား အိန္ဒိယကုန်သည်များ ဖျက်သိမ်း

     အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား အစိုးရက မြှင့်တင်ခဲ့သဖြင့် စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းများသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယဆိပ်ကမ်းအရောက် ပေးသွင်းရန် ချုပ်ဆိုထားသော ကုန်ချိန်အားဖြင့် မက်ထရစ်တန် ၁၀၀၀၀၀ ပမာဏရှိသည့် စားအုန်းဆီအဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

     မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးကွက်၌ ၂ လခွဲခန့် ကာလအတွင်း အမြင့်ဆုံးအဖြစ် ကြိုတင်အရောင်း ဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရှိ စားသုံးဆီ ပြန်လည်သန့်စင် သည့် စက်ရုံလုပ်ငန်းများအနေဖြင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖျက်သိမ်းလိုက်သည့် တန်ချိန် ၅၀၀၀၀ အပါအဝင် အဆိုပါ စားအုန်းဆီတန်ချိန်ပမာဏ စုစုပေါင်းကို ၄ ရက်တာကာလအတွင်း စာချုပ်များ ပယ်ဖျက်ခဲ့ကြခြင်းဖြစ်သည်။

    အချို့သော လုပ်ငန်းရှင်များက ပဲပုပ်ဆီ ဝယ်ယူရန် ပြောင်းလဲခဲ့ကြသဖြင့် ပဲပုပ်ဆီ ဈေးနှုန်း များကို မြင့်တက်လာစေနိုင်သော်လည်း အိန္ဒိယကုန်သည်များ၏ အဝယ်စာချုပ်များ ဖျက်သိမ်းမှု သည် မလေးရှားစားအုန်းဆီဈေးကွက်၌ ဈေးနှုန်းများ အပြိုင်အဆိုင်မြင့်တက်မှုကို ကန့်သတ်ချက် ဖြစ်စေဖွယ်ရှိသည်။

    အိန္ဒိယအစိုးရသည် စက်တင်ဘာလ အစောပိုင်းတွင် စားသုံးဆီကြမ်းနှင့် သန့်စင်ပြီးစားသုံး ဆီချောများအပေါ် စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်းထားများကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ ရာ စားအုန်းဆီကြမ်း တင်သွင်းမှုအပေါ် ကောက်ခံသော အခွန်စုစုပေါင်းသည် ၅.၅ ရာခိုင် နှုန်းသာရှိရာမှ ၂၇.၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။

   အိန္ဒိယ အရှေ့ပိုင်းကမ်းရိုးတန်းဒေသ၌ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်မှုကို လုပ်ကိုင် လျက်ရှိပြီး အောက်တိုဘာလအတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီအဝယ်စာချုပ်ကို ဖျက်သိမ်း ခဲ့သော အိန္ဒိယလုပ်ငန်းရှင်တစ်ဦးက သွင်းကုန်အပေါ် အကောက်ခွန်နှုန်းမြင့်မားစွာတိုးမြှင့်မှုနှင့် မလေးရှားဈေးကွက်၌ ဈေးနှုန်းများ ရုတ်တရက်ခုန်တက်လာမှုသည် လုပ်ငန်းရှင်တိုင်းအတွက် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုသည် စာချုပ်အဟောင်းများအတိုင်း ဆီကြမ်းဝယ် ယူ သန့်စင်ပြီး ဆီချောရောင်းချခြင်းထက် ၎င်းစာချုပ်များဖျက်သိမ်းခြင်းက ပိုမိုအကျိုးရှိမည့် အခြေ အနေကို ဖန်တီးပေးလျက်ရှိကြောင်း၊ ဆီကြမ်းရောင်းချသူများ အနေဖြင့်လည်း ဝယ်လက်အသစ် များထံ ပိုမိုမြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချမှုပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံသည် လစဉ် ပျမ်းမျှ စားအုန်းဆီတန်ချိန် ၇၅၀၀၀၀ ခန့်ကို တင်သွင်းလျက်ရှိရာ စာချုပ်များ ဖျက်သိမ်းခဲ့သော တန်ချိန် ၁၀၀၀၀၀ သည် လစဉ်တင်သွင်းမှု ပမာဏ၏ ၁၃.၃ ရာခိုင် နှုန်းခန့်ရှိသည်။ လက်ရှိကာလတွင် အိန္ဒိယဆိပ်ကမ်းသို့ အောက်တိုဘာလအရောက် ပေးပို့ရောင်း ချရန် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်များ ပါဝင်ပြီးဖြစ်သည့် စားအုန်း ဆီကြမ်း ၁ တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀၈၀ (ရင်းဂစ် ၄၅၃၈.၁၆) ခန့်ဖြင့် ကမ်းလှမ်း မှုရှိပြီး ယခင် ၁ လခန့်၌ ဖြစ်ပေါ်ခဲ့သော ဒေါ်လာ ၉၈၀ မှ ၁၀၀၀ အတွင်း ဈေးနှုန်း ဖြင့် နှိုင်းယှဉ်ပါက ၁ တန်လျှင် ဒေါ်လာ ၈၀ မှ ၁၀၀ အထိ ဝယ်ယူသူများအတွက် အမြတ်အစွန်းခြားနားမှု ဖြစ်ပေါ်စေ လျက်ရှိသည်။

    အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများသည် စာချုပ်များဖျက်သိမ်းခြင်းဖြင့် ပိုမိုအကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်လျက်ရှိကြသည်ဟု စားသုံးဆီတင်သွင်းမှုလုပ်ကိုင်သည့် ဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Patanjali Foods Ltd မှ ဒုတိယဥက္ကဋ္ဌ Aashish Acharya က ပြောကြားခဲ့သည်။

    ဟင်းသီးဟင်းရွက်ဆီ ရောင်းဝယ်ရေးနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သော Sunvin Group မှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria ကလည်း ဆီပြန်လည်ပြုပြင်သန့်စင်သူများအတွက် ယခုကဲ့သို့ ဈေးနှုန်းများမြင့်မားသည့် အခြေအနေတွင် ဒီဇင်ဘာလ၌ ကုန်ဆုံးမည့် ၃ လပတ်ကာလအတွင်း ဝယ်လိုအားမည်မျှရှိမည်မှာ သေချာရေရာမှု မရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးနှုန်းများ အမြင့်ပိုင်း၌ ဆက်လက်တည်ရှိနေမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ ဤအချက်က အဝယ်စာချုပ်များ ကို ဖျက်သိမ်းမှု ဖြစ်စေခဲ့သည့် အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုထားသည်။

    ဈေးနှုန်းအတက်အကျကို တုံ့ပြန်လွယ်သော အာရှ‌ဒေသမှဝယ်ယူသူများသည် သမားရိုးကျ အားဖြင့် ဈေးနှုန်းနည်းပါးမှုနှင့် သင်္ဘောတင်ပို့ချိန်ကာလ တိုတောင်းမှုတို့အရ စားအုန်းဆီအပေါ် အမှီပြုနေကြခြင်းဖြစ်သည်။ သို့သော် မကြာသေးမီကာလ၌ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ စားအုန်းဆီ ကုန်သွယ်ရောင်းဝယ်မှုမှာ ပဲပုပ်ဆီကို ကျော်လွန်လျက် ပရီမီယံဈေးနှုန်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။

   ဝယ်ယူသူများအနေဖြင့် ဆောင်းရာသီကာလအတွက် ဈေးနှုန်းမြင့်မားသည့် စားအုန်းဆီထက် ဈေးနှုန်းပိုမိုသက်သာသော ပဲပုပ်ဆီနှင့် နေကြာဆီများကို ပြောင်းလဲဝယ်ယူကြလိမ့်မည်ဟု မွန်ဘိုင်းမြို့အခြေစိုက် စားသုံးဆီ ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

   စားအုန်းဆီသည် နိမ့်ကျသောအပူချိန်၌ ဆီခဲခြင်းဖြစ်ပေါ်လေ့ရှိသဖြင့် ဆောင်းရာသီဥတု ကျရောက်သည့် လများအတွင်း အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမှာ ပုံမှန်အားဖြင့် ပမာဏ အသင့်အတင့်သာရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း တို့မှလည်းကောင်း၊ ပဲပုပ်ဆီနှင့် နေကြာဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ လည်းကောင်း အဓိကဝယ်ယူတင်သွင်းခြင်းဖြစ်သည်။

Source: The Edge Malaysia, 23 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

စားအုန်းဆီတင်ပို့မှုအပေါ် အခွန်စည်းကြပ်မှု စည်းမျဉ်းအသစ်များ အင်ဒိုနီးရှား ထုတ်ပြန်

    ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြိုင်ဘက် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်မှုအဖြစ် စားအုန်းဆီတင်ပို့မှု အပေါ် ကောက်ခံသော အခွန်နှုန်းထားများကို လစဉ်ထုတ်ပြန်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းအသစ်များအား စက်တင်ဘာ ၁၉ ရက်နေ့၌ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရသည်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်သက်ရောက်မှုရှိမည့် အဆိုပါ စည်းမျဉ်း အသစ်များအရ ပြည်ပသို့ စားအုန်းဆီကြမ်း တင်ပို့ရာတွင် အစိုးရက အခါအားလျော်စွာထုတ်ပြန်သော ရည်ညွှန်းဈေးနှုန်း၏ ၇.၅ ရာခိုင်နှုန်းကို ပို့ကုန်အခွန်အဖြစ် စည်းကြပ်မည်ဖြစ်သည်။ ပြုပြင် သန့်စင်ပြီး စားအုန်းဆီချော တင်ပို့ရာ၌မူ ပိုမိုသန့်စင်ကောင်းမွန်သော ဆီချောဖြစ်ပါက နိမ့်ကျသည့် အခွန်နှုန်းထားကို ပေးဆောင်စေသည့်စနစ်ဖြင့် သတ်မှတ်ရည်ညွှန်ဈေးနှုန်းများ၏ ၃ ရာခိုင် နှုန်းမှ ၆ ရာခိုင်နှုန်းအထိကို စည်းကြပ်မည်ဖြစ်ကြောင်း၊ စားအုန်းဆီ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေရန်နှင့် တောင်သူများ၏ လတ်ဆတ်ဆီအုန်းသီးခိုင်များ ဈေးကောင်းရရှိ စေရေး ထောက်ပံ့ပေးရန်အတွက် ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခု ပို့ကုန်အခွန်နှုန်းထားအသစ်များ ထုတ်ပြန်မှုမတိုင်မီ၌ အင်ဒိုနီးရှားအစိုးရက စားအုန်း ဆီကြမ်း တင်ပို့မှုအပေါ် ကောက်ခံခဲ့သည့် နှုန်းထားများမှာ လစဉ်ထုတ်ပြန်သော ရည်ညွှန်းဈေးနှုန်းအတွက် ဈေးနှုန်းအုပ်စုများ ခွဲခြားသတ်မှတ်ချက်ကို မူတည်၍ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၅ မှ ၂၄၀ အတွင်းရှိသည်။

     မလေးရှားနိုင်ငံ Selangor ပြည်နယ်အခြေစိုက် စားအုန်းဆီရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်းတစ်ခုဖြစ်သော Pelindung Bestari မှ ဒါရိုက်တာ Paramalingam Supramaniam က ယခုလုပ်ဆောင်ချက်သည် အထူးသဖြင့် အောက်တိုဘာလမှ စတင်၍ အင်ဒိုနီးရှား ပင်ရင်းဒေသထွက် စားအုန်းဆီများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုလာစေလိမ့်မည်ဖြစ်ကြောင်း၊ မလေးရှား ပင်ရင်းဒေသထွက် စားအုန်းဆီများသည်လည်း အလားတူ လိုက်ပါယှဉ်ပြိုင်နိုင်ရေးအတွက် အခွန်လျော့ချရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ကဲ့သို့သော ၎င်း၏ ပြိုင်ဘက်စားသုံးဆီများနှင့် နှိုင်းယှဉ်ပါက ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျလျက်ရှိသဖြင့် ပြောင်းလဲမှုများကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု အစိုးရအရာရှိတစ်ဦးက ယခင်ကပြောဆိုထားခဲ့သည်။ အင်ဒိုနီးရှား အစိုးရအနေဖြင့် လုပ်ကွက်ငယ်တောင်သူများ၏ ဆီအုန်းပင်များ ပြန်လည်စိုက်ပျိုးမှုနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုကဲ့သို့သော အစီအစဉ်များသို့ ရန်ပုံငွေထောက်ပံ့ပေးရန်အတွက် အဆိုပါ ပို့ကုန်အခွန် များကို စည်းကြပ်ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Edge Malaysia, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ