Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ကတိပြုခဲ့သည့် ယူအေအီးသမ္မတ

           ယူအေအီး သမ္မတ Sheikh Mohammed bin Zayed Al Nahyan က အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်သွားရန် ကတိကဝတ်ပြုကြောင်း အင်ဒိုနီးရှား အစိုးရအဖွဲ့ အတွင်းရေးမှူး Teddy Indra Wijaya ပြောကြားခဲ့ပါသည်။ ယင်းကတိကဝတ်ကို အဘူဒါဘီရှိ Qasr Al Bahr နန်းတော်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ယူအေအီး သမ္မတနှင့် အင်ဒိုနီးရှား သမ္မတ Prabowo Subianto တို့၏နှစ်နိုင်ငံဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Wijaya က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ANTARA သို့ ပေးပို့သည့် ထုတ်ပြန်ချက်အရ သိရပါသည်။ တွေ့ဆုံမှုတွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် ရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြကြောင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ယူအေအီးသည် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်အလိုရှိကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ Wijaya ၏ ပြောကြားချက်အရ နှစ်နိုင်ငံခေါင်းဆောင်များသည်  ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍများတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် လက်တွေ့ကျသော အဆင့်များကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံ မှုခိုင်မာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် နှစ်နိုင်ငံအကြား ရင်းနှီးနွေးထွေးပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ဆက်ဆံရေးကို ဆက်လက် ထင်ဟပ်ပြသနေခြင်းဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားကို ယူအေအီးဘက်မှ အရှေ့တောင်အာရှဒေသအတွင်း အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ထားပြီး အထူးသဖြင့် စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင်ဖြစ်ကြောင်း  သိရပါသည်။ သမ္မတ Prabowo က ယူအေအီး၏ ကတိကဝတ်ကို ကြိုဆိုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တော်ကောင်းမွန်ပြီး တည်တံ့ခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဆက်လက်တည်ထောင်သွားရန် အင်ဒိုနီးရှားအနေဖြင့် အသင့်ရှိကြောင်းနှင့် ယူအေအီး ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံ၏ဦးစားပေးကဏ္ဍများအတွင်း ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကိုလည်း ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့ပါသည်။ Wijaya  က  Prabowo Subianto နှင့် Sheikh Mohammed bin Zayed Al Nahyan တို့၏ တွေ့ဆုံမှုသည် အင်ဒိုနီးရှား–ယူအေအီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုပြည့်စုံကျယ်ပြန့်ပြီး ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်လာစေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုသည် ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ယူအေအီးအကြား သံတမန်ဆက်ဆံရေး ၅၀ နှစ်ပြည့်မြောက်သည့် အခမ်းအနားနှင့် ကိုက်ညီကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြား နှစ်ပေါင်း ၅၀ ကြာ ဆက်ဆံရေးသည် ယခုအခါ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးတိုးတက်မှုနှင့် အနာဂတ်ဦးတည် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားသည့် အဆင့်သစ် တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုကျဆင်းရန် ခန့်မှန်းရသည့် ထိုင်းနိုင်ငံ 

          ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၂၈၇ တန်ဖြင့် ယခင်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည့်နောက်တွင် ၂၀၂၆ ခုနှစ် ပထမနှစ် ဝက်တွင်လည်း ကျဆင်းရန်ခန့်မှန်းရကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း (Thai Rice Exporters Association) ၏အဆိုအရ သိရပါသည်။ တင်ပို့သည့်တန်ဖိုးသည် ဘတ် ၉.၇၁ ဘီလီ ယံသာ ရှိခဲ့ပြီး ၃၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာဖြင့် တွက်ချက်ရာတွင် လည်း ၂၃.၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။ ဆန်အမျိုးအစားအလိုက်ဆိုပါက စုစုပေါင်းတင်ပို့မှု၏ ၄၅ ရာခိုင်နှုန်း ပါဝင်သော White rice သည် ၁၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Thai hom mali ဆန် သည် ၈.၄ ရာခိုင်နှုန်း လျော့နည်းကာ တန်ချိန် ၁၂၀,၉၁၃ သို့ ကျဆင်း ခဲ့သည်။ Parboiled ဆန်သည် တန်ချိန် ၇၂,၄၆၂ ဖြင့် ၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Fragrant ဆန် သည် တန်ချိန် ၂၉,၃၉၀ ဖြင့် ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ဆန်အမျိုး အစားနှစ်မျိုးတွင် တိုးတက်မှုရရှိခဲ့ကြောင်း သိရပါသည်။ Glutinous ဆန် သည် တန်ချိန် ၁၀,၄၂၁ ဖြင့် ၁၃.၅ ရာခိုင်နှုန်း တိုးတက်ကာ Thai hom mali broken ဆန်သည် တန်ချိန် ၂၀,၈၆၅ ဖြင့် ၄၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံအလိုက်ဆိုပါက အီရတ်နှင့် အမေရိကန်သို့ တင်ပို့မှုများသည် ၂၀.၁ ရာခိုင်နှုန်းနှင့် ၃၄.၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ပါကစ္စတန်မှ ပေးပို့မှုနှောင့်နှေးမှုများကို အစားထိုးရန် ထိုင်းဆန်ကို ရှာဖွေဝယ်ယူ လာသဖြင့် မလေးရှားသို့ တင်ပို့မှုသည် ၁၁၆ ရာခိုင်နှုန်း နှင့် တရုတ်သို့ တင်ပို့မှုသည် ၈၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ အသင်းဥက္ကဋ္ဌ Charoen Laothammatas ကကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုပြင်းထန်လာသည့် အခြေအနေတွင် ငွေလဲလှယ်နှုန်းသည် ဆန်တင်ပို့မှုအပေါ် အရေးပါသော သက်ရောက်မှုရှိကြောင်း၊ ဘတ်ငွေတန်ဖိုး မြင့်မားလွန်းသည့်အတွက် အခြားဆန်တင်ပို့သည့်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ငွေလဲနှုန်းဖြစ်ရန် မျှော်လင့်ကြောင်း၊ အာဏာပိုင်များအနေဖြင့် တည်ငြိမ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ငွေလဲနှုန်းကို ကြီးကြပ်သင့်ကြောင်းနှင့် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ဘတ် ၃၃ မှ ၃၄ ကြား ဖြစ်ပါက သင့်တော်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အသင်းက ယခုနှစ်တွင် ဆန်တန်ချိန် ၇.၀၃ သန်း တင်ပို့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျဆင်းကာ တင်ပို့မှုတန်ဖိုးသည်လည်း ဘတ် ၁၃၀ ဘီလီယံခန့် ဖြင့် ၁၂.၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ် ဆန်တင်ပို့မှုအပေါ် အဓိက သက်ရောက်နေသည့် အချက်များတွင် အဓိကဆန်တင်ပို့တင်သွင်းသည့် နိုင်ငံများ၌ ဆန်ပမာဏများပြားနေခြင်း၊ အမေရိကန်အကောက် ခွန်ဆောင်ရွက်ချက်များနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကဲ့သို့ အဓိကဆန်တင်သွင်းသည့်နိုင်ငံများ၏ အစားအစာကိုယ်တိုင်ဖူလုံမှု မြင့်တက်လာခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် အကောက်ခွန်များသည် နိုင်ငံတကာကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိသော်လည်း ငွေလဲနှုန်းသည် အရေးအကြီးဆုံးအချက်ဖြစ်ပြီး ၎င်းကြောင့် ထိုင်းဆန်သည် ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်လျှင် ဈေးနှုန်းမြင့်မားလာကြောင်း သိရပါသည်။ ဥပမာအားဖြင့် ယခုလတွင် ထိုင်း hom mali တန်ချိန်တစ်တန်ကို အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ခန့်ဖြင့် ရောင်းချနေသော်လည်း ဗီယက်နမ်၏ အရည်အသွေးမြင့် အနံ့မွှေးဆန်မှာ တန်ချိန်လျှင် ဒေါ်လာ ၆၀၀ မှ ၈၀၀ ကြားသာ ရှိပြီး ကမ္ဘောဒီးယား၏ Malys Angkor အနံ့မွှေးဆန်မှာ တန်ချိန်လျှင် ဒေါ်လာ ၈၃၀ ခန့်ရှိသည်။ ကမ္ဘောဒီးယား အနံ့မွှေးဆန်သည် ယခု နှစ်တွင် အမေရိကန်ဈေးကွက်၌ ထိုင်း hom mali ဆန် အတွက် ပြိုင်ဘက် အသစ်တစ်ရပ်ဖြစ်လာနိုင်ပြီး ဗီယက်နမ်ဆန်ကဲ့သို့ ရှိနှင့်ပြီးသောပြိုင်ဘက်များလည်း ရှိနေဆဲဖြစ်ကြောင်း Chookiat ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် အမေ ရိကန်သို့ နှစ်စဉ် ဆန် တန်ချိန် ၈၀၀,၀၀၀ ကျော် တင်ပို့လေ့ရှိပြီး ထိုအထဲတွင် ထိုင်း hom mali ဆန်တန်ချိန် ၆၀၀,၀၀၀ ခန့် ပါဝင်ကြောင်း သိရပါသည်။ အစိုးရ၏ ကြေညာချက်အရ ထိုင်းနိုင်ငံသည် တရုတ်နှင့် government to government  သဘောတူထားသည့် ဆန် တန်ချိန် ၅၀၀,၀၀၀ ပို့ဆောင်ရေး စာချုပ်အောက်တွင် ပထမအသုတ် တန်ချိန် ၄၀,၀၀၀ ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပို့ဆောင်မည်ဖြစ်ပြီး ယခုနှစ် ကုန်ပိုင်းတွင် စုစုပေါင်း ပို့ဆောင်မှုများပြီးစီးမည်ဟု သိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်အစတွင် အမေရိကန်နှင့် တရုတ်ဈေးကွက်များမှ အပြုသဘောဆောင်သည့် လက္ခဏာများရရှိခဲ့သည့် ဗီယက်နမ်ပုစွန်တင်ပို့မှု

      ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့ရေးကဏ္ဍသည် ၎င်းတို့၏ အကြီးမားဆုံးဈေးကွက်နှစ်ခုဖြစ်သော တရုတ်နှင့် အမေရိကန်တို့ထံမှ အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များရရှိလာခြင်းကြောင့် ၂၀၂၆ ခုနှစ်အစပိုင်းတွင် ကဏ္ဍအတွက် အရှိန်အဟုန်တစ်ခုကို ဖန်တီးပေးခဲ့ကြောင်း သိရပါသည်။ နိုင်ငံ၏ ပင်လယ်စာလုပ်ငန်းသည် ယခုနှစ်တွင် ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁.၅ ဘီလီယံခန့် ရရှိရန် ရည်မှန်းထားပြီး ထိုစုစုပေါင်းတန်ဖိုးထဲတွင် ပုစွန်တင်ပို့မှုက တစ်ဝက်နီးပါးခန့် ပါဝင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဖေဖော်ဝါရီ ၁၅ ရက်အထိ ပင်လယ်စာတင်ပို့မှုမှဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံခန့် ရရှိထားပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုများအတွင်း ထိပ်တန်းသုံးခုအနက် တစ်ခုအဖြစ် ပါဝင်နေကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အထူးသဖြင့် အရည်အသွေးမြင့်နှင့် အဆင့်မြင့်ထုတ်ကုန်များအပေါ် ဝယ်လိုအားဆက်လက်မြင့်တက်နေကြောင်း သိရပါသည်။ ဇန်နဝါရီလတစ်လတည်းတွင် ဗီယက်နမ်မှ တရုတ်သို့တင်ပို့သော green lobster တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၀ သန်းကျော်တန်ဖိုးရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံး ပုစွန်ဈေးကွက်ဖြစ်လာကာ စုစုပေါင်း တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထူးခြားသည့်အချက်အနေဖြင့် green lobster ကို တရုတ်သို့ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၄၀ သန်းအထိ ရောက်ရှိခဲ့ပြီး ၁၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ဗီယက်နမ်သည် ထိုထုတ်ကုန်အတွက် တရုတ်ဈေးကွက်တွင် အကြီးဆုံးရောင်းချသူဖြစ်လာခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူများ အဆိုအရ တရုတ်ဈေးကွက်သည် အရည်အသွေးမြင့်စားသုံးမှုဘက်သို့ အသွင်ကူးပြောင်းနေပြီး အရည် အသွေးထိန်းချုပ်မှု၊ နောက်ခံအချက်အလက်များကို ခြေရာခံနိုင်မှုနှင့် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ် မှုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် ရောင်းချသူများကို ဦးစားပေးလာကြောင်း သိရပါသည်။  အမေရိကန်ဈေးကွက်တွင်လည်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ တွေ့မြင်ရကြောင်း သိရပါသည်။ ဗီယက်နမ်ပုစွန်အပေါ် ချမှတ်ထားသည့် anti-dumping အကောက်ခွန်နှုန်းထားကို ယခင်ကြေညာထားသည့် ၃၅.၂၉ ရာခိုင်နှုန်းမှ ၄.၅၈ ရာခိုင်နှုန်းသို့  လျှော့ချမှုကြောင့် တင်သွင်းမှုကုန်ကျစရိတ် လျော့နည်းသွားကာ ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ အခွန်နှုန်းလျှော့ချမှုကြောင့် ဗီယက်နမ်ကုမ္ပဏီများသည် ဈေးနှုန်းပိုမိုယှဉ်ပြိုင်နိုင်လာပြီး ရာသီအလိုက် သို့မဟုတ် ရေရှည်စာချုပ်များ ချုပ်ဆိုနိုင်မည်ဖြစ်သကဲ့သို့ အမေရိကန်ဝယ်ယူသူများအတွက် တည်ငြိမ်စွာရောင်းချမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် လုပ်ငန်းကဏ္ဍသည် အရည်အသွေးနှင့် ခြေရာခံနိုင်မှုဆိုင်ရာ စံနှုန်းများကို ဖြည့်ဆည်းနိုင်ရန် မွေးမြူရေးနည်းလမ်းများ တိုးတက်ရန်လုပ်ဆောင်ခြင်း၊ နည်းပညာအထောက်အပံ့ပေးခြင်းနှင့် တန်ဖိုးကွင်းဆက်တိုးချဲ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ တရုတ်ဈေးကွက်မှ ခိုင်မာသည့် တောင်းဆိုမှုနှင့် အမေရိကန်ဈေးကွက်တွင် ကုန်သွယ်ရေးအခြေအနေ တိုးတက်လာခြင်းတို့ကြောင့် ဗီယက်နမ်၏ ပုစွန်တင်ပို့ရေး ကဏ္ဍသည် ၂၀၂၆ ခုနှစ်အတွင်း ရပ်တည်မှုကို ပိုမိုခိုင်မာစေကာ တင်ပို့မှုတိုးတက်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံတွင် ငါးရံ့၊ ပုစွန်နှင့် ဂဏန်းဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်

            God of Wealth festival ကျရောက်သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဟိုချီမင်းမြို့ရှိ Xom Moi၊ Tan Dinh နှင့် Pham Van Hai စသည့် ရိုးရာဈေးများ၌ ပူဇော်ပွဲအတွက် လာရောက်ဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

       ယခုနှစ်ပွဲတော်ကာလအတွင်း ကင်ပြီးသားငါးရံ့၊ ပုစွန်နှင့် ဂဏန်းဈေးနှုန်းများသည် ပုံမှန်ရက်များထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

        စားသောက်ကုန်နှင့် ပန်းဈေးနှုန်းများ မြင့်တက်မှုမှာ Xom Moi ဈေးတွင် ကင်ပြီးသားငါးရံ့ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃၀၀,၀၀၀ ရှိပြီး ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရေချိုပုစွန်ထုပ်ကြီး: တစ်ကီလိုဂရမ်လျှင် ၅၀၀,၀၀၀ ဒေါင် (တစ်ကောင်လျှင် ၅၀,၀၀၀ ဒေါင်ခန့်)၊ ပင်လယ်ဂဏန်း: တစ်ကီလိုဂရမ်လျှင် ၅၅၀,၀၀၀ မှ ၆၅၀,၀၀၀ ဒေါင် ရှိပြီး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဝက်ကင် တစ်ကီလိုဂရမ်လျှင် ၃၅၀,၀၀၀ မှ ၄၀၀,၀၀၀ ဒေါင် ရှိပြီး ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ Marigold တစ်ပွင့်လျှင် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဒေါင် အထိ ရောင်းချနေရပြီး ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် ဈေးပိုများနေသည်။

        ဈေးသည်များ၏ တွက်ချက်မှုအရ ငါးရံ့ကင်၊ ဝက်ကင်၊ ပုစွန်၊ ဂဏန်းနှင့် ပန်းများပါဝင် သော ပူဇော်ပွဲဗန်းတစ်ခုလျှင် အနည်းဆုံး ၅၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ ဒေါင်အထိ ကုန်ကျနိုင်ပြီး ယခင်နှစ် ထက် ၁၅၀,၀၀၀ ဒေါင်ခန့် ပိုမိုကုန်ကျနေခြင်းဖြစ်သည်။

        Pham Van Hai ဈေးမှ ကုန်သည်များ၏ ပြောကြားချက်အရ ယခုနှစ်တွင် ပုစွန်နှင့် ဂဏန်း ဝင်ရောက်မှုသည် ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း သိရသည်။ Binh Dien လက်ကားဈေးရှိ အချက်အလက်များအရလည်း ငါးဝင်ရောက်မှုသည် ၂၀၂၅ ခုနှစ် အလားတူကာလထက် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ အကောင် လိုက်ငါးရံ့ဈေးသည် အနည်းငယ်သာတက်သော်လည်း ကင်ပြီးသားငါးရံ့မှာမူ လုပ်အားခနှင့် အသားတင်အလေးချိန်လျော့နည်းမှုကြောင့် ဈေးနှုန်းသိသိသာသာ မြင့်တက်သွားခြင်းဖြစ်သည်။

           ဈေးနှုန်းများ မြင့်တက်နေသော်လည်း နှစ်ဆန်းပိုင်းတွင် ကံကောင်းခြင်းများရရှိရန် ပူဇော်ပွဲအတွက် ဝယ်ယူသူများပြားသဖြင့် ငါးကင်နှင့် ပင်လယ်စာဆိုင် အများအပြားသည် ပုံမှန်ထက်စောစီးစွာ ကုန်စင်သွားခဲ့သည်။ သို့သော်လည်း စားသုံးသူများသည် မိမိတို့၏ ဘတ်ဂျက်ပေါ်မူ တည်၍ လိုအပ်သလို လျှော့ချဝယ်ယူသည့် ပုံစံကို ကျင့်သုံးလာကြသည်။

          စားသောက်ကုန်ဈေးနှုန်းများ တက်နေသော်လည်း ယခုနှစ် ပွဲတော်နေ့တွင် ရွှေဈေးကွက်မှာ ယခင်နှစ်များကဲ့သို့ အလွန်အမင်း တက်ခြင်းမရှိဘဲ အနည်းငယ်ပြန်လည်ကျဆင်းနေကြောင်း တွေ့ရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အတည်ပြု

          ဗီယက်နမ်နိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းကဏ္ဍကို ခေတ်မီပြီး ရေရှည်တည်တံ့သည့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းစုကြီးဖြစ်လာစေရန် ရည်ရွယ်သည့် ၂၀၃၀ ပြည့်နှစ်အထိ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်ကို ဒုတိယဝန်ကြီးချုပ် Bui Thanh Son က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

       အဆိုပါ မဟာဗျူဟာအရ ဗီယက်နမ်နိုင်ငံသည် နို့စားနွားများ မွေးမြူခြင်းမှသည် တန်ဖိုးမြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ခြင်းအထိ ပါဝင်သည့် ကိုယ်ပိုင်ရပ်တည်နိုင်သော နို့ထွက်ပစ္စည်း ဂေဟစနစ်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။

         မဟာဗျူဟာ၏ ပထမအဆင့်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် နို့နှင့် နို့ထွက်ပစ္စည်းကဏ္ဍကို တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာရန် ရည်မှန်းထားသည်။ ယင်းကာလအတွင်း ပြုပြင်ပြီးသား နို့ရည်ထုတ်လုပ်မှုကို တစ်နှစ်လျှင် လီတာ ၄.၂ ဘီလီယံအထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် လတ်ဆတ်နို့စိမ်းများဖြင့် လုပ်ငန်းလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးခြင်းဖြင့် သွင်းကုန်အပေါ် မှီခိုနေရမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ရေရှည်မျှော်မှန်းချက်ဖြစ်သော ၂၀၄၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနို့ သောက်သုံးမှုနှုန်းကို တစ်နှစ်လျှင် လီတာ ၁၀၀ အထိရောက်ရှိရန် ရည်မှန်းထားသည်။ ထို့ပြင် နို့ထွက်ပစ္စည်းထုတ်လုပ်မှု လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းမှ ထွက်ရှိသည့် နို့ စိမ်းများဖြင့်သာ အစားထိုးအသုံးပြုသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

          နွားအုပ်စီမံခန့်ခွဲမှုနှင့် ကုန်ပစ္စည်းနောက်ကြောင်းလိုက်စနစ် (Traceability) များတွင် ဉာဏ်ရည်တု (AI) နှင့် Blockchain နည်းပညာများကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အစိမ်းရောင်ထုတ်လုပ်မှုနှင့် သယံဇာတ အလှည့်ကျသုံးစွဲမှုစနစ် (Circular Economy) ကို ကျင့်သုံးမည်။ အစားအသောက် ဘေးကင်းလုံခြုံမှုအတွက် နိုင်ငံတကာစံနှုန်းများဖြစ်သော ISO၊ HACCP နှင့် Codex စံနှုန်းများအတိုင်း တင်းကျပ်စွာ ဆောင်ရွက်မည်။

        ထို့အပြင် ဗီယက်နမ်အစိုးရသည် နိုင်ငံတကာလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များမှတစ်ဆင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်နေပြီး၊ ပြည်တွင်း၌လည်း ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးရေးအတွက် (School Milk Program) ကို အမျိုးသားအဆင့် စီမံကိန်းအဖြစ် အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

ဘရူနိုင်း MSME ပွဲတော်ကျင်းပခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ အလားအလာကိုမြှင့်တင်

        ဘရူနိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (BEDB) သည် ၂၀၂၆ ဘရူနိုင်း အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ (MSME) ပွဲတော်အား မြို့တော်အနီး၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ဖေဖော်ဝါရိလ ၂၆ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပမည့် ဤပွဲတော်တွင်ပြခန်းပေါင်း ၁၉၀ ကျော်၌ ဘရူနိုင်းစီးပွားရေးလုပ်ငန်းပေါင်း ၁၄၀ ကျော် ပါဝင်ပြသလျက်ရှိသည်။ ယင်းတို့တွင် စားသောက်ကုန်နှင့် အဖျော်ယမကာ၊ ဖက်ရှင်၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ အိမ်သုံးနှင့် လူနေမှုဘဝအတွက် အသုံးပြုသောပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် အသစ်ထွက်ပေါ်လာသော အမှတ်တံဆိပ်များနှင့် အဓိကလူသုံးကုန်တို့ပါဝင်ကြောင်း သိရသည်။ BEDB ၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Norlela Suhailee က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုပွဲတော်အား ရေတို စီးပွားဖြစ်လှုပ်ရှားမှု သို့မဟုတ် အရောင်းမြှင့်တင်ရေး သီးသန့်ပွဲတစ်ခုထက်ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်ဖြင့် ဒီဇိုင်ထုတ်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။ ဘရူနိုင်း MSME များ၏ ရေရှည်စွမ်းဆောင်ရည်ကို မြှင့်တင်‌ပေးရန်အတွက် မဟာဗျူဟာမြောက် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များအနေဖြင့် တီထွင်ဆန်းသစ်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်၊ မဟာဗျူဟာမြောက် မိတ်ဖက်များတည်ဆောက်နိုင်ရန်နှင့် ပိုမိုကျယ်ပြန့်သော စျေးကွက်များသို့ ဝင်ရောက်နိုင်ရန်ရည်ရွယ်ကြောင်း Norlela Suhailee က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် အချိန်မှစ၍ ဘရူနိုင်း MSME ပွဲတော်သည် ပြခန်းပေါင်း ၈၀၀ ကျော်ကို လက်ခံကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ လာရောက်လေ့လာကြည့်ရှုသူ ၉၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ဆော်ဒီအာရေဗျ၏ ရေနံမဟုတ်သော ကုန်ပစ္စည်းပို့ကုန် တင်ပို့မှု ၁၈.၆ ရာခိုင်နှုန်း တိုးတက်လာ

          ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ပြန်လည်တင်ပို့မှု အပါအဝင် ရေနံမဟုတ်သော ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ သို့သော် ပြန်လည်တင်ပို့မှုကို ဖယ်ထုတ်ထားသည့် ပြည် တွင်းဖြစ် ရေနံမဟုတ်သော ပို့ကုန်သီးသန့်မှာမူ ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရပါသည်။ ပြန်လည်တင်ပို့မှုကဏ္ဍသည် ၆၇.၄ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ယင်းသို့ဖြစ်ရခြင်းမှာ စုစုပေါင်းပြန်လည်တင်ပို့မှု၏ ၄၉.၉ ရာခိုင်နှုန်းရှိသော စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများနှင့် ၎င်းတို့၏ အပိုပစ္စည်းများ တင်ပို့မှု ၇၉.၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်း ကုန်သွယ်ရေးပို့ကုန်မှာ ၇.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ရေနံတင်ပို့မှုသည်လည်း ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းပို့ကုန်ကဏ္ဍတွင် ရေနံတင်ပို့မှုပါဝင်သည့် အချိုးအစားမှာမူ ၂၀၂၄ ခုနှစ်၊ စတုတ္ထသုံးလ ပတ်တွင် ၇၀.၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်ကုန်တွင် ၆၇.၅ ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း သိရပါသည်။ အစီရင်ခံစာတွင် ဖော်ပြထားသော ဖော်ပြချက်များအရ သွင်းကုန်မှာ ယခင်နှစ် အလား တူကာလထက် ၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုပိုငွေမှာ ၂၆.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တစ်လတည်းတွင်မူ ပြန်လည်တင်ပို့မှုအပါအဝင် ရေနံမဟုတ်သော ပို့ကုန်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တွင်တင်ပို့ခဲ့သော တင်ပို့မှုပမာဏထက် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ပြည်တွင်းဖြစ် ရေနံမဟုတ်သော ပို့ကုန်သီးသန့်မှာ ၈.၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရပါသည်။ ပြန်လည်တင်ပို့သည့် ကုန်ပစ္စည်းတန် ဖိုးမှာ ၄၃.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်းမှာ စက်ယန္တရား၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်းကဏ္ဍတွင် ၉၆ ရာခိုင်နှုန်းအထိ မြင့်တက်လာမှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သွင်းကုန်နှင့် ရေနံမဟုတ်သော ကုန်သွယ်ရေးပို့ကုန် အချိုးအစားသည် ၃၇.၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ၎င်းမှာ အဆိုပါကာလအ တွင်း သွင်းကုန်သည် ၂.၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ချိန်တွင် ရေနံမဟုတ်သော ပို့ကုန်မှာ ၇.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

Source: brecorder                                                                     

DOCA(ရန်ကုန်)

ဘရာဇီးလ်နိုင်ငံသည် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ အန္တရာယ်များကြောင့် Ivory Coast နိုင်ငံမှ ကိုကိုးတင်သွင်းမှုကို ယာယီရပ်ဆိုင်း

          ဘရာဇီးလ်နိုင်ငံသည် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ အန္တရာယ်များကြောင့် Ivory Coast နိုင်ငံမှ ကိုကိုးတင်သွင်းမှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင်  ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့အကြီးဆုံး ကိုကိုးထုတ်လုပ်သည့်နိုင်ငံဖြစ်သော Ivory Coasr နိုင်ငံအတွင်းသို့ "အိမ်နီးချင်းနိုင်ငံများမှ ကိုကိုးစေ့များ အလုံးအရင်းနှင့် စီးဝင်နေခြင်း" နှင့် ဆက်စပ်သည့် အန္တရာယ်များကို ဘရာဇီးလ် စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးဌာန၏ အဆိုအရ ထိုသို့စီးဝင်လာမှုများသည် ဘရာဇီးလ်နိုင်ငံသို့ ကုန်စည်တင်ပို့ရန် ခွင့်ပြုချက်မရှိသည့် အခြားနိုင်ငံများမှ ကိုကိုးများကို တင်ပို့ခြင်းမပြုမီ Ivory Coast နိုင်ငံထုတ်ကုန်များနှင့် ရောနှောသွားစေနိုင်သည်ဟု သိရပါသည်။ အိုင်ဗရီကို့စ်နိုင်ငံဘက်မှ အဆိုပါ အခြေအနေအပေါ် တရားဝင် တုံ့ပြန်ဖြေရှင်းပြီး ၎င်းတို့၏ တင်ပို့မှုများတွင် အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သော ကိုကိုးများပါဝင်နေသည့် အန္တရာယ်မရှိကြောင်း အာမခံချက်ပေးနိုင်သည့်အချိန်အထိ ဘရာဇီးနိုင်ငံ၏ ဆိုင်းငံ့မှုသည် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဘရားဇီးနိုင်ငံမှ ထပ်ပေါင်းဖော်ပြခဲ့ကြောင်းသိရ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ တင်သွင်းခဲ့သည့် ကိုကိုးနှင့် ၎င်း၏ ဘေးထွက်ပစ္စည်း စုစုပေါင်း မက်ထရစ်တန်ချိန် ၁၁၂,၈၅၀တန် ၏ ၃၇ ရာခိုင်နှုန်းခန့်မှာ Ivory Coast နိုင်ငံမှဖြစ်ကြောင်း သိရှိရပါသည်။

Source: brecorder                                                                     

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပဲမျိုးစုံတင်သွင်းမှု အနည်းငယ် လျော့ကျခဲ့သော်လည်း ကုလားပဲနှင့် မတ်ပဲ တင်သွင်းမှု သိသိသာသာ မြင့်တက်

       ၂၀၂၅ ခုနှစ်  အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၄ခုနှစ်တွင် ၆၈.၇၅ သိန်းတန်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် ၆၅.၆၉ သိန်းတန်သို့ အနည်းငယ် လျော့ကျသွားခဲ့ကြောင်းသိရပါသည်။ အဆိုပါတင်သွင်းမှု ၄.၄၅ ရာခိုင်နှုန်း လျော့ကျသွားခြင်းသည် အိန္ဒိယနိုင်ငံအစိုးရက ယခုနှစ် အတွင်း ပဲဝါတင်သွင်းမှု အပေါ် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယပဲမျိုးစုံနှင့် နှံစားသီးနှံအသင်း (IPGA) မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပဲဝါလေး တင်သွင်းမှုသည် ၁၂.၉၀ သိန်းတန်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ၂၉.၃၉ သိန်းတန်ရှိခဲ့ရာမှ ၅၆ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ပဲဝါတင်သွင်းမှူအပေါ် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံး တင်ပို့သည့်နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်ပြီး ၈.၈၂ သိန်းတန် တင်ပို့ခဲ့ကြောင်းသိရပါသည်။ ၎င်းနောက်တွင် ရုရှားနိုင်ငံက ၃.၂၁ သိန်းတန်၊ လတ်ဗီးယားနိုင်ငံ က ၃၃,၅၃၂ တန်နှင့် အာဂျင်တီးနားနိုင်ငံက ၂၆,၂၆၁ တန်တို့ဖြင့် အသီးသီး တင်ပိုလျက်ရှိကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ကုလားပဲတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅.၈၁ သိန်း တန်အထိ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင်တင်သွင်းခဲ့သော တန်ချိန် ၃.၉၄ သိန်းတန်နှင့် နှိုင်းယှဉ်လျှင်  ၃၀၁ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အိန္ဒိယသို့ ကုလားပဲ အဓိက တင်ပို့သည့်နိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ်ပြီး ၁၄.၂၃ သိန်းတန် တင်ပို့ခဲ့ကာ တန်ဇန်းနီး ယားနိုင်ငံက ၁.၄၈ သိန်းတန်နှင့် မြန်မာနိုင်ငံက ၃,၉၃၆ တန်တို့ အသီးသီး တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ပြည်တွင်းလိုအပ်ချက် မြင့်မားနေခြင်းကြောင့် မတ်ပဲ တင်သွင်းမှုသည်လည်း ၂၀၂၅ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယသို့ မတ်ပဲအများဆုံး တင်ပို့သည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး ၈.၀၉ သိန်းတန် တင်ပို့ခဲ့ကာ ဘရာဇီးနိုင်ငံက ၂.၃၇ သိန်းတန်ဖြင့် ဒုတိယအများဆုံး တင်ပို့ခဲ့ကြောင်းသိရပါသည်။ ပဲစဉ်းငုံ  တင်သွင်းမှုသည်လည်း ယခင်နှစ်က ၁၂.၅၇ သိန်းတန် ရှိခဲ့ရာမှ ၁၃.၂၅ သိန်းတန်သို့ ၅.၄၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ပဲစဉ်းငုံအများဆုံး တင်ပို့သည့်နိုင်ငံမှာ မိုဇမ်ဘစ်နိုင်ငံဖြစ်ပြီး ၅.၂၀ သိန်းတန် တင်ပို့ခဲ့ကာ မြန်မာနိုင်ငံက ၃.၄၆ သိန်းတန်၊ တန် ဇန်းနီးယားက ၃.၀၂ သိန်းတန်၊ မာလာဝီက ၆၆,၈၀၅ တန်နှင့် ဆူဒန်က ၃၈,၅၂၅ တန် အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါသည်။ အခြားပဲမျိုးစုံအုပ်စု တင်သွင်းမှုမှာလည်း ၂၀၂၅ ခုနှစ် အတွင်း ၂.၄၂ သိန်းတန်သာ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် တင်သွင်းမှုပမာဏ ၄.၆၄ သိန်းတန်ရှိခဲ့ရာမှ ၄၈ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။

Source: business line                                                                

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ပုစွန်ကဏ္ဍတွင် ယှဉ်ပြိုင်မှု မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရ

       ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ပုစွန်တင်ပို့မှု စုစုပေါင်းဝင်ငွေ၏ ၁၇.၂% သည် အမေရိကန် ဈေးကွက်ဖြစ်သည်။ အမေရိကန်၏ စွန့်ပစ်ပစ္စည်းဆန့်ကျင်ရေးအခွန်များ လျှော့ချချိန်ညှိမှုသည် ၂၀၂၆ ခုနှစ်တွင် ပို့ကုန်များအတွက် ပိုမိုအဆင်ပြေသောအခြေအနေများ ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ရသော်လည်း အိန္ဒိယနှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက် အသစ်သည် ဗီယက်နမ်ပုစွန်တင်ပို့မှုအပေါ် သိသာထင်ရှားသော ယှဉ်ပြိုင်မှုဖိအားများကို မြင့်တက်စေခဲ့သည်။

     မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝန်ကြီးချုပ် Nanendra Modi နှင့် ဆွေးနွေးမှုများအပြီးတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို တရားဝင်ဖြစ်စေရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ အမေရိကန်သည် အိန္ဒိယကုန်စည်များအပေါ် အပြန်အလှန်အခွန်များကို ၂၅% မှ ၁၈% အထိ လျှော့ချခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက ပြဋ္ဌာန်းခဲ့သော ၂၅% ဖြည့်စွက်အခွန်ကို ဖျက်သိမ်းခဲ့သည်။

          ၂၀၂၅-၂၀၂၆ ကာလအတွင်း အိန္ဒိယ၏ ကုန်သွယ်မှုပြောင်းလဲမှုများသည် ဗီယက်နမ်၏ ပုစွန်လုပ်ငန်းအပေါ် မြင်သာသောဖိအားများ ပိုမိုဖန်တီးနေကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) က ပြောကြားခဲ့သည်။

        ဤစိန်ခေါ်မှုများရှိနေသော်လည်း၊ ဗီယက်နမ်သည် ပြုပြင်ထားသောထုတ်ကုန်နှင့် တန်ဖိုးမြင့် ထပ်တိုးထုတ်ကုန်ကဏ္ဍများတွင် အရေးကြီးသောအားသာချက်များကို ထိန်းသိမ်းထားသည်။ ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင် ဗီယက်နမ်ပုစွန်တင်ပို့သူများအတွက် အသင့်တော်ဆုံးနည်းလမ်းမှာ ပြုပြင်ထားသော ထုတ်ကုန်များ၏ အချိုးအစားကိုတိုးမြှင့်ရန်၊ အေးခဲထားသော ပုစွန်စိမ်းများအပေါ် မှီခိုမှုကို လျှော့ချရန်နှင့် EVFTA မှ ပေးအပ်သော အကောက်ခွန်ဦးစားပေးမှုများကို အမြင့်ဆုံးဖြစ်စေရန်ဖြစ်သည်ဟု ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ