Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားသို့ နှစ်စဉ်တရုတ်ခရီးသွားအနည်းဆုံး တစ်သန်းလာရောက်လည်ပတ်ရန် ကတိပြု

        ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်စဉ် တရုတ်ခရီးသွားအနည်းဆုံး တစ်သန်းကို လာရောက်လည်ပတ်ရန် တရုတ်ကုမ္ပဏီ ၂၂ခုကျော်က ကတိကဝတ်ပြုခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း ထပ်မံတိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း ခရီသွားလာရေးဝန်ကြီး Huot Hak ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံ Henan ပြည်နယ်၊ Zhengzhou မြို့၌ အောက်တိုဘာလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 13th China Zhengzhou International Shaolin Wushu Festival တွင်ပါဝင်ဆင်နွှဲပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် Huot Hak သည် Zhengzhou နှင့် Henan ရှိ အဓိကခရီးသွားကုမ္ပဏီ ၂၂ခုမှ လုပ်ငန်းဆိုင်ရာကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး ခရီးစဉ် Package များအားစီစဉ်ပေးခြင်း၊ အပန်းဖြေစခန်းများဆောက်လုပ်ခြင်း၊ အဆင့်မြင့်ဟိုတယ်များတည်ဆောက်ခြင်းနှင့် ဧည့်လမ်းညွှန်များထောက်ပံ့ခြင်းတို့ပါဝင်ခဲ့သည်။ တရုတ်မီဒီယာ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဟီနန်ခရီးသွားလုပ်ငန်းအသင်းနှင့် ဆက်စပ်ကဏ္ဍများမှ သက်ဆိုင်သူများနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားလာရေးအလားအလာများ၊ တော်ဝင်အစိုးရ၏ မူဝါဒများအောက်တွင်ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြသည်။  ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် နီးကပ်သောဆက်ဆံရေးကြောင့် ကဏ္ဍအားလုံးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို မြှင့်တင်ပေးကြောင်း ထပ်မံပြောကြားခဲ့သည်။  နှစ်နိုင်ငံကြားရေရှည်ဆက်ဆံရေးကိုမြှင့်တင်ရန်အတွက် ခေါင်းစဉ်အသစ်များချမှတ်ရန် နှစ်ဖက်လုံးကသဘောတူညီကြောင်းနှင့် ကနဦးအဆင့်တွင် ကမ္ဘောဒီးယားသို့ နှစ်စဉ် တရုတ်ခရီးသွားတစ်သန်းလာရောက်လည်ပတ်စေရန် ကတိပြုခဲ့ကြသည်။

Source : Khmer Time

DOCA(ရန်ကုန်)

Texpo 2024 သည် ပို့ကုန်အမှာစာများအတွက် ဒေါ်လာသန်း၈၀၀ဆွဲဆောင်နိုင်ဖွယ်ရှိ

           ပါကစ္စတန်နိုင်ငံ၏ ၅ကြိမ်မြောက် ထိပ်တန်းအထည်အလိပ်နှင့် သားရေပြပွဲ Texpo 2024 တွင် ဒေါ်လာသန်း၈၀၀တန် ပို့ကန်အမှာစာများထုတ်ပေးရန် မျှော်လင့်ထားပြီး ၂၀၂၃ပြပွဲတွင်ရရှိခဲ့သည်။ ဒေါ်လာသန်း၄၂၀ထက် နှစ်ဆနီးပါးရှိမည်ဖြစ်ကြောင်းသိရသည်။

          TDAP ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Zubair Motiwala အမှုဆောင်အရာရှိချုပ် TDAP က Texpo ပြပွဲသည် အောက်တိုဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ Expo Centre တွင်ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးချုပ်သည် နိုင်ငံ၏အကြီးဆုံးအထည်အလိပ်ပြပွဲကို တက်ရောက်ဖွင့်လှစ်ဖြစ်ကြောင်းသိရသည်။ ဤပြပွဲသည် နိုင်ငံ၏အထည်အလိပ်ကဏ္ဍအတွက် ၎င်း၏အလားအလာကို နိုင်ငံတကာမှ ဝယ်ယူသူများကိုပြသပြီး သိသာထင်ရှားသော စီးပွားရေးအခွင့်အလမ်းများကိုဖော်ဆောင်ပေးမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပါကစ္စတန်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (TDAP)၏ အထည်အလိပ်နှင့် သားရေဌာနခွဲမှစီစဉ်သည့် Texpo ပြပွဲသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းတစ်ခုပံ့ပိုးပေးနေစဉ်တွင် အဆိုပါကဏ္ဍများအတွက် နိုင်ငံ၏ တက်ကြွပြီး ဆန်းသစ်သောပံ့ပိုးမှုများကို မီးမောင်းထိုးပြသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အခမ်းအနားသို့ နိုင်ငံခြားကိုယ်စားလှယ် ၅၅၀ဦးတက်ရောက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၅၀ဦးစီပါသော နယ်သာလန်နှင့် တောင်အမေရိကမှ ကိုယ်စားလှယ်အဖွဲ့များသည် ပါကစ္စတန်၏ အထည်အလိပ်နှင့် သားရေစက်မှုလုပ်ငန်းကိုလေ့လာရန် တက်ရောက်သူများထဲတွင်ပါဝင်ကြောင်းသိရသည်။ ပြပွဲတွင် ပါက္စစတန်၏ အကြီးဆုံးဖက်ရှင်ကုမ္ပဏီ ၂၅ခုမှ ဒီဇိုင်းများကို ပြသမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲအတွင်း နိုင်ငံတကာမိတ်ဖက်များနှင့် အထည်အလိပ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာစေရန် ဖက်စပ်လုပ်ငန်းအများအပြားဖြင့် လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။ စက်မှုကျွမ်းကျင်သူများက ၎င်းသည် ပါကစ္စတန်အတွက် အထည်အလိပ်တင်ပို့မှုအား ၂၀၂၄ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၆ဘီလီယံမှ ယခုဘဏ္ဍာနှစ်အကုန်တွင် ကန်ဒေါ်လာ ၁၉ဘီလီယံအထိတိုးမြင့်ရန် စံပြအခွင့်အရေးတစ်ခုအဖြစ်ရှုမြင်ထားသည်။

          ယမန်နှစ်က ကန်ဒေါ်လာသန်း၈၀၀ရှိသည့် သားရေတင်ပို့မှုသည် ဘဏ္ဍာနှစ်ကုန်တွင် ကန်ဒေါ်လာ ၁ဘီလီယံတိုးလာမည်ဟုခန့်မှန်းထားကြောင်း ၎င်းကပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက အထည်အလိပ်တင်ပို့မှု ၁၄% တိုးလာသဖြင့် Texpo 2024 ကို စက်မှုလုပ်ငန်း၏ အောင်မြင်မှုများကိုပြသရန် ပြီးပြည့်စုံသော အခွင့်အလမ်းအဖြစ် ကျွမ်းကျင်သူများကမြင်ကြသည်။

Source : brecorder

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံနှင့် RCEP တို့၏ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၅ဘီလီယံကျော်မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) (RCEP) ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅.၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ခုနှစ်ထက် ၁၇.၁ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ RCEP အဖွဲ့ဝင်များနှင့် နိုင်ငံတော်ကုန်သွယ်မှုပမာဏသည် စုစုပေါင်းကုန်သွယ်မှု၏ ၆၁.၆ ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEP နိုင်ငံများသို့ ကုန်ပစ္စည်းဒေါ်လာ ၆.၇၆ ဘီလီယံတင်ပို့ခဲ့ပြီး RCEP နိုင်ငံများမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၇၈ ဘီလီယံတန်ဖိုးရှိကြောင်းသိရသည်။ RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၅နိုင်ငံပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်စေရေးအတွက် အထောက်အကူဖြစ်ပြီး နိုင်ငံတော်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အားထားရာဖြစ်ကြောင်းပြောကြားခဲ့သည်။ RCEP ၏သဘောတူညီချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်းအားဖြင့် ကမ္ဘောဒီးယား၏ RCEP နိုင်ငံများသို့တင်ပို့မှုသည် ၂၀၂၄ခုနှစ်ထက်ကျော်လွန်နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ Asean +3 Macroeconomic Research Office (AMRO) မှ စီးပွားရေးလုပ်ငန်းရှင် Hoe Ee Khor က အခွန်နှင့်အခွန်ကင်းလွတ်ခွင့်လျှေ့ချခြင်းသည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကို ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ရန်ပိုမိုလွယ်ကူစေသည်ဟုဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန်/ ထုတ်ကုန်များဖြစ်သည့် အထည်ချုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်များသည် RCEP အောက်တွင် အကောက်ခွန်လျှေ့ချမှုကြောင့် ဈေးကွက်ဝင်ရောက်မှုနှင့်အပြိုင် ဈေးနှုန်းများတိုးလာခြင်းမှ အကျိုးအမြတ်များစွာရရှိခဲ့သည်ဟုသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)

ယခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယား၏ အာဆီယံနှင့်ကုန်သွယ်မှု ၁၃% မြင့်တက်

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁.၇၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၉၁ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁.၄ ဘီလီယံရှိသည့် အတွက် အာဆီယံနှင့်ကုန်သွယ်မှုမှာ ထိုစုစုပေါင်းပမာဏ၏ ၂၈.၃% ရှိကြောင်းသိရပါသည်။ ထိုကာလအတွင်း ၎င်းတို့၏ထိပ်ဆုံးကုန်သွယ်ဖက် ၅နိုင်ငံမှာ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်ကြောင်းသိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရပါသည်။
Source : Times
DOCA(ရန်ကုန်)

၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ဒေါ်လာ ၅ဘီလီယံကျော်ရှိလာ

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိကြာမြင့်ခဲ့သော ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်လွန်သွားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA) ဥက္ကဋ္ဌ Nguyeh Nam Hai သည် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံနှစ်တွင် ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၁% လျေ့နည်းသွားကြောင်းပြောကြားခဲ့သည်။ ပမာဏလျေ့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးသည် ၃၃.၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံအထိရောက်ရှိခဲ့ကာ ကော်ဖီရာသီတွင် အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်ကော်ဖီတစ်တန်လျှင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ ၅.၄၆၉ ဒေါ်လာရှိပြီး ယခင်လထက် ၅.၈% နှင့် ၂၀၂၃ခုနှစ် စက်တင်ဘာလထက် ၆၈.၇% မြင့်တက်ခဲ့သည်။ ၂၀၂၄ သီးနှံနှစ်တွင် ပျမ်းမျှပို့ကုန်ဈေးမှာ တစ်တန်လျှင် ၃၆၇၃ဒေါ်လာဖြစ်ပြီးယခင်နှစ်ထက် ၅၀% နီးပါးမြင့်တက်လာသည်။ ထိုသို့သောဈေးနှုန်းဖြင့် ကော်ဖီသည် ဗီယက်နမ်၏ အဓိကစိုက်ပျိုးရေးပို့ကုန်များကြားတွင် ဈေးနှုန်းအမြင့်မားဆုံးတင်ပို့သည့် ထုတ်ကုန်ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ(EU) သည် ၂၀၂၃-၂၀၂၄ ခုနှစ်သီးနှံနှစ်တွင် ဗီယက်နမ်၏ အကြီးဆုံးကော်ဖီတင်ပို့သည့် ဈေးကွက်အဖြစ်ရပ်တည်ခဲ့ပြီး ပမာဏမှာ ၈.၆% ကျဆင်းခဲ့သော်လည်း တန်ဖိုး ၄၁% မြင့်တက်ခဲ့သည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် လွန်ခဲ့သည့်ရာသီတွင် ဗီယက်နမ်၏ ထပ်တန်းကော်ဖီတင်ပို့ရောင်းချသည့် ဈေးကွက်သုံးခုအဖြစ်ရပ်တည်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၀၇သန်း၊ အမေရိကန်ဒေါ်လာ ၄၁၇သန်းနှင့် အမေရိကန်ဒေါ်လာ ၄၁၃သန်းတို့ အသီးသီးရှိခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ဂျာမနီမှ ၃၇%၊ အီတလီမှ ၃၀% နှင့် စပိန်မှ ၇၅% တိုးတက်မှုနှုန်းကိုမြင်တွေ့ခဲ့ရသည်။ အခြားဈေးကွက်များဖြစ်သော ဂျပန် (၃၈% မြင့်တက်)နှင့် ရုရှား (၂၀% မြင့်တက်) တို့သည် ပမာဏကျဆင်းနေသော်လည်း ပို့ကုန်တန်ဖိုးမှာ အားကောင်းခဲ့ကြောင်းသိရသည်။
Source : Vietnamplus
DOCA(ရန်ကုန်)

လာမည့်ဆယ်စုနှစ်အတွင်း ရေနံဓာတုပစ္စည်းများတွင် ဒေါ်လာ ၈၇ဘီလီယံရင်းနှီးမြှုပ်နှံရန် အိန္ဒိယနိုင်ငံမှ မျှော်မှန်းထား

နိုင်ငံ၏ ရေနံဓာတုပစ္စည်းဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ၈၇ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယနိုင်ငံမှရရှိရန် မျှော်လင့်ထားကြောင်း နိုင်ငံ၏ ရေနံဝန်ကြီး Hardeep Singh Puri က အောက်တိုဘာလ ၁၈ရက်နေ့တွင်ပြောကြားခဲ့သည်။ လူလတ်တန်းစားများပိုများလာသည်နှင့်အမျှ ရေနံဓာတုဗေဒပစ္စည်းအမျိုးမျိုးအတွက် ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာကြောင်း Puri က မွမ်ဘိုင်းရှိ India Cherm 2024 ပွဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် နှစ်စဉ် ရေနံဓါတုဗေဒထုတ်ကုန်မတ်ထရစ်တန် ၂၅မှ ၃၀သန်းအထိသုံးစွဲနေပြီး လက်ရှိတန်ဖိုး ကန်ဒေါ်လာ ၂၂၀ဘီလီယံရှိသော ရေနံဓာတုကဏ္ဍသည် ၂၀၂၅ခုနှစ်တွင် ဒေါ်လာ ၃၀၀ဘီလီယံအထိတိုးလာမည်ဟု Puri ကဆိုသည်။ အိန္ဒိယအစိုးရပိုင်နှင့် ပုဂ္ဂလိကရေနံကုမ္ပဏီများဖြစ်သည့် Nayara Energy နှင့် Haldia Petro Chemicals တို့သည် ထုတ်လုပ်မှုမြှင့်တင်ရန် အစီအစဉ်များကိုကြေညာထားပြီးဖြစ်သည်။ Haldia၊ ONGC နှင့် BPCL ကဲ့သို့သော ကုမ္ပဏီများသည် ဒေါ်လာ ၄၅ဘီလီယံရင်းနှီးမြှုပ်နှံမှုကို ကတိပြုထားပြီး မြင့်တက်လာသော ဝယ်လိုအားကိုဖြည့်ဆည်းရန်နှင့် နိုင်ငံ၏ကာဗွ‌န်လျေ့နည်းသော အသွင်ကူးပြောင်းမှုကိုချိန်ညှိရန် နောက်ထပ် ၁၀၀ဘီလီယံထပ်မံမျှော်မှန်းထားကြောင်း Puri မှ ပြောကြားခဲ့သည်။ အိန္ဒိယ၏ ရေနံဓာတုပစ္စည်းထုတ်လုပ်မှုသည် ၂၀၃၀ခုနှစ်တွင် တန်ချိန် ၂၉.၆၂ သန်းမှ တန်ချိန် ၄၆သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Source : business-standard
DOCA(ရန်ကုန်)

တရုတ်ဝယ်လိုအားလျော့နည်းလာသောကြောင့် ဆွစ်ဇာလန် နာရီတင်ပို့မှုကျဆင်း

SWISS နာရီတင်ပို့မှုသည် စက်တင်ဘာလတွင် သိသိသာသာကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ထက်ဝက်ကျဆင်းသွားကာ ဥရောပနိုင်ငံ၏ ရုန်းကန်နေရသော ဇိမ်ခံကုန်ပစ္စည်းကဏ္ဍအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့ကြောင်းသိရသည်။ ဆွစ်ဇာလန်နာရီများ တင်ပို့မှုသည် စုစုပေါင်းတန်ဖိုး ၁.၉ ဘီလီယံ Swiss Franes ခန့်အထိကျဆင်းပြီး တရုတ်နိုင်ငံ၏တင်သွင်းမှုမှာလည်း ၅၀% ကျဆင်းခဲ့ကြောင်း Swiss Watch Industry အဖွဲ့ချုပ်မှ အောက်တိုဘာလ ၁၇ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသုံးစွဲသူများသည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ဈေးကြီးသောနာရီများအား ဝယ်ယူမှုလျှော့ချလိုက်သောကြောင့် ဆွစ်ဇာလန်နာရီထုတ်လုပ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့နှင့်အတူ အာရှသို့ ရောင်းအားကျဆင်းမှုသည် လစဉ်တင်ပို့မှု ကျဆင်းမှု၏ သုံးပုံနှစ်ပုံအတွက် တွန်းအားပေးနေကြောင်း အဖွဲ့ချုပ်ကပြောကြားခဲ့သည်။ တင်ပို့မှုစုစုပေါင်းသည် ၂၀၂၃ခုနှစ် ကိုးလတာကာလထက် ၂၀၂၄ခုနှစ်တွင် ၂.၇% ကျဆင်းခဲ့ကြောင်းသိရသည်။ Rolex နှင့် Patek Philippe ကဲ့သို့သော နာမည်ကြီးအမှတ်တံဆိပ်များသည် ရောင်းအားကောင်းနေဆဲဖြစ်ပြီး ထိုအမှတ်တံဆိပ်များကို ဖယ်ထုတ်မည်ဆိုပါက ဆွစ်ဇာလန်နာရီတင်ပို့မှု ကျဆင်းမှုမှာ ပိုမိုသိသာထင်ရှားလာမည်ဟု Vontobel မှ Swiss Equity Research အကြီးအကဲ Jean-Philippe Bertschy ကပြောကြားခဲ့သည်။
Source : businesstimes
DOCA(ရန်ကုန်)

ယခုနှစ်အတွက် နဝမအကြိမ် ဆန်အဝယ်တင်ဒါ အင်ဒိုနီးရှားအစိုးရ ခေါ်ယူ

   အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ယခုနှစ်အတွက် နဝမအကြိမ်မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ကြေညာခဲ့ရာ လွန်ခဲ့သော ခြောက်လထက် မစောစေပဲ ကြိတ်ခွဲထုတ်လုပ်ထားသည့် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၅၀၀၀၀၀ ကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

    ယခု တင်ဒါခေါ်မှုတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယ ပင်ရင်းနိုင်ငံများမှ ဆန်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့အတွင်း အင်ဒိုနီးရှားနိုင်ငံ ဆိပ်ကမ်းသို့ အရောက် ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ပုံစံများကို အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း သတ်မှတ်နေ့ရက်အလိုက် ပေးပို့ရမည်ဖြစ်ပြီး အပြီးသတ်တင်ဒါအောင်မြင်သူစာရင်းကို နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါကြေညာချက်၌ ဖော်ပြထားသည်။

    S&P Global ဈေးကွက်လေ့လာဆန်းစစ်ရေးအဖွဲ့၏ အင်တာနက်ဝက်ဘ်ဆိုက်၌ ဖော်ပြ ချက်အရ Bulog အဖွဲ့သည် နောက်ဆုံး ခေါ်ယူခဲ့သော အဋ္ဌမအကြိမ်တင်ဒါအတွက် အောင်မြင်သူ ရလဒ်ကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ပါကစ္စတန်၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံများရှိ ပေးသွင်းသူများထံမှ ဆန်တန်ချိန် ၄၅၀၀၀၀ ကို သင်္ဘောတင်စရိတ်နှင့် သယ်ယူ ပို့ဆောင်ခများ ပါဝင်သော CNF ဈေးနှုန်း ၁ တန်လျှင် ၅၃၉.၃၄ ဒေါ်လာမှ ၅၇၄  ဒေါ်လာအတွင်း နှုန်းထားဖြင့် ဝယ်ယူခဲ့ကြောင်း၊  မြန်မာကုမ္ပဏီများက အနိမ့်ဆုံးဈေးနှုန်းဖြင့်လည်းကောင်း၊ ထိုင်းကုမ္ပဏီများက အမြင့်ဆုံးဈေးနှုန်းဖြင့်လည်းကောင်း ကမ်းလှမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ အဋ္ဌမအကြိမ်တင်ဒါ၌ ပါကစ္စတန်မှ ဆန်ပေးသွင်းသူများသည် စုစုပေါင်း လေလံ ၁၅ စောင်အနက် ဆန်တန်ချိန် ၂၃၈၁၀၀ အတွက် လေလံ ၈ စောင်ကို အောင်မြင်ခဲ့သည်။ ဆန်တန်ချိန် ၁၂၁၁၀၀ အတွက် လေလံ ၄ စောင်ကို မြန်မာကုန်သည်များကလည်းကောင်း၊ တန်ချိန် ၅၉၀၀၀ အတွက် လေလံ ၂ စောင်ကို ဗီယက်နမ်လုပ်ငန်းရှင်များကလည်းကောင်း၊ ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၃၁၈၀၀ အတွက် လေလံ ၁ စောင်တည်းကိုလည်းကောင်း အသီးသီးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

   အင်ဒိုနီးရှား Bulog အေဂျင်စီသည် ယခင်နှစ်၌ ဝယ်ယူခဲ့သော ဆန်တန်ချိန် ၃.၈ သန်းမှ လျှော့ချလျက် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားသည်။ ယခုပြက္ခဒိန်နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆန်အဝယ်တင်ဒါ ၉ ကြိမ် ခေါ်ယူခဲ့ပြီး လွန်ခဲ့ သော တင်ဒါ ၈ ကြိမ်၌ စုစုပေါင်းဆန်တန်ချိန် ၂.၆ သန်းကို ဝယ်ယူထားပြီးဖြစ်သည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှုဖြစ်ပေါ်ခြင်းက အင်ဒိုနီးရှားနိုင်ငံ၏ စပါးစိုက်ပျိုးမှုကို နှောင့်နှေးမှုဖြစ်စေပြီး ဆန်အထွက်ပမာဏ လျော့ကျနိုင်မှုနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ရောင်းလိုအားကျပ်တည်းသည့် အခြေအနေအရ အင်ဒိုနီးရှားအနေဖြင့် အဆိုပါခွဲတမ်း သတ်မှတ် ချက်ကို အပြည့်အဝ တင်သွင်းဖွယ်ရှိသည်ဟု ဈေးကွက်အရင်းအမြစ်များက ပြောဆိုထားသည်။

    S&P Global သုတေသနအဖွဲ့မှ လေ့လာဆန်းစစ်သူများက အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ပုံမှန်ထုတ်လုပ်မှု အဆင့်အတန်းဖြစ်သော ဆန်တန်ချိန် ၃၄ သန်းမှ ၃၄.၅ သန်းအတွင်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် အမေရိကန်စိုက်ပျိုးရေးဌာနကမူ ၎င်းဈေးကွက်နှစ်အတွင်း အင်ဒိုနီးရှား၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၄ သန်းခန့်သာရှိမည်ဟု တွက်ဆထားသည်။

Source:        (1)      Invitation No. PU-12/DP000/PD.04.01/10/2024 dated 24 Oct 2024 of BULOG, Indonesia

                   (2)      S&P Global, 21 Oct 2024

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၄ တတိယသုံးလပတ်၌ ဖိလစ်ပိုင်၏ စပါးအထွက် ၁၂ ရာခိုင်နှုန်းကျဆင်းနိုင်

    ဖိလစ်ပိုင်နိုင်ငံ၌ ရာသီဥတု ဆိုးရွားမှုဒဏ်ကို ကြုံတွေ့ရပြီးနောက် လယ်သမားများက  ၎င်းတို့၏ စိုက်ပျိုးမှုဧရိယာကို လျှော့ချခဲ့ကြရာ ၂၀၂၄ ခုနှစ် တတိယ သုံးလပတ်တွင် စပါးအထွက် ပမာဏသည် နှစ်စဉ်ထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၃.၄ သန်းအောက်သို့ ၁၂ ရာခိုင်နှုန်း ကျဆင်း နိုင်ကြောင်း Philippine Star သတင်းဌာနက ဖော်ပြထားပါသည်။

     ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ နောက်ဆုံးခန့်မှန်းချက်အရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးထွက်ရှိနိုင်မှုသည် မက်ထရစ်တန်ချိန် ၃.၃၅ သန်းရှိပြီး ယမန်နှစ် အလားတူကာလက မှတ်တမ်းတင်ထားသည့် ပမာဏ တန်ချိန် ၃.၈ သန်းထက် ၁၁.၉ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။ စပါးစိုက်ဧရိယာများ လျော့ကျခြင်းက PSA အနေဖြင့် တတိယသုံးလပတ်အတွက် ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ရန် တွန်းအားဖြစ်ပေါ်ခဲ့သည်။ ယခုနောက်ဆုံး အကြိမ်ခန့်မှန်းချက်သည် PSA ၏ ပထမအကြိမ်၌ ခန့်မှန်းထားသည့် စပါးတန်ချိန် ၃.၃၉ သန်းအောက် တန်ချိန် ၄၀၀၀၀ လျော့နည်းလျက်ရှိသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်၌ စပါးတန်ချိန် ၃.၀၅ သန်း ထွက်ရှိခဲ့မှု နောက်ပိုင်း ၅ နှစ်တာအတွင်း အနိမ့်ဆုံးလည်းဖြစ်သည်။

     စက်တင်ဘာ ၁ ရက်နေ့ရှိ စိုက်ပျိုးထားဆဲသီးနှံအပေါ် အခြေခံ၍ ၂၀၂၄ ခုနှစ် တတိယ သုံးလပတ်တွင် စပါးရိတ်သိမ်းနိုင်မည့် ဧရိယာသည် ၇၉၆၂၈၀ ဟက်တာရှိမည်ဟု PSA က ခန့်မှန်း ထားရာယခင်နှစ် ကာလတူ၌ ရိတ်သိမ်းခဲ့သော ဧရိယာ ၉၂၆၉၂၀ ဟက်တာအောက်သို့ ၁၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့ရာတွင် စပါးအထွက်နှုန်းမှာမူ ယခင်နှစ်၌ ထွက်ရှိခဲ့သော ၁ ဟက်တာလျှင် ၄.၁ တန်ထက် ၂.၄ ရာခိုင်နှုန်းတိုးတက်လျက် ယခုနှစ်တွင် ၁ ဟက်တာလျှင် ၄.၁ တန်အထိ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ စိုက်ပျိုးထားဆဲ စပါးစိုက်ဧရိယာ စုစုပေါင်း အနက် ၃၁၀၇၈၀ ဟက်တာခန့်ကို ရိတ်သိမ်းခဲ့ပြီး စပါးတန်ချိန် ၁.၃၁ သန်း ခန့်ထွက်ရှိကြောင်း သိရသည်။

     ရိတ်သိမ်းရန်ကျန်ရှိနေသေးသည့် စပါးစိုက်ခင်း ၄၈၅၅၀၀ ဟတ်တာ၏ ၁၆.၅ ရာခိုင်နှုန်းမှာ မျိုးပွားပြီးအဆင့်တွင်ရှိပြီး ကျန်ဧရိယာများသည် ရင့်မှည့်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း  PSA ကပြောဆိုသည်။ PSA ၏ ခန့်မှန်းချက်အတိုင်း တတိယသုံးလပတ်အတွက် စပါးရတ်သိမ်း ထွက်ရှိခဲ့ပါက နိုင်ငံ၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိ စပါးအထွက်ပမာဏသည် အနည်းဆုံး တန်ချိန် ၁၁.၈၈ သန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယခင်နှစ်ကာလတူ ၉ လတာ၌ ထွက်ရှိခဲ့သော စပါးတန်ချိန် ၁၂.၈၂၄ သန်းအောက် ၇.၄ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ပါသည်။

Source: The Philippine Star, 17 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၅ ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု တန်ချိန် ၄.၉ သန်းသို့ မြင့်တက်ဖွယ်ရှိ

     ဖိလစ်ပိုင်နိုင်ငံ၌ အယ်လ်နီညို၊ လာနီနာနှင့် မကြာသေးမီက တိုက်ခတ်သွားသည့် တိုင်ဖွန်းမုန်တိုင်းများကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေသဖြင့် ၂၀၂၄ ခုနှစ်နှင့် လာမည့်နှစ်တို့တွင်လည်း ဆန်ပိုမို တင်သွင်းလျက် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေဖွယ်ရှိ ပါသည်။

     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်နှင့် ကုန်သွယ်မှု အစီရင်ခံစာတွင် ဖိလစ်ပိုင် နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄.၇ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ဗီယက်နမ်ဆန်ကို တိုးမြှင့်ဝယ်ယူလျက်ရှိမှုအရ ယခင်အကြိမ် ခန့်မှန်းချက်ထက် ၂.၂% တိုးမြှင့် ဖော်ပြထားပါသည်။ ဒေသခံ လယ်ယာလုပ်ငန်းများမှ သီးနှံအထွက် နည်းပါးနိုင်ခြေရှိမှု ကြောင့် ရှေ့လာမည့်နှစ်တွင်လည်း ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၉ သန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

    အိန္ဒိယ၏ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများသည် ကမ္ဘာ့ဆန်ရောင်းလိုအားကို မြင့်မားစေလျက် ဈေးနှုန်းများကျဆင်းစေမည်ဟု မျှော်လင့်ရသော်လည်း အာဖရိကနှင့် အာရှရှိ ဈေးကွက် အများအပြားမှ ဝယ်လိုအား မြင့်မားမှုကြောင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်သွင်းမှုများ မြင့်တက်လာနိုင်ကြောင်း၊ ဖိလစ်ပိုင်၏ ကြိတ်ခွဲပြီးဆန် ထုတ်လုပ်မှုသည် ယခုနှစ်၌ တန်ချိန် ၁၂.၇ သန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၂.၃ သန်းသို့ ကျဆင်းနိုင်ကြောင်း အဆိုပါအစီရင်ခံစာ၌ ခန့်မှန်းထားသည်။

     ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ အဆိုအရ အောက်တိုဘာ ၃ ရက်အထိ ဆန်တန်ချိန် ၃.၂၉ သန်း တင်သွင်းခဲ့ရာ ဗီယက်နမ်ထံမှ တန်ချိန် ၂.၆၁ သန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏ နောက်တွင် ထိုင်းနိုင်ငံမှ တန်ချိန် ၄၁၆၀၀၀ ကျော်နှင့် ပါကစ္စတန်ထံမှ တန်ချိန် ၁၅၇၅၀၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: Vietnam Plus, 16 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ