Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်တင်သွင်းမှုအပေါ် အခွန် ၃၇ ရာခိုင်နှုန်း ဘင်္ဂလားဒေ့ရှ်အစိုးရ လျှော့ချ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဓိက စားသုံးကုန်ဖြစ်သော ဆန်တင်သွင်းမှုကို တွန်းအားပေးရန် နှင့် ပြည်တွင်းဈေးကွက်တွင် ရောင်းလိုအားကို တိုးမြှင့်ရန်အတွက် ဆန်တင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားကို သိသိသာသာလျှော့ချခဲ့သည်။

    အမျိုးသားအခွန်ကြီးကြပ်မှုအဖွဲ့ (NBR) ၏ အောက်တိုဘာ ၂၀ ရက်နေ့၌ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းအရ ကုန်သည်များအနေဖြင့် ဆန်တင်သွင်းရာ၌ ယခင်က သွင်းကုန်အခွန်စုစုပေါင်း ၆၂ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရာမှ ယခု  ၂၅ ရာခိုင်နှုန်းသို့ လျှော့ချ၍ တင်သွင်းနိုင်ပြီဖြစ် သည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး စပါးသီးနှံရာသီဖြစ်သည့် Aman paddy ခေါ် မိုးစပါး စိုက်ပျိုးမှုကို ထိခိုက်ခဲ့ပြီးနောက် ဆန်ရောင်းလိုအား ကျဆင်းမည့်အရေး စိုးရိမ်မှုများ မြင့်တက်လာပြီး အကောက်ခွန်နှုန်းထားများ လျှော့ချခံရခြင်းဖြစ်သည်။

      ယင်းသို့ လျှော့ချခြင်းကြောင့် ဆန်တစ်ကီလိုဂရမ်အတွက် တင်သွင်းမှုကုန်ကျစရိတ်မှာ တာကာငွေ ၁၄.၄၀ လျော့နည်းသက်သာမှုရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက်ရှိစေပြီး ဆန်စျေးနှုန်းကို သင့်တင့်သော အခြေအနေတွင် ထိန်းသိမ်းထားနိုင်စေရေး  ဆန်ထောက်ပံ့မှု မြှင့်တင်ရန်အတွက် အခွန်လျှော့ချခြင်း ဖြစ်ကြောင်း၊ ၎င်းနှုန်းထားအသစ်မှာ ချက်ချင်းလက်ငင်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း တင်သွင်းသူများအနေဖြင့် အဆိုပါ အကျိုးဖြစ်ထွန်းမှုကို ရယူခံစားနိုင်ရန်အတွက် စားနပ်ရိက္ခာဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရန်လိုအပ်ကြောင်း NBR  ပြောကြားခဲ့သည်။

Source: The Daily Star, 21 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးမှုကြောင့် ဆန်တန်ချိန် ၁.၁ သန်းခန့် ထိခိုက်ပျက်စီး

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးမှုကြောင့် ဆန်မက်ထရစ်တန်ချိန် ၁ ဒသမ ၁ သန်းခန့် ပျက်စီးခဲ့ပြီး  စားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရာ အဓိကစားသုံးကုန်ဖြစ်သော ဆန် တင်သွင်းမှုကို မြှင့်တင်ရန် အကြောင်းတရားဖြစ်ပေါ်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

     ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နိုင်ငံ တစ်ဝန်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူ ၇၅ ဦးထက်မနည်း သေဆုံးကာ လူဦးရေသန်းပေါင်း များစွာကို ထိခိုက်လျက် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများ တွင် သီးနှံများပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။

    ယခုနှစ် ရေကြီးမှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၎င်းအခြေအနေအား တုံ့ပြန်သည့်အနေဖြင့် အစိုးရ သည် ဆန်တန်ချိန် ၅၀၀၀၀၀ တင်သွင်းရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိပြီး မကြာမီ အချိန်တွင် ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းခြင်းကို ခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း စားနပ်ရိက္ခာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး ဩဂုတ်လတွင် အာဏာရလာသည့် ကြားဖြတ်အစိုးရအနေဖြင့် မကြာသေးမီလများအတွင်း ၂၀ ရာခိုင်နှုန်းနီးပါး တက်လာခဲ့သော စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် ရုန်းကန်နေရကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည့် အိန္ဒိယသည် မကြာသေးမီ ကာလ၌ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ရာ  ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံထံမှ ပိုမိုသက်သာသောနှုန်းထားဖြင့် ဆန်တင်သွင်းမှုသည် မြင့်တက်လာဖွယ်ရှိသည်။

    ရေကြီးမှုသည် ဟင်းသီးဟင်းရွက်တန်ချိန် ၂၀၀၀၀၀ ကျော်အပါအဝင် အခြားလယ်ယာ ထွက်ကုန်များကိုလည်း ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ် ယာထွက်ကုန်ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်းမှာ တာကာ ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈၀ သန်း) ခန့်ရှိကြောင်း သိရသည်။

     ကမ္ဘာ့တတိယအကြီးဆုံး ဆန်ထုတ်လုပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ လူဦးရေ သန်း ၁၇၀ စားသုံးရန်အတွက် တစ်နှစ်လျှင် ဆန်တန်ချိန် ၄၀ သန်းနီးပါး ထုတ်လုပ်လျက်ရှိသည်။ သို့သော် သဘာဝဘေးအန္တရာယ်များက စိုက်ပျိုးထုတ်လုပ်မှုကို မကြာခဏ အနှောင့်အယှက်ပေး လေ့ရှိပြီး သွင်းကုန်အပေါ် မှီခိုမှု တိုးလာစေခဲ့ခြင်းဖြစ်သည်။

    ယခုနှစ် ရေကြီးမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံရရန် လွယ်ကူမှုရှိနေကြောင်း ပြသလျက်ရှိသည်။ ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ၂၀၁၅ ခုနှစ်၌ လေ့လာမှု တစ်ခုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူပေါင်း ၃ ဒသမ ၅ သန်းခန့်သည် နှစ်စဉ် မြစ်ရေလျှံမှု အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် အဆိုပါပြဿနာသည် ပိုမိုဆိုးရွားလာနိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားကြောင်း သိရ သည်။

    ရာသီဥတု၏ စိန်ခေါ်မှုများ များပြားလာနေချိန်တွင် စားနပ်ရိက္ခာဖူလုံမှု ခိုင်မာစေရေး အတွက် စိုက်ပျိုးမှုကာလ တိုတောင်းပြီး ရေကြီးမှုနှင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံ မျိုးကွဲများ ပိုမိုဖွံ့ဖြိုးလာရန် အရေးကြီးကြောင်းနှင့် စိုက်ပျိုးရေး သုတေသနဆိုင်ရာကိစ္စများတွင် ရင်းနှီးမြှုပ်နှံရန်လည်း လိုအပ်ကြောင်း၊ အဆိုပါ ဒဏ်ခံနိုင်သည့် သီးနှံမျိုးများအပေါ် အလေးပေး ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများအား ပြောင်းလဲလာသော ရာသီဥတုပုံစံများနှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပြီး ခက်ခဲသောအခြေအနေများ၌ပင် အထွက်ပမာဏ ကို တည်ငြိမ်စေမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆန်စပါးသုတေသနဌာနမှ သိပ္ပံဆိုင်ရာအရာရှိချုပ် Khandakar Mohammad Iftekharuddaula က ပြောကြားခဲ့သည်။ .Source: Channel News Asia, 20 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ယခုနှစ် ပထမ ၉ လအတွင်း ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၃၉၇ သန်း ကမ္ဘောဒီးယား ရရှိ

     ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမ ၉ လတွင် ရော်ဘာထုတ်ကုန် ၂၄၈၅၃၅ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော် ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရော်ဘာအစေးတန်ချိန် ၅၈၈၁ တန် ပိုမိုတင်ပို့လျက် ၂.၄၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ၁၈-၁၀-၂၀၂၄ ရက်နေ့၌ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရှိရသည်။

   ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရော်ဘာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်း ယှဉ်ပါက ၂၃.၄၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ ရော်ဘာဈေးနှုန်းမှာ ၁ တန်လျှင် ၁၆၉၄ ဒေါ်လာရှိပြီး ယခင်နှစ်ကာလတူထက် ၁ တန်လျှင် ၃၈ ဒေါ်လာ ပိုမိုလျက် ၂.၃၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ရော်ဘာသစ်တင်ပို့မှု၏ ပျမ်းမျှဈေးနှုန်းသည် ၁ ကုဗမီတာလျှင် ၂၈၉ ဒေါ်လာရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယားသည် ယခုအချိန်အထိ စုစုပေါင်းမြေဧရိယာ ၄၀၇၁၇၂ ဟက်တာတွင် ရော်ဘာပင်များ စိုက်ပျိုးထားပြီး အဆိုပါဧရိယာအနက် ၃၂၀၁၈၄ ဟက်တာ (သို့မဟုတ်) ၇၈.၆ ရာခိုင်နှုန်းသည် ရော်ဘာအစေးခြစ်ရန်လုံလောက်သော အရွယ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းဆိုင်ရာ ရော်ဘာဧရိယာသည် ၂၂၆၈၄၀ ဟက်တာ သို့မဟုတ် ၅၅.၇၁ ရာခိုင်နှုန်းနှင့် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်သည့် ရော်ဘာဧရိယာသည် ၁၈၀၃၃၂ ဟက်တာ သို့မဟုတ် ၄၄.၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

   ၂၀၂၄ ခုနှစ်တွင် ရော်ဘာစျေးနှုန်းများ တိုးတက်လာပြီး ပြည်တွင်း၌ ရော်ဘာထုတ်လုပ်မှု၊ ရော်ဘာတင်ပို့မှုနှင့် မိသားစု ရော်ဘာလုပ်ငန်းအတွက် အမြတ်အစွန်းပိုမိုရရှိမှု တို့သည်လည်း တိုးတက်ခဲ့ကြောင်း၊ အနာဂတ်တွင် တာယာစက်ရုံများ ပိုမိုတည်ဆောက်လာနိုင်ဖွယ်ရှိမှုနှင့်အတူ ပြည်တွင်းရှိ တာယာစက်ရုံ ၃ ခုမှ ဝယ်လိုအား ပိုမိုများပြားလာရန် မျှော်လင့်ထားပြီး ရလဒ် အနေဖြင့် ရော်ဘာဝယ်လိုအားများ မြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဋ္ဌ Lim Heng က ၂၀-၁၀-၂၀၂၄ ရက်နေ့တွင် Khmer Times သို့ ပြောကြားခဲ့သည်။

   သက်တမ်းအရင့်ဆုံး ရော်ဘာပင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ရော်ဘာအစေးခြစ် ပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် Tbong Khmum ပြည်နယ်ရှိ Chup ရော်ဘာခြံ၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဧရိယာ ၁၄ ဟက်တာရှိသော အဆိုပါရော်ဘာခြံသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရော်ဘာအပင် အများဆုံးစိုက်ခင်းအဖြစ် အပင်အို ၄၄၈ ပင် ရှင်သန်ကျန်ရှိနေပြီး ကမ္ဘောဒီးယား နိုင်ငံ၏ စိုက်ပျိုးရေးပတ်ဝန်းကျင်နှင့်အညီ အထွက်နှုန်းမြင့်မားသော ရော်ဘာမျိုးကွဲများကို ရှာဖွေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရှိရသည်။

Source: Khmer Times, 21 October, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ကမ္ဘာ့သဘာဝရော်ဘာ ဈေးနှုန်းများ ၁၃ နှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်

       ကမ္ဘာ့ထိပ်တန်း ရော်ဘာထုတ်လုပ်သည့် ထိုင်းနိုင်ငံတွင် မိုးခေါင်ခြောက်သွေ့မှုကို ကြုံတွေ့ရပြီးနောက် မုတ်သုံမိုး အလွန်အကျွံ ရွာသွန်းခြင်းနှင့် ကမ္ဘာ့အဆင့် (၅) ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်းကြောင့် ထိခိုက်မှုရှိခြင်းတို့ကြောင့် တာယာထုတ်လုပ်သည့် ပစ္စည်းဖြစ်သော ရော်ဘာ အထွက်ပမာဏ လျော့နည်းခြင်း၊ ထုတ်လုပ်မှု အလားအလာ ကျဆင်းခြင်းတို့ဖြစ်ပေါ်ပြီး ၁၃ နှစ်တာကာလအတွင်း စျေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရသည်။

    အာရှဒေသတွင် အများဆုံးထုတ်လုပ်သည့် သဘာဝရော်ဘာအထွက်ပမာဏသည် ၂၀၂၄ ခုနှစ်၌ ၄.၅ ရာခိုင်နှုန်း လျော့နည်းလျက် မက်ထရစ်တန်ချိန် ၁၄ သန်းခန့်သို့ ကျဆင်းနိုင်သည်ဟု လေ့လာသုံးသပ်သူများနှင့် ကုန်သည် ၄ ဦးမှ ခန့်မှန်းဖော်ပြထားသည်။

    အထွက်နည်းမည်ဟု ခန့်မှန်းချက်များကြောင့် ရော်ဘာဈေးနှုန်းများသည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ မြင့်တက်ခဲ့ပြီး ယင်းအချက်က ရော်ဘာအား ၂၀၂၄ ခုနှစ်အတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်လာစေခဲ့သည်။ အိုဆာကာ စံပြု ရော်ဘာအရောင်းအဝယ်စာချုပ် ဈေးနှုန်းသည် အောက်တိုဘာ ဒုတိယရက်သတ္တပတ်၌ ၁ ကီလိုဂရမ်လျှင် ၄၁၉.၇ ယန်း (၂.၈၁ အမေရိကန်ဒေါ်လာ) ဖြင့် ၁၃ နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။

    ထိုင်းနိုင်ငံ၏ စံပြုပို့ကုန်အဆင့် ရော်ဘာတုံးဈေးနှုန်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ၃၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာမှုနှင့်အတူ ပကတိရော်ဘာစျေးနှုန်းများသည် အနာဂတ် ဈေးကွက် ဈေးနှုန်းများနှင့် ယှဉ်တွဲ၍ မြင့်တက်လာခဲ့ကြောင်း စင်ကာပူအခြေစိုက် Helixtap Technologies မှ အချက်အလက်များအရ သိရှိရသည်။

     ရော်ဘာသီးနှံများသည် ပုံမှန်အားဖြင့် အထွက်နှုန်းနည်းသော ဆောင်းခိုကာလဖြစ်သည့် ဖေဖော်ဝါရီလမှ မေလအထိကာလမှ ရော်ဘာရိတ်သိမ်းမှု အမြင့်မားဆုံးကာလ မရောက်ရှိမီ စက်တင်ဘာလအထိ ထုတ်လုပ်မှုနည်းပါးလေ့ရှိသည်။ သို့သော် ယခုနှစ် ပထမသုံးလပတ်တွင် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) ၀န်းကျင်အထိ ရောက်ရှိခဲ့သော ပူပြင်းသောအပူချိန် သည် ကြာရှည်သည့်ဆောင်းခိုကာလသို့ ဦးတည်သွားနိုင်ကြောင်း၊ ရော်ဘာပင်များအနေဖြင့် အလွန်ပူပြင်းသောအခြေအနေတွင် အပင်ကြီးထွားမှု ရပ်တန့်နိုင်ကြောင်း စင်ကာပူရှိ ရော်ဘာ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ဌာနဖြစ်သည့် Helixtap အား တည်ထောင်သူ Farah Miller က ပြောကြားခဲ့သည်။ 

    မကြာသေးမီလများအတွင်း ထိုင်းနိုင်ငံရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာ ဒေသများတွင် အပူလှိုင်းကျရောက်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ  ရာသီဥတု အပြောင်းအလဲများသည် ရော်ဘာပင်များ၏ အစေးခြစ်နိုင်သည့် အကြိမ်အရေ အတွက်နှင့် ရာဘာစေး ထုတ်လုပ်မှုတို့ကို ပြင်းထန်စွာ သက်ရောက်မှုရှိနိုင်သည်ဟု Miller က ပြောဆိုခဲ့သည်။

    ရလဒ်အနေဖြင့် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ရှိသည့် ထိုင်းနိုင်ငံတွင် ရော်ဘာအထွက်ပမာဏသည် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိကြောင်း Helixtap ၏ အချက်အလက်များမှ သိရှိရသည်။

   ယခုနှစ်၏ ရော်ဘာအစေးခြစ်ထုတ်လုပ်မှု အမြင့်မားဆုံးရာသီတွင် ပုံမှန်မဟုတ်သော မိုးရွာသည့်နေ့ရက်များနှင့် ရေကြီးမှုများမှ အနှောင့်အယှက်များ ကြုံတွေ့ရမှုနှင့်အတူ ရော်ဘာ သီးနှံများအနေဖြင့် အရွက်ရောဂါများကြောင့် ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း အိန္ဒိယ WhatNext Rubber ရော်ဘာလုပ်ငန်း လေ့လာဆန်းစစ်ရေးအဖွဲ့မှ အကြီးအကဲ Jom Jacob က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁.၂ သန်း လျော့နည်းဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

   ယခုနှစ်တွင် အာရှ၏ အားအပြင်းဆုံး တိုင်ဖွန်းယာဂိသည် တရုတ်နိုင်ငံ၏ ရော်ဘာ အဓိက စိုက်ပျိုးထုတ်လုပ်သော ဟိုင်နန်ဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ တရုတ်နိုင်ငံ ရော်ဘာ စိုက်ဧရိယာ စုစုပေါင်း၏ ၂.၁ ရာခိုင်နှုန်းရှိသော  ရော်ဘာပင် ဟက်တာ ၁၆၀၀၀ ကို ပျက်စီးစေခဲ့ ပြီး ရော်ဘာရောင်းလိုအားကို ပိုမိုဆိုးရွားစေခဲ့ကြောင်း WhatNext Rubber ၏ ခန့်မှန်းချက်များအရ သိရသည်။

   ရော်ဘာထုတ်လုပ်သူများသည် ယေဘုယျအားဖြင့် ရှေ့လာမည့်နှစ်၏ ၀ယ်လိုအား အမြင့်မားဆုံး ရာသီမတိုင်မီ လက်ရှိနှစ်၏ ဒုတိယနှစ်ဝက်တွင် သိုလှောင်စုဆောင်းမှုများ ပြုလုပ် လေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ်၌ ရော်ဘာအထွက် လျော့ကျမှု၏အကျိုးဆက်ကို ၂၀၂၅ ခုနှစ်တွင် ခံစားရနိုင်သည်ဟု Olam Agri မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် ရော်ဘာဆိုင်ရာ အကြီးအကဲ Vijeth Shetty က ပြောကြားခဲ့သည်။

   ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှုအစီအမံများက ဝယ်လိုအားတိုးတက်ရန် မျှော်လင့်ချက်ကို မြှင့်တင်ပေးသော်လည်း စီးပွားရေးတိုးတက်မှု နှေးကွေးနေချိန်တွင် ရော်ဘာအသုံးပြုမှု အများ ဆုံးဖြစ်သည့် တရုတ်မှဝယ်လိုအား ကျဆင်းသွားသည့် နောက်ခံအခြေအနေကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 16 October, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားသုံးဆီများတင်သွင်းမှုအပေါ် အခွန် ၅ ရာခိုင်နှုန်း ဘင်္ဂလားဒေ့ရှ်အစိုးရ လျှော့ချ

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားအခွန်ကြီးကြပ်မှုအဖွဲ့ (National Board of Revenue-NBR) သည် အရေးကြီးသော ကုန်စည်များ၏ ဈေးနှုန်းများကို သက်သက်မှုရှိအောင် ထိန်းသိမ်းနိုင်ရေးအတွက် ပဲပုပ်ဆီနှင့် စားအုန်းဆီတင်သွင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းအပေါ် ကောက်ခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်အခွန် (Value-added tax- VAT) ကို ၁၇-၁၀-၂၀၂၄ ရက်နေ့တွင် လျှော့ချသတ်မှတ်ခဲ့ကြောင်း The Daily Star သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။

   NBR အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ပဲပုပ်ဆီနှင့် စားအုန်းဆီ တင်သွင်းမှုအပေါ် လက်ရှိကောက်ခံနေသည့် သွင်းကုန်အခွန် ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်းသို့အခွန်လျှော့ချရာတွင် တင်သွင်းမှုများပြားသည့် စားသုံးဆီများကို ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းအတွက် စည်းကြပ်လျက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်အခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း NBR မှ ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုနှင့်အခွန်ကော်မရှင်က စားသုံးဆီဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်စေသည့်  သွယ်ဝိုက်ကောက်ခံသည့်အခွန်အခများသည် 2023 ခုနှစ် မတ်လ ကတည်းက ၉ ရာခိုင်နှုန်းဝန်းကျင်ရှိနေသည့်အတွက် ဖြတ်တောက်ရန် အကြံပြုပြီးနောက် ၂ ရက်အကြာတွင် ယခုတန်ဖိုးမြှင့်ထုတ်ကုန်အခွန်လျှော့ချမှုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: The Daily Star, 17 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်းတစ်တန်လျှင် ရင်းဂစ်ငွေ ၄၀၀၀ အထိ ရရှိရန် မလေးရှား မျှော်မှန်း

မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်၏ ပျမ်းမျှ စျေးနှုန်းကို ရင်းဂစ်ငွေ ၃၅၀၀ မှ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၂ မှ ၉၂၈) အတွင်းရရှိရန် မျှော်မှန်း ထားပြီး ကမ္ဘာလုံးဆိုင်ရာ စားသုံးဆီထုတ်လုပ်မှု ပိုမိုကောင်းမွန်ခြင်းကြောင့် ယခုနှစ်အတွက် မျှော်မှန်းထားသည့် ဈေးနှုန်းထက် အနည်းငယ် လျော့နည်းမည်ဟု မလေးရှားအစိုးရက ပြောကြားကြောင်း ပါကစ္စတန်နိုင်ငံ အခြေစိုက်၊ Business Recorder သတင်းဌာနက ၁၈-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    အဆိုပါခန့်မှန်းချက်မှာ ကမ္ဘာ့ပဲပုပ်ဆီ ထုတ်လုပ်မှု မြင့်မားနိုင်မည့် အခြေအနေနှင့် အဓိက တင်သွင်းသည့်နိုင်ငံများမှ စားအုန်းဆီကြမ်း ဝယ်လိုအား တည်ငြိမ်ဖွယ်ရှိမှုတို့ကို ထင်ဟပ်လျက်ရှိသည်ဟု  မလေးရှားအစိုးရက ၂၀၂၅ ဘတ်ဂျက်နှစ်အတွက် ထုတ်ပြန်ခဲ့သည့် စီးပွားရေးအလားအလာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
   သီးနှံရိတ်သိမ်းနိုင်မည့် ဧရိယာကြီးမားမှု၊ ရာသီဥတုကောင်းမွန်မှုနှင့် ပိုမိုကောင်းမွန်သော လုပ်သားဈေးကွက် ဖြစ်ပေါ်လာနိုင်ခြေတို့ကြောင့် ဆီအုန်းကဏ္ဍခွဲ၌ လတ်ဆတ်သော ဆီအုန်းသီးခိုင်များ ထုတ်လုပ်မှုနှင့် အထွက်နှုန်းမြင့်မားမှုတို့သည် အရှိန်အဟုန်ဖြင့် တိုးတက်လာရန် အလားအလာရှိကြောင်း၊ ထို့အပြင် ကမ္ဘာ့စားအုန်းဆီ ရောင်းလိုအားတွင် အကန့်အသတ်ရှိခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ရင်းဂစ် ၃၈၀၀ မှ ရင်းဂစ် ၄၃၀၀ ကြားရှိမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိပါသည်။ 
      မလေးရှားနိုင်ငံ၏ စံပြုစားအုန်းဆီကြမ်း တစ်တန်ဈေးနှုန်းသည် ယခုလတွင် ရင်းဂစ်ငွေ ၄၃၅၀ နှုန်းဖြင့် ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ယခုနှစ်အတွင်း ချုပ်ဆိုသော အရောင်းအဝယ်စာချုပ်များအတွက် စားအုန်းဆီကြမ်းတစ်တန်၏ပျမ်းမျှဈေးနှုန်းမှာ ၄၀၂၅ ရင်းဂစ် ရှိပြီး အောက်တိုဘာ ၁၇ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်၌ ၄၂၇၈ ရင်းဂစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
   လတ်ဆတ်သော ဆီအုန်းသီးခိုင်များ အထွက်ပမာဏ နည်းပါးခြင်းသည် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် စားအုန်းဆီကြမ်းထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း၊ ယင်းသို့သက်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ စတင်ခဲ့သည့်  ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အစပိုင်းတွင် ပိုမိုပြင်းထန်လာခဲ့ကြောင်း၊ ယင်းအခြေအနေက ဆီအုန်းသီးများ၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါသည်။ 

     ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားမှ စားအုန်းဆီများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ အီရန်နှင့် ဖိလစ်ပိုင်တို့မှ ၀ယ်လိုအားတိုးတက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် အတွင်း စားအုန်းဆီတင်ပို့မှုအနေဖြင့် ၂.၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း Business Recorder သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြအပ်ပါသည်။

Source: Business Recorder, 18th October, 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၃-၂၄ သီးနှံရာသီနှစ်၌ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှု ဒေါ်လာ ၅ ဘီလီယံကျော် ရောက်ရှိ

     ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၌ ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ သီးနှံရာသီ နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်းအဖွဲ့ (Vietnam Coffee and Cocoa Association -VICOFA) ဥက္ကဋ္ဌဖြစ်သူ Nguyen Nam Hai က ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီနှစ်အတွင်း ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ကြောင်း၊ ယခင်ရာသီနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု ၁၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

    တင်ပို့မှုပမာဏ ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၃.၁ ရာခိုင်နှုန်း တိုးတက်လျက် ဒေါ်လာ ၅.၄၃ ဘီလီယံရောက်ရှိခဲ့သည့်အတွက် ကော်ဖီရာသီတစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ကော်ဖီဈေးနှုန်းများ မြင့်မားမှုအရ ထိုကဲ့သို့ ပို့ကုန်တန်ဖိုး တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     အထွေထွေအကောက်ခွန်ဦးစီးဌာန၏ ပြောကြားချက်အရ စက်တင်ဘာလတစ်လတည်းမှာပင် ဗီယက်နမ်ကော်ဖီ၏ ပြည်ပတင်ပို့မှု ပျမ်းမျှဈေးနှုန်းသည် ၁ တန်လျှင် ၅၄၆၉ ဒေါ်လာသို့ ရောက်ရှိခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၆၈.၇ ရာခိုင်နှုန်းနှင့် ယခင်လ ပျမ်းမျှ ဈေးနှုန်းထက် ၅.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃-၂၀၂၄ သီးနှံရာသီ ၁ နှစ်လုံးအတွက် ပြည်ပတင်ပို့မှု ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၃၆၇၃ ဒေါ်လာ ရှိပြီး ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ အဆိုပါ ဈေးနှုန်းအရ ဗီယက်နမ်နိုင်ငံ၏ အဓိကလယ်ယာထုတ်ကုန်များအနက် ကော်ဖီသည်ဈေးအကောင်းဆုံး ပြည်ပပို့ကုန်တစ်ခု ဖြစ်လာပါသည်။

     ၂၀၂၃-၂၀၂၄ သီးနှံရာသီနှစ်အတွင်း ဥရောပသမဂ္ဂသို့ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကော်ဖီတန်ချိန် ၅၆၃၀၀၀ တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှုပမဏအားဖြင့် ၈.၆ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကော်ဖီ တင်ပို့မှု ဈေးကွက်အနေဖြင့် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

     ပြီးခဲ့သောရာသီနှစ်၌ ဂျာမနီ၊ အီတလီနှင့် စပိန် စသည့်နိုင်ငံများသည် ဗီယက်နမ်၏ ထိပ်တန်းကော်ဖီဈေးကွက်များဖြစ်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံများသို့ ကော်ဖီတင်ပို့မှု တန်ဖိုးများမှာ ဒေါ်လာ ၆၀၇ သန်း၊ ဒေါ်လာ ၄၁၇ သန်းနှင့် ဒေါ်လာ ၄၁၃ သန်း အသီးသီးဖြစ်ပြီး ၂၀၂၂-၂၀၂၃ သီးနှံရာသီနှစ်၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၃၇ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအဓိကဈေးကွက်များဖြစ်သည့် ဂျပန်နှင့် ရုရှားနိုင်ငံများသို့ တင်ပို့မှုပမာဏ ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့်မြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

Source : Vietnam Plus, October 22, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ဗီယက်နမ်ကွမ်းသီးနု ဈေးနှုန်းများ မြင့်တက်

    ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ် ကွမ်းသီးနုများ၏ ဈေးနှုန်းများသည် တရုတ်နိုင်ငံမှ အဓိက ဝယ်လိုအားမြင့်မားမှုကြောင့် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ပြည်နယ်များဖြစ်သော Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang တို့တွင် ကွမ်းသီးတစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၈၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၂၀) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြောက်ပိုင်းဒေသများဖြစ်သည့် Bac Ninh နှင့် Nam Dinh တို့တွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀၀၀၀ အထိပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

      တရုတ်နိုင်ငံ၏ ပြည်တွင်းကွမ်းသီးနု ထုတ်လုပ်မှု ပြတ်လပ်ခြင်းကြောင့် ကွမ်းသီးဈေးနှုန်း မြင့်တက်မှုရှိပြီး လွန်ခဲ့သောလများအတွင်း အမြင့်ဈေး၌ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗီယက်နမ် ကွမ်းသီးနုထုတ်ကုန်များကို တင်သွင်းမှုမှာ ပိုမိုများပြားလာခဲ့ကြောင်း ကုန်သည်များက ပြောဆိုကြသည်။

      တရုတ်နိုင်ငံတွင် ကွမ်းသီးနုကို အဓိကအသုံးပြုမှုရှိပြီး  ဟိုင်နန်ပြည်နယ်သည် တစ်နိုင်ငံ လုံး ကွမ်းသီးနုသုံးစွဲမှု၏  ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိကြောင်း၊ ၎င်းပမာဏ၏ ထက်ဝက်ခန့် သည် ၎င်းပြည်နယ်ရှိ ဝမ်နင်စီရင်စုမှ ထွက်ရှိခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၁၉၈၀ ပြည့်နှစ်လွန် ကာလမှစတင်၍ ကွမ်းသီးပင်များတွင် အဝါရောင်သစ်ရွက်ပိုး ကျရောက်ခဲ့သည့်အတွက် အထွက် ပမာဏ သိသိသာသာကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ဝမ်နင်‌ဒေသရှိ ကွမ်းသီးပင်များ၏ ၈၀ ရာခိုင်နှုန်း၌ အဝါရောင်အရွက်ပိုး ကျရောက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ကွမ်းသီးထုတ်လုပ်မှု တန်ချိန် ၂၂၀၀၀၀ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၌ တန်ချိန် ၄၀၀၀၀ အထိ သိသာစွာ ကျဆင်းခဲ့သည်။ ရောဂါပိုး ကျရောက်မှုအား နှိမ်နင်းခြင်းမရှိပဲ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းခြင်းကို တိုးမြှင့်ခဲ့ရာ ဗီယက်နမ်နိုင်ငံသည် ကွမ်းသီး အဓိကပေးသွင်းသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

     တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ် ကွမ်းသီးနုများကို တိုးမြှင့်ဝယ်ယူနေခြင်း၏ အဓိကအချက်မှာ ရိုးရာပွဲများတွင် တည်ခင်းဧည့်ခံသည့် ကွမ်းသီးနုသကြားလုံးများ ထုတ်လုပ်ရန်အတွက် ဖြစ်ကြောင်း၊ အစေ့မတည်သေးသော သို့မဟုတ် အစေ့သေးငယ်သည့် အဆင့်၌ရှိသော ကွမ်းသီးနုများကို စုစည်း၍ ရေနွေးငွေ့ဖြင့်အပူပေး၊ အခြောက်ခံပြုပြင်ပြီးနောက် သကြားလုံးအဖြစ် အဆင့်ဆင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အနည်းငယ်ချို၍ စပ်ရှရှအရသာရှိသည့် သကြားလုံးသည်  အနွေးဓာတ် သတ္တိရှိခြင်းနှင့် လည်ချောင်းနာခြင်းကို သက်သာစေသည့်အတွက် ဆောင်းရာသီတွင် လူကြိုက်များသည့် အစားအစာတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

    ထို့အပြင် ဘဲသားကြော်၊ ငုံးသားနှပ်၊ ဆန်ပြုတ်စသည့် တရုတ်ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်း ကျန်းမာရေးအထောက်အကူပြုရန်အတွက် ကွမ်းသီးနုများကို ထည့်သွင်းအသုံးပြု လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ တရုတ်နိုင်ငံတွင် ကွမ်းသီးနှင့်ဆက်စပ်နေသည့် ထုတ်ကုန်များ ရောင်းချမှုသည် နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။

     တရုတ်နိုင်ငံမှ ဝယ်လိုအားများပြားခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ ကွမ်းသီးနု ဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်တွင် မြင့်တက်ခဲ့ရာ အထူးသဖြင့် ရှေးယခင်ကတည်းက ကွမ်းသီးအမြောက်အမြား စိုက်ပျိုးရာဒေသများမှ တောင်သူများအတွက် ဝင်ငွေသိသာစွာ တိုးတက်စေခဲ့သည်။

      သို့ရာတွင် တရုတ်ဈေးကွက်အပေါ်များစွာ မှီခိုနေခြင်းသည် ဆုံးရှုံးနိုင်ခြေများပြားကြောင်း၊ တရုတ်နိုင်ငံမှ ဝယ်လိုအား လျော့နည်းခြင်း သို့မဟုတ် ဈေးကွက်မတည်ငြိမ်ခြင်း ဖြစ်ပေါ်ပါက ကွမ်းသီးနုဈေးနှုန်းမှာ ကျဆင်းလာနိုင်ပြီး စိုက်ပျိုးသူများအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ဗီယက်နမ် ကွမ်းသီးစိုက်ပျိုးသူများအနေဖြင့် အရည်အသွေးထိန်းသိမ်းခြင်း၊ ပို့ကုန်ဈေးကွက်များ ဖြန့်ကျက်ရှာဖွေခြင်းနှင့် ကွမ်းသီးနုထုတ်ကုန်များ တိုးတက်အောင်ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ပြုပြင်ထုတ်လုပ်မှု တိုးမြှင့်ဖော်ဆောင်ခြင်းတို့ဖြင့် ကွမ်းသီးနုလုပ်ငန်း တည်ငြိမ်စေရန်နှင့် ဆုံးရှုံးမှုများလျော့နည်းစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြထားပါသည်။

Source : Vietnam Plus, October 19, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပို့ကုန်အခွန်စည်းကြပ်မှု အပါအဝင် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များအား အိန္ဒိယအစိုးရက ဖြေလျှော့

     အိန္ဒိယနိုင်ငံ၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ချမှတ်ကျင့်သုံးခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ တားမြစ်ကန့်သတ်ချက်များအားလုံးကို အစိုးရက အောက်တိုဘာ ၂၃ ရက်နေ့တွင် ပယ် ဖျက်ပေးခဲ့ပြီး ဆန်ကွဲတင်ပို့မှု တားမြစ်ချက်ကိုမူ ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အစိုးရသည် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများပါဝင်သော အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့၌ ကျင်းပလျက် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ထားရှိမှုများအား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြေလျှော့ခဲ့ခြင်းဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    နယူးဒေလီမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင် Rajesh Jain Paharia က လုပ်ငန်းရှင်များအနေဖြင့် ဆန်ဖြူနှင့် ပေါင်းဆန်တင်ပို့မှု ကန့်သတ်ချက်များအား အစိုးရကဖယ်ရှားပေးခြင်းကို ကြို ဆိုကြောင်း၊ ကန့်သတ်တားမြစ်ချက်များ ချမှတ်ထားချိန်တွင် ဆန်တင်ပို့သူများအနေဖြင့် အသုံးချနိုင်ခွင့် မရှိခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် ပြန်အမ်းငွေ၊ အခွန်ပြန်လည်နုတ်ယူခွင့်နှင့် ပို့ကုန် အပေါ် အခွန်သက်သာခွင့် အစီအစဉ် (RoDTEP) မှ ၁ ရာခိုင်နှုန်း ထပ်ဆောင်းသက်သာခွင့်တို့ကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ယခုလုပ်ဆောင်ချက်က ၂၀၂၅ ခုနှစ် မတ်လအထိ ကာလအတွင်း ဆန်တန်ချိန် ၂၂ သန်းအထိ တိုးတက်တင်ပို့နိုင်စေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    အစိုးရ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များဖြေလျှော့မှုသည် ဟာရီယာနာနှင့် ပန်ဂျပ် ပြည်နယ်များတွင် ဆန်လက်ကျန်များပြားမှုကြောင့် ဖြစ်ပေါ်နေသော သိုလှောင်ရုံနေရာ အကျပ် အတည်းကိုလည်း ပြေလည်စေမည်ဖြစ်သည်။ စားနပ်ရိက္ခာဝန်ကြီး Pralhad Joshi က အစိုးရသည် အဆိုပါပြည်နယ်များမှ လက်ကျန်ဆန်များအား ပြောင်းရွှေ့ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု အောက်တိုဘာ ၂၃ ရက်နေ့တွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

    အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရာ၌ ပေါင်းဆန်၊ အခွံချွတ်ပြီး ဆန်လုံးညိုများနှင့် အခွံပါစပါးများအား ပြည်ပသို့တင်ပို့မှု အပေါ် စည်း‌ကြပ်ကောက်ခံလျက်ရှိသော အခွန် ၁၀ ရာခိုင်နှုန်းကို သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်းနှင့် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း HS Code 1006 3090 အောက်ရှိ ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှုအပေါ် ချမှတ်ထားသည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း အောက်တိုဘာ ၂၃ ရက်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

    ယခုကဲ့သို့ ဆောင်ရွက်မှုသည် ၁ လတာအတွင်း ဒုတိယအကြိမ်မြောက် ဖြေလျှော့ခြင်းဖြစ် သည်။ အစိုးရသည် ၂၇-၉-၂၀၂၄ နေ့တွင် ပေါင်းဆန်များ၊ အခွံချွတ်ပြီး ဆန်လုံးညိုများနှင့် အခွံပါ စပါးများ တင်ပို့ခြင်းအတွက် အခွန်စည်းကြပ်မှုကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပေါင်းဆန်နှင့် ဘာစမာတီဆန်မှအပ အရောင်တင်ထားသည်ဖြစ်စေ၊ အရောင်မတင်ရသေးသည် ဖြစ်စေ တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲပြီးသော ဆန်များအတွက် ပို့ကုန်အခွန်ကို ၂၀ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပေးခဲ့သည်။ သို့သော် ဘာစမာတီ မဟုတ်သောဆန်ဖြူ လွတ်လပ်စွာတင်ပို့ခွင့်ကို အနိမ့်ဆုံးပို့ကုန်တန်ဖိုး ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀ နှုန်း လိုအပ်ချက်ဖြင့် ၂၈-၉-၂၀၂၄ နေ့၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်လျက် ခွင့်ပြုထားခဲ့သည်။

    သို့ရာတွင် ပေါင်းဆန်များအား ဆန်ဖြူအဖြစ် ဖော်ပြတင်ပို့ခြင်းရှိ /မရှိကို အကောက်ခွန် အာဏာပိုင်များက စစ်ဆေးလျက်ရှိခြင်းက ကုန်စည်များအားဆိပ်ကမ်းများတွင် ရက်သတ္တပတ် ၁ ပတ်ကျော်ကြာ စောင့်ဆိုင်းရသဖြင့် ထပ်ဆောင်းကုန်ကျစရိတ်များ ကျသင့်မှုကို ဖြစ်ပေါ်စေသည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောဆိုခဲ့ကြသည်။

   ပြည်တွင်း၌ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ စပါးအဓိကစိုက်ပျိုးရာ နိုင်ငံ၏ အရှေ့ပိုင်း‌ဒေသများတွင် မိုးရွာသွန်းမှုနည်းပါးခြင်းတို့ကြောင့် အိန္ဒိယအစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဆန်ကွဲတင်ပို့မှုပိတ်ပင်ခြင်းနှင့်အတူ ဆန်တင်ပို့မှုကန့်သတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆန်ဖြူတင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ် ကောက်ခံခဲ့သည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စပါးအဓိကစိုက်ပျိုးရာပြည်နယ်များ၌ ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိသဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ခဲ့သည့် အပြင် ပေါင်းဆန်တင်ပို့မှုကိုလည်း ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။

    ထိုကဲ့သို့ ဆန်တင်ပို့မှုပိတ်ပင်ခြင်းက အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကို ကျဆင်းစေခဲ့ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ တင်ပို့မှု တန်ချိန် ၁၇.၇၉ သန်းနှင့် နှိုင်းယှဉ်ပါက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၁.၁၂ သန်းသို့ ‌လျော့ကျခဲ့ကြောင်း တွေ့ရှိရသည်။ ထို့အပြင် ကမ္ဘာ့ဆန် ဈေးကွက်တွင်လည်း ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ရာ ၁ တန်လျှင် ဒေါ်လာ ၆၀၀ နှုန်း ခန့်အထိ ရောက်ရှိခဲ့ပြီး ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့သည် အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်ခြင်းမှ အကျိုးဖြစ်ထွန်းခဲ့ကြသည်။ ဆန်ပို့ကုန်အပေါ် ကန့်သတ်ချက်များ ဖြေလျှော့မှုကို အိန္ဒိယအစိုးရက လုပ်ဆောင်လာချိန်၌ အမေရိကန်ဈေးကွက်မှအပ ဆန်ဈေးနှုန်းများမှာ ၁ တန်လျှင် ၅၇၅ ဒေါ်လာအောက်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။

Source: The Hindu Business Line, 23 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ရုရှားသည် ဘင်္ဂလားဒေ့ရှ်သို့ ဂျုံတန်ချိန် ၃.၈ သန်းတင်ပို့ခဲ့

         ရုရှားနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဂျုံတန်ချိန် ၃.၈ သန်း စံချိန်တင်တင်ပို့ခဲ့ကြောင်း Dhaka ရှိ ရုရှားသံအမတ်ကြီး Alexander Mantytskiy ၏ ပြောကြားချက်အရသိရသည်။ ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စံချိန်တင်တင်ပို့မှုမှာ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအရည်အသွေးစံနှုန်းများနှင့်ကိုက်ညီသည့် ရုရှားဆန်စပါးထောက်ပံ့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁.၈ ဆတိုးမြင့်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှားသတင်းအေဂျင်စီ Interfax ကိုကိုးကား၍ Mantytskiy က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစဉ်အလာအရ ရုရှားနိုင်ငံမှ ပဲစေ့ခြောက်နှင့် မုန့်ညှင်းစေ့များအပြင် ယခုနှစ်တွင်လည်း နွားနို့နှင့် ပဲအမျိုးမျိုးကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ အီဂျစ်၊ တူရကီ၊ အီရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပါအဝင် အဓိကတင်ပို့မှုလမ်းကြောင်းတို့နှင့်အတူ Global South သို့ ပို့ကုန်ဝေစုမှာလည်းတိုးလာကြောင်း ရုရှားသံအမတ်ကြီးကဆိုသည်။ ရုရှားသတ္တုဓာတ်မြေဩဇာများသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် မရှိမဖြစ်လိုအပ်နေသေးကြောင်း၊ ရုရှားသည် ကမ္ဘာ့သတ္တုဓာတ်မြေဩဇာဈေးကွက်တွင် ပဥ္စမမြောက်ရှယ်ယာကိုပိုင်ဆိုင်ထားပြီး ပြည်ပနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်မှုပိုမိုအားကောင်းစေရန် အထောက်အကူဖြစ်စေကြောင်း Martytskiy က ပြောကြားခဲ့သည်။

Source : tbsnews

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ