Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များကြောင့် ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုမြင့်တက်လာ

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTAs) များသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှတွင် စိုက်ပျိုးရေးထွက်ကုန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာစေပြီး ကမ္ဘာပေါ်တွင် အဋ္ဌမမြောက်အကြီးဆုံးတင်ပို့သူဖြစ်လာကြောင်း ကုန်သွယ်ညှိနှိုင်းရေးဦးစီးဌာနမှသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမရှစ်လတွင် ထိုင်းနိုင်ငံလယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၈% မြင့်တက်လာခဲ့သည်။ FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှု၏ ၆၉% ဖြစ်သည်။ အဓိကတင်သွင်းသော နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံမှ ၃၁%၊ အာဆီယံမှ ၁၅%၊ ဂျပန်နိုင်ငံမှ ၁၁%နှင့် တောင်ကိုရီးယားနိုင်ငံမှ ၃% အသီးသီးပါဝင်သည်။ သိသာထင်ရှားစွာ တိုးတက်မှုနှုန်းရှိသောဈေးကွက်များတွင် အာဆီယံ ၃၉%၊ အိန္ဒိယ ၃၄%၊ ဩစတြေးလျ ၂၃%၊ စင်္ကာပူ ၁၀%၊ တောင်ကိုရီးယား ၉% နှင့် ဂျပန် ၇% တို့ပါဝင်သည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုးသည် ယခင်လထက် ၉% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရှိသည်။ ယခုလအတွက် ထိုင်းနိုင်ငံ ၏ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုမြင့်မားသော လယ်ယာထွက်ကုန်တို့မှာ ကန်ဒေါ်လာ ၆၀၄သန်း တန်ဖိုးရှိသော လက်ဆတ်၍ အေးခဲထားသောသစ်သီးများ (+၂၁%)၊ ကန်ဒေါ်လာ ၅၆၂သန်းတန်ဖိုးရှိသော ဆန်များ (+၄၁%)၊ ကန်ဒေါ်လာ ၄၉၇သန်းတန်ဖိုးရှိသော သဘာဝရော်ဘာများ (+၉%)၊ ကန်ဒေါ်လာ ၃၉၂သန်းတန်ဖိုးရှိသော ပြုပြင်ထားသောကြက်သားများ (+၆%)နှင့် ကန်ဒေါ်လာ ၂၆၀သန်းတန်ဖိုးရှိသော ပီလောပီနံထွက်ကုန်များ (+၂%)တို့ဖြစ်သည်။ FTA အထူးအခွင့်အရေးများကို အသုံးချခြင်းဖြင့် ထိုင်းလုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်ကိုတိုးချဲ့နိုင်သည်ဟု အဆိုပါဌာနကမှတ်ချက်ပြုထားသည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်အစတွင် စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် နိုင်ငံပေါင်း ၁၈နိုင်ငံမှ FTA ၁၄ခုရှိကြောင်းသိရသည်။ သဘာဝရော်ဘာများ (တရုတ်နှင့် အိန္ဒိယမှလွဲ၍)၊ ပီလောပီနံထွက်ကုန်များ (ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယမှလွဲ၍)၊ ပြုပြင်ထားသောကြက်သားများ (ဂျပန်၊ တောင်ကိုရီးယား၊ ချီလီ၊ ပီရူးမှလွဲ၍)၊ အေးခဲထားသောသစ်သီးများ (ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုမှလွဲ၍) အပါအဝင် ထိုင်းနိုင်ငံမှ ထုတ်ကုန်များစုအပေါ် သွင်းကုန်ခွန်သက်ညှာမှုပေးအပ်ထားကြောင်းသိရသည်။
Source : bangkokpost
DOCA(ရန်ကုန်)

အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ဒစ်ဂျစ်တယ်စီးပွားရေးဆက်ဆံမှုမြှင့်တင်ရန် IBCC ကြိုးပမ်း

ဒီဂျစ်တယ်စီးပွားရေးများ လျင်မြန်စွာပြောင်းလဲနေသော်လည်း စီးပွားရေးခေါင်းဆောင်များနှင့် နည်းပညာကျွမ်းကျင်သူများသည် ကမ္ဘောဒီးယားနိုင်ငံရှိ The Indian Business Chamber in Cambodia (IBCC) မှစီစဉ်ကျင်းပသော “ Navigating The Digital Future ” ခေါင်းစဉ်ဖြင့် အိန္ဒိယစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးများတွင် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Devyani Uttam ၊ IBCC ဥက္ကဋ္ဌ Babulal Parihar ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ အတွင်းရေးမှူး So Visothy ၊ National Bank of Cambodia ( NBC ) ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုဌာနတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Babulal Parihar သည် နိုင်ငံတော်၏အလားအလာနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေရန် ပြောကြားခဲ့သည်။ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ကျန်မာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်လှုပ်ရှားကြောင်းထပ်မံပြောကြားခဲ့သည်။ အိန္ဒိယသံအမတ်ကြီးက ကမ္ဘောဒီးယားတော်ဝင်အစိုးရ ( RGC ) နှင့်ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်အားရကြောင်း၊ နှစ်နိုင်ငံပြည်သူများအကျိုးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ရာတွင် ကောင်းမွန်သောဆက်ဆံရေးအပြင် နှစ်နိုင်ငံယဉ်ကျေးမှုများကို နားလည်မှုရရှိရေးမြှင့်တင်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ IBCC ၏ထုတ်ပြန်ချက်များအရ အဆိုပါပွဲသည် အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ စီးပွားရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် နည်းပညာ ကျွမ်းကျင်သူများကိုစုစည်းကာ လျင်မြန်စွာတိုးတက်ပြောင်းမှုများကို စူးစမ်းလေ့လာရန်နှင့် နှစ်နိုင်ငံအတွက် များပြားသောစီးပွားရေးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန်ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားတွင် 5G ကွန်ရက်ချဲ့ထွင်ရန် ဂျပန်နည်းပညာကုမ္ပဏီကြီးများ ပူးပေါင်းဆောင်ရွက်

ကမ္ဘောဒီးယားနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးများတိုးတက်လာစေရေးအတွက် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်ကြသော NTT Docomo နှင့် Nippon Electric Company ( NEC ) တို့သည် အရှေ့တောင်အာရှနိုင်ငံအတွင်း ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ရန်အတွက် မိတ်ဖက်များအဖြစ် စတင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ Orex Sai ဟုခေါ်သော ဖက်စပ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးအဆောက်အအုံတစ်ခုတွင် 5G ကွန်ရက်ကို စတင်ဖွင့်လှစ်ရန်စီစဉ်ထားပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကြီးထွားလာသည်နှင့်အမျှ ဆက်သွယ်ရေးအခြေခံအဆောက်အအုံဖွံဖြိုးတိုးတက်ရေးသည် ပိုမိုအရေးကြီးလာသည်။ မိတ်ဖက်အဖွဲ့သည် ဒေသတွင်းအခြေခံအဆောက်အအုံများမြှင့်တင်မှုသာမက အရှေ့တောင်အာရှနည်းပညာဆိုင်ရာ အခင်းအကျင်းတွင် ကမ္ဘောဒီးယား၏ရပ်တည်ချက်ကို တွန်းအားပေးနိုင်မည်ဟုရည်မှန်းထားကြသည်။ မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် မြို့ပြများကို 4G ကွန်ရက်ဖြင့် မိုဘိုင်းလ်ချိတ်ဆက်မှုလျင်မြန်စွာတိုးတက်စေခဲ့ပြီး အစိုးရကလည်း ဒီဂျစ်တယ်အသွင်ပြောင်းခြင်းကို ပံ့ပိုးပေးသည့်မူဝါဒများကိုလည်းချမှတ်ပေးခဲ့သည်။ သို့သော် ကျေးလက်ဒေသများတွင် ကွန်ရက်ချိတ်ဆက်မှုအားနည်းနေပြီး မြန်နှုန်းမြင့်ချိတ်ဆက်မှုနည်းပါးခြင်းကြောင့် နိုင်ငံ၏ဒီဂျစ်တယ်စီးပွားရေးတွင် အပြည့်အဝပါဝင်ရန် ကန့်သတ်မှုတစ်ခုအဖြစ်ရှိနေသည်။ Orex Sai မှ ပံ့ပိုးပေးထားသည့် 4G ကွန်ရက်အသစ်သည် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် မြန်နှုန်းမြင့်အင်တာနက်ကို ပံ့ပိုးပေးမည်ဖြစ်သည်။ ဤကနဦးအဆောက်အအုံသည် အဓိကမြို့ပြများတွင် 4G ဝန်ဆောင်မှုကို အသုံးပြုနိုင်ရုံသာမက 5G အသုံးပြုနိုင်ရန်အတွက်လည်း အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများသည် ဒီဂျစ်တယ်စီးပွားရေးတွင် ဦးဆောင်နိုင်ရန် အပြိုင်အဆိုင်ယှဉ်ပြိုင်နေသောကြောင့် 5G သို့ကူးပြောင်းမှုသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရေးကြီးသည်။ ပိုမိုကောင်းမွန်သောချိတ်ဆက်မှုများသည် စီးပွားရေးကဏ္ဍမြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်လမ်းသစ်များပေးဆောင်ရန်နှင့် ကမ္ဘောဒီးယား၏ ဒီဂျစ်တယ်ဝန်ဆောင်မှုကိုတိုးတက်စေရန် ရည်ရွယ်သည်။ 5G အသွင်ကူးပြောင်းမှုသည် ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအသီးသီးတွင် တိုးတက်လာစေမည်ဟုယုံကြည်ထားသည်။ မြှင့်တင်ထားသော ကွန်ရက်စွမ်းဆောင်ရည်များသည် ဒီဂျစ်တယ်ဝန်ဆောင်မှုများ၊ e-commerce နှင့် နည်းပညာဆိုင်ရာအခက်အခဲများကို ပိုမိုကောင်းမွန်သောချိတ်ဆက်မှုများဖြင့်နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့၏စီးပွားရေးများကို ကမ္ဘောဒီးယားနိုင်ငံတွင် ပိုမိုချဲ့ထွင်ပြီး ဒေသတွင်းလုပ်သားအင်အားကိုမြှင့်တင်ရန်အတွက် အခွင့်အလမ်းများပေးစွမ်းမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် NTT Docomo နှင့် NEC တို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေး၊ လုပ်သားအင်အားနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးပေါ်တွင် အကျိုးကျေးဇူးများစွာရရှိစေပြီး ဒေသတွင်းဒစ်ဂျစ်တယ်စီးပွားရေးတွင် ဦးဆောင်မှုအခိုင်အမာရရှိစေမည်ဖြစ်သည်။
Source:Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ အမေရိကန်ဒေါ်လာ ၃ဘီလီယံကျော်အထိမြင့်တက်

ထိုင်းနိုင်ငံသည် တရုတ်၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့နောက် ကမ္ဘောဒီးယားနိုင်ငံ၏ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်သတ်မှတ်ထားသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃.၁၆၉ ဘီလီယံရှိပြီး ၂၀၂၃ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ကုန်သွယ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များအရ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၅.၅ သန်းတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံမှ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂.၂၅၃ ဘီလီယံကျော်တင်သွင်းခဲ့ကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၅၅.၉ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၇၄သန်း) အထိမြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံမှ သွင်းကုန် ၃၄ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃၀၇.၆၈ သန်း) အထိတိုးလာခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန်တင်ပို့မှုတွင် သရက်သီး၊ ပီလောပီနံ၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ပဲကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များပါဝင်သည်။ အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ အစားအစာနှင့်အဖျော်ယမကာများတင်သွင်းကြသည်။ သို့သော်ထိုင်းနိုင်ငံအာဏာပိုင်များသည် ၎င်းတို့၏ ပြည်တွင်းဈေးကွက်ကိုထိန်းညှိရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန် တင်းကြပ်သောသွင်းကုန်စည်းမျဉ်းများကို မကြာခဏချမှတ်သောကြောင့် ရိတ်သိမ်းရာသီတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့သူများကို စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသည် ဟု Battambang ပြည်နယ်ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး Kim Huot ကပြောကြားခဲ့သည်။
Source: KHMERTIMES
DOCA(ရန်ကုန်)

တရုတ်ကားထုတ်လုပ်သူများသည် အခွန်စည်းကြပ်မှုကိုကျော်လွှားရန် ပင်လယ်ရပ်ခြားထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆတိုးမည်

တရုတ်ကားထုတ်လုပ်သူများသည် ဒဏ်ခတ်ထားသော သွင်းကုန်ခွန်များကိုကျော်ကာ ဈေးကွက်သစ်များတွင် ဝယ်လိုအားကိုဖြည့်ဆည်းရန် ၎င်းတို့၏ပြင်ပထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆကျော်လုပ်ဆောင်နိုင်မည်ဟု Bloonberg သတင်းဌာနမှဆိုသည်။ တရုတ်နိုင်ငံတွင် ကားများ၏ အဓိကအစိတ်အပိုင်းများကို ပြည်ပသို့တင်ပို့ခြင်းနှင့် တပ်ဆင်ခြင်းတို့ပြုလုပ်ခြင်းသည် အစဉ်အလာအားဖြင့် နိုင်ငံခြားဈေးကွက်ကိုထိတွေ့ရန် တရုတ်ထုတ်လုပ်သူများ၏ ဦးစားပေးချဉ်းကပ်ခြင်းဖြစ်သည်။ သို့သော် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တူရကီမှ အခွန်များစည်းကြပ်နေပြီဖြစ်ရာ လုပ်ငန်းစဉ်ပြည့်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများတိုးလာနေကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံရှိ လျှပ်စစ်ကားဈေးကွက်မှာ ပြည့်လျှံလာသည်နှင့်အမျှ ပြည်တွင်းပြိုင်ဆိုင်မှုတိုးမြှင့်လာသည်နှင့် စွမ်းဆောင်ရည်ပြည့်မီမှုသည် တရုတ်နိုင်ငံ၏ EV အမှတ်တံဆိပ်များအား ပြည်ပတွင် တိုးတက်သောဈေးကွက်အသစ်များကိုရှာဖွေရန် တွန်းအားပေးနေသည်ဟု BNEF အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်ကားထုတ်လုပ်သူများသည် ၂၀၂၃ခုနှစ်အထိ နှစ်စဉ်ကားအစီးရေ ၁.၂ သန်းထုတ်လုပ်မှုစွမ်းရည်ဖြင့် နိုင်ငံ ၉နိုင်ငံတွင် လုပ်ငန်းစဉ်ပြည့်စက်ရုံများကိုတည်ဆောက်ပြီး တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။ ကုမ္ပဏီ၏ကြေညာချက်များကို အချိန်မီပေးပို့ပေးပါက ၂၀၂၆ခုနှစ်တွင် နိုင်ငံအများအပြား၌ ကားယူနစ်ပေါင်း ၂.၇ သန်းမှ နှစ်ဆကျော်ထိထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း BNEF မှ ပြောကြားခဲ့သည်။ လုပ်ငန်းစဉ်ပြည့်ထုတ်လုပ်ခြင်းတွင် အော်တိုထုတ်လုပ်ခြင်း၏ အဓိကအဆင့် ၄ဆင့်ဖြစ်သော တံဆိပ်တုံးထုခြင်း၊ ဂဟေဆော်ခြင်း၊ အရောင်ခြယ်ခြင်းနှင့် စက်ပစ္စည်းတပ်ဆင်ခြင်းတို့ပါဝင်သည်။တရုတ်နိုင်ငံ အရောင်းရဆုံးကားအမှတ်တံဆိပ်ဖြစ်သည့် BYD ကုမ္ပဏီသည် တရုတ်အစိုးရကျော်ထောက်နောက်ခံထုတ်လုပ်သူ Chery Automobile Co Changan Automobile Co. GAC Auto Corp နှင့် SAIC Motor Corp တို့နှင့်အတူ ၂၀၂၃ခုနှစ်မှစ၍ ၎င်းတို့၏ နိုင်ငံရပ်ခြားစက်ရုံများအတွက် အသစ်တိုးချဲ့မည့်ပရောဂျက် ၁၀ခုကိုကြေညာခဲ့သည်။ လူကြိုက်များသောဒေသများမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဘရာဇီးတို့ပါဝင်သည်။ တရုတ်ကားထုတ်လုပ်သူ Zhejiang Geely Holding Group Co မှထိန်းချုပ်ထားသည့် BYD နှင့် Volvo Car AB တို့သည် ဥရောပတွင်စွမ်းရည်မြှင့်တင်ရေးကိုဆောင်ရွက်လျက်ရှိသည်။ BYD သည် ဟန်ဂေရီတွင် စက်ရုံတစ်ရုံတည်ဆောက်နေပြီး EU သို့ ဝင်ရောက်ခွင့်ပေးသည်။ တူရကီတွင် နောက်ထပ်စက်ရုံတစ်ခုအတွက် အစီအစဉ်ကိုလည်းကြေညာထားကြောင်းသိရသည်။

SOURCE : Yahoofinance
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၃၃သန်းရရှိနိုင်ရန်ကြိုးပမ်း

ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ( FDI ) ဒေါ်လာ ၄၃၃သန်းရရှိနိုင်အောင်ကြိုးစားလျက်ရှိပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားဖွံဖြိုးတိုးတက်ရေးကောင်စီ (CDC) ဒုတိယထွေထွေအတွင်းရေးမှူး Sar Senera ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှုပရောဂျက် ၂၈ခုကို မှတ်ပုံတင်ထားကြောင်းမှတ်ချက်ပြုခဲ့သည်။ ၂၀၂၄ခုနှစ်၏ ပထမ (၉) လအတွင်း CDC သည် ရင်နှီးမြှုပ်နှံမှုစီမံကိန်းစုစုပေါင်း ၃၁၅ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၃ သန်းခန့်ရှိခဲ့သည်။ Sar Senera က နိုင်ငံအတွင်းသို့ FDI စီးဆင်းမှုအောင်မြင်မှုရရှိစေရန် ကမ္ဘာ့နိုင်ငံရေးတင်းမာမှုကို ထည့်သွင်းစဉ်းစားရန်လိုကြောင်းနှင့် ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများသည် နိုင်ငံတွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် အစိုးရ-ပုဂ္ဂလိကနှင့် အခြားနယ်ပယ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံစုံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များသည် ကမ္ဘောဒီးယားသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအားကောင်းလာစေရန် အရေးပါသောအခန်းမှပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှုပရောဂျက်အများစုသည် စက်မှုလုပ်ငန်း၊ အခြေခံ အဆောက်အဦ၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို အဓိကထားလုပ်ဆောင်ကြမည်ဟု ထပ်မံပြောကြားသွားခဲ့သည်။
Source: KHMERTIMES
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်မှုမြှင့်တင်ရန် နယ်စပ်ပြဿနာများကို တွန်းအားပေးဆောင်ရွက်လျက်ရှိ

ဒေသတွင်းစီးပွားရေးမတည်ငြိမ်မှုများကြားတွင် ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများမြှင့်တင်ရန်ရည်ရွယ်၍ “Stung Bot-Ban Nong Ian” အစီအစဉ်များကို ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ထိုင်းတော်ဝင်အစိုးရ (RTG) တို့က ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Anutin Charnvirakul သည် နှစ်နိုင်ငံနီးကပ်သော ပထဝီအနေအထား၊ ယဉ်ကျေးမှုများနှင့် အိမ်နီးချင်းကောင်းများဖြစ်ရေး အစဉ်အလာကောင်းများရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ခိုင်မာသောဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတူညီချက်များကိုတည်ဆောက်ရာတွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် ကတိပြုခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရာတွင်ကုန်ကျစရိတ်လျှေ့ချပေးခြင်း၊ ခမာနှစ်သစ်ကူးကာလတွင် ဇာတိမြေသို့ပြန်သွားကြသော ကမ္ဘောဒီးယားအလုပ်သမားများအတွက် ပြန်လည်ဝင်ကြေးကင်းလွတ်ခွင့်ပေးခြင်းအတွက် (RTG) အားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ်က ကုန်သွယ်မှုနှင့် ခရီးသွားလာရေးမြှင့်တင်ရန် အရေးကြီးကြောင်းနှင့် နယ်စပ်ဝင်ပေါက်ဂိတ်များပိုမိုဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ရန်နှင့် နယ်စပ်တစ်လျှောက်ရှိ ပြည်သူများ၏လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် နိုင်ငံဖြတ်ကျော်မှုခင်းများနှိမ်နင်းရေးတွင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလေး‌ပေးဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
Source: KHMERTIMES
DOCA(ရန်ကုန်)

ယခုနှစ်၏ ပထမ ၃လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့သည့် ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၉လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆၂.၅၃% မြင့်တက်ခဲ့ကြောင်း အထွေထွေ စိုက်ပျိုးရေးဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထိုသို့မြင့်တက်လာခြင်းသည် လတ်ဆတ်သော သီဟိုဠ်စေ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအား အားကောင်းလာမှုကို ညွှန်ပြနေကြောင်းသိရပါသည်။ သို့သော် သီဟိုဠ်စေ့ခြောက်တင်ပို့မှုမှာ တန်ချိန်၈၆၀၀၀၀ဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂.၅၄% ကျဆင်းခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် ကမ္ဘောဒီးယားတွင် သီဟိုဠ်စိုက်ခင်းဟတ်တာ ၇၀၀၀၀၀ နီးပါးရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ EI Chhinh က တင်ပို့မှုမြင့်တက်လာခြင်းသည် ထုတ်လုပ်မှုအဆင့်အတန်းမြင့်မားလာခြင်းနှင့် ကမ္ဘောဒီးယားသိဟိုဠ်ဈေးကွက်သည် ပြည်တွင်းစားသုံးမှုထက် ပို့ကုန်အဓိကအသားပေးသောကြောင့် ပြည်တွင်းဝယ်လိုအားနည်းပါးမှု စသည့် အချက် ၂ချက်ကြောင့်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ဥက္ကဋ္ဌက ၎င်းတို့သည် တစ်နှစ်လျှင် သီဟိုဠ်စေ့တန်ချိန် ၁၀သန်းခန့်ထုတ်လုပ်ပြီး တန် ၂သန်းမှ ၃သန်းခန့်ကိုသာ ပြည်တွင်း၌အသုံးပြုကာ ကျန်သီဟိုဠ်စေ့များကို ပြည်ပသို့တင်ပို့ကြောင်း၊ သီဟိုဠ်စေ့မှ အခြားထုတ်ကုန်များပြုပြင်ထုတ်လုပ်၍ တင်ပို့ရန်အတွက် နိုင်ငံတွင် သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံများပိုမိုတွေ့မြင်ရန်နှင့် သီဟိုဠ်စေ့တင်ပို့မှုများပိုမိုမပြုလုပ်ရန် အလိုရှိကြောင်းပြောကြားခဲ့ပါသည်။ Chhinh ၏အဆိုအရ ကမ္ဘောဒီးယားတွင် သီဟိုဠ်စေ့ပြုပြ်ထုတ်လုပ်သည့်စက်ရုံ ၁၂ခုရှိပြီး ၄ခုမှ ၅ခုခန့်သာလည်ပတ်လျက်ရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံတော်သီဟိုဠ်မူဝါဒ ၂၀၂၀-၂၀၂၅ သည် ကမ္ဘောဒီးယားအား သီဟိုဠ်ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုအရှိန် မြှင့်တင်ရန်အတွက် အားထားနိုင်သော ထုတ်လုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့် ထောက်ပံ့သူဖြစ်လာရန် ရည်ရွယ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

ဆွီဒင်နိုင်ငံ၌ သိမ်းဆည်းခံရသော အရည်အသွေးမမီသည့်ဆန်များတွင် ဗီယက်နမ်ဆန် ပါဝင်မှုမရှိ

    ဆွီဒင်နိုင်ငံတွင် အရည်အသွေး မပြည့်မီသဖြင့် အာဏာပိုင်များက သိမ်းဆည်းရမိထားသော ဆန်စာရင်းတွင် ဗီယက်နမ်ဆန်အမည်အား ဖော်ပြထားခြင်းမရှိကြောင်း ယင်းနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်မှုရုံး၏ ပြောကြားချက်အရ သိရသည်။

    ဗီယက်နမ်နိုင်ငံသည် ဆွီဒင်နိုင်ငံသို့ စံပယ်ဆန်မွှေးနှင့် ဂျပွန်နီကာဆန်တို့ကို အဓိက တင်ပို့နေပြီး ဆွီဒင်နိုင်ငံမှ လက်ရှိထိန်းသိမ်းထားသည့်ဆန်မှာ ဘာစမာတီဆန် အမျိုးအစားဖြစ်၍ အခြား ဈေးကွက်များမှ တင်သွင်းလာခြင်းဖြစ်သည်ဟု အဆိုပါရုံးမှ ရှင်းပြထားကြောင်း၊ ဆွီဒင်စားနပ်ရိက္ခာအေဂျင်စီ၊ ရဲတပ်ဖွဲ့၊ လုပ်ငန်းပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်အဖွဲ့၊ အကောက်ခွန် ဝန်ဆောင်မှုဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မူရင်းရှိသင့်သည်ထက် ပိုမိုကောင်းမွန်သည့် အရည်အသွေးအဆင့်အတန်း တံဆိပ်ကပ်နှိပ်ထားသော ဘာစမာတီဆန် တန်ချိန် ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

   ဆွီဒင်နိုင်ငံအပြင် ပိုမိုကျယ်ပြန့်သော ဥရောပမြောက်ပိုင်း နော်ဒစ်ဒေသတစ်ဝန်း၌  ဆန် အပါအဝင် သွင်းကုန်များအတွက် တင်းကြပ်သော စည်းမျဥ်းများနှင့် စံနှုန်းများစွာကို ချမှတ်ထား သဖြင့် စျေးကွက်ဝေစုကို ဆက်လက် ထိန်းသိမ်းထားရန်အတွက် အဆိုပါစည်းမျဉ်းများကို စီးပွားရေးလုပ်ငန်းရှင်များက အထူးဂရုပြုကြရန် ကုန်သွယ်ရေးသံမှူး Nguyen Thi Hoang Thuy က ပြောကြားခဲ့သည်။

    ဆွီဒင်နိုင်ငံသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုတန်ဖိုးသည် လွန်ခဲ့သည့်သုံးနှစ်၌ အမေရိကန် ဒေါ်လာ သောင်းဂဏန်းမျှသာရှိရာမှ ယခုအခါ အမေရိကန်ဒေါ်လာ ၃ သန်းမှ ၄ သန်းအထိသို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဤကိန်းဂဏန်းသည် သိသာထင်ရှားခြင်း မရှိသော်လည်း လုပ်ငန်းရှင် အသိုက်အဝန်း၏ စုပေါင်းကြိုးပမ်းမှုဖြင့် ဗီယက်နမ်ဆန်နှင့် အခြားကုန်ပစ္စည်းများသည် ဆွီဒင်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားဈေးကွက်များစွာတွင် ၎င်းတို့၏ တည်ရှိမှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း Nguyen Thi Hoang Thuy က ပြောကြားခဲ့သည်။

Source: Vietnam Plus, 29 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးနိုင်ရန် အင်ဒိုနီးရှား စီစဉ်

   အင်ဒိုနီးရှားအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူဦးရေ တိုးပွားလာမှုတို့ကြားတွင် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက်မှု ခိုင်မာတောင့်တင်းစေရန် စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

   အဆိုပါ အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အမျိုးသားစိုက်ပျိုးရေးကဏ္ဍ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် မဟာဗျူဟာမြောက် ခြေလှမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှား၏ လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် သန်း ၃၃၀ သို့ တိုးပွားလာမည်ဟု ခန့်မှန်းထားမှုနှင့်အတူ အမျိုးသား စားနပ်ရိက္ခာ လိုအပ်ချက်သည် မြင့်တက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဒုတိယဝန်ကြီး Sudaryono က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

    တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သော မြေယာများအား စက်မှုဇုန်များနှင့် လူနေရပ်ကွက် များ အဖြစ်သို့ ပြောင်းလဲမှုများကြောင့် စိုက်ပျိုးမြေဧရိယာများ လျော့ကျလျက်ရှိသည်။ အဆိုပါ ကိစ္စရပ်များကြောင့် စပါးစိုက်ခင်းအသစ်များ ဖန်တီးခြင်းသည် နိုင်ငံ၏ အဓိက အစားအစာဖြစ်သည့် ဆန်စပါးထုတ်လုပ်ရေးနယ်ပယ်ကို ချဲ့ထွင်ရန်အတွက် အရေးပါသော ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များနှင့် ပြည်တွင်းလိုအပ်ချက်တို့၏ တွန်းအားအရ ၎င်းအစီအစဉ်အား ဦးစားပေးလုပ်ဆောင်ရန် သမ္မတ Prabowo Subianto  က ချမှတ်ထားကြောင်း Sudaryono က ရှင်းလင်းပြောဆိုခဲ့ပါသည်။

    ကမ္ဘာ့စားနပ်ရိက္ခာစနစ်သည် စီးပွားရေးမသေချာမရေရာမှုများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် နိုင်ငံတကာစားနပ်ရိက္ခာ ထောက်ပံ့ရေးကွင်းဆက်များကို နှောက်ယှက်သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း၊ အင်ဒိုနီးရှားသည်  လူဦးရေ ထူထပ်သောနိုင်ငံဖြစ်၍ ၎င်း၏စိုက်ပျိုးရေးကဏ္ဍကို အားကောင်းစေခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှု ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့ပါသည်။

   အဆိုပါ စပါးစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အရည်အသွေးမြင့် မျိုးစေ့များ၊ ခေတ်မီဆည်မြောင်းစနစ်များနှင့် စက်မှုလယ်ယာနည်းစနစ်များ အသုံးပြုခြင်းဖြင့် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမှ စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ကျေးလက်ဒေသ စီးပွားရေး တိုးတက်မှုကို တွန်းအားပေးရန် အစိုးရက မျှော်လင့်ထားကြောင်း သိရပါသည်။

Source: Antara News, 25 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ