Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၆ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံတွင် သကြားတင်သွင်းမှု ပိတ်ပင်လျက်ရှိ

        ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန (DA) သည် သကြားလေလံပွဲ၌ သကြားစျေးနှုန်း ကျဆင်းမှုကြောင့် ၂၀၂၆ ခုနှစ် အထိ သကြားတင်ပို့မှုကို အစိုးရအနေဖြင့် ပိတ်ပင်လိုက်ကြောင်း သကြားထုတ်လုပ်သူနှင့် ရောင်းဝယ်သူများအား အတည်ပြုခဲ့ကြောင်း သိရ ပါသည်။ ‌အောက်တိုဘာလ ၉ ရက်နေ့အတွင်းတွင် ကြုံတွေ့ခဲ့သော သကြားစျေးနှုန်း ကျဆင်းမှုများ နှင့် ပတ်သက်၍ စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးဆိုသူ Francisco Tiu Laurel Jr.၊ သကြားစျေးကွက်လေ့လာရေး (SRA) မှ အကြီးအကဲဆိုသူ Paul Azcona နှင့် SRA မှ ဘုတ်အဖွဲ့ဝင် များအပါအဝင် လယ်သမားများကိုယ်စားပြု Dave Sanson တို့သည် အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရပါသည်။ တည်ငြိမ်သောထောက်ပို့မှု သေချာစေရန်နှင့် စျေးကွက်မြင့်တက်မှုများမှ ကာကွယ်ရန်အတွက် ဖိလစ်ပိုင်အစိုးရသည် သန့်စင်ထားသော သကြားများကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် အနာဂတ်တွင်တင်သွင်းမည့် မည်သည့်သကြားမဆို အရန်သကြားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းစျေးကွက် တွင် ထုတ်ဝေခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ Sanson က အဆိုပါ အစိုးရ၏ စျေးကွက်တည်ငြိမ်ခြင်းနှင့် ပြည်တွင်း စိုက်ပျိုး သူများအတွက် ကာကွယ်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် သကြားထုတ်လုပ်သူများ အတွက် အလွန်ပြင်းထန်ကြောင်း ပြောကြား ခဲ့ပါသည်။ လုပ်ငန်းအချက်အလက်များအရ ကြံပင် များကို ၂၀၂၂ ခုနှစ်တွင် ၃၈၀၀၀၀ ဟက်တာမှ ၄၀၉၀၀၀ ဟက်တာအထိ တိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်ဇွန်လ အစောပိုင်း တွင် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်း သကြားထွက်ရှိမှုသည် တန်ချိန် ၂.၀၁၅ သန်း မက်ထရစ်တန်ခန့် ရောက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါ ရောက်ရှိမှုသည် ယခင်နှစ်ထက် တန်ချိန် ၁.၉၂၂ သန်း မက်ထရစ်တန်ခန့် ပိုမိုများပြားကြောင်း သိရပါသည်။

   DOCA (ရန်ကုန်)

                                                                                     

BYD သည် ဒီဇိုင်းပိုင်းနှင့် ဘက်ထရီပြဿနာများကြောင့် ကားအစီးရေ ၁၁၅၀၀၀ ကျော်ခန့်ကို အကြီးမားဆုံး ပြန်လည်သိမ်းဆည်းမှုပြုလုပ်

         တရုတ်နိုင်ငံကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော BYD သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အတွင်း ထုတ်လုပ်ခဲ့သော မော်ဒယ် Tang နှင့် Yuan Pro ကားများတွင် ဒီးဇိုင်းပိုင်းချွတ်ယွင်းချက် နှင့် ဘက်ထရီပိုင်းဆိုင်ရာပြဿနာများကြောင့် ကားအစီးရေ ၁၁၅၀၀၀ ခန့်ကို ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း တရုတ်နိုင်ငံ စျေးကွက်စောင့်ကြည့်သူများက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြောကြားချက်အရ သိရပါသည်။ BYD သည် ၂၀၁၅ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ထုတ်လုပ်ခဲ့သော မော်ဒယ် Tang ကားအစီးရေ ၄၄၅၃၅ စီးအား ပုံမှန်မဟုတ် သော အပြစ်အနာ အဆာများပါရှိမှုကြောင့် ပြန်လည်သိမ်းဆည်းရန်အတွက် ပြည်နယ် အုပ်ချုပ်ရေးထံ အစီအစဥ် တကျ တင်သွင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် BYD သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းတွင် ရောင်းချခဲ့သော Yuan Pro ကားများတွင် ဘက်ထရီတပ်ဆင်ခြင်းနှင့်ပတ်သက်၍ အခက်အခဲများရှိသောကြောင့် မော်ဒယ် Yuan Pro ကားအစီးရေ ၇၁၂၄၈ စီးအား ပြန်လည်သိမ်းဆည်းရန် စီမံလျက်ရှိ‌ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုများမပြုလုပ်ခင်တွင် BYD သည် ၎င်းရောင်းချခဲ့သော မော်ဒယ် Dolphin နှင့် Yuan Plus လျှပ်စစ်ကားများတွင် ကားလက်ကိုင်မီးလောင်ဖြစ်ပွားမှုဆိုင်ရာ ချို့ယွင်းချက်များ ရှိနေသော ကြောင့် ကားအစီးရေ ၉၇၀၀၀ ကျော်ခန့်ကို ၂၀၂၄ ခုနှစ်တွင် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရ ပါသည်။

DOCA (ရန်ကုန်)

                                                                            

လာမည့် ၄ လအတွင်းတွင်အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တိုးမြှင့်တော့မည့် ထိုင်းနိုင်ငံ

           ထိုင်းနိုင်ငံအစိုးရသည် စီးပွားရေးတိုးတက်မှု နှေးကွေးမှုကို ပြန်လည်အသက်သွင်းရန် အတွက် ထိုင်းနိုင်ငံမှရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို လာမည့် ၄ လအတွင်း အရှိအဟုန် တိုးမြှင့်တော့မည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် အေဂျင်စီအကြီးအကဲ၏ ပြောကြားချက်အရ သိရပါသည်။  အေဂျင်စီသည် ဒေတာစင်တာများ၊ လျှပ်စစ်နှင့်စွမ်းအင် ထုတ်လုပ်ရေးတို့ အဓိက ပါဝင်သော စီမံကိန်း ၇၀ ခုကို အထောက်အပံ့ပြုရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဥ်းများကို အဆင်ပြေ စေအောင် ဖြေလျော့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုတ်အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး ဆိုသူ Narit Therdsteerasukdi က‌ ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးခြင်းသည် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် အကြပ်ရိုက်ခဲ့သည့် အရှေ့တောင်အာရှ၏ ဒုတိယအကြီးမားဆုံးစီးပွားရေးကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် ထိုင်းအစိုးရ၏ အစီအစဥ်များ ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရက ပြည်တွင်းခရီးသွား လာခြင်းကို မြှင့်တင်ရန်အတွက် မက်လုံးများကို စတင်မိတ်ဆက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းများ ပိုမိုတင်သွင်းရန် ဂျာမနီနိုင်ငံအား ကူးသန်းရောင်းဝယ်ရေးအကြံပေး တိုက်တွန်း

        ကူးသန်းရောင်းဝယ်ရေးအကြံပေးဆိုသူ Sk Bashir Uddin က ဂျာမနီနိုင်ငံမှ တင်သွင်းသူများ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်ကုန်မြင့်ပစ္စည်းများဖြစ်သော အဝတ်အထည်၊ အိမ်လုပ် ချည်ထည်များ၊ ဆေးဝါးများ၊ ပလပ်စတစ် ပစ္စည်းများ၊ ဖိနပ်များ၊ စက်ဘီးများနှင့် ရော်ဘာ ပစ္စည်းများအား ပိုမိုတင်သွင်းရန် တိုက်တွန်းလျက်ရှိကြောင်း သိရပါသည်။ အဆိုပါအကြံပေးသည် ဂျာမနီနိုင်ငံ သံအမတ်ကြီး Rudiger Lotz နှင့် ချိန်းဆိုမှုတစ်ခုပြုလုပ်ရန် ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရပါသည်။ ဂျာမနီနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဒုတိယ အကြီးမားဆုံးတင်ပို့သည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းစုစုပေါင်း ၁၀.၉၆ ရာခိုင်နှုန်းခန့်ကို တစ်နှစ်အတွင်း တင်သွင်းလျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဂျာမနီနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှုသည် ဂျာမနီအဝတ်အစားလက်လီရောင်းချသူများနှင့် အမှတ်တံဆိပ်များအတွက် အဓိကနေရာတစ်ခုအဖြစ် ဆောင်ရွက်သောကြောင့် အရှေ့တောင် အာရှနိုင်ငံများက ဝေဖန်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမရိကန်ဒေါ်လာ ၄.၈၅ ဘီလီယံခန့်တန်ကြေးရှိသော ကုန်ပစ္စည်းများကို ဂျာမနီနိုင်ငံသို့ တင်ပို့ခဲ့ ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၉၄၀.၆၀သန်းခန့်တန်ကြေးရှိသောကုန်ပစ္စည်းများကိုတင်သွင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သောသတင်းအချက် အလက် များအရ သိရပါသည်။ Lotz က ဂျာမနီနိုင်ငံသည် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက် အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ပြန်ချက်များအရ ဂျာမနီနိုင်ငံသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကွဲပြားမှုများကို အဆင့်မြှင့် တင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                         

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂုန်လျှော်ပိုမို တင်သွင်းတော့မည့် နီ‌ပေါနိုင်ငံ

        နီ‌ပေါနိုင်ငံသည် ၎င်းနိုင်ငံမှ ဂုန်လျှော်စက်ရုံများ၏ ပြည်တွင်းထုတ်ဖိုက်ဘာများအ‌ပေါ် အလွန်အမင်းမှီခိုနေရသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဂုန်လျှော်များကို ပိုမိုတင်သွင်းလိုကြောင်း နီပေါနိုင်ငံ သံအမတ်ကြီးမှ Dhaka Ghanshyam Bhandari သို့ ပြောကြားခဲ့ကြောင်း သိရပါသည်။ Bhandari က မြို့တော်ရှိ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ကုန်သွယ်ရေး အကြံပေး Sk Bashir နှင့်တွေ့ဆုံစဥ်တွင် ၎င်း၏ လျှောက်လှဲချက်ကို တင်ပြခဲ့ကြောင်း သိရပါ သည်။ နီ‌ပေါသံအမတ်ကြီးက ၎င်းတို့နိုင်ငံတွင် ဂုန်လျှော်စက်ရုံပေါင်း ၁၁ ရုံခန့်ရှိပြီး ၎င်းစက်ရုံများ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂုန်လျှော်ကြမ်းများကို များစွာမှီခို ထုတ်လုပ်လျက်ရှိကြောင်း သိရပါ သည်။ သို့ရာတွင် လက်ရှိတွင် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများသို့ ဖိုက်ဘာ တင်ပို့မှု လျော့ချလိုက်ခြင်းကြောင့် ဂုန်လျှော်ဘေးကျပ်နံကျပ်ကာလနှင့် ရင်ဆိုင်  နေရကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂုန်လျှော်ကြမ်းများနှင့် ဂုန်လျှော်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများစုမှ ဝယ်လိုမှုမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကမ္ဘာ့အဆင့်မှီ ဂုန်လျှော်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ် ရေး အကြံပေး၏ ပြောကြားချက်အရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နီပေါနိုင်ငံနှင့် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများ ဆက်လက်မြင့်တက်လျက်ရှိပြီး နီပေါနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှကုန်ပစ္စည်းများပိုမိုတင်သွင်းလျှင်နှစ်နိုင်ငံလုံးအကျိုးအမြတ်များဖြစ်ထွန်းမည်ဖြစ်ကြောင်း အကြံပေး၏ ပြောကြားချက်အရသိရပါသည်။

   DOCA (ရန်ကုန်)

                                                                                               

ဖိုက်ဘာနှင့်ရေနံဓာတုထုတ်လုပ်ခြင်းတွင် တရုတ်နှင့် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မည့် Petrovietnam

            ဗီယက်နမ်အမျိုးသားစက်မှု-စွမ်းအင်အုပ်စု (Petrovietnam) မှ ဒုတိယညွှန်ကြား‌ရေးမှူး Dr Le Xuan Huyen ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၏ Xinfengming Group (XFM) ၏ ရုံးချုပ်သို့သွားရောက်လည်ပတ်ခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုကိုယ်စား လှယ်အဖွဲ့တွင် Petrovietnam ၏ ကုမ္ပဏီခွဲများဖြစ်သည့် Vietnam Petrochemical and Fibre Joint Stock Company (VNPOLY) နှင့် Petrovietnam Fertilizer and Chemicals Corporation (PVFCCo) တို့မှ တာဝန်ရှိသူများ ပါဝင်ကြောင်းသိရပါသည်။ XFM သည် PTA နှင့် polyester ဖိုက်ဘာထုတ်လုပ်မှုကွင်းဆက်တွင် တရုတ်၏ထိပ်တန်းလုပ်ငန်းများထဲမှတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ နှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ PTA တန်ချိန် ၈ သန်း၊ PSF ဖိုက်ဘာ တန်ချိန် ၁.၃ သန်းနှင့် polyester ချည်မျှင် တန်ချိန် ၈.၄ သန်းဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့၏ထုတ်ကုန်များသည် အဓိကအား ဖြင့်တရုတ်ဈေးကွက်ဖြစ်သော်လည်း ဗီယက်နမ်အပါအဝင် များစွာသောနိုင်ငံများသို့ တင်ပို့ ကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း Petrovietnam နှင့် XFM ခေါင်းဆောင်များသည် Dinh Vu ဖိုက်ဘာစက်ရုံတွင် VNPOLY နှင့်အတူ polyester ဖိုက်ဘာထုတ်လုပ်ခြင်းတွင် ပူးပေါင်း ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြပြီး polyester ဖိုက်ဘာထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် အခြားအခွင့်အလမ်းများကို ရှာဖွေခဲ့ကြကြောင်း သိရပါသည်။ Dr Le က XFM ၏ ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒရှိမှုကို အမွှမ်းတင်ပြောကြားခဲ့ပြီး ၎င်းသည် ရေရှည်နှင့် အပြန်အလှန်အကျိုး ကျေးဇူးရှိသောမိတ်ဖက်ဖွဲ့မှုအတွက် ခိုင်မာသောအုတ်မြစ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Dr Le က XFM ၏အကြီးတန်းခေါင်းဆောင်များအား ဆက်လက်ဆွေးနွေးရန်အတွက် ဗီယက်နမ်သို့လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးသည် polyester ဖိုက်ဘာထုတ်လုပ်ခြင်းတွင် Petrovietnam နှင့် XFM အကြား လက်တွေ့ပူးပေါင်း ဆောင်ရွက်ရန်အတွက် မျှော်လင့်ချက်အလားအလာများကို တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါ သည်။ နှစ်ဖက်စလုံးသည် ရေနံဓာတုနှင့် ဓာတုပစ္စည်းများထုတ်လုပ်ခြင်းတွင် နက်ရှိုင်းစွာပူးပေါင်း ‌ဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ရန်သဘောတူညီခဲ့ကြပြီး ထိုမှတစ်ဆင့် Petrovietnam ၏ နိုင်ငံတစ်ကာပုံရိပ်မြှင့်တင်ကာ ကဏ္ဍသစ်တွင် ၎င်းတို့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာကို အကောင်အထည်ဖော်သွားမည်ဟု သိရပါ သည်။

  DOCA (ရန်ကုန်)

                                                                                           

                                                                            

တောင်ကိုရီယားနိုင်ငံ၏ ပို့ကုန်ပမာဏ စက်တင်ဘာလတွင် ၁၄.၄ ရာခိုင်နှုန်းတိုးတက်

       တောင်ကိုရီးယားနိုင်ငံသည် အီလက်ထရောနစ်ပစ္စည်းများ၏ ခိုင်မာသော ဝယ်လိုအား ကြောင့် ပို့ကုန်ပမာဏသည် ၈ လ ဆက်တိုက် တိုးတက်ခဲ့ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

          ကိုရီးယားဘဏ် (BOK) ၏ အဆိုအရ ပို့ကုန်ပမာဏ အညွှန်းကိန်းသည် ယခင်နှစ်ကထက် စက်တင်ဘာလတွင် ၁၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလမှစ၍ ဆက်လက်တိုးတက်ခဲ့ ပါသည်။

          ကွန်ပျူတာနှင့် အီလက်ထရောနစ်ပစ္စည်း ကိရိယာများ၏ တင်ပို့မှုသည် စက်တင်ဘာလ တွင် နှစ်စဉ်အခြေခံဖြင့် ၁၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဓာတုပစ္စည်းများနှင့် သယ်ယူပို့ ဆောင်ရေး ကိရိယာများ၏ ပို့ကုန်ပမာဏသည် ဂဏန်းနှစ်လုံးတိုးတက်ခဲ့ပြီး ရေနံထွက်ပစ္စည်း များ၊ သတ္တုထွက် ပစ္စည်းများ၊ စက်ယန္တယားများနှင့် လျှပ်စစ်ပစ္စည်းများ၏ တိုးတက်မှုသည် ဂဏန်းတစ်လုံး တိုးတက်ခဲ့ ပါသည်။

          ပို့ကုန်တန်ဖိုး အညွှန်းကိန်းသည် စက်တင်ဘာလတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ သွင်းကုန်ပမာဏညွှန်းကိန်းသည် ၁၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန်တန်ဖိုးညွှန်းကိန်းသည် ၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ကုန်ပစ္စည်းများအတွက် အသားတင်ကုန်သွယ်မှု စည်းမျဉ်းသတ်မှတ်ချက်ညွှန်းကိန်း သို့မဟုတ် ပို့ကုန်ဈေးနှုန်းနှင့် သွင်းကုန်ဈေးနှုန်းအချိုးသည် စက်တင်ဘာလတွင် နှစ်စဉ်အခြေခံ ဖြင့် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၎င်းသည့် ပို့ကုန်ဈေးနှုန်းထက် သွင်းကုန်ဈေးနှုန်း ပိုမိုမြန်ဆန်စွာ ကျဆင်းမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

        

တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်ဈေးနှုန်းများ စက်တင်ဘာလတွင် တတိယမြောက်လအဖြစ်မြင့်တက်

              ရေနံစိမ်းဈေးမြင့်တက်လာမှုနှင့် အမေရိကန်ဒေါ်လာနှင့်ယှဉ် ပြည်တွင်းငွေကြေးတန်ဖိုးကျ ဆင်းမှုကြောင့် တောင်ကိုရီးယားသို့ သွင်းကုန်ပစ္စည်းများ၏ဈေးနှုန်းသည်သုံးလဆက်တိုက်မြင့်တက်လာကြောင်းအောက်တိုဘာလ၁၇ ရက်နေ့ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

          သွင်းကုန်ဈေးနှုန်းအညွှန်းကိန်းသည် ဇူလိုင်လတွင် ၀.၈ ရာခိုင်နှုန်းနှင့် ဩဂုတ်လတွင် ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ စက်တင်ဘာလတွင် ယခင်လကထက် ၀.၂ ရာခိုင်နှုန်း တက်လာခဲ့ ကြောင်း  ကိုရီးယားဘဏ် (BOK) ကပြောကြားခဲ့ပါသည်။

          တောင်ကိုရီးယားနိုင်ငံ၏ စံနှုန်းဖြစ်သည့် ဒူဘိုင်းရေနံစိမ်းဈေးနှုန်းသည် စက်တင်ဘာလ တွင် တစ်စည်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၇၀.၀၁ ရှိခဲ့ပြီး ယခင်လက ဒေါ်လာ ၆၉.၃၉ မြင့်တက်လာ ခဲ့ပါသည်။

          ဝမ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် ဩဂုတ်တွင် ၁၃၈၉၆၆ ဝမ်မှ စက်တင်ဘာလတွင် တစ်ဒေါ်လာလျှင် ၁၃၉၁၈၃ ဝမ် အထိ မြင့်တက်လာခဲ့ပါသည်။ သွင်းကုန် ကုန်ကြမ်းဈေးနှုန်းသည် စက်တင်ဘာလတွင် လစဉ်အခြေခံဖြင့် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဈေးသက်သာသော သဘာဝ ဓာတ်ငွေ့ (LNG) ကြောင့် ဈေးပိုကြီးသော ရေနံစိမ်းကို ကာမိစေခဲ့ပါသည်။

          ကြားခံကုန်ပစ္စည်းများ၏ သွင်းကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်လက ၀.၅ ရာခိုင်နှုန်းအထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး တတိယမြောက်လ အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပါသည်။ သွင်းကုန် အရင်း အနှီးကုန်စည်များ၏ ဈေးနှုန်းသည် ၀.၂ ရခိုင်နှုန်းကျဆင်းခဲ့သော်လည်းစက်တင်ဘာလ တွင် သွင်ကုန်သုံးစွဲသူ ကုန်ပစ္စည်းဈေးနှုန်းသည် ၀.၁ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။

          ပို့ကုန်ဈေးနှုူန်းအညွှန်းကိန်းသည် ဇူလိုင်လတွင် ၀.၈ ရာခိုင်နှုန်းနှင့် ဩဂုတ်လတွင် ၀.၆ ရာခိုင်နှုန်း တိုးတက်ပြီးနောက် စက်တင်ဘာလတွင် ယခင်လထက် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

   DOCA (ရန်ကုန်)

              

နော်‌ဝေနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်း

        နော်ဝေနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်း တိုးတက်ရန်ခန့်မှန်းပြီး ၂၀၂၆ ခုနှစ်တွင် ၂.၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်သော အကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

          စီးပွားရေးလုပ်ငန်းများမှာ ပြီးခဲ့သည့်နှစ်ထက် ပိုမိုလျင်မြန်စွာ တိုးတက်နေပြီး အလုပ် လက်မဲ့ နှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။ စားသုံးသူအညွှန်းကိန်း ငွေကြေးဖောင်းပွမှုများလည်း ကျဆင်းနေပြီး လုပ်ခလစာများ လည်း တိုး တက် လျက်ရှိပါသည်။

          မှတ်ပုံတင်ထားသော အလုပ်လက်မဲ့နှုန်းသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ၂.၁ ရခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။ စုစုပေါင်းဈေးနှုန်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခုနှစ် ၂.၈ ရာခိုင်နှုန်းမှ လာမည့်နှစ်တွင် ၂.၂ ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။ အခြေခံငွေကြေး ဖောင်းပွ မှုမှာလည်း အလားတူကာလအတွင်း ၂.၉ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသို့ လျော့ကျ  မည်ဟု ခန့်မှန်း ထားပါသည်။

  DOCA (ရန်ကုန်)

ကာဂျစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်းတွင် ၁၀ ရာခိုင်နှုန်း တိုးတက်လာ

              ကာဂျစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်းတွင် ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံ၏ စာရင်းအင်းဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

          နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံ ကျော် စုစုပေါင်းရရှိခဲ့ရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

          ဝန်ဆောင်မှုလုပ်ငန်းသည် GDP ၏ ၅၀ ရာခိုင်နှုန်း၊ ကုန်ပစ္စည်းထုတ်လုပ်မှုသည် ၃၄.၇ ရာခိုင်နှုန်း၊ ကုန်ပစ္စည်းအခွန်အခများမှာ ၁၅.၃ ရာခိုင်နှုန်း ရှိပါသည်။

          စက်မှုထုတ်လုပ်မှုသည် ၁၀.၂ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသည် ၂၉.၆ ရာခိုင်နှုန်း၊ လက်လီလက်ကားရောင်းချမှုများသည် ၁၀.၉ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းများသည် ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ကာဂျစ္စတန်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုလည်ပတ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ-သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၉.၈၅ ဘီလီဘံ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလ ထက် ၉.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဆိုပါကျဆင်းမှုသည် အဓိကအားဖြင့် ပို့ကုန် ၂၃.၇ ရာခိုင်နှုန်းနှင့် သွင်းကုန် ၅.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ စုစုပေါင်း ကုန်သွယ်မှု၏ ပို့ကုန်သည် ၁၇.၆ ရာခိုင်နှုန်း ရှိပြီးသွင်းကုန်သည် ၈၂.၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

             

                                                                                                

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ