Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

စိုက်ပျိုးရေးကဏ္ဍကို ပိုမိုအထောက်အကူပြုနိုင်စေရန်အတွက် လာအိုတွင် e-commerce platform စတင်မိတ်ဆက်

         လာအိုစိုက်ပျိုးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒေသတွင်းလယ်သမားများ ရောင်းဝယ်ဖောက်ကားမှုတိုးတက်လာစေရေးနှင့် ဝယ်ယူသူများအဆင်ပြေစေရေး စသည်တို့ကိုရည်ရွယ်၍ လာအိုနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများအတွက် E-commerce platform ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ စတင်မိတ်ဆက်သည့်အခမ်းအနားကို လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဥက္ကဋ္ဌ Mr Malathong Kommasith နှင့် လာအိုနိုင်ငံတရုတ်နိုင်ံငံသံရုံးမှ Mr wang chang တို့တက်ရောက်ခဲ့ကြသည်။ တနင်္လာနေ့တွင် ဖွင့်လှစ်ခဲ့သော အဆိုပါဖွင့်ပွဲတွင် ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းမြှင့်တင်ရေးဦးစီးဌာနမှ ဒါရိုက်တာ vithoum sitthmolada လည်းတက်ရောက်ခဲ့ပြီး ယင်းက ယခုကဲ့သို့ platform  တည်ထောင်နိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရမှ အဓိကထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း vithoum sitthmolada ကပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက ယခုplatform တွင် လာအိုနိုင်ငံ၏ စိုက်ပျိုးရေးလယ်ယာထွက်ကုန်ပစ္စည်းများအတွက် သီးသန့်ပြုလုပ်ထားသည့် သီးသန့်သတင်းအချက်လက်ပေးမည့် အဓိကအရင်းမြစ် e-commerce platform ဖြစ်ကြောင်းပြောကြားခဲ့သည်။ e-commerce platform ကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၁၉ရက်နေ့တွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ပြည်သူအများကြည့်ရှုနိုင်သည့် website အဖြစ် လာအိုလယ်ယာထွက်ကုန်များအတွက် သတင်းအချက်အလက်ရင်းမြစ်ဖြစ်သည့် ပလပ်ဖောင်းတစ်ခုဖန်တီးခြင်းသည် လာအိုနိုင်ငံ၏ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုနယ်ပယ်တွင် သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတစ်ခုဖန်တီးရန် အစပျိုးမှု၏တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။

Source-xinhua

DOCA(မန္တလေး)

Google ၏ ရင်းနှီးမြှုပ်နှံမှုက မလေးရှားနိုင်ငံ၏ GDP ကို ၂၀၃၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့် ထပ်တိုးစေနိုင်

          Google က ၎င်းတို့၏ မလေးရှားတွင် ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင် ၂၆၅၀၀ကိုဖန်တီးနိုင်ပြီး မလေးရှား၏ စီးပွားရေးကို ၂၀၃၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံ ထပ်တိုးစေနိုင်ကြောင်း ၎င်းတို့၏ Data Centre နှင့် Cloud Region စတင်တည်ဆောက်သည့် ၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မလေးရှားတွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံတန်ဖိုးရှိသည့် Google ၏ Data Centre သစ်သည် အမြင့်ဆုံးသော Cloud ဝန်ဆောင်မှုပေးနိုင်ရန်အတွက် မလေးရှားပြည်တွင်းနည်းပညာလုပ်ငန်း Dagang Nexchange Berhad နှင့် ၎င်းတို့၏ နှစ်ရှည်မိတ်ဖက်ဖွဲ့ကြောင်း ကြေညာပြီးနောက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Google သည် အရှေ့တောင်အာရှတွင် AI နည်းပညာပံ့ပိုးပေးရန်နှင့် Cloud သုံးစွဲလိုအားကြီးထွားလာမှုကို ဖြည့်ဆည်းရန်အတွက် ထိုင်းနိုင်ငံတွင်လည်း အမေရိကန်ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံ၍ Data Centre နှင့် Cloud Region တည်ဆောက်သွားမည်ဟုသိရပါသည်။ Google ၏ဥက္ကဋ္ဌဖြစ်သူ Ruth Porat က ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတစ်လွှား Cloud နှင့် AI ဝန်ဆောင်မှုများအတွက် သုံးစွဲလိုအားကိုဖြည့်ဆည်းပေးရန် စွမ်းဆောင်ရည်မြင့်မားပြီး ယုံကြည်အားထားရသော ဝန်ဆောင်မှုများကိုပံ့ပိုးပေးနိုင်ရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုများသည် မလေးရှား၏စီးပွားရေးကို ယခုနှစ်တွင် တွန်းပို့ပေးခဲ့ပြီး ယခုနှစ် ပထမ ၆လတာကာလတွင် နိုင်ငံ၏ စီးပွားရေးကြီးထွားမှုသည် ဈေးကွက်ခန့်မှန်းချက်များထက် ကျော်လွန်ခဲ့ကြောင်းသိရပါသည်။ Porat က ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုသည် ရေအရည်အသွေးတိုးတက်စေရေးနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်ရေးအတွက် ၂၀၁၉ခုနှစ်ကတည်းက လေ့ကျင့်ထားသည့် မလေးရှားလူမျိုး ၃၅၅၀၀၀ကဲ့သို့သော တည်ငြိမ်မှုရှိသည့် ကနဦးစတင်မှုအသစ်များအတွက် ပံ့ပိုးပေးရန်ပါဝင်ကြောင်းပြောကြားခဲ့ပါသည်။ Google ၏ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့နည်းပညာကုမ္ပဏီများက အရှေ့တောင်အာရှဈေးကွက်သို့ ကျယ်ပြန့်စွာတိုးချဲ့လာကြမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်အစောပိုင်းတွင် Microsoft က အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံတန်ဖိုးရှိသည့် Cloud ဝန်ဆောင်မှုရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့ပြီး Amazon က စင်္ကာပူတွင် အမေရိကန်ဒေါ်လာ ၉ဘီလီယံ၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅ဘီလီယံနှင့် မလေးရှားတွင် အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းသိရပါသည်။ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Aziz က Data Centre များသည် AI ပါဝင်သော နည်းပညာကဏ္ဍတွင် ဒေသတွင်းဦးဆောင်သူဖြစ်လာရန် နိုင်ငံ၏ရည်မှန်းချက်များကို ပံ့ပိုးပေးနိုင်မည်ဟုပြောကြားခဲ့ပါသည်။

Source : Bankok Post

DOCA(ရန်ကုန်)

Oracle သည် မလေးရှားနိုင်ငံတွင် AI နှင့် Cloud computing နည်းပညာများအတွက် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမည်

         Oracle သည် ၎င်း၏ဉာဏ်ရည်တု (AI) နှင့် Cloud Cloud ဝန်ဆောင်မှုများ၏ လျင်မြန်စွာကြီးထွားလာနေသော ဝယ်လိုအားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မလေးနိုင်ငံတွင် အများပိုင် Cloud ဒေသတစ်ခုကိုဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၂-၁၀-၂၀၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင်ကြေညာခဲ့သည်။ ထို Cloud ဒေသသည် မလေးရှားရှိ ၎င်း၏ဖောက်သည်များနှင့် မိတ်ဖက်များအား AI အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို လွှမ်းမိုးနိုင်စေမည်ဖြစ်ပြီး အရေးပါသောအလုပ်တာဝန်များကို Oracle Cloud Infrastructure (OCI) သို့ ရွှေ့ပြောင်း နိုင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Datuk Seri Zafrul Abdul Aziz က Oracle ၏ ၃၆နှစ်ကြာခြေရာကို ချဲ့ထွင်ခြင်းအား ကိုယ်စားပြုသည့် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံရင်းနှီးမြှုပ်နှံမှုအား မလေးရှားနိုင်ငံမှ နွေးထွေးစွာကြိုဆိုကြောင်းပြောကြားခဲ့သည်။ ထိုရင်းနှီးမြှုပ်မှုသည် မလေးရှားအဖွဲ့အစည်းများ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်အတွက် ဆန်းသစ်ပြီး ခေတ်မီသော AI နှင့် Cloud နည်းပညာတို့ဖြင့် ခွန်အားသစ်ဖြစ်စေမည်ဖြစ်သည်။ မလေးရှားတွင် အများပိုင် Cloud ဒေသတစ်ခုတည်ထောင်ရန်ဟူသော Oracle ၏ဆုံးဖြတ်ချက်သည် မလေးရှား၏ အခြေခံအဆောက်အအုံအဆင်သင့်ဖြစ်မှုနှင့် ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုကြောင်း Oracle မှ ပြောကြားခဲ့သည်။ သုံးစွဲသူများသည် Oracle ၏ OCI Generative AI Agent များအပြင် နိုင်ငံ၏နယ်နိမိတ်အတွင်း အချုပ်အခြာအာဏာပိုင် AI မော်ဒယ်များကိုထိန်းသိမ်းထားနိုင်ရန် အရှိန်မြှင့်ထားသော မျိုးဆက်သစ် AI ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Oracle Automotive Database နှင့် Oracle Cloud VMware Solution အပါအဝင် ဝန်ဆောင်မှု ၁၅၀ ကျော်ကိုလည်းရရှိနိုင်ပြီး သုံးစွဲသူများ၏ အခြေခံအဆောက်အဦ၊ ပလပ်ဖောင်း သို့မဟုတ် ဆော့ဖ်ဝဲလ် (SaaS) ဝန်ဆောင်မှုများအဖြစ် ပေးဆောင်နိုင်လိမ့်မည်ဟု Oracle မှ ထပ်လောင်းပြောကြားခဲ့သည်။

Source : the star

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာခရီးသွားများ ၄.၂၉ သန်းကို ဆွဲဆောင်နိုင်ခဲ့

        ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ပထမ ၈လတာကာလတွင် နိုင်ငံတကာခရီးသွား ၄.၂၉ သန်းအား ဆွဲဆောင်နိုင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ ၂၇-၉-၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရှိခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ခရီးသွားလာရောက်မှုတွင် ၁၃.၄ သန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဗီယက်နမ်နှင့် တရုတ်တို့မှာ ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရပ်တည်နေကြောင်းသိရပါသည်။ အစီရင်ခံစာအရ ခရီးသွား ၃၅.၈% သည် လေကြောင်းမှ လာရောက်ခဲ့ပြီး ၆၄.၂% မှာ ကုန်းလမ်းကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ခရီးသွားကဏ္ဍကို နိုင်ငံ၏ “green gold” ဟုဖော်ညွှန်းခဲ့ပြီး နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပါဝင်သည့်အရာကို ကမ္ဘာ့ခရီးသွားနေ့တွင် ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်ကုန်တွင် နိုင်ငံတကာခရီးသွား ၆သန်းနီးပါးအား လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ပြီး ၂၀၂၆ခုနှစ်တွင် ခန့်မှန်း ၇သန်းထိဆွဲဆောင်နိုင်မည်ဟု အကောင်းမြင်သုံးသပ်ခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးချုပ်က ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် စတင်လည်ပတ်ခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံထားသည့် 4E အဆင့် Siem Reap Angkar နိုင်ငံတကာလေဆိပ်၏ အရေးပါမှုနှင့် ၂၀၂၅ခုနှစ် ပထမနှစ်ဝက်တွင် ဖွင့်လှစ်မည့် 4E အဆင့် Techo နိုင်ငံတကာလေဆိပ်သည် ခရီးသွားကဏ္ဍကြီးထွားမှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဟု အသားပေးပြောကြားခဲ့ပါသည်။ ခရီးသွားကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးထားသည့် ဒေါက်တိုင် ၄ခုအနက် ၁ခုဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် ထိုကဏ္ဍမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၀၈ ဘီလီယံဖန်တီးနိုင်ခဲ့ပြီး တိုက်ရိုက်အလုပ်အကိုင်နေရာ ၄၅၀၀၀၀ ကိုဖန်တီးနိုင်ခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ အဆိုအရသိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)                           

Foxconn သည် HCL ဖြင့် semiconductor ဖက်စပ်ဆောင်ရွက်မှုတွင် Rs ၄၂၄ ကုဋေအထိရင်းနှီးမြှုပ်နှံရန်စီစဉ်

        ထိုင်ဝမ်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး Foxconn သည် အိန္ဒိယနိုင်ငံ၏ HCL Group  နှင့်ပူးပေါင်းတည်ထောင်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းဖက်စပ်လုပ်ငန်းတစ်ခုတွင် Rs ၄၂၄ကုဋေအထိရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရားဝင်မှတ်တမ်းများနှင့် သတင်းအရင်းအမြစ်များအရသိရသည်။ iPhone ကန်ထရိုက်လုပ်ငန်းလုပ်သူသည် ဆီမီးကွန်ဒတ်တာဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၄၀ရာခိုင်နှုန်းကို ရူပီး ၃၁၂ကုဋေခန့်ဖြင့်ဝယ်ယူခဲ့သည်။ သတင်းအရင်းအမြစ်များ၏အဆိုအရ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် Foxconn-HCL OSAT (Outsourced Semiconductor Assembly And Test) စက်ရုံအား အိန္ဒိယတွင် တည်ဆောက်ရန်အတွက်ဖြစ်သည်။ အစောပိုင်းတွင် Foxconn သည် ၎င်း၏လုပ်ငန်းခွဲ Big Innovation Holding မှတစ်ဆင့် ဖက်စပ်လုပ်ငန်းတွင် ရူပီး ၂၄၆ကုဋေခန့်ရင်းနှီးမြှုပ်နှံခဲ့ပြီး Foxconn Hon Hai Technology India Mega Development Private Limited မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအား ရူပီး ၃၁၂ ကုဋေအထိတိုးမြှင့်ခဲ့သည်။ ကုမ္ပဏီသည် ဩဂုတ်လ ၂၀၂၄ခုနှစ်အထိ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ဘီလီယံအထိတိုးလာခဲ့သည်။ လက်ရှိတွင် ကုမ္ပဏီသည် အိန္ဒိယရှိလူပေါင်း ၄၈၀၀၀ကျော်အား အလုပ်ခန့်အပ်ထားသည်။ Foxconn သည် အိန္ဒိယရှိ iPhone များထုတ်လုပ်ရေးတွင် ပါဝင်နေပြီးဖြစ်ပြီး Karnataka တွင် အခြားသော mega unit တစ်ခုတည်ထောင်ခြင်းဖြင့် နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ ၎င်းသည် အိန္ဒိယတွင် လျှပ်စစ်ကားနှင့် ဘတ်ထရီထုတ်လုပ်သည့် စက်ရုံကိုတည်ထောင်ရန်လည်း အစီအစဉ်ရှိကြောင်းသိရသည်။ Foxconn ကုမ္ပဏီသည် Doddaballapura နှင့် Bengalura ကျေးလက်ခရိုင်ရှိ Devanahalli Taluk တွင်တည်ရှိသော ITIR စက်မှုဇုန်တွင် မြေဧက ၃၀၀ကိုရယူထားသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏ ရူပီး ၂၂၀၀၀ကုဋေရှိသော အဆိုပါပရောဂျက်သည် လူပေါင်း ၅၀၀၀၀ကျော်အတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြသည်။

Source : business-standard.com 

DOCA(ရန်ကုန်)        

ဗီယက်နမ်သီဟိုဠ်စေ့လုပ်ငန်း ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရ

         သီဟိုဠ်စေ့များသည် ဗီယက်နမ်အတွက် ကြီးမားသည့်ဈေးကွက်ကိုဖန်တီးပေးသည့် ပို့ကုန်များထဲမှ တစ်ခုဖြစ်သော်လည်း ယခုအခါ ထိုလုပ်ငန်းသည် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာသောကြောင့် ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ ယခုနှစ် ပထမ ၈လတွင် သီဟိုဠ်စေ့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်(၂၀၂၃၏ တူညီသည့်ကာလထက် ပမာဏ ၂၂.၉ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေရရှိမှုသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုကုန်ကျစရိတ်ကြားကွာဟမှုသည် တဖြည်းဖြည်းကျဉ်းမြောင်းလာကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် သီဟိုဠ်စေ့တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၆၄ ဘီလီယံရရှိခဲ့သော်လည်း ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် သီဟိုဠ်စေ့လုပ်ငန်းနယ်ပယ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ သန်း၅၀၀ရရှိခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏  ပထမ(၈)လတာကာလတွင် သီဟိုဠ်စေ့လုပ်ငန်းသည် ပြုပြင်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံသုံးစွဲခဲ့ပြီးဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၂၀၂၃) စုစုပေါင်းတင်သွင်းမှုတန်ဖိုးနှင့် နီးကပ်နေပြီဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်သည် သီဟိုဠ်စေ့များပြုပြင်ထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်ဆုံးက ဦးဆောင်နေသည့် နိုင်ငံဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့တွင် များပြားသည့် သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံများရှိသော်လည်း ပြည်တွင်းသီဟိုဠ်စေ့ကုန်ကြမ်းဧရိယာသည် ထိုစက်ရုံများဝယ်လိုအား၏ ၁၀ရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းသာပြည့်မီသည်အထိ လျော့ကျလျက်ရှိကြောင်းသိရပါသည်။ ကုန်ကြမ်းပစ္စည်းအများစုကို အာဖရိကနှင့် ကမ္ဘောဒီးယားမှတင်သွင်းကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် သီဟိုဠ်စေ့ကုန်ကြမ်းထောက်ပံ့မှုသည် အတော်အသင့်ကြီးထွားခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုကြောင့် ထောက်ပံ့နိုင်စွမ်းမှာ သိသာစွာကျဆင်းခဲ့ကြောင်းသိရပါသည်။ ထို့ပြင် အာဖရိကနိုင်ငံများ၏ သီဟိုဠ်စေ့ကုန်ကြမ်းများတင်ပို့ရောင်းချသည့် ဈေးနှုန်းမှာလည်း ၄၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ် ၏ သီဟိုဠ်စေ့အချောထည်တင်ပို့မှုဈေးနှုန်းမှာ သိသာစွာမကြီးထွားလာခဲ့သောကြောင့် လုပ်ငန်းများမှာ ကြီးမားစွာအရှုံးပေါ်ကြကြောင်း သိရပါသည်။  ဗီယက်နမ်သီဟိုဠ်စေ့အသင်း၏အဆိုအရ ဗီယက်နမ်၏ သီဟိုဠ်ပင်စိုက်ပျိုးသည့်ဧရိယာသည် တစ်နှစ်ထက်တစ်နှစ်လျော့ကျလာပြီး ဝင်ငွေရရှိမှုနည်းပါးခြင်းနှင့် တင်သွင်းလာသည့် သီဟိုဠ်စေ့အကြမ်းထည်များနှင့် ကြီးမားစွာယှဉ်ပြိုင်ရမှုကြောင့် ပြည်တွင်းစိုက်ပျိုးသူများသည် တန်ဖိုးမြင့်အခြားသီးနှံများအား ပြောင်းလဲစိုက်ပျိုးလာကြကြောင်းသိရပါသည်။ အသေးစားနှင့်အလတ်စားစက်ရုံများသည်လည်း သီဟိုဠ်စေ့ကုန်ကြမ်းဝယ်ယူရာတွင် ကြီးမားသည့်ပြုပြင်ထုတ်လုပ်တင်ပို့သည့်လုပ်ငန်းများ  အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နေရကြောင်းသိရပါသည်။ Binh Phuoc သီဟိုဠ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ Uu Thai Son က သီဟိုဠ်စေ့လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုသည် အမြဲတမ်းအလွန်နည်းပါးပြီး ယခုအခါ အကျိုးအမြတ်မရရှိသည့်အပြင် တချို့မှာ အရှုံးပေါ်ကြကြောင်းပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား တရုတ်နိုင်ငံ Guangxi ပြည်နယ်သို့ တိုက်ရိုက်ပို့ဆောင်ရန်ရှိ

        ကမ္ဘောဒီးယားအသင်းအဖွဲ့များသည် တရုတ်နိုင်ငံ Guangxi ပြည်နယ်သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့ရာတွင် တတိယနိုင်ငံဖြတ်သန်းစရာမလိုဘဲ လွယ်ကူချောမွေ့စွာတင်ပို့နိုင်စေရန်အတွက် တရုတ်နိုင်ငံအကောက်ခွန်စီမံအုပ်ချုပ်မှုအဖွဲ့နှင့် နားလည်မှုသဘောတူစာချွန်လွှာ (MOU) ၃ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။  MOU များကို တရုတ်နိုင်ငံ Nanning မြို့တွင် ၂၆-၉-၂၀၂၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော 21st CAEXPO RCEP Agriculture and Food Products Trade and Industry Coorperation ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠိစေ့အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Uon Silot က ၎င်း၏အသင်း၊ ကမ္ဘောဒီးယားဇီဝဇိုးငှက်အသင်းနှင့် ကမ္ဘောဒီးယား-တရုတ် ပီလောပီနံမိတ်ဖက်အသင်းတို့သည် ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ Guangxi ပြည်နယ်သို့တင်ပို့ရာတွင် အတားအဆီးတချို့ကိုလျှော့ချပေးမည့် MOU များကို လက်မှတ်ရေးထိုးခဲ့ကြောင်းပြောကြားခဲ့ပါသည်။ Silot က အတိတ်ကာလတွင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားမှ လတ်ဆတ်သောစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရာတွင် တရုတ်နိုင်ငံအကောက်ခွန်စီမံအုပ်ချုပ်မှုအဖွဲ့၏ ခွင့်ပြုချက်အာဏာအောက်တွင် စစ်ဆေးခြင်းလုပ်ငန်းစဉ်များမှာ အလွန်ရှုပ်ထွေးသည့်အတွက် တချို့ထုတ်ကုန်များကို တတိယနိုင်ငံမှတစ်ဆင့် တင်သွင်းရကြောင်းပြောကြားခဲ့ပါသည်။  MOU များ လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တရုတ်နိုင်ငံသို့တင်သွင်းရာတွင် အတားအဆီးများကိုလျှော့ချနိုင်မည်ဟုသိရပါသည်။ MOU များတွင် အပေါင်းလက္ခဏာဆောင်သောအချက်ရှိပြီး ပထမအချက်သည် ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ Guangxi ပြည်နယ်ရှိ အထူးစီးပွားရေးဇုန်များသို့ တိုက်ရိုက်ရောက်ရှိကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံရှိများစွာသော ဈေးကွက်များသို့ အကောက်ခွန်အခြေအနေအနည်းငယ်ဖြင့် ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယအချက်အနေဖြင့် ကမ္ဘောဒီးယားတွင် လက်ရှိတည်ရှိနေသော အထူးစီးပွားရေးဇုန်များ၌ စိုက်ပျိုးမွေးမြူရေးပြုပြင်ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လမ်းကြောင်းသစ်များဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။            

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ pangasius ငါးစီဖောင်းတင်သွင်းရန် အမေရိကန်ဒေါ်လာ ၂၁သန်းသုံးစွဲသည့် တရုတ်နိုင်ငံ

      ငါးစီဖောင်းခြောက်နှင့် ငါးအရေပြားမုန့်ပါဝင်သည့် တန်ဖိုးမြင့် pangasius ငါးထုတ်ကုန်များသည် နိုင်ငံတကာမှ စားသုံးသူများကြား လူကြိုက်များမှုမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရပါသည်။ ၂၀၂၄ခုနှစ်၏ ဩဂုတ်လကုန်တွင် pangasius ငါးစီဖောင်းခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၈သန်းဝင်ငွေရရှိခဲ့ပြီး တရုတ်နိုင်ငံက အကြီးမားဆုံးဝယ်ယူသူဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၈လတွင် တရုတ်နိုင်ငံသည် ထိုငါးစီဖောင်းခြောက် အမေရိကန်ဒေါ်လာ ၂၁သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်းသိရပါသည်။ လက်တလောတွင် ဗီယက်နမ်ကုမ္ပဏီ ၁၂ခုသည် တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်တွင် တရုတ်သည် အဆိုပါငါးစီဖောင်းခြောက်အား မက္ကဆီကိုနိုင်ငံမှ ရောင်းအားလျော့နည်းလာမှုကိုအစားထိုးရန် ဗီယက်နမ်မှ ဝယ်ယူမှုတိုးမြင့်လာပြီး များစွာသောလုပ်ငန်းများအတွက် ဝင်ငွေရရှိမှုတိုးမြင့်စေခဲ့ကြောင်းသိရပါသည်။ ငါးစီဖောင်းခြောက်သည် တရုတ်နိုင်ငံတွင် အထူးစားကောင်းသောက်ဖွယ်သာမက နိုင်ငံအတွင်း အောင်မြင်မှုနှင့် ချမ်းသာကြွယ်ဝမှု၏ သင်္ကေတလည်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် အရေးကြီးပွဲအခမ်းအနားများ၌ ထိုထုတ်ကုန်ကို လက်ဆောင်အဖြစ် မကြာခဏအသုံးပြုကြကြောင်း VASEP က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ငါးစီဖောင်းခြောက်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ၄၅၀မှ ဒေါ်လာ၁၀၀၀ကြားရှိကြောင်းသိရပါသည်။ မက္ကဆီကိုသည် အဆိုပါထုတ်ကုန်အတွက် တရုတ်နိုင်ငံ၏ ထိပ်ဆုံးဦးစားပေးဖြစ်သော်လည်းအဆိုပါငါးမျိုးတုန်းမှုအန္တရာယ်နှင့်ရင်ဆိုင်နေရပြီး မက္ကဆီကိုက ပိုမိုတင်းြပ်သောစည်မျဉ်းများထုတ်ပြန်လာသောကြောင့် တရုတ်သည် အရှေ့တောင်အာရှသို့ ပြောင်းလဲအာရုံစိုက်ခဲ့ကြောင်းသိရပါသည်။ သို့သော်ယခုအခါ ၎င်းတို့သည် အနုစိပ်သောပြုပြင်ထုတ်လုပ်ခြင်းများပါဝင်လာသောကြောင့် တန်ဖိုးမြင့်တက်လာကြောင်းသိရပါသည်။ ငါးစီဖောင်းခြောက်တစ်ကီလိုဂရမ်ထုတ်လုပ်ရန် လတ်ဆတ်သောငါး ၅ကီလိုဂရမ်မှ ၇ကီလိုဂရမ်လိုအပ်ကြောင်းသိရပါသည်။ ဗီယက်နမ်သည် အဆိုပါထုတ်ကုန်များကို တရုတ်အပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အမေရိကန်သို့တင်ပို့ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာသည့်ရုရှား

    ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပဲဝါဈေးကွက်ကို အချိန်ကာလကြာမြင့်စွာလွှမ်းမိုးထားသော ကနေဒါနိုင်ငံကိုကျော်ကာ အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမှ အိန္ဒိယနိုင်ငံသို့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲဝါတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ စက်တင်ဘာလအတွင်း အိန္ဒိယသို့ ပဲဝါတန်ချိန် ၃.၉၃ သိန်းတင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းပဲဝါတန်ချိန် ၁.၃၈ သန်းတင်ပို့နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှားမှတင်သွင်းသော ပဲဝါတန်ချိန် ၄.၄၁ သိန်းအတွက် အမေရိကန်ဒေါ်လာ ၂၁၂.၈၅ သန်းသုံးစွဲခဲ့ပြီး ကနေဒါမှတင်သွင်းသော ပဲဝါတန်ချိန် ၃.၉၃ သိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂၈.၄၉ သိန်းသုံးစွဲခဲ့ကြောင်းသိရပါသည်။

Source: pressreader

DOCA(ရန်ကုန်)

Google သည် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်

        Google သည် ထိုင်းနိုင်ငံတွင် ဒေတာစင်တာအသစ်အပါအဝင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတည်ဆောက်ရန် ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၁၄၀၀၀ကိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီးမှ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်သည် အရှေ့တောင်အာရှရှိ  Cloud Computing  လိုအပ်ချက်ကိုဖြ့ဆည်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ စက်တင်ဘာ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  Cloud နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အအုံကိုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ဒေတာစင်တာဒေသရပ်ဝန်းကိုဖန်တီးမည်ဟု Microsoft မှ မေလတွင် ကြောညာပြီးနောက် Google ၏ ရင်းနှီးမြှုပ်နှံမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းရင်းနှီးမြှုပ်နှံမှုများသည် ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းများနှင့်  ဆန်းသစ်တီထွင်သူများ စသောအသိုင်းအဝိုင်းများအား Cloud နှင့် AI နည်းပညာများကို ကောင်းမွန်စွာအသုံးချနိုင်ရန်အတွက် ခွန်အားဖြစ်စေမည်ဖြစ်ကြောင်း Google နှင့် ၎င်း၏မိခင်ကုမ္ပဏီ Alphabet ၏ ဥက္ကဋ္ဌလည်းဖြစ်သော ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ်လည်းဖြစ်သော Ruth Porat မှ ပြောကြားခဲ့သည်။ ဒေတာစင်တာသည် ဘန်ကောက်မြို့ အရှေ့တောင်ဘက်ရှိ အဓိကစက်မှုနယ်မြေဖြစ်သည့် Chonburi တွင် တည်ရှိမည်ဖြစ်ပြီး Cloud ဒေတာသည် မြို့တော်အတွင်း၌သာ တည်ရှိမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် Google ၏ တိုးချဲ့မှုများအနေဖြင့် ၂၀၂၉ခုနှစ်တွင်နိုင်ငံတော်၏ GDP တွင် ဒေါ်လာ ၄ဘီလီယံထည့်ဝင်မည်ဖြစ်ပြီး ၂၀၂၅ခုနှစ်နှင့် ၂၀၂၉ခုနှစ်အကြားတွင် အလုပ်အကိုင်ပေါင်း ၁၄၀၀၀ကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း အတိုင်ပင်ခံကုမ္ပဏီ Deloitte ၏ အစီရင်ခံစာကိုကိုးကား၍ ကုမ္ပဏီမှ ပြောကြားခဲ့သည်။  Serettha Thavisin သည် နယူးယောက်သို့ သွားရောက်လည်ပတ်စဉ် Google၊ Microsoft နှင့် Tesla တို့မှ  ငွေကြေးရှာဖွေးရင်း အမေရိကန်နည်းပညာကုမ္ပဏီကြီးများမှ ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကတွန်းအားပေးခဲ့ပြီးသည့်နောက် တစ်နှစ်အကြာတွင်ယင်းကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Source: news.abs-cbn.com

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ