Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပထဝီနိုင်ငံရေးမသေချာမရေရာမှုများကြား စားအုန်းဆီကြမ်း(CPO) ဈေးနှုန်းများ မကြာမီ ကာလ တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၅၀ အထက် ဖြစ်ပေါ်လာနိုင်

    မလေးရှား စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများကို မကြာမီကာလတွင် မလေးရှားရင်းဂစ် ၄၄၅၀ ( အမေရိကန်ဒေါ်လာ ၁၁၃၀ )အထက် ဆက်လက်တည်ရှိရန် မျှော်လင့်ထားကြောင်းနှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားအုန်းဆီကို လောင်စာဆီအဖြစ် ရောနှောအသုံးပြုလာ နိုင်ခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း မလေးရှား စားအုန်းဆီအသင်း (MPOC) က ပြောကြားသည်ကို မလေးရှားနိုင်ငံ အမျိုးသား သတင်းအင်ဂျင်စီဖြစ်သည့် Bernama သတင်းဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြထားပါသည်။

    သို့သော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် မသေချာမရေရာမှုများ မြင့်တက်လာမှု ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားလျော့လာခြင်းနှင့် ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်ခြင်းတို့ က အဓိက စားအုန်းဆီ ဈေးကွက်များမှ တင်သွင်းမှုကို ယာယီနှောင့်နှေးမှုဖြစ်ပေါ်စေပြီး ဈေးနှုန်း ပြန်လည်မြင့်တက်လာစေခြင်းဖြစ်သည်ဟု သိရှိရပါသည်။ ဟော်မုဇ်ရေလက်ကြား သယ်ယူ ပို့ဆောင် ရေး အခက်အခဲ ဖြစ်ပေါ်လာခြင်းနှင့် အနောက် အာရှ ဒေသရှိ ဆီသန့်စစ် ရေးလုပ်ငန်းရှင်များက မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure) ကြေညာချက်များရှိလာခြင်းတို့ကြောင့် ဟင်းသီး ဟင်းရွက်ဆီဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် နှစ်လယ်နောက်ပိုင်း ယခုနှစ်မတ်လတွင် ဈေးနှုန်း အတက်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

    ကမ္ဘာ့ဈေးကွက်တွင် လောင်စာဆီဈေးနှုန်းများ သိသိသာသာမြင့်တက်လာခြင်းက ဇီဝဒီဇယ်ဆီ အသုံးပြုမှုနှင့် ရောနှောခြင်းတို့ကို ယှဉ်ပြိုင်မှုတိုးတက်လာစေကြောင်း MPOC က ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ဇီဝဒီဇယ်ဆီ လုပ်ငန်းအတွက် အီသနှော ပါဝင်မှု အချိုးအစား ၁၅ % (B15) မှ ၁၆ % (B16) သို့ တိုးမြှင့်ခွင့်ပြုထားသည်။ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပါဝင်မှု အချိုးအစား ၅၀ % ထိ ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်ရန်လမ်းများကို စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး အကောင် အထည်ဖော်ဆောင်ရွက်မည့်ကာလသတ်မှတ်ချက် မရှိသေးသော်လည်း ရောနှောအသုံးပြုမှု တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်ကို MPOC က ဆက်လက် ပြောဆိုထားသည်။

    မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုအနေဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်လဖြစ်ပြီး အလုပ် လုပ်ရက်ပိုမိုနည်းပါးသည့် ဖေဖော်ဝါရီလတွင် ဆီအုန်း ဆွတ်ခူးရိတ်သိမ်းရသည့် ရက်အရေအတွက် နည်းပါးသည့်အတွက် တန်ချိန် ၁.၂၈ သန်းသာ ထုတ်လုပ်နိုင်ပြီး တန်ချိန် ၂၉၃၀၀၀ ခန့်၊ ရာခိုင်နှုန်း အားဖြင့် ၁၈.၅ % ကျဆင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ တင်ပို့မှုအနေဖြင့် စုစုပေါင်းထုတ်လုပ်မှု၏ ၈၈ % ခန့်ကို တင်ပို့နိုင်ခဲ့ပြီး ကုန်လက်ကျန်ဆီ သိုလှောင်မှုပမာဏကိုပင် လျော့ကျ စေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလတွင် ၁၈.၇ % မြင့်တက်လာကာ တန်ချိန်အား ဖြင့် ၂.၅၈ သန်းခန့် တင်ပို့နိုင်ခဲ့ရာ အိန္ဒိယသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

    အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၆ ခုနှစ် ပထမ ၂ လ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ) တွင် သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက တန်ချိန် ၉၆၅၀၀၀ ပိုမိုတင်သွင်းခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၄၉ % ခန့်ရှိလာကာ တင်သွင်းမှုတန်ချိန် စုစုပေါင်း ၁.၆ သန်း ခန့်ဖြစ်ကြောင်း မလေးရှား စားအုန်းဆီအသင်း (MPOC) က ပြောကြားထားပါသည်။

Source: Bernama, March 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

လယ်သမားများနှင့် ရေလုပ်သားများအားထောက်ပံ့ကြေးများပေးအပ်ရန် ဖိလစ်ပိုင်အစိုးရစီစဉ် လျက်ရှိ

    အမေရိကန်-အီရန် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန (DA) သည် လယ်သမား နှင့် ရေလုပ်သားများအတွက် သမ္မတ၏ ကူညီစောင့်ရှောက်ရေး အစီအစဉ် (PAFFP) မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ လယ်သမားများနှင့် ရေလုပ်သားများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ အစီအစဉ်တွင် ပီဆို ၁၀ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော စပါး၊ ပြောင်းနှင့် ကြံစိုက်တောင်သူများအပြင် ရေလုပ်သားများကိုပါ တစ်ဦးလျှင် ပီဆို ၂,၃၂၅ နှုန်းဖြင့် အကန့်အသတ်မရှိ ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်းနှင့် ၎င်းမှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ အတွင်း မြင့်တက်လာသော စိုက်ပျိုးထုတ်လုပ်စရိတ်ဒဏ်ကို သက်သာစေရန်နှင့် ၎င်းတို့၏ ထုတ်လုပ် နိုင်စွမ်းအားကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။

    စိုက်ပျိုးရေးဦးစီးဌာနသည် အတွင်းဝန် Francisco Tiu Laurel Jr. လက်မှတ်ရေးထိုးထား သော ၂၀၂၆ ခုနှစ် စာချွန်လွှာကို ၁၈-၃-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန် ချက်တွင် PAFFP အစီအစဉ်အတွက် လိုက်နာဆောင်ရွက်ရမည့် အသေးစိတ် လမ်းညွှန်ချက်များ ပါဝင်သည်။

    ဤအစီအစဉ်၏ အကျိုးခံစားခွင့်ရရှိရန်အတွက် စပါးစိုက်တောင်သူများသည် စပါးစိုက်ပျိုးမှု ကို လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည့်အပြင် စိုက်ပျိုးမြေ ဧရိယာ ၂ ဟက်တာထက် မပိုသူများ ဖြစ်ရမည်ဖြစ်ပြီး အလားတူ ပြောင်းနှင့် ကြံစိုက်တောင်သူများသည်လည်း ပြောင်း သို့မဟုတ် ကြံ စိုက်ပျိုးထုတ်လုပ်မှုအား လက်တွေ့လုပ်ကိုင်နေသူများ ဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် တောင်သူ အားလုံးသည် စိုက်ပျိုးရေးဝန်ကြီးဌာန၏ လယ်ယာစိုက်ပျိုးရေး အခြေခံကဏ္ဍများအတွက် မှတ်ပုံ တင်စနစ် (RSB  SA) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။ ရေလုပ်သားများ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ RSBSA မှတ်ပုံတင်စနစ်တွင် ပါဝင်ရမည့်အပြင် ငါးလုပ်ငန်းဦးစီး ဌာန၏ ရေယာဉ်မှတ်ပုံတင်စနစ် (Boat Registration) တွင်လည်း မှတ်ပုံတင်ထားသူများ ဖြစ်ရ မည်။ ထို့ပြင် ငါးဖမ်းလုပ်ငန်းများကိုလည်း လက်တွေ့တက်ကြွစွာ လုပ်ကိုင်နေသူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

     အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများသည် ကမ္ဘာ့ဈေးကွက်တွင် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး စက်သုံးဆီ၊ မြေသြဇာ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသော စိုက်ပျိုးရေးထုတ်လုပ်မှု သွင်းအားစုများ၏ ဈေးနှုန်းကို မြင့်တက်လာစေခဲ့သည်။ ထိုကဲ့သို့ ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းသည် ပြည်တွင်း စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း ကဏ္ဍများကို တိုက်ရိုက် သက်ရောက်မှုရှိစေကာ စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေး၊ လယ်သမားနှင့် ရေလုပ်သားများ၏ ဝင်ငွေတည်ငြိမ်ရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက မှတ်ချက်ပြုထားကြောင်း သိရသည်။

    PAFFP အစီအစဉ်သည် အခက်အခဲများဖြစ်ပေါ်ချိန်နှင့် အချိန်ကိုက်ဖြစ်ပြီး တိကျသေချာ သော ငွေကြေးဆိုင်ရာ ကုစားမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်ငါးလုပ်ငန်း ထုတ်လုပ်မှု အပေါ် ကျရောက်လာသော ရိုက်ခတ်မှုများကို လျှော့ချရန် လယ်သမားများနှင့် ရေလုပ်သားများ၏ ခံနိုင်ရည်စွမ်းကို မြှင့်တင်ရန်နှင့် ဈေးကွက်မတည်ငြိမ်မှုနှင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာမှုများ ကြားမှ ဒေသတွင်းစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထုတ်လုပ်မှုကို ရေရှည်တည်တံ့စေရန် ရည်ရွယ်သည် ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ငွေကြေးထောက်ပံ့မှုများကို စိုက်ပျိုးရေးဝန်ကြီးဌာန၏ Interventions Monitoring Cards (E-wallet) များမှ တစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ မှတ်ပုံတင်ထားသော လယ်သမားများ နှင့် ရေလုပ်သားများသည် ၎င်းကတ်များကို ဘက်စုံသုံးသက်သေခံကတ်အဖြစ် အသုံးပြုနိုင်သည့် အပြင် ငွေထုတ်စက် (ATM) များမှ တစ်ဆင့် ငွေထုတ်ယူခြင်းနှင့် အွန်လိုင်းဘဏ်စနစ် (Online Banking) မှတစ်ဆင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

    စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာန (Field Operations Service) သည် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် DA ၏ ဒေသဆိုင်ရာကွင်းဆင်းရုံးများ၊ သက်ဆိုင်ရာ ဌာနခွဲများနှင့် လက်အောက်ခံအေဂျင်စီများ၊ ဒေသန္တရအစိုးရအဖွဲ့များ (LGUs) နှင့် အခြားသော သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ ထို့ပြင် ဘတ်ဂျက်နှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာန (DBM) မှ ငွေသား ခွဲဝေချထားပေးခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of Cash Allocation) ကို ခွင့်ပြုချက် ပေးအပ်ပြီးသည်နှင့် တစ်ပြိုင်နက် ဤအစီအစဉ်ကို ချက်ချင်းစတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

    ဤအစီအစဉ်ကို ၂၀၂၆ ခုနှစ် အမျိုးသားဘတ်ဂျက်ဥပဒေ (General Appropriations Act) တွင် ပြဌာန်းထားသည့် ရန်ပုံငွေသက်တမ်းကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်သည်။ လိုအပ်ပါက စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်ရေးဌာနမှ ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်၍ ယင်းကာလကို ထပ်မံတိုးမြှင့်နိုင်ကြောင်း သိရှိရပါသည်။

Source: Manila Times, March 19, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ၌ ၃.၉၄ သန်း မှ ၂.၇ သန်း သို့ ကျဆင်း - မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့(MPOB)

    မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ စားအုန်းဆီ လက်ကျန်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ယခင်လထက် ၃.၉၄ သန်း မှ ၂.၇ သန်း သို့ ကျဆင်း သွားကြောင်းသိရသည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည့် မလေးရှားနိုင်ငံ စက်မှုလုပ်ငန်း ဆောင်ရွက်ချက်အစီခံစာအရ စားအုန်းဆီကြမ်း (CPO) များသည် ဇန်နဝါရီလတွင် တန်ချိန် ၁.၆၇ သန်းမှ ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၄သန်း သို့ ကျဆင်းသွားသောကြောင့် ဖေဖော်ဝါရီလအတွင်း တွင် ၁၁.၆၇ ရာခိုင်နှုန်း သို့မဟုတ် ၁၉၅,၂၄၂ တန် ကျဆင်းခဲ့ကြောင်း မလေးရှား စားအုန်းဆီဘုတ် အဖွဲ့(MPOB) က ပြောကြားထားပါသည်။

    သို့သော် သန့်စင်ထုတ်လုပ်ပြီးစားအုန်းဆီသိုလှောင်မှုပမာဏသည် တန်ချိန်ပေါင်း ၁.၁၄ သန်း မှ ၁.၂၃ သန်း ထိရှိသောကြောင့် ၇.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိပါသည်။ စားအုန်းဆီကြမ်း ထုတ်လုပ်နိုင်မှုအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တန်ချိန် ၁.၅၈ သန်း မှ ၁.၂၈ သန်း သို့ ကျဆင်းခြင်းကြောင့် ၁၈.၅၅ ရာခိုင်နှုန်း တန်ချိန် ၂၉၂,၅၃၄ ကျဆင်း ခြင်းဖြစ်ကြောင်း  မလေးရှား နိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားထားပါသည်။ ဆီအုန်းထွက်ကုန်များအနေဖြင့် လည်း ၃၇၇,၄၈၀ တန် မှ ၃၀၃,၉၆၂ တန် ကျဆင်းသွားသောကြောင့် တစ်လအတွင်း ၁၉.၄၈ ရာခိုင် နှုန်းကျဆင်းခြင်းဖြစ်ကြောင်းသိရှိရသည်။

    ဆီအုန်းကြိတ်ဖက်များအနေဖြင့် ၂၆.၃၄ ရာခိုင်နှုန်း (၂၁၄,၈၂၀ တန် မှ ၁၅၈,၂၃၇ တန်) ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည်လည်း ဇန်နဝါရီလတွင် ၁၉၇,၆၈၀ တန် မှ ၁၄၅,၇၁၆ တန်၊ ရာခိုင်နှုန်းအားဖြင့် ၂၆.၂၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရှိရပါသည်။ စားအုန်းဆီတင်ပို့နိုင်မှုသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၂.၄၈ ရာခိုင်နှုန်း (တန်ချိန် ၁.၄၅သန်း မှ ၁.၁၃ သန်းထိ) ကျဆင်းခဲ့ချိန်တွင် စားအုန်းဆီကြမ်းတင်ပို့မှုသည် ပြီးခဲ့သောလထက် ၁၇.၀၈ ရာခိုင်နှုန်း (၅၅,၂၈၈ တန် မှ ၄၅,၈၄၅ တန်) ကျဆင်းသွားကြောင်းသိရှိရသည်။

    ဆီအုန်းကြိတ်ဖက်တင်ပို့မှုသည် ၂၄၇,၆၉၂ တန် မှ ၁၈၆,၇၄၆ တန်သို့ ကျဆင်းသွားခဲ့သည်။ ထို့အပြင် စားအုန်းဆီထုတ်ဓာတုပစ္စည်းဖြစ်သည့် Oleochemical ပစ္စည်းများ၏ တင်ပို့မှုသည်လည်း ၇.၄၉ ရာခိုင်နှုန်း (၂၂၂,၀၄၂ တန် မှ ၂၀၅,၄၁၄ တန်) သို့လည်းကောင်း၊ ဘိုင်အိုဒီဇယ် တင်ပို့မှုမှာ ၁၈,၇၇၆ တန် မှ ၁၅,၉၈၆ တန်သို့လည်းကောင်း အသီးသီးကျဆင်းသွားကြောင်းသိရှိရပါသည်။

   မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့(MPOB) က ဖေဖော်ဝါရီလတွင် စားအုန်းဆီတင်သွင်းမှု ၁၇.၉၈ ရာခိုင်နှုန်း (၁၁,၆၄၈ တန်မှ ၉,၅၅၃ တန်) ကျဆင်းခဲ့စဉ်မှာ စားအုန်းဆီကြမ်း (CPO) တင်သွင်းမှုလည်း မရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: BERNAMA, March 10, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖရဲသီးအထွက်နှုန်းမြင့်တက်၍ ကုန်သွယ်မှုတန်ဖိုး တာကာ ၃၄၉.၉၈ သန်းအထိရောက်ရှိနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်တောင်သူများမျှော်မှန်း

   ရာမန်ဒန်ဥပုသ်လရာသီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ တောင်သူများအနေဖြင့် ရာသီ ပေါ် ဈေးကွက်လိုအပ်ချက်ခိုင်မာကို အခြေပြုကာ ဝင်ငွေကောင်းသည့် သီးနှံကို စိုက်ပျိုးရန် ပြင်ဆင် လျက်ရှိကြောင်းသိရသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးခြင်းနှင့် ဈေးကွက် ချဲ့ထွင်နိုင်မှုအား ကောင်းလျှင်မြန်သည့် ဖရဲသီးကို နိုင်ငံတစ်ဝန်းစိုက်ပျိုးလျက်ရှိရာ Khulna၊ Satkhira၊ Bagerhat နှင့် Narali ပြည်နယ်များသည် ဖရဲသီးစိုက်ပျိုးမှုကို အကြီးအကျယ် လုပ်ဆောင်သည့် ဒေသများဖြစ်လာ ကြောင်း သိရှိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း၊ ဖရဲသီး တန်ချိန် ၆.၉၉ သန်းထွက်ရှိနိုင်ရန်အတွက် စိုက်ပျိုးမြေ ၁၈,၀၅၅ ဟက်တာစိုက်ပျိုးရန်ရည်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားထားပါ သည်။ ယနေ့အထိ မြေနေရာ ၁၃,၇၂၀ ဟက်တာတွင် ဖရဲသီးစိုက်ပျိုးထားပြီးဖြစ်ရာ ၇၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

    မြစ်ဝှမ်းဒေသဖြစ်သည့် ကိုရာပြည်နယ်ရှိ ဖရဲစိုက်တောင်သူများအနေဖြင့် မျိုးစေ့ချခြင်း၊ အပင်ပေါက်များအားပြောင်းရွေ့နေရာချခြင်း၊ စိုက်ခင်းအတွင်း ရေရရှိရန်စီမံခြင်းစသည်တို့ကို ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုစိုက်ပျိုးရာသီအတွင်း ကိုရာပြည်နယ်ရှိ စိုက်ပျိုးမြေ နေရာ ၂,၆၀၀ ဟက်တာတွင် အထွက်နှုန်းမြင့်မားသည့် ဖရဲမျိုးစေ့များ စိုက်ပျိုးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။

    ဖရဲသီးသည် အကျိုးအမြတ်ရရှိမှုမြင့်မားသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ရာသီဥတု ကောင်းမွန်ပါက တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးမည့် အလားအလာရှိကြောင်း၊ စိုက်ပျိုး ရေးအရာရှိများ အနေဖြင့်လည်း တောင်သူများအား စဉ်ဆက်မပြတ် ကူညီပေးလျက်ရှိကြောင်း သိရှိရ သည်။ ဖရဲစိုက် တောင်သူဖြစ်သူ Samiron Beoa က  ဖရဲသီးတစ်တန်လျှင် စိုက်ပျိုးကုန်ကျစရိတ် တာကာ ၂၅,၀၀ မှ ၃၀,၀၀၀ နီးပါး ရှိသော်လည်း တစ်တန်လျှင် တာကာ ၁ သန်း အကျိုးအမြတ် ရရှိလျက်ရှိကြောင်း ပြောကြားထားပါသည်။ ကိုရာပြည်နယ်ရှိ လူငယ်တောင်သူများသည်လည်း ဖရဲသီးစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလုပ်ဆောင်လာပြီး အားထားဖွယ်ရာအလုပ်တစ်ခုအဖြစ် ဆောင်ရွက်လာကြောင်းသိရှိရသည်။

    သို့ရာတွင် တောင်သူများသည် သဘာဝ‌ရေအရင်းအမြစ်ရှားပါးမှု၊ ပို့ဆောင်ဆက်သွယ်ရေး မလုံလောက်မှု၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရကြောင်း၊ ရေသွင်းစိုက်ပျိုးရန်အတွက် လျှပ်စစ်မော်တာများကို အများဆုံးအသုံးပြုရသည့်အတွက် ကုန်ကျ စရိတ်ကြီးမားကြောင်းသိရှိရသည်။ ရေပေးမြောင်းများ တိုးချဲ့တည်ဆောက်ပေးခြင်း၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့အောင်စီစဉ်ပေးခြင်းနှင့် လျှပ်စစ်ဓါတ်အား ရရှိအောင် ဆောင်ရွက် ပေးခြင်းဖြင့် ကုန်ကျစရိတ် လျော့ချနိုင်ပြီး၊ အထွက်နှုန်းနှစ်ဆမြင့်တက်ကာ ဈေးကွက် ချဲ့ထွင်မှုရှိ လာနိုင်မည်ဖြစ်ကြောင်း တောင်သူများက အကြံပြုထားကြောင်းသိရှိရသည်။

     ပြီးခဲ့သည်နှစ်က အထွက်နှုန်းများပြားခဲ့မှုသည် တောင်သူများအား ယခုစိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလျက်ရှိကြောင်း၊ ရာသီဥတုစဉ်ဆက်မပြတ်ကောင်းမွန်ပြီး မှန်ကန် သည့် ဈေးကွက် စီမံခန့်ခွဲမှုနှင့် သယ်ယူပို့ဆောင်မှုအဆင်ပြေချောမွေ့မှုများရှိပါက တောင်သူများ အတွက် ဈေးကောင်းရရှိမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ စိုက်ပျိုးရေးအရာရှိများအနေဖြင့် ယခုနှစ်တွင် ကူနာစိုက်ပျိုးရေးဇုန်ရှိ မြေနေရာ ၁၈,၀၅၅ ဟက်တာမှ ဖရဲသီးတန်ချိန် ၆,၉၉ သန်း ကျော်ထွက်ရှိမည်ဖြစ်ကာ တာကာ ၃၅၀ သန်းကျော်အထိ ဈေးကွက်တန်ဖိုးရရှိမည်ဟု ခန့်မှန်းထား ကြောင်းသိရှိရသည်။

Source: The Business Standards, March 17, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို အခွန်မဲ့ တင်သွင်းရန် ပိုမိုခွင့်ပြုနိုင်

    ယခုနှစ်တွင် El Niño ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားခြင်းနှင့် အနောက်အာရှဒေသ စစ်ပွဲ ကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်နေခြင်းတို့ကြောင့် အိန္ဒိယအစိုးရသည် ပဲစဉ်းငုံနှင့် မတ်ပဲများအတွက် အခွန်မဲ့ တင်သွင်းခွင့်ကာလကို တိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယပဲနှင့်သီးနှံအသင်း ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။

   လက်ရှိတွင် ပဲစဉ်းငုံနှင့် မတ်ပဲအတွက် အခွန်မဲ့တင်သွင်းခွင့်ကာလသည် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ အိန္ဒိယတွင် ပဲမျိုးစုံလိုအပ်ချက်ရှိနေသောကြောင့် ကာလတိုးချဲ့မည်ဟု မျှော်လင့် ရသည်။ အခြားအကြောင်းရင်းတစ်ခုမှာ ယခုနှစ်စိုက်ပျိုးရာသီ (ဇွန်လအထိ) အတွင်း ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းနေခြင်းဖြစ်သည်။ ၂၀၂၅–၂၆ ခုနှစ်တွင် ပဲစဉ်းငုံ ထုတ်လုပ်မှုသည် ယခင်နှစ် တန်ချိန်သိန်း ၃၆.၂၄ မှ တန်ချိန်သိန်း ၃၄.၅၅ သို့ ၄.၆၆% ကျဆင်းခဲ့သည်။ အလားတူ မတ်ပဲ ထုတ်လုပ်မှုသည်လည်း မိုးရာသီတွင် ယခင်နှစ် တန်ချိန်သိန်း ၁၃.၄၁ မှ တန်ချိန်သိန်း ၁၂.၀၆ သို့ ၁၀.၇% လျော့နည်းခဲ့ပြီး၊ ဆောင်းရာသီတွင် ၈.၁၄% ကျဆင်းကာ တန်ချိန်သိန်း ၅.၅၃ မှ တန်ချိန် သိန်း ၅.၀၈ သို့ လျော့နည်းခဲ့ကြောင်းသိရသည်။

    စစ်ပွဲအခြေအနေကြောင့် ဈေးနှုန်းတက်လာနိုင်မှု (inflation) အပေါ် စိုးရိမ်ခြင်း၊ ဆီဈေး မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် အာမခံစရိတ်များ ပိုမိုမြင့်တက်လာနိုင်ခြင်း၊  ပစ္စည်းရရှိ မှု မပြတ်တောက်နိုင်သော်လည်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီ များက စစ်ဘေးအန္တရာယ် အာမခံ ကြေးများ မြှင့်တင်နိုင်ပြီး  တင်သွင်းစရိတ်များ တိုးလာနိုင်ကြောင်းခန့်မှန်းထားသည်။ ရူပီး တန်ဖိုးကျ ဆင်းခြင်းသည်လည်း ကုန်ကျစရိတ်များကို တိုးမြှင့်စေနိုင်ပြီး ထုပ်ပိုးပစ္စည်း (poly propylene) အိတ် ဈေးနှုန်းများသည် တစ်ပတ်အတွင်း ၁၁ ရူပီး မှ ၂၃ ရူပီးသို့ နှစ်ဆမြင့်တက်လာပြီး တစ်တန်လျှင် ၂၅၀ ရူပီးခန့် ကုန်ကျစရိတ် တိုးလာခဲ့ကြောင်း သိရသည်။

Source: Economic Time, March 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဟော်မုဇ်ရေလက်ကြားမှသည် နိုင်ငံ၏ ဗဟိုချက်မ စိုက်ပျိုးရေးနယ်မြေများဆီသို့ - ပင်လယ်ကွေ့ စစ်ပွဲ နှင့် အိန္ဒိယ၏ ယူရီးယားမြေသြဇာကွင်းဆက်အပေါ် ခြိမ်းခြောက်လာမှုများ

     မကြာသေးမီ ရက်သီတင်းပတ်များက ပင်လယ်‌ဂွေ့ဒေသမှ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုများ ပြတ်တောက်ခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ဓာတ်မြေဩဇာစက်ရုံအချို့၏ ထုတ်လုပ်မှု လျှော့ချခဲ့ရ ကြောင်း သတင်းများထွက်ပေါ်လာချိန် အဆိုပါဖြစ်စဉ်အပေါ် လူထုအာရုံစိုက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

     အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံသည့်စီးပွားရေးမှာ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ အထူး သဖြင့် ယူရီးယားဓာတ်မြေသြဇာပေါ်တွင် များစွာ မှီခိုနေရဆဲဖြစ်သည်။ တစ်နိုင်ငံလုံး၏ လုပ်သား အင်အား ထက်ဝက်ကျော်မှာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်စပ်နေသည်။ သန်းနှင့်ချီသော လယ်သမားများအနေဖြင့် ဆန်စပါး၊ ဂျုံ၊ ပြောင်းနှင့် ဝါသီးနှံများစိုက်ပျိုးသည့်အချိန်တွင် အထောက်အပံ့ရယူရသော ယူရီးယားကို များစွာ အားကိုးနေရသည်။ ထောက်ပံ့မှုတွင် အနည်းငယ်မျှသော ပြတ်တောက်မှု သို့မဟုတ် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်မှုသည် ကျေးလက်ဝင်ငွေများ၊ စားနပ်ရိက္ခာဈေးနှုန်းများနှင့် အစိုးရဘဏ္ဍာရေး တို့အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရသည်။

     လက်ရှိ စိုးရိမ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေဩဇာကုန်သွယ်မှု၏ ပထဝီအနေအထားမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုတွင် ယူရီးယားအမြောက်အမြားသည် ပါရှန် ပင်လယ်ဂွေ့တစ်ဝိုက်တွင် တည်ရှိသော ထုတ်လုပ်သူများထံမှ စတင်သည်။ အဆိုပါနိုင်ငံများတွင် အမိုးနီးယားနှင့် ယူရီးယားထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုသော သဘာဝ ဓာတ်ငွေ့ အလျှံပယ်ရှိသည်။

     ဈေးကွက်ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံအနေဖြင့် မကြာသေးမီ နှစ်များအတွင်း ယူရီးယား တန်ချိန် ၁၀ သန်းကျော် တင်သွင်းခဲ့ပြီး အများစုမှာ အရှေ့အလယ်ပိုင်းဒေသများမှ ဖြစ်ကြောင်း သိရ သည်။ အဆိုပါဒေသသည်ပင် ပြည်တွင်း ဓာတ်မြေဩဇာစက်ရုံများတွင် လောင်စာအဖြစ် အသုံးပြု သည့် သဘာဝဓာတ်ငွေ့ရည် (LNG) ၏ အဓိကကျသော ဝေစုကို အထောက်အပံ့ပေးနေသည်။ ပထဝီ နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာသောအခါ ဤအားနည်းချက်သည် သိသာထင်ရှားလာသည်။ အရှေ့အလယ်ပိုင်းပဋိပက္ခသည် ကမ္ဘာ့အရေးပါဆုံး မဟာဗျူဟာမြောက် ရေလမ်းကြောင်း တစ်ခု ဖြစ်သော ဟော်မုဇ်ရေလက်ကြားတွင် ပြတ်တောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက် စေခဲ့သည်။

     အဆိုပါရေလမ်းကြောင်းသည် ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုကဏ္ဍတွင် အသက်သွေးကြောအဖြစ် ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ဂွေ့ဒေသမှ အာရှဈေးကွက်သို့သွားသော ရေနံစိမ်း၊ သဘာဝ ဓာတ်ငွေ့ရည် (LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG) တင်ပို့မှုများ၏ အဓိကဝေစုကို သယ်ဆောင်ပေး သည်။ အဆိုပါ စင်္ကြံလမ်းတွင် ကြားဖြတ်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဓာတ်မြေဩဇာ ထုတ်လုပ် ခြင်းအပါအဝင် သွင်းကုန်ဓာတ်ငွေ့အပေါ် မှီခိုနေရသော ကဏ္ဍများအပေါ်သို့ သက်ရောက်မှုများ ဆင့်ကဲ ဖြစ်ပေါ်နိုင်သည်။

     ဓာတ်ငွေ့ထောက်ပံ့ရရှိမှုနှင့် ဓာတ်မြေဩဇာထုတ်လုပ်မှုတို့၏ ဆက်နွယ်မှုမှာ တိုက်ရိုက်အချိုး ကျနေသည်။ ယူရီးယားကို အမိုးနီးယားမှ ထုတ်လုပ်ပြီး အမိုးနီးယားမှာမူ စွမ်းအင် ပြင်းထန်သော ဓာတုဖြစ်စဉ်များမှတစ်ဆင့် သဘာဝဓာတ်ငွေ့မှ ထုတ်ယူခြင်းဖြစ်သည်။ ဓာတ်ငွေ့ထောက်ပံ့မှု တင်းကျပ်လာသောအခါ သို့မဟုတ် စျေးနှုန်းများ ရုတ်တရက်မြင့်တက်လာသောအခါ ဓာတ်မြေ ဩဇာ ထုတ်လုပ်မှုသည် စီးပွားရေးအရ လျင်မြန်စွာ အကျိုးမရှိတော့ဘဲ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အရ ကန့်သတ်ခံရကြောင်း သိရှိရသည်။

     မကြာသေးမီ သတင်းများအရ အိန္ဒိယနိုင်ငံယူရီးယားထုတ်လုပ်သူအချို့သည် ပဋိပက္ခကြောင့် LNG စီးဆင်းမှု ပြတ်တောက်ပြီးနောက် လုပ်ငန်းများ နှေးကွေးသွားခြင်း သို့မဟုတ် ရပ်ဆိုင်းခဲ့ရပြီး ပထဝီနိုင်ငံရေးဆိုင်ရာ ရိုက်ခတ်မှုများသည် စိုက်ပျိုးရေးကဏ္ဍအတွက် မည်မျှအထိ လျင်မြန်စွာ အန္တရာယ်ဖြစ်စေနိုင်သည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပိုမိုကြီးမားကျယ်ပြန့်သော စွမ်းအင်ပြတ်တောက်မှုမှာ ယခုကတည်းက မြင်တွေ့နေရပြီဖြစ် ကြောင်း၊ အရှေ့အလယ်ပိုင်းသည် အိန္ဒိယ၏ ရေနံစိမ်းနှင့် LPG သွင်းကုန်၏ သိသာထင်ရှားသော ဝေစုအနေဖြင့် ရှိနေကြောင်း သိရှိရသည်။ ပင်လယ်ကွေ့ဒေသရှိ ရေကြောင်းသွားလာရေးလမ်း ကြောင်းများ အကြီးအကျယ် ပြတ်တောက်မှုသည် အိန္ဒိယနိုင်ငံတွင် လောင်စာဓာတ်ငွေ့ ပြတ်လပ် မှုကို ဖြစ်ပေါ်စေနိုင်ပြီး သန်းနှင့်ချီသော အိမ်ထောင်စုများကို ထိခိုက်နိုင်သည်ဟု လေ့လာသုံးသပ်သူ များက သတိပေးထားကြောင်း သိရှိရသည်။

    LPG ပြဿနာသည် မြို့ပြစားသုံးသူများကို တိုက်ရိုက်ထိခိုက်စေသော်လည်း ဓာတ်မြေဩဇာ အကျပ်အတည်းသည် အိန္ဒိယကျေးလက်ဒေသအတွက် အကျိုးဆက်ပိုမို ကြီးမားနိုင်သည်။ ဖြစ်နိုင် ခြေရှိသော အန္တရာယ်များကို အသိအမှတ်ပြုလျက် အစိုးရအေဂျင်စီများနှင့် စက်မှုလုပ်ငန်းအဖွဲ့များ က တောင်သူလယ်သမားများနှင့် ဈေးကွက်များကို ယခုအချိန်အထိ စိတ်ချယုံကြည်မှုရှိစေရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။

    အိန္ဒိယဓာတ်မြေဩဇာအသင်းမှ မကြာသေးမီက ပြောကြားချက်အရ လာမည့် စိုက်ပျိုးရာသီ အတွက် ယူရီးယားနှင့် ဖော့စဖိတ်ဓာတ်မြေဩဇာများ ထောက်ပံ့မှုသည် လုံလောက်မှု ရှိနေဆဲ ဖြစ် သည်။ လက်ရှိသိုလှောင်ထားသော ပစ္စည်းများနှင့် ဆက်လက်ဆောင်ရွက်နေသော တင်သွင်းမှု အစီအစဉ်များသည် ဆောင်းသီးနှံစိုက်ပျိုးချိန်ကာလအတွင်း လုံလောက်သော ရရှိနိုင်မှုကို သေချာစေ သင့်ကြောင်း အဆိုပါအသင်းက အလေးပေးပြောကြားခဲ့သည်။

     အစိုးရ၏ အချက်အလက်များသည် ဤအကဲဖြတ်ချက်ကို အထောက်အပံ့ပြုနေကြောင်း သိရှိ ရသည်။ ဓာတုဗေဒနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာန၏အဆိုအရ နိုင်ငံတော်အတွင်း ယူရီးယားနှင့် အခြားဓာတ်မြေဩဇာများ၏ သိုလှောင်မှုပမာဏသည် ယမန်နှစ် အလားတူကာလအတွင်း မှတ်တမ်း တင်ထားသည့် အဆင့်များထက် ပိုမိုများပြားနေဆဲဖြစ်သည်။ ကြိုတင်စီစဉ်မှုနှင့် အမျိုးစုံသော ဝယ်ယူရေးအစီအစဉ်များသည် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများကြားမှ တည်ငြိမ်သော သိုလှောင်မှု ပမာဏကို ထိန်းသိမ်းထားနိုင်ရန် အထောက်အကူပြုခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ ကြောင်း သိရှိရသည်။

    အိန္ဒိယအနေဖြင့် ပြည်တွင်းဓာတ်မြေဩဇာ ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့ခြင်း၊ သွင်းကုန် ရင်းမြစ်များ ကွဲပြားစေခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပေးသွင်းသူများနှင့် ပိုမိုခိုင်မာသော မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးများ တည်ဆောက်ခြင်းဖြင့် အဆိုပါ အန္တရာယ်များကို လျော့ပါးစေရန် ခြေလှမ်း အချို့ကို ကမ်းလှမ်းထားပြီးဖြစ်သည်။ သို့သော်လည်း လက်ရှိအကျပ်အတည်းသည် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ မည်မျှပျက်စီးလွယ်ကြောင်း မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source: economictimes. Indiatimes, March 16, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရေးပေါ် အရေးယူဆောင်ရွက်မှုများ မရှိပါက ဥရောပ၏ ဆန်စပါးထုတ်လုပ်မှုမှာ စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ထုတ်လုပ်သူများ ပြောကြား

     ဥရောပ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသည် ဘေးကျပ်နံကျပ်အခြေအနေသို့ ရောက်ရှိ နေပြီး ထုတ်လုပ်သူများနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကဏ္ဍတစ်ခုလုံးတွင် မမျှတမှုများ တိုးပွား လာနေကြောင်း သတိပေးထားသည်။ ဤထုတ်ပြန်ချက်ကို Copa-Cogeca၊ ဥရောပဆန်စက် လုပ်ငန်းရှင်များအဖွဲ့ချုပ် (FERM) နှင့် အီတလီ အမျိုးသား ဆန်စပါးအဖွဲ့အစည်း (Ente Nazionale Risi) တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအသင်းအဖွဲ့များ၏ ပြောကြားချက်အရ ဆန်စပါး ကဏ္ဍသည် ထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်း၊ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် ဥရောပ သမဂ္ဂ (EU) ဈေးကွက်အတွင်းသို့ တင်သွင်းဆန်များ သိသိသာသာ တိုးပွားလာခြင်းတို့ကြောင့် ဖိအား များနှင့် ရင်ဆိုင်နေရသည်။

    မကြာသေးမီက စိုက်ပျိုးရေးနှင့် အရောင်းအဝယ်ကာလအတွင်း EU သို့ ဆန်တင်သွင်းမှုသည် တန်ချိန် ၁.၇ သန်းခန့်ရှိခဲ့ပြီး ယင်းတို့အနက် အတော်များများသည် လက်ရှိကုန်သွယ်ရေး သဘော တူညီချက်များအရ အခွန်နှုန်းထား လျှော့ပေါ့ခြင်း သို့မဟုတ် အခွန်ကင်းလွတ်ခွင့်များဖြင့် ဝင်ရောက် လာခြင်းဖြစ်သည်။ သွင်းအားစုစရိတ်များ မြင့်မားလာခြင်းနှင့် ကမ္ဘာ့အဆင့်မြင့်ဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများကို လိုက်နာရခြင်းတို့ကြောင့် ထုတ်လုပ်သူ များနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် မရေရာမှုများ ပိုမိုဖြစ်ပေါ်စေသည်။

   မကြာသေးမီလများအတွင်း စပါးဈေးနှုန်းများသည် သိသိသာသာ ကျဆင်းလာသည့် ဖိအား များနှင့် ရင်ဆိုင်နေရပြီး အချို့သော ထုတ်လုပ်သူများသည် ရှေးယခင်ကတည်းက ပိုမိုတည်ငြိမ်သည် ဟု သတ်မှတ်ထားကြသည့် Japonica ဆန်အမျိုးအစားဘက်သို့ ပြောင်းလဲစိုက်ပျိုးလာကြသည်။ သို့သော် ဤသို့ပြောင်းလဲမှု ဆက်လက်ဖြစ်ပေါ်နေပါက ဈေးကွက်တွင်ဆန်ပိုလျှံမှု ဖြစ်ပေါ်လာနိုင် ပြီး ဈေးကွက်တစ်ခုလုံး၏ တည်ငြိမ်မှုကို ပိုမိုပျက်ပြားစေနိုင်သည်။

ပြုပြင်ထိန်း‌ကျောင်းရမည့် အစီအမံများ

   ဆန်စပါးထုတ်လုပ်သူများသည် ဈေးကွက်တည်ငြိမ်မှုကို ကာကွယ်ရန်အတွက် လက်ရှိ မူဝါဒ များကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားကြသည်။ အထူးအခွင့်အရေး ကုန်သွယ်မှုစနစ် (GSP/ EBA) အောက်ရှိ အလိုအလျောက် အကာအကွယ်ပေးသည့် ယန္တရား (Safeguard mechanism) ကို ပြင်ဆင်ရန် တောင်းဆိုထားသည်။ သို့မှသာ တင်သွင်းမှု ရုတ်တရက် မြင့်တက်လာပြီး ဈေးကွက်ကို ထိခိုက်စေသည့်အခါ ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်မည် ဖြစ်သည်။

     ထို့အပြင် ဤကဏ္ဍမှ Common Customs Tariff အခွန်နှုန်းထားများကို အမှန်တကယ်ရှိ နေသော စျေးကွက်အခြေအနေများနှင့် ကိုက်ညီစေရန်နှင့် ပြန်လည်ပြင်ဆင်ရန်၏ အရေးပါမှုကို လည်း အထူးဖော်ပြထားသည်။ အခွန်နှုန်းထား ဖွဲ့စည်းပုံများသည် စျေးကွက်အခြေအနေများကို မှန်ကန်စွာ ပြန်လည်ထင်ဟပ်စေသည့်အတွက် အရေးကြီးသကဲ့သို့ ဥရောပ၏ ပြုပြင်ထုတ်လုပ် ရေးလုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် EU အစားအသောက် ထောက်ပံ့ ရေးကွင်းဆက်အတွင်း ဖန်တီးလျက်ရှိသော တန်ဖိုးများကို ထိန်းသိမ်းခြင်းသည်လည်း အရေးပါ လျက်ရှိသည်။

    ဥရောပထုတ်ကုန်များအတွက် ပြည်တွင်းဈေးကွက်အတွင်း ပိုမိုအားကောင်းသော ပံ့ပိုးကူညီ မှုများ၊ ပရိုမိုးရှင်းများနှင့် ဘဏ္ဍာရေး အရင်းအမြစ်များအား ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။ ဆန်စပါး၏ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နယ်မြေဒေသဆိုင်ရာကဏ္ဍများတွင် အရေးပါမှု များကြောင့် ၎င်းကို  EU စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးမူဝါဒများတွင် "အထိခိုက်မခံသော ထုတ်ကုန်" (Sensitive product) အဖြစ် အသိအမှတ်ပြုသင့်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံတကာ ကုန်သွယ်မှုတွင် အပြန်အလှန် အကျိုးပြုမှုရှိစေရန်နှင့် EU ဈေးကွက်သို့ တင်သွင်းလာသော ဆန် များသည် ဥရောပထုတ်လုပ်သူများ လိုက်နာရသည့် စံနှုန်းများနှင့် တန်းတူညီမျှမှုရှိရန် အလေးပေး တောင်းဆိုထားသည်။

Source: European Supermarket Magazine, March 16, 2026

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ တင်ပို့မှုကဏ္ဍတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင် ကြုံတွေ့ နေရ

          ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟိုချီမင်း၌ ကျင်းပ ပြုလုပ်ခဲ့ သည့် ဆွေးနွေးပွဲတစ်ခုတွင် သီဟိုဠ်စေ့ တင်ပို့မှုကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် အကဲ ဖြတ်ဆန်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးအဖွဲ့အစည်းများ၏ ပြောကြားချက်အရ သီဟိုဠ်စေ့ ကုန်ကြမ်းအများစုကို ပြည်ပမှ တင်သွင်းရပြီး အဓိကအားဖြင့် အာဖရိကနိုင်ငံများမှ တင်သွင်းရကြောင်း၊  အာဖရိကနိုင်ငံအချို့သည် ရိတ်သိမ်းရာသီ အစပိုင်းတွင် ပြည်တွင်း ပြုပြင် ထုတ်လုပ်သူများထံ ဦးစားပေး ပံ့ပိုးနိုင်ရန်အတွက် အရည်အသွေး အကောင်းဆုံး သီဟိုဠ်စေ့ ကုန်ကြမ်း တင်ပို့မှုကို ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။

   ၎င်းတို့အနေဖြင့်  အနည်းဆုံးတင်ပို့မှုဈေးနှုန်းကို သတ်မှတ်ပြီး သီဟိုဠ်စေ့ ကုန်ကြမ်း ပို့ကုန် များအပေါ် ခွန်နှင့် အခကြေးငွေများကိုလည်း တိုးမြှင့်ထားပါသည်။ အကျိုးဆက်အနေဖြင့် အာဖရိကနိုင်ငံများမှ သီဟိုဠ်စေ့ ကုန်ကြမ်း တင်သွင်းမှုသည် ပိုမိုခက်ခဲလာပြီး ကုန်ကျစရိတ်များ လည်း မြင့်တက်လာမည်ဟု မျှော်မှန်းထားပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် လုပ်ငန်း‌စွမ်းဆောင်ရည်မှာ  လျော့နည်းလာမည်ဖြစ်သည်။

   ထို့ပြင် ကမ္ဘာအနှံ ဒေသများစွာတွင် ဖြစ်ပေါ်နေသော ပထဝီနိုင်ငံ‌ရေးဆိုင်ရာ တင်းမာမှုများ အထူးသဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများနှင့် ကုန်တင်ပို့ခများ ဆက်လက်မြင့်တက်နေသဖြင့်  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင် နေရသည်။ 

    တစ်ချိန်တည်းမှာပင် စီးပွားရေးအခက်အခဲများကြားမှ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းကဲ့သို့ အဓိကကျသောဈေးကွက်များတွင် သီဟိုဠ်စေ့လိုလားချက်သည် လျော့နည်း လာပြီး အကျဖက်သို့ ဦးတည်နေကြောင်း၊ အဆိုပါအခြေအနေများကို ဆန့်ကျင်လျက် ဗီယက်နမ် နိုင်ငံ သီဟိုဠ်စေ့ အသင်း (Vietnam Cashew Association - Vinacas) အနေဖြင့် ၂၀၂၆ ခုနှစ်တွင် သီဟိုဠ်စေ့ တန်ချိန် ၈၀၀,၀၀၀ ခန့်ကို တင်ပို့နိုင်‌ရန် ရည်မှန်းထားပြီး တန်ဖိုးအားဖြင့် အမေရိကန်‌ ဒေါ်လာ ၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

   အဆိုပါအသင်းသည် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား တန်ဖိုးမြင့် ထုတ်ကုန်များ ကို ပြုပြင်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုကို အလေးထားရန် လှုံ့ဆော်ကူညီပေးနေပြီး ကမ္ဘာ တစ်ဝန်းရှိ ဈေးကွက်မျိုးစုံနှင့် ပြည်တွင်းဈေးကွက်တို့၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်။

   ဗီယက်နမ်နိုင်ငံ သီဟိုဠ်စေ့အသင်း (Vinacas) သည် အဆိုပါအချက်အား မဟာဗျူဟာ မြောက် ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် ရှောင်လွှဲမရသော ဖွံ့ဖြိုးမှု လမ်းကြောင်းသာမက ကမ္ဘာလုံးဆိုင်ရာ သီဟိုဠ်စေ့ တန်ဖိုးဆက်စပ်ကွင်းဆက်အတွင်း ဗီယက်နမ် သီဟိုဠ်စေ့လုပ်ငန်းကို ပြန်လည်အခြေတကျဖြစ်ပြီး နေရာမှန်ရောက်လာစေရန်အတွက် အရေးတကြီး လိုအပ်ချက်တစ်ရပ်လည်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ သီဟိုဠ်စေ့ အသင်းအဖွဲ့ (Vinacas) ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် သီဟိုဠ်စေ့ ကုန်ကြမ်း၏ ကမ္ဘာ့အကြီးဆုံး တင်သွင်းသူနိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်း တင်ပို့သော သီဟိုဠ်စေ့၏ ၈၀ ရာခိုင်နှုန်းအထိ ထောက်ပံပေးနေကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၃.၁၂၂ မီလီယံထက်ကျော်သော ပမာဏကို တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၆၇ ဘီလီယံကျော်ရှိကြောင်း၊ အာဖရိကနိုင်ငံများဖြစ်သော ကုတ်ဒီဗိုရီ (Côte d’Ivoire)၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ တန်ဇန်းနီးယား၊ ဂူနီယာနှင့် ဘာကီနာဖာဆိုတို့သည် သီဟိုဠ်စေ့ ကုန်ကြမ်း အဓိက တင်သွင်း သည့်နိုင်ငံများဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ သီဟိုဠ်စေ့ စုစုပေါင်း တင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံကျော် ရှိခဲ့ပြီး ပမာဏအားဖြင့် ခန့်မှန်း ၇၉၈,၀၀၀ တန်ချိန်ရှိကြောင်း၊ ယင်းနှစ်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၈% ကျော်၊ ပမာဏအားဖြင့် ၄.၂၃% တိုးတက်ခဲ့ကြောင်း၊ အဆိုပါနှစ်၏ စံနှုန်းသည် ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ လုပ်ငန်းအတွက် မှတ်တမ်းသစ်တစ်ခုပင် ဖြစ်ကြောင်း သိရှိရပါသည်။

Source – Dong Thap, March 14, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက Koh Trong ကျွဲကောမျိုး ထိန်းသိမ်းရေး တိုက်တွန်း

     ကမ္ဘောဒီးယားနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Neth Pheaktra က Kratie ပြည်နယ်၊ Kratie မြို့တော်၊ Koh Trong ကျေးရွာအုပ်စု၌ ကျွဲကောများ စိုက်ပျိုးနေသော ဒေသခံ ပြည်သူများအား ကမ္ဘောဒီးယား၏ ဒေသဆိုင်ရာအညွှန်း(GI) စနစ်အောက်တွင် မှတ်ပုံတင်ထားသည့် Koh Trong ကျွဲကောမျိုးကို ထိန်းသိမ်းရန်နှင့် အိမ်ထောင်စုဝင်ငွေများ တိုးပွားစေပြီး အသက်မွေး ဝမ်းကျောင်း မြင့်မားလာစေရေးအတွက် စိုက်ပျိုးမြေချဲ့ထွင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မေတ္တာရပ်ခံချက်ကို ပြည်ထောင်စုဝန်ကြီးက Kratie မြို့တော်၊ Koh Trong ကျေးရွာအုပ်စုရှိ ကမ္ဘောဒီးယားပြည်သူ့ပါတီ ရုံးအဆောက်အအုံ ဖွင့်ပွဲအခမ်းအနား၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

      ကျွဲကောသီးသည် ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း(GI) မှတ်ပုံတင်ခြင်း ရရှိ ထားသော ထုတ်ကုန် (၈)မျိုးအနက်မှ တစ်ခုဖြစ်ကြောင်း၊ အဆိုပါထုတ်ကုန်ရှိခြင်းသည် Kratie ပြည်နယ်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သောကြောင့် Koh Trong ကျွဲကောအား ကောင်းစွာစီမံခန့် ခွဲရန်၊ ကျွဲကောမျိုးကောင်းမျိုးသန့်ကို ထိန်းသိမ်းရန်နှင့် စိုက်ပျိုးမြေချဲ့ထွင်ရန်၊ Koh Trong ကျွဲကော အား အခြားမျိုးများနှင့် ရောနှောစိုက်ပျိုးခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း Neth Pheaktra က ပြောကြားခဲ့သည်။

      ကမ္ဘောဒီးယားနိုင်ငံ၏ အခြားသော ဒေသဆိုင်ရာအညွှန်း (GI) ထုတ်ကုန်များမှာ Kampot ငရုတ်ကောင်း၊ Kampong Speu ထန်းလျက်၊ Mondulkiri တောပျားရည်၊ Kampot-Kep ဆား၊ Kampot-Kep ဆားပွင့်၊ Takeo ကျောက်ပုဇွန်နှင့် Siem Reap ငါးပိ တို့ ဖြစ်ကြောင်း သိရှိရသည်။

      Neth Pheaktra က ကျွဲကောသီးစိုက်ပျိုးခြင်း၏အလားအလာကိုလည်းအလေးပေးပြောကြား ခဲ့ပြီး ၎င်းသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်း မြင့်မားလာစေရန် အထောက်အကူ ပြုရုံသာမက ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးရွာအုပ်စုနှင့် ပြည်နယ်၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။

       Koh Trong ကျွဲကောကို ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း (GI) ထုတ်ကုန် အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီးနောက် GI ရရှိထားသော တတိယ မြောက် ပြည်တွင်းထုတ်ကုန် ဖြစ်လာခဲ့ကြောင်း၊ အရသာ ချိုမြိန်၍ အရည်ရွှမ်းပြီး အချဉ်ဓာတ်နည်း သော အရသာကြောင့် ကျော်ကြားသည့် အဆိုပါ ကျွဲကောကို Kratie ပြည်နယ်ရှိ Koh Trong ကျွန်းပေါ်တွင် စိုက်ပျိုးပြီး စိုက်ပျိုးထုတ်လုပ်ရာ၌ မိသားစု ၃၀၀ ကျော် ပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

       Koh Trong ကျေးရွာအုပ်စုမှ အုပ်ချုပ်သူများ၏ ဖော်ပြချက်အရ ဒေသခံများ၏ ၉၀ ရာခိုင် နှုန်းခန့်သည် ဟက်တာ ၃၀ ကျော် ကျယ်ဝန်းသည့် မြေဧရိယာတွင် ကျွဲကောများ စိုက်ပျိုးကြပြီး စုစုပေါင်း ကျွဲကောပင် ၁၀၀၀၀ ခန့် ရှိကြောင်း၊ ကျွဲကောပင်တစ်ပင်သည် တစ်နှစ်လျှင် အနည်းဆုံး ကျွဲကောသီး အလုံး ၁၀၀ ထွက်ရှိနိုင်ကြောင်း၊ Koh Trong ကျွဲကောသည် ခြံအရောက်ဈေးနှုန်းအရ တစ်ကီလိုဂရမ်လျှင် ရီယယ် ၇၀၀၀ မှ ၈၀၀၀ ကြား ရောင်းချရသည်။

     Koh Trong သည် Kratie မြို့တော်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး မော်တော်ယာဉ် ကင်းမဲ့သော အေးချမ်းသည့် ကျွန်းတစ်ကျွန်းဖြစ်ကာ ၎င်း၏ ကျွဲကောခြံများနှင့် ရိုးရာကျေးလက်ရွာ များကြောင့် လူသိများသည်။ အဆိုပါကျွန်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် လူကြိုက်များသော ဂေဟ စနစ်ခရီးသွားနေရာတစ်ခု ဖြစ်လာခဲ့ပြီး စက်ဘီးစီးခြင်းအတွက် အသုံးများသည့် ၉ ကီလို မီတာမှ ၁၃ ကီလိုမီတာအရှည်ရှိ စက်ဘီးပတ်လမ်း၊ ဒေသခံ တည်းခိုခန်းများနှင့် ခြောက်သွေ့ရာသီအတွင်း မြစ်ကမ်းတစ်လျှောက် သဲသောင်ခုံများပါရှိပြီး ဧည့်သည်များအား အေးချမ်းသော ကျေးလက်ဒေသ အတွေ့အကြုံကို ပေးစွမ်းကြောင်း သိရှိရသည်။ ကမ္ဘောဒီးယား၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ကမ္ဘောဒီးယားနိုင်ငံသည် Koh Trong ကျွဲကော၏ ကိုယ်ပိုင် လက္ခဏာကို ကာကွယ်ရန်နှင့် နိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်များ ကွဲပြားစုံလင်စေရန်အတွက် ကမ္ဘာ့ ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) သို့ Koh Trong ကျွဲကောအတွက် နိုင်ငံတကာ GI အကာအကွယ် ပေးမှု လျှောက်ထားလျက်ရှိကြောင်း သိရှိရသည်။

   Koh Trong ဂေဟစနစ် ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းသည် Kratie မြို့နယ်၏ အနောက် ဘက် တစ်ကီလိုမီတာခန့်အကွာ မဲခေါင်မြစ်အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိကြောင်း၊ Koh Trong ကျေးရွာသည် Kratie ပြည်နယ်၊ Kratie မြို့တော်ရှိ ကျေးရွာအုပ်စု ငါးခုအနက်မှ တစ်ခု ဖြစ်ကြောင်း၊ အဆိုပါကျွန်းတွင် Deum Koh နှင့် Chong Koh ဟူသော ကျေးရွာအုပ်စုနှစ်စု ပါဝင်ပြီး စုစုပေါင်း ဧရိယာ ၂၂၃ ဟက်တာ ကျယ်ဝန်းကြောင်း၊ ကျွန်း၏ မြေဆီဩဇာကောင်းမွန်မှုကြောင့် စိုက်ပျိုးရေးအတွက် အထူးသင့်လျော်သောကြောင့် ကျွန်းတွင် နေထိုင်သူအများစုသည် စိုက်ပျိုးရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

Source: Khmer Times, March 16, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာခြင်းကြောင့် စားသုံးကုန် ဈေးနှုန်းများ မကြာမီ ဈေးတက်လာနိုင်

 

          အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ရေနံထောက်ပံ့ရေးလမ်းကြောင်းများ ပြတ်တောက်သွားခြင်းနှင့်အတူ ထိုင်းနိုင်ငံတွက် ဧပြီလအတွင်း စားသုံးကုန်ပစ္စည်းများ ဈေးတက်လာနိုင်ကြောင်း စားသုံးထုတ်ကုန်ထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူများကို သတိပေးပြောဆိုမှုများရှိလာကြောင်း သိရှိရသည်။

          ထိုင်းနိုင်ငံရှိ စားသုံးသူကုန်ပစ္စည်းထုတ်လုပ်ရာလုပ်ငန်းကြီးများတွင် ရေနံထောက်ပံ့ ရေးလမ်းကြောင်းများ ဖြတ်တောက်သွားခြင်းနှင့်အတူ ကုန်ကြမ်းပစ္စည်းရရှိရန် ခက်ခဲခြင်း၊ ထုတ်ပိုးပစ္စည်းလျော့နည်းလာခြင်း၊ ဈေးနှုန်းမြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များတက်ခြင်းနှင့် ပို့ဆောင်မှုနောက်ကျခြင်းစသည့် အခြေအနေများ ဖြစ်ပေါ် နေကြောင်း ဖော်ပြထားသည်။

          ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင်များက ဧပြီလမှစ၍ ကုန်ပစ္စည်းဈေးနှုန်းများ တက်လာနိုင်ကြောင်း ခန့်မှန်းကာ ဖောက်သည်များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်း လက်ကျန်များကို သင့်လျော်သည့် အတိုင်းအတာထိ ကြိုတင်ဖြည့်တင်းထားရန် အကြံပြုထားသည်။

          လူသုံးကုန်ပစ္စည်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Unilever Thai Trading Co;Ltd ကလည်း ကုန်ကြမ်းဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ တိုက်ရိုက်တိုးမြှင့်လာကြောင်း ပြောထားသည်ကိုလည်း တွေ့ရှိရပါသည်။

DOCA (မွန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ