Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ၏ Forex အရန်ငွေသည် အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံအောက် ကျဆင်းခဲ့

         အိန္ဒိယ၏ နိုင်ငံခြားငွေ အရန်ငွေသည် အောက်တိုဘာ ၃ ရက် နောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၇၆ သန်းမှ ၆၉၉.၉၆ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော အိန္ဒိယဗဟိုဘဏ် (RBI) မှ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သော အပတ်စဉ် အချက်အလက်များအရ သိရသည်။

        နိုင်ငံ၏ နိုင်ငံခြားငွေ အရန်ငွေများ ကျဆင်းသွားသည့် တတိယပတ် ဆက်တိုက်ဖြစ်သည်။ နောက်ဆုံးရ RBI အချက်အလက်များအရ နိုင်ငံခြားငွေပိုင်ဆိုင်မှုများသည် ဒေါ်လာ ၄.၀၅ ဘီလီယံမှ ၅၇၇.၇၁ ဘီလီယံဒေါ်လာသို့ကျဆင်းသွားခဲ့ပြီး Gold Reserves သည် ၃.၇၅ ဘီလီယံဒေါ်လာမှ ၉၈.၇၇ ဘီလီယံအထိတိုးလာခဲ့သည်။

        အထူးဆွဲပိုင်ခွင့်များသည် ဒေါ်လာ ၂၅ သန်းမှ ၁၈.၈၁ ဘီလီယံအထိ တိုးလာပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အရန်နေရာသည် ဒေါ်လာ ၄ သန်းမှ ၄.၆၇ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ၁၄.၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့

          ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေပြမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ၁၄.၁၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၈၆.၃ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ အကောက်ခွန်စာရင်းဇယားများအရ ၂၀၂၅ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လအတွင်း ရုရှားနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄၂.၁ ဘီလီယံ၊ ၂၀၂၄ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လထက် ၃.၂ ရာခိုင်နှုန်း လျော့နည်းသွားပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၄.၂ ဘီလီယံ၊ ၅.၂ ရာခိုင်နှုန်း လျော့ကျသွားပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၇၇.၉ ဘီလီယံရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         ၂၀၂၄ ခုနှစ် ပထမရှစ်လတွင် ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၁၀၀.၅ ဘီလီယံ ဖြစ်သည်။ အာရှနိုင်ငံများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှသြဂုတ်လအတွင်း ရုရှားနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၇၂.၈ ရာခိုင်နှုန်းရှိခဲ့သည်။ အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ သည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုအတောအတွင်း ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံခြားကုန်သွယ်မှု၏ ၁၉ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုပမာဏ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

သီရိလင်္ကာသမ္မတသည် ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးကို ဥပဒေသစ်အရ အာမခံပေးမည်ဟု ကတိပြုခဲ့

         သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က နိုင်ငံတွင်းဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို လက်ရှိအစိုးရလက်ထက်တွင် အာမခံပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

         သီရိလင်္ကာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စီးပွားရေးပတ်ဝန်းကျင်နှင့် ဥပဒေ မူဘောင်များကိုလေ့လာရန် သီရိလင်္ကာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားစီးပွားရေး ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတရုံး၌ တွေ့ဆုံရာတွင် ၎င်းက အမှာစကားပြောကြားခဲ့သည်။ သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံသောပတ်ဝန်းကျင်ကို ထူထောင်ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိအစိုးရသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုနှင့် တည်ငြိမ်မှုရှိစေရန် ဥပဒေအသစ်များ ရေးဆွဲနေကြောင်း သမ္မတက ပြောကြားခဲ့သည်။

        နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းသည် အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေကြောင်း အလေးပေးပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံသူအား အကာအကွယ်ပေးရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများတိုးချဲ့ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိသည်ဟု Dissanayake က ပြောကြားခဲ့သည်။ အစိုးရက ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး အက်ဥပဒေကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ဘရူနိုင်းဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုဒ်အတုများနှင့် ပတ်သက်၍ ပြည်သူများအား သတိပေးပြောကြား

         ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနသည် အစိုးရ ရင်းနှီးမြှုပ်နှံမှု ပလပ်ဖောင်းတစ်ခု စတင်ခြင်းနှင့် ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် သတင်းမှားများကို သတိထားရန် ပြည်သူများအား သတိပေးခဲ့သည်။

စနေနေ့ကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက် နေ့စွဲပါ "ဘရူနိုင်းဒါရုစလမ်အစိုးရသည် အစိုးရဘွန်းပလပ်ဖောင်းကို လွှင့်တင်သည်" ဟု အမည်ရသည့် ဝဘ်ဆိုက်တွင် လွှင့်တင်ထားသော ဆောင်းပါးတစ်ပုဒ်ကြောင့် ပြည်သူများအား လှည့်စားခြင်းမပြုရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

      လိမ်လည်လှည့်ဖြားခြင်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၉ အရ ပြစ်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်အထိ ချမှတ်နိုင်သည့် ပြစ်မှုဖြစ်ကြောင်း ဝန်ကြီးဌာနက သတိပေးထားသည်။ အများပြည်သူကို ထိတ်လန့်စေမည့် သတင်းမှားများ ဖြန့်ဝေခြင်းသည် ပြည်သူ့အမိန့်အက်ဥပဒေ ပုဒ်မ ၃၄ အရ ဘရူနိုင်းနိုင်ငံတွင် ရာဇ၀တ်မှုဖြစ်ပြီး ဒဏ်ငွေဘရူနိုင်းဒေါ်လာ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၂,၃၁၈)၊ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းသတိပေးထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

စက်တင်ဘာလတွင် မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှုကျဆင်းခဲ့သည့် ဟွန်ဒါဗီယက်နမ်

             စက်တင်ဘာလတွင် ဟွန်ဒါဗီယက်နမ်သည် မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှု ၂ ခု စလုံးတွင် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်းနှင့် ၅၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဟွန်ဒါဗီယက်နမ်၏ စီးပွားရေးအစီရင်ခံစာအရ စက်တင်ဘာလတွင် မော်တော်ဆိုင်ကယ်လက်လီရောင်းချမှုသည် အစီးရေ ၁၆၃၇၈၇ စီးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီ လမှ စက်တင်ဘာလအထိဘဏ္ဍာနှစ်တွင် စုစုပေါင်းမော်တော်ဆိုင်ကယ်ရောင်းချရမှုမှာ အစီးရေ ၁၀၂၈၁၈၃ စီးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချမှုအပြင် ဟွန်ဒါဗီယက်နမ်သည် အပြည့်အဝတပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ် အစီးရေ ၁၇၀၆၆ စီးကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက စုစုပေါင်းကျဆင်းမှုများဖြစ်ပေါ်နေသော်လည်း Vision ၊ Wave Alpha ၊ Air Blade နှင့် SH Mode တို့ပါဝင်သည့် ရောင်းအားအကောင်းဆုံးမော်ဒယ်များမှာ ၎င်းတို့၏ ဒီဇိုင်း၊ လောင်စာသက်သာမှုနှင့် တည်ငြိမ်သည့်အရည်အသွေးတို့ကြောင့် စားသုံးသူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလတွင် ဟွန်ဒါဗီယက်နမ်သည် ကားအစီးရေ ၁၇၀၄ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၅၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းကားရောင်းချရမှုမှာ အစီးရေ ၁၁၇၄၅ စီးထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာကာလတွင် စံချိန်တင်လျှပ်စစ်ကားအစီးရေ ၁၀၀၀၀၀ ကျော် ရောင်းချခဲ့ရသည့် VinFast

              ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာကာလတွင် VinFast သည် ဗီယက်နမ်တွင် လျှပ်စစ်ကား အစီးရေ ၁၀၀၀၀၀ ကျော်ရောင်းချနိုင်သည့် ပထမဆုံးမော်တော်ကား အမှတ်တံဆိပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ VinFast သည် ၁၁ လဆက်တိုက် ဗီယက်နမ်၏ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ပြီး ပြည်တွင်းကားဈေးကွက်ကို ဦးဆောင်နေကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် ဗီယက်နမ်ကားလုပ်ငန်းတွင် သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းအမှတ်တံဆိပ်က ကမ္ဘာလုံးမှအခြားယှဉ်ပြိုင်သူများကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် VinFast ၏စံချိန်တင်စွမ်းဆောင်ရည်သည် ဗီယက်နမ်တွင် အဓိကရွေ့လျားမှုဦးတည်ရာမှာ လျှပ်စစ်မော်တော်ကားများဖြစ်လာပြီး နိုင်ငံသည် အနာဂတ်တွင် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား ဈေးကွက်ဖြစ်လာနိုင်သည့် အလားအလာကြီးထွားနေသည်ကို ပြသနေကြောင်း သိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် VinFast သည် လျှပ်စစ်ကား အစီးရေ ၁၃၉၁၄ စီးရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလစုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၁၀၃၈၈၄ စီး ရှိခဲ့ကာ ဗီယက်နမ်ကားလုပ်ငန်းသမိုင်းတွင် စံချိန်တင်အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုစုစု ပေါင်းရောင်းချရသည့် ပမာဏထဲတွင် VF3 မော်ဒယ်သည် အစီးရေ ၃၁၃၈၆ စီးဖြင့်ထိပ်ဆုံးက ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် VF5 နှင့် VF6 က အစီးရေ ၃၀၉၅၆ စီးနှင့် အစီးရေ ၁၄၄၂၅ စီး အသီးသီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ စတုတ္ထ ၃ လပတ်ကာလအတွက် Hai Phong နှင့် Ha Tinh ရှိစက်ရုံများကထုတ်လုပ်မှု အရှိန်မြှင့်တင်ခြင်းနှင့်အတူ VinFast သည် ၂၀၂၅ ခုနှစ်ကုန်တွင် စံချိန်သစ်များထပ်မံတင်ရှိရန်ရှိကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ် ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးဖိုရမ်ကျင်းပ

          ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးဖိုရမ် ၂၀၂၅ ကို ဟိုချီမင်းမြို့တော်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှစီးပွားရေးလုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုများအရှိန်မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ အခမ်းအနားကို ဗီယက်နမ်-ကမ္ဘောဒီးယားချစ်ကြည်ရေးအသင်းနှင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအေဂျင်စီများက ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ အခမ်းအနားတွင်  အမျိုးသားညီလာခံ ဒုတိယဥက္ကဌနှင့် ဗီယက်နမ်-ကမ္ဘောဒီးယားချစ်ကြည်ရေးအသင်း၏ ဥက္ကဌ ဖြစ်သူ Nguyen Thi Thanh က နှစ်နိုင်ငံဆက်ဆံရေးသည် လတ်တလောနှစ်များအတွင်း ဘက်ပေါင်းစုံအားကောင်းစွာ ဆက်လက်တိုးတက်ခဲ့ပြီး အထူးသဖြင့်စီးပွားရေး၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ သို့သော် နှစ်နိုင်ငံ၏အလားအလာနှင့်နှိုင်းယှဉ်ပါက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုသည် သင့်ရုံမျှသာရှိသေးပြီး အထူးသဖြင့် အစိမ်းရောင်စီးပွား ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာမြင့်စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားကဏ္ဍနှင့် ကုန်သွယ်ရေးတို့တွင်ဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်နှင့် ထိရောက်စွာလည်ပတ်နိုင်ရန် သင့်လျော်ကောင်းမွန်သောအခြေအနေများကို ဖန်တီးပေးထားပြီး ကမ္ဘောဒီးယားအစိုးရသည်လည်း အပြန်အလှန်အကျိုးရှိသောဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံနေသည့် ဗီယက်နမ်လုပ်ငန်းများအား ဆက်လက်ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်သည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးရန်၊ အတွေ့အကြုံဝေမျှရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ ရှာဖွေရန် စင်မြင့်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယ ဥက္ကဌ Neak Oknha Lav Kang က ဖိုရမ်သည်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးအခွင့်အလမ်းဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိမြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်တွင် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကြားလတ်တလော ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှု၊ အစားအစာပြုပြင်ထုတ်လုပ်မှု၊ ခရီးသွာကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာတို့နှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဖိုရမ်တွင် ဗီယက်နမ်၏ Visan ကုမ္ပဏီနှင့် ကမ္ဘောဒီးယား၏ Degrand Group တို့ကြား ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ၂ နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀.၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

အဓိကအခမ်းအနားများက နိုင်ငံခြားခရီးသွား ၁၂ သန်းကို ဆွဲဆောင်နိုင်ရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့မျှော်လင့်

           အဓိကအခမ်းအနား ၄ ခုဖြစ်သည့် Amazing Marathon ၊ Maha Loy Krathong 2025 ၊ Vijit Chao Phraya Light Festival နှင့် Amazing Thailand Countdown တို့ကြောင့် ထိုင်းအစိုးရသည် ၎င်းတို့၏ ၄ လတာကာလအတွင်း နိုင်ငံခြားခရီးသွား ၁၂ သန်းကို ဆွဲဆောင်နိုင်ရန် စီစဉ်နေ ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ (TAT) ၏ ခရီးသွားထုတ်ကုန်နှင့် စီးပွားရေးအတွက် ဒုတိယအုပ်ချုပ်ရေးမှူး Nat Kruthasoot က အေဂျင်စီသည် ခရီးသွားမြင့်မားသည့် ရာသီတွင် ရေတိုနှင့် ရေရှည်ခရီးသွားများအတွက် အဓိကအခမ်းအနားများပြင်ဆင်နေကြောင်းနှင့် မဟာဆွမ်ခရန်ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၅ ၏အောင်မြင်မှုကြောင့် အေဂျင်စီသည် နိုဝင်ဘာလတွင် ဘတ်သန်း ၃၀ တန် Maha Loy Krathong 2025 ကို ကျင်းပမည်ဖြစ်ပြီး ကမ္ဘာလုံးအဆင့် အသိအမှတ်ပြုခံရရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ပွဲတော်ကို Sukhothai နှင့် Ayutthaya တို့တွင်ကျင်းပရန်စီစဉ်ထားပြီး လည်ပတ်သူ ၄၅၀၀၀၀ မှ ဝင်ငွေ ဘတ်သန်း ၈၀၀ ရရှိ ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Amazing Thailand Marathon 2025 သည်လည်း အားကစားခရီးသွားကဏ္ဍအတွက် ဦးဆောင်သူဖြစ်လာရန်မျှော်မှန်းရကြောင်း သိရပါသည်။ ထိုမာရသွန်ပွဲတော်သည် ပြည်တွင်းပြည်ပခရီးသွား ၃၆၀၀၀ မှ ဝင်ငွေ ဘတ် ၈၉၄ သန်း ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ Mr Nat က စီးပွားရေးနှေးကွေးမှုကြောင့် ခရီးသွား ငွေသုံးစွဲမှုလျှော့ကျနိုင်သော်လည်း TAT သည် အခမ်းအနားတိုင်းကို အကြီးစားကျင်းပရန် အလိုရှိကြောင်း ပြောကြားခဲ့ပါသည်။ အခြားအခမ်းအနားတစ်ခုဖြစ်သည့် မီးအလှဆင်ပွဲတော် Vijit Chao Phraya ကို ဘန်ကောက်မြစ်တစ်လျှောက်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိကျင်းပရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုကာလအတွင်း အပျော်စီးလှေများအတွက် ခရီးသွားများကြိုတင်ဘွတ်ကင်ပြုလုပ်ထားမှုမှာ ပြည့်လုနီးပါးဖြစ်နေပြီး ခရီးသွား ၁.၅ သန်းမှ ဝင်ငွေ ဘတ် သန်း ၅၀၀ ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ နှစ်သစ်ကူးပွဲတော်အတွက် Mr Nat က ဘန်ကောက်သည် အားကောင်းသည့်ပုဂ္ဂလိကကွန်ယက်များကကျင်းပသည့် များစွာသော ပွဲအခမ်းအနားများတည်ရှိပြီးဖြစ်သောကြောင့် အေဂျင်စီသည် ဒေသဆိုင်ရာအခမ်အနားများ ကျင်းပရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ TAT ကဘက်ဂျက် ၂၅ သန်းအသုံးပြု၍ countdown ပွဲကျင်းပမည့် Chiang Mai နှင့် Phayao တို့သည် ခရီးသွား ၁၅၀၀၀၀ ကို ဆွဲဆောင်နိုင်ရန်မျှော်မှန်းရကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံဆန်တင်ပို့မှုနှစ်စဉ်ရည်မှန်းချက်ပြည့်မီနိုင်

          လွန်ခဲ့သည့်နှစ်ထက်တန်ဖိုး ၄၀ ရာခိုင်နှုန်းကျဆင်းသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇.၅ သန်း ပြည့်မီနိုင်သည့်လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။ အသင်း၏ဂုဏ်ထူး ဆောင်ဥက္ကဌဖြစ်သူ Chookiat Ophaswongse က ယခုနှစ်၏ ပထမ ၉ လတွင် နိုင်ငံသည် ဆန်တန်ချိန် ၅.၉ သန်းတင်ပို့ခဲ့ပြီး နှစ်စဉ်ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ယခုနှစ်၏ စတုတ္ထ ၃ လ ပတ်ကာလတွင် တစ်လလျှင်ပျမ်းမျှ တန်ချိန် ၅၀၀၀၀၀ ကျော်တင်ပို့ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ အကယ်၍ထိုင်းသည် ထိုကာလအတွင်း တစ်လလျှင်တန်ချိန် ၆၀၀၀၀၀ တင်ပို့နိုင်ပါက စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ သို့သော် ရောင်းလို အားများပြားသော်လည်း ဝယ်လိုအားကျဆင်းမှုကြောင့် ယခုနှစ်ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၄ ခုနှစ်ကထက်ဆိုးရွားနိုင်ကြောင်း သိရပါသည်။ ဒေသတွင်းအဓိကဆန်တင်သွင်းသူများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် ပြည်တွင်းထုတ်လုပ်မှုလုံလောက်မှုနှင့် ပြည်တွင်းဆန်ဈေးကွက် များတည်ငြိမ်ရန်လိုအပ်သောကြောင့် ၎င်းတို့၏တင်သွင်းမှုများကို ရပ်တန့်ထားကြောင်း သိရပါသည်။ ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃၀၀၀၀၀ တင်သွင်းရန်စီစဉ်ခဲ့သော်လည်း ယခုအခါဖေဖော်ဝါရီလမှ ဧပြီလထိ ၃ လတင်သွင်းမှုပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ထိုအချက်များသည် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများကျဆင်းမှုကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ၅% ဆန်ဖြူသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀၊ မြန်မာဆန်က အမေရိကန်ဒေါ်လာ ၃၁၀၊ ပါကစ္စတန်ဆန်က အမေရိကန်ဒေါ်လာ ၃၃၀၊ အိန္ဒိယဆန်က အမေရိ ကန်ဒေါ်လာ ၃၃၀ နှင့် ဗီယက်နမ်ဆန်က အမေရိကန်ဒေါ်လာ ၃၆၀ ဈေးနှုန်းရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည်ဆန်တန်ချိန် ၆.၈ သန်းတင်ပို့ခဲ့ပြီး အိန္ဒိယက တန်ချိန် ၁၈ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် တန်ချိန် ၂၂-၂၃ သန်းနှင့် ဗီယက်နမ်သည် တန်ချိန် ၈.၅ သန်းတင်ပို့ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုင်းဆန်သည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှအမေရိကန်‌ဒေါ်လာ ၅၀၀ မှ ယခုနှစ်တွင် အမေရိကန် ‌ဒေါ်လာ ၃၄၀ ပတ်လည်အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ Mr Chookiat က ထိုင်း hom mali ဆန်နှင့် ပေါင်းဆန်တို့သည် ယခုနှစ်တွင် စွမ်းရည်ကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ဈေးကွက်တွင် ထိုင်း hom mali ဆန်အတွက် ဝယ်လိုအားကောင်းနေပြီး ဝယ်ယူသူများသည် ထရမ့်အကောက်ခွန်သက်ရောက်မှုအလားအလာကိုစိုးရိမ်မှုကြောင့် ဝယ်ယူစုဆောင်းနေကြောင်း သိရပါသည်။ အမေရိကန်သည် နှစ်စဉ်ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၈၃၀၀၀၀ တင်သွင်းပြီး ထိုပမာဏထဲမှ တန်ချိန် ၆၅၀၀၀၀ သည် hom mali ဆန်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၉.၉၅ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ၆.၄၃ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post 

DOCA (ရန်ကုန်)                                                                          

ထိုင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပို့ကုန်ကြီးထွားနှုန်း ၅ ရာခိုင်နှုန်းခန့်မှန်း

          ထိုင်းနိုင်ငံကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီ (TNSC) က ၂၀၂၅ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် နှေးကွေးရန်အလားအလာရှိသော်လည်း ယခုနှစ်တွင် နိုင်ငံ၏တင်ပို့မှု သည် ၅ ရာခိုင်နှုန်းမြင့်တက်နိုင်မည်ဟု ယုံကြည်မှုရှိနေကြောင်း သိရပါသည်။ ကောင်စီ၏ ဥက္ကဌ ဖြစ်သူ Dhanakorn Kasetrsuwan က၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၃.၂ ဘီလီယံဖြင့် ၁၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ အမေရိကန် ‌ဒေါ်လာ ၂၂၄.၉ ဘီလီယံဖြင့် ၁၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပထမနှင့် ဒုတိယ ၃ လပတ်ကာလများတွင်ကြီးထွားမှုအားကောင်းခဲ့သောကြောင့် ကောင်စီသည် ယခုနှစ်အတွက် ပို့ကုန်ကြီးထွားနှုန်းကို ၃ မှ ၅ ရာခိုင်နှုန်းကြားရရှိမည်ဟု ယုံကြည်ချက်ရှိနေကြောင်း သိရပါသည်။ သို့သော်အဖွဲ့ဝင်များကယခုနှစ်လက်ကျန်ကာလနှင့် ၂၀၂၆ အတွင်းတင်ပို့မှုကိုသက်ရောက်စေသည့် များစွာသောစွန့်စားရမှုများကို စောင့်ကြည့်နေကြောင်း သိရပါသည်။ အဓိကတစ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုမတည်မငြိမ်ဖြစ်စေသည့် အမေရိကန်၏အကောက်ခွန်များဖြစ်ကြောင်း သိရပါသည်။ အခြားစိုးရိမ်စရာများတွင် ဘတ်ငွေတန်ဖိုးတက်ခြင်း၊ အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ချေးငွေရရှိမှုအကန့်အသတ်ရှိနေခြင်းနှင့် တင်ပို့မည့်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများရှားပါးခြင်းတို့ဖြစ်ကြောင်း သိရပါသည်။ Mr Dhanakorn က ပို့ကုန်လုပ်ငန်းရှင်များ ကုန်ကျစရိတ်ကန့်သတ်နိုင်ရန်ကူညီပေးမည့် ဒေသတွင်း ငွေကြေးများနှင့်ချိန်ညှိနိုင်မည့် ဘတ်ငွေတည်ငြိမ်မှုကို အဓိကထားဆောင်ရွက်နေသည့် အစိုးရအပေါ် ကောင်စီကအသိအမှတ်ပြုကြောင်းနှင့် ဘတ်ငွေကို တစ်ဒေါ်လာလျှင် ၃၃ မှ ၃၄ ဘတ်ကြား တန်ဖိုးရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ TNSC က အစိုးရကို စီးပွားရေးလည်ပတ်မှု ကုန်ကျစရိတ်များ လျှော့ချပေးရန် တောင်းဆိုထားကြောင်း သိရပါသည်။ ၎င်းတို့တွင် အတိုးနှုန်း မူဝါဒများပြန်လည်ဆန်းစစ်ရန်၊ စီးပွားရေးဘဏ်ချေးငွေနှုန်းများ၊ လုပ်သားနှင့် စွမ်းအင်ကုန်ကျ စရိတ်တို့ပါဝင်ကြောင်း သိရပါသည်။ ကောင်စီကအစိုးရကို ဥပဒေသစ်များဆွေးနွေးရာတွင် ရှု့ထောင့်အားလုံးမှ စဉ်းစားနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ အလားအလာရှိသော်လည်း မတည်ငွေကင်းမဲ့နေသည့်SME လုပ်ငန်းများကို ပံ့ပိုးရန်အတွက် ကောင်စီက ပူးတွဲရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာငွေချမှတ်ရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ကောင်စီက အစိုးရကို ထောင်ပံ့ပို့ဆောင်ရေးကိစ္စရပ်များ အထူးသဖြင့် Laem Chabang ဆိပ်ကမ်းတွင် ပိတ်ဆို့မှုကိုဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ