Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရန် အိန္ဒိယ ကြိုးပမ်း

     အိန္ဒိယနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးမြှင့်နိုင်ရန် ပြင်ဆင်နေပြီး ထိပ်တန်း ဆန်တင်ပို့သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့ဆန်စပါး အများဆုံး တင်သွင်း သည့် အဆိုပါ အရှေ့တောင်အာရှနိုင်ငံသို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

          ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယ၏ စိုက်ပျိုးရေးပို့ကုန်များအတွက် အရေးပါသော ဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တစ်ပိုင်းတစ်စကြိတ်ခွဲပြီးဆန်၊ ဂျုံ၊ ရိုင်းဂျုံ၊ ဆီကြိတ်ဖတ်၊  စားသောက်ကုန်များနှင့် စားအုန်းဆီအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ နီးပါးတန်ဖိုးရှိသော လယ်ယာထွက်ကုန်များကို တင်သွင်းခဲ့သည်။ အိန္ဒိယမှ ဖိလစ်ပိုင်နိုင်ငံသို့ စိုက်ပျိုးရေးပို့ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၁၃ သန်းရှိပြီး ဖိလစ်ပိုင်၏ စိုက်ပျိုးရေးသွင်းကုန် စုစုပေါင်း၌ ၂ ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိသည်။

          ဖိလစ်ပိုင်သို့ အိန္ဒိယမှတင်ပို့သည့် အဓိကပို့ကုန်များတွင် အမဲသား၊ မြေပဲ၊ ဆန်နှင့် ဆေးရွက်ကြီးတို့ ပါဝင်သည်။ အိန္ဒိယသည် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သော်လည်း ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၁၁ ဒသမ ၈၃ ဘီလီယံအနက် ဖိလစ်ပိုင်သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၉၁ သန်းသာရှိခဲ့သည်။

          ဖိလစ်ပိုင်သည် ကမ္ဘာ့ဆန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံရှိခဲ့သည်။ သို့သော်လည်း အိန္ဒိယသည် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးချဲ့ရန် သိသာထင်ရှားသော အခွင့်အလမ်းများရှိနေကြောင်းနှင့် အိန္ဒိယသည် ကမ္ဘာ့ဆန် အများဆုံးတင်ပို့သူဖြစ်လင့်ကစား အိန္ဒိယ၏ ဆန်တင်ပို့မှုသည် အလားတူကာလတွင် ဖိလစ်ပိုင်သို့ အမေရိကန်ဒေါ်လာ ၄၈.၉၁ သန်း တန်ဖိုးသာ ရှိခဲ့ကြောင်း အဆိုပါအရာရှိက မှတ်ချက်ပြု ပြောကြားခဲ့သည်။

          အဆိုပါ ကွာဟချက်ကို ဖြည့်တင်းနိုင်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တင်ပို့သူများ ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာလ အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်မှုနှင့်အတူ ကြက်သွန်နီ၊ အာလူး၊ အာလူးနှင့် အသားစသည့် အခြား အလားအလာရှိသော ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးကို တစ်ပါတည်း လုပ်ဆောင်ရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ ပဏာမခြေလှမ်းသည် ကုန်သွယ်မှု ချိတ်ဆက်မှုများကို အားကောင်းလာစေရန်နှင့် အိန္ဒိယ ပို့ကုန် လုပ်ငန်းရှင်များ ဒေသတွင်း၌ ပိုမိုခိုင်မာသော ဈေးကွက်တစ်ခု ထူထောင်နိုင်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

          စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် World Food India တွင် ဖိလစ်ပိုင် စားသောက်ကုန် တင်သွင်းသူအဖွဲ့တစ်ဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ၎င်းတို့နှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆန်စပါးကဏ္ဍ၌ ပထမဆုံး အကြီးစား ကုန်စည်ပြပွဲအဖြစ် နိုင်ငံတကာဆန်စပါးညီလာခံကိုလည်း  ကျင်းပသွားမည်ဖြစ်သည်။

          လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) သို့ အိန္ဒိယ၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုသည် မြင့်တက်လျက်ရှိပြီး ရုရှားနိုင်ငံနှင့် ပိုမိုခိုင်မာသော ကုန်သွယ်မှုဆက်ဆံရေးကြောင့် ၎င်းအဖွဲ့သို့ တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ရှိရာမှ ၂၀၂၄-၂၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၆၂၈ သန်းအထိ မြင့်တက်လာခဲ့သည်။

          အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် World Food Moscow ကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် အိန္ဒိယထုတ်ကုန်များကို ပြသခြင်းဖြင့် နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့ မှု တိုးတက်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၏ အဆိုအရ ထိုကဲ့သို့သော ကုန်စည်ပြပွဲစင်္ကြန်များသည် လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ စီးပွားရေးမိတ်ဖက် အသစ်များနှင့် မိတ်ဖွဲ့ရန်နှင့် CIS စျေးကွက်တွင် အိန္ဒိယနိုင်ငံ၏ တည်ရှိမှုကို ခိုင်မာစေရေးအတွက် အရေးကြီးကြောင်း သိရှိရပါသည်။

Source: cnbctv18.com, August 31, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှု ဩဂုတ်လ၌ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့

      အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ၁၃ လအတွင်း အမြင့် ဆုံးသို့ ရောက်ရှိခဲ့ပြီး ပဲပုပ်ဆီနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအရယှဉ်ပြိုင်နိုင်မှုရှိခြင်းကြောင့် ပွဲတော် ရာသီမတိုင်မီ ဝယ်ယူမှုပိုမို များပြားလာသည်ဟု စားသုံးဆီလုပ်ငန်းရှင် ၅ ဦး ထံမှသိရကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားပါသည်။

          ကမ္ဘာ့ အများဆုံး ဟင်းသီးဟင်းရွက်ဆီဝယ်ယူသူနိုင်ငံဖြစ်သည့် အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှု မြင့်မားခြင်းသည် ထိပ်တန်းထုတ်လုပ်သူ အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ သိုလှောင်မှု လက်ကျန်လျှော့ချရန်နှင့် မလေးရှားစားအုန်းဆီ စံပြုကြိုပွိုင့်ဈေးနှုန်းကို အထောက်အပံ့ပြုရန် မျှော်လင့်ထားသည်။ စားအုန်းဆီတင်သွင်းမှုသည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၉၉၃,၀၀၀ ရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးအမှတ် ဖြစ်ကြောင်း ဆီကုန်သည်များက ခန့်မှန်းထားသည်။

          သြဂုတ်လတွင် ပဲပုပ်ဆီတင်သွင်းမှုသည် တန်ချိန် ၃၅၅,၀၀၀ ရှိပြီး ယခင်လများထက် ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၆ လအတွင်း အနိမ့်ဆုံးဖြစ်သည်။ နေကြာဆီတင်သွင်းမှုအနေဖြင့် တန်ချိန် ၂၅၅,၀၀၀ ရှိပြီး ၇ လအတွင်း ၂၇ ရာခိုင်နှုန်းအထိ တင်သွင်းမှုမြင့်တက်ခဲ့ကြောင်း ကုန်သည်များ၏ ခန့်မှန်းချက်အရ သိရသည်။ အိန္ဒိယအနေဖြင့် သြဂုတ်လ၌ မုန်ညှင်းဆီတန်ချိန် ၆၀၀၀ ကို ၅ နှစ်အတွင်း ပထမဆုံး အကြိမ်တင်သွင်းခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။

          စားအုန်းဆီနှင့် ပဲပုပ်ဆီ တင်သွင်းမှု မြင့်မားခြင်းကြောင့် အိန္ဒိယ၏ စုစုပေါင်း စားသုံးဆီ တင်သွင်းမှုသည် သြဂုတ်လတွင် တန်ချိန် ၁ ဒသမ ၆ သန်း ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၃ လအတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။ အိန္ဒိယ၏ သွင်းကုန်ကိန်းဂဏန်းအချက်အလက်များသည် နီပေါနိုင်ငံ ကုန်းကြောင်းနယ်စပ်များမှ တစ်ဆင့် တင်သွင်းရောက်ရှိလာသော အခွန်ကင်းလွတ်ခွင့်ရတင်သွင်းမှုများ ပါဝင်ခြင်း မရှိဟု ကုန်သည်များက ဆိုသည်။

          အိန္ဒိယအခြေစိုက် GGN Research သုတေသနကုမ္ပဏီမှ စီမံခန့်ခွဲရေး မိတ်ဖက်ဆောင် ရွက်သူဖြစ်ပြီး စားသုံးဆီကုန်သည်တစ်ဦးလည်းဖြစ်သည့် Mr. Rajesh Patel က အပူပိုင်းဒေသဆီ တစ်မျိုးဖြစ်သည့် စားအုန်းဆီသည် ပဲပုပ်ဆီထက် စျေးနှုန်းများစွာသက်သာနေသောကြောင့် ပွဲတော်ရာသီမတိုင်မီ လွန်ခဲ့သည့်နှစ်လတွင် စားအုန်းဆီဝယ်ယူမှု တိုးတက်လာသည်ဟု ပြောဆို ခဲ့သည်။

          အိန္ဒိယနိုင်ငံတွင် စားသုံးဆီ အထူးသဖြင့် စားအုန်းဆီ ဝယ်လိုအားသည် ပွဲတော်ရာသီ အတွင်း သကြားလုံးများနှင့် ကြော်လှော်ထားသည့်အစားအစာများ စားသုံးမှုများပြားခြင်းကြောင့် မြင့်တက် လေ့ရှိသည်။ အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် စက်တင်ဘာလတွင် တန်ချိန် ၉၀၀,၀၀၀ အထက်၌ ဆက်လက်ရှိနေနိုင်ဖွယ်ရှိပြီး ပဲပုပ်ဆီတင်သွင်းမှုမှာ တန်ချိန် ၄၅၀,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း မွန်ဘိုင်းအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

          အိန္ဒိယသည် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ စားအုန်းဆီများကို အဓိကဝယ်ယူ တင် သွင်းနေပြီး အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ ပဲပုပ်ဆီနှင့် နေကြာဆီများကို တင်သွင်းသည်။ နီပေါနိုင်ငံထံမှ စားသုံးဆီတင်သွင်းမှုသည် ဩဂုတ်လတွင် တန်ချိန် ၉၅,၀၀၀ ရှိခဲ့ပြီး ဇူလိုင်လ၌ တန်ချိန် ၈၆,၀၀၀ ရှိခဲ့ကြောင်း GGN သုတေသနအဖွဲ့က ခန့်မှန်းထားသည်ကို The Edge Malaysia သတင်းဌာန၏ ဖော်ပြချက်များအရ သိရှိရပါသည်။

Source: The Edge Malaysia, 2nd Sep 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၅-၂၆ ရာသီနှစ်၌ ပြောင်းသီးနှံ ဝယ်ယူရမည့်ဈေးနှုန်းများ ထိုင်းအစိုးရ သတ်မှတ်

     ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်ရောက်မှုရှိမည့် ၂၀၂၅-၂၆ ရာသီနှစ် အတွက် ပြောင်းသီးနှံ တရားဝင်ဝယ်ယူရမည့် ဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြိုတင်ဝယ်ယူမှုစနစ်သည် တောင်သူများအား သင့်တင်မျှတမှုမရှိသော စျေးနှုန်းသတ်မှတ်ခြင်း များမှ ကာကွယ်ပေးရန်နှင့် တိရစ္ဆာန်အစာစပ် စက်ရုံများနှင့် ပြောင်းသီးနှံ စုဆောင်းဝယ်ယူရောင်း ချသူများ အပါအဝင် တိရစ္ဆာန်မွေးမြူရေးအစာ လုပ်ငန်းနယ်ပယ်ရှိ ဝယ်ယူသူများအတွက် စံသတ်မှတ်ချက်များကို ရှင်းလင်းစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

          အစိုဓာတ် ၃၀% ပါဝင်သော လတ်ဆတ်သည့် ပြောင်းသီးနှံကို Phetchabun, Kamphaeng Phet, Chaiyaphum, Phichit နှင့် Uthai Thani စသည့် ပြည်နယ်များတွင် တစ်ကီလိုဂရမ်လျှင် ၇.၀၅ ဘတ်နှုန်းဖြင့် သတ်မှတ်ဝယ်ယူမည်ဖြစ်ကြောင်း၊ အခြားသော ပြည်နယ်များတွင်မူ ဒေသ အလိုက်သတ်မှတ်ထားသည့် စျေးနှုန်းများဖြင့် ဝယ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုဓာတ် ၁၄.၅% ပါဝင်သော ခြောက်သွေ့သည့် ပြောင်းသီးနှံကို ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်နယ်များ၌ ပြောင်းကြိတ်စက်ရုံများတွင် တစ်ကီလိုဂရမ်လျှင် ၉.၈၀ ဘတ်ဖြင့် ဝယ်ယူမည် ဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနမှ သတ်မှတ်ထားသော သယ်ယူပို့ဆောင်စရိတ်များနှင့် အစိုဓာတ်ပါဝင်မှုအလိုက် ဖြတ်တောက်လျှော့ချမည့် နှုန်းထားများအပေါ် အခြေခံ၍ ထိန်းညှိသွား မည်ဖြစ်ကြောင်း သိရှိရသည်။

          ကုန်ကြမ်းစုဆောင်းရောင်းချသူများနှင့် တိရစ္ဆာန်အစာကြိတ်စက်များသည် ၀ယ်ယူရေးနယ် မြေအားလုံးတွင် ၀ယ်ယူသည့်စျေးနှုန်းများနှင့် အစိုဓာတ်ပါဝင်မှုအလိုက် ဖြတ်တောက်လျှော့ချမည့် နှုန်းထားများကို ရှင်းလင်းမြင်သာစွာ ပြသထားရမည် ဖြစ်ကြောင်း၊ အဆိုပါစည်းမျဉ်းစည်းကမ်း စတင်အာဏာတည်ခြင်းမတိုင်မီ သဘောတူညီခဲ့ကြသော စာချုပ်များကို ၎င်းတို့၏ မူရင်းအခြေ အနေအတိုင်း ဆက်လက်ကျင့်သုံးနိုင်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးမှုများကို ပြည်နယ်ကူးသန်း ရောင်းဝယ်ရေးရုံးများက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိ ရသည်။

          စည်းမျဉ်းစည်းကမ်းအတိုင်း မဝယ်ယူခြင်း၊ အကြောင်းပြချက်မရှိဘဲ ဝယ်ယူမှုအား နှောင့် နှေးစေခြင်း သို့မဟုတ် မဖြစ်နိုင်လောက်အောင် နိမ့်ကျသည့် စျေးနှုန်းဖြင့် ဝယ်ယူခြင်းစသော စည်း မျဉ်းချိုးဖောက်မှုများအား ၁၉၉၉ ခုနှစ်၊ ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ စျေးနှုန်းဆိုင်ရာ အက် ဥပဒေအရ တရားစွဲဆိုနိုင်ကြောင်း၊ ပြစ်ဒဏ်များတွင် ၇ နှစ်အထိ ထောင်ဒဏ်၊ ဘတ် ၁၄၀,၀၀၀ အထိ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရှိရသည်။

          ယခုထုတ်ပြန်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  သွင်းကုန်ဆိုင်ရာ စီမံဆောင်ရွက်မှု များနှင့်အညီ ၂၀၂၆ ခုနှစ်အတွင်း ကုန်စည်တင်သွင်းမှုများနှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ ပြောင်းသီးနှံနှင့် ဂျုံတင်သွင်းသူများသည် ပြည်တွင်းမှထွက်ရှိသော ပြောင်းသီးနှံကို သုံးအချိုးတစ် (၃:၁) စနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး တရားဝင်စျေးနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သက်သေပြချက်ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကြုံတွေ့ရပါက တိုက်ရိုက်ချက်ချင်း ခေါ်ဆိုနိုင်သည့် တယ်လီ ဖုန်းလိုင်းအမှတ် ၁၅၆၉ (Hotline 1569) မှလည်းကောင်း၊ နန်ထဘူရီမြို့ စာပို့သင်္ကေတ ၁၁၀၀၀ ရှိ စာတိုက်သေတ္တာအမှတ် ၁၅၆ (P.O. Box 156, Nonthaburi 11000) သို့ စာဖြင့်လည်းကောင်း၊ အွန်လိုင်းဝက်ဘ်ဆိုက် www.dit.go.th မှတစ်ဆင့်လည်းကောင်း ပြည်တွင်းကုန်သွယ်ရေး ဦးစီး ဌာနသို့ သတင်းပို့တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။

Source: NBT World, 1 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အမေရိကန်ဆန်များကို အကောက်ခွန်လွတ် ခွဲတမ်းအတွင်းမှသာ ဝယ်ယူမည်ဟု ဂျပန်စီးပွားရေး ဝန်ကြီး ပြောကြား

      ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ တင်သွင်းလာသည့် လယ်ယာထွက်ကုန်များအပေါ် အကောက်ခွန်နှုန်းထား လျှော့ချပေးမည့် အစီအစဉ်မရှိကြောင်းနှင့် အမေရိကန်ဆန်များအား ၎င်း၏ တည်ဆဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ခွဲတမ်း ကန့်သတ်ချက်ဘောင်အတွင်းမှသာ ဝယ်ယူခြင်းဖြင့် အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်ကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အမေရိကန် လယ်ယာထွက်ကုန်များ တင်သွင်းမှုအပေါ်  အကောက်ခွန်နှုန်းထား လျှော့ချပေးသည့် အကောက်ခွန်ဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်စောင် ထုတ်ပြန်ပေးရန် အမေရိကန်နိုင်ငံက အဆိုပြုထားသည်ဟု Nikkei သတင်းစာက ပြီးခဲ့သည့် ရက်သတ္တပတ်၌ အစီရင်ခံ ဖော်ပြခဲ့ခြင်းအပေါ် ဂျပန်စီးပွားရေးဝန်ကြီး Ryosei Akazawa က စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့တွင် ငြင်းဆိုခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာတွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဆန်များအား  တိုးချဲ့တင်သွင်းခွင့်ပြုရန် အမေရိကန်ဘက်မှ လိုလားမှုရှိနေသည်ဟုလည်း ဖော်ပြထားပါသည်။  

          ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျပန်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းကို  ရည်ညွှန်းလျက် ၎င်းသဘောတူညီချက်၌ လယ်ယာထွက်ကုန်များအပေါ် အကောက် ခွန်နှုန်းထားများ လျှော့ချပေးမှု မပါဝင်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စတေးခံ အလျှော့ ပေးရမည့် မည်သည့်ညှိနှိုင်းမှုများကိုမှ ဆောင်ရွက်ထားခြင်းမရှိကြောင်းနှင့် အကောက်ခွန်နှုန်းထား နှင့်စပ်လျဉ်း၍ မည်သည့်အပြောင်းအလဲမျှ မရှိကြောင်း ဝန်ကြီး Mr. Akazawa က ပြောကြားခဲ့ ပါသည်။

          ဒေါ်လာ ၅၅၀ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုအစီအမံနှင့်စပ်လျဉ်း၍ အပြီးသတ် ဆွေးနွေးနိုင်ရန်  ဝါရှင်တန်သို့ သွားရောက်မည့် Mr. Akazawa ၏ခရီးစဉ်အား ပြီးခဲ့သည့် ရက် သတ္တပတ်တွင် ဖျက်သိမ်းခဲ့ခြင်းက နှစ်ဖက်နိုင်ငံများအကြား အဆိုပါ ကုန်သွယ်ရေး သဘောတူညီ ချက် အကောင်အထည်ဖော်မှုကို အတားအဆီးဖြစ်စေမည့် ကွဲပြားခြားနားသည့် ရှုမြင်သုံးသပ်မှု များ ရှိနေသည်ဟု မှန်းဆချက်များကို ဖြစ်ပေါ်စေလျက်ရှိသည်။ အဆိုပါ ဖျက်သိမ်းခဲ့သည့်ခရီးစဉ် ကို အမေရိကန်အနေဖြင့် သဘောတူညီချက်မှတစ်ဆင့် မော်တော်ယာဉ်များတင်သွင်းမှု အပေါ် စည်းကြပ်သည့်အခွန်များအား လျှော့ချပေးစေရန်နှင့် သီးခြားကောက်ခံလျက်ရှိသော အထူးစည်း ကြပ်မှုအခွန် ၂.၅ ရာခိုင်နှုန်းကို အသစ်ချမှတ်မည့် အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း၌ တစ်ပါတည်း ထည့်သွင်းပေးစေရန် ကြိုးပမ်းမှုအဖြစ် ဂျပန်နိုင်ငံဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို အများပြည်သူ ထံ အသိပေးသည့် မည်သည့် တရားဝင်ပူးတွဲ ကြေညာချက်ကိုမျှ ထုတ်ပြန်ထားမှုမရှိသေးကြောင်း သိရှိရပါသည်။         

          ကုန်သွယ်ရေး သဘောတူညီမှုအပေါ် ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံလုံး၏ နားလည်သဘောပေါက်မှုမှာ ကွာဟမှုမရှိကြောင်း၊ အမေရိကန်ဆန်များအား ပိုမိုဝယ်ယူရန် အမေရိကန် ဘက်မှ တောင်းဆိုမှုနှင့် ပတ်သက်၍  ဂျပန်နိုင်ငံသည် လက်ရှိချမှတ်ထားသော အကောက်ခွန် ကင်းလွတ်လျက် ဆန်တင်သွင်းခွင့် ကန့်သတ်ချက်ခွဲတမ်းအတွင်းမှ တိုးမြှင့်ဝယ်ယူရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝါရှင်တန်သို့သွားရောက်မည့် ၎င်း၏ခရီးစဉ်ကိုမူ ပြန်လည်စီစဉ်ထားခြင်း မရှိသေးကြောင်း Mr. Akazawa က ပြောကြားခဲ့ပါသည်။

          ကုန်သွယ်ရေး သဘောတူညီမှုနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံဘက်မှ ဖော်ပြသည့် အချက်အလက်များတွင် ဂျပန်နိုင်ငံသည် သွင်းကုန်ခွဲတမ်း တိုးချဲ့မှုနှင့်အတူ အမေရိကန်ဆန်တင်သွင်းမှု ပမာဏကို ၇၅ ရာခိုင်နှုန်းအထိ လက်ငင်းတိုးမြှင့်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

          ဂျပန်နိုင်ငံသည် ယခင်နှစ်၌ ၎င်း၏ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုသည့် ဆန်ခွဲတမ်း သတ်မှတ်ချက် တန်ချိန် ၇၇၀၀၀၀ အနက် အမေရိကန်ထံမှ ဆန်တန်ချိန် ၃၄၆၀၀၀ ကို တင်သွင်းခဲ့သည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ အမေရိကန်ထံမှ ဆန်တင်သွင်းရန် ခွဲတမ်းကို ၇၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပါက တန်ချိန် ၆၀၀၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ထိုင်း၊ ဩစတြေးလျနှင့် တရုတ်တို့အပါအဝင် အခြားနိုင်ငံများမှ ဆန်ဝယ်ယူမှုကို လျှော့ချရန် လိုအပ်မည်ဖြစ်ပါသည်။

Source: bloomberg.com, 2 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျပန် ရင်းနှီးမြှုပ်နှံသူများကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အခွင့်အလမ်းများကို ရှာဖွေ

         ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနို်ငငံတွင် အထူးသဖြင့် ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှု၊ ဗိသုကာကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍများတွင် အခွင့်အလမ်းများကို ရှာဖွေနေကြသည်။ ၂၀.၈.၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Nut Unvoanra သည် BARIKI Institute ၏ CEO Yajima Nobumasa ဦးဆောင်သော ဂျပန်ရင်းနှီးမြှုပ်နှံသူများအဖွဲ့နှင့် တွေ့ဆုံခဲ့ဆွေးနွေးခဲ့ကြသည်။ Nut Unvoanra က ကိုယ်စားလှယ်အဖွဲ့အားကြိုဆိုပြီး ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက်များကိုပေးအပ်ကာ နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်များနှင့် ပေးဆောင်ထားသည့် တရားဥပဒေဆိုင်ရာ အကာအကွယ်များကို ဆက်လက်ရှင်းပြခဲ့သည်။ ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန်သာမက ကဏ္ဍအသီးသီးတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန်လည်း စီစဉ်ထားကြောင်း ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Yajima Nobumasa က ပြောကြားခဲ့သည်။ ဂျပန် ရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာကျွမ်းကျင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အလမ်းများကို ကမ္ဘောဒီးယား လုပ်သားများထံ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း Yajima Nobumasa က အလေးပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ရေကြီးမှုများက ဘာစမာတီဆန် အထွက်ထိခိုက်စေနိုင်

     အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခြင်းက ယခုနှစ် ဘာစမာတီဆန် ထုတ်လုပ်မှုကို ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျစေဖွယ်ရှိပြီး ကမ္ဘာ့ ဘာစမာတီဆန် ရောင်းလိုအားကို ကန့်သတ်မှုဖြစ်ပေါ်စေလျက် ပို့ကုန်လုပ်ငန်းရှင်များအား ဈေးနှုန်း ပိုမိုမြှင့်တင်ရောင်းချလာစေမည့် အလားအလာရှိနေကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

          ပန်ဂျပ်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒါရိုက်တာ Ashok Sethi က မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှု ကြီးမားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။ ကနဦး အစီရင်ခံတင်ပြချက်များအရ ဘာစမာတီ စပါး စိုက်ခင်းများ ထိခိုက်မှုမှာ ဟက်တာ ၁.၅ သိန်းခန့်ရှိမည်ဟု ဆန်စပါးလုပ်ငန်းနယ်ပယ်ရှိ သတင်း အရင်းအမြစ်များကလည်း ပြောဆိုထားကြသည်။

          ပန်ဂျပ်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Gurmeet Singh Khudian က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြပ်မှုများကြောင့် ပြည်နယ်အတွင်း သီးနှံစိုက်ခင်းများ ပျက်စီးမှုမှာ ဧရိယာ ဟက်တာ ၂.၅ သိန်း (ဧက ၆ သိန်း) ခန့်ရှိနိုင်ကြောင်း၊ အဓိကအားဖြင့် ဘာစမာတီနှင့် ဘာစမာတီ မဟုတ်သော စပါးစိုက်ခင်းများ၊ ဝါစိုက်ခင်းများ ထိခိုက်မှုရှိကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဆေးဝါးအထောက်အပံ့များနှင့် လယ်ယာလုပ်ငန်းသုံး ကျွဲနွားများအတွက် တိရစ္ဆာန်အစာများ အပါ အဝင် ကူညီထောက်ပံ့မှုများကို ပေးအပ်ထားရှိကြောင်း၊ ကျေးရွာများစွာသည် ရေနစ်မြုပ်လျက်ရှိ နေဆဲဖြစ်သဖြင့် သီးနှံပမာဏ မည်မျှထိခိုက်မှုရှိသည်ကို အချိန်ယူ ဆန်းစစ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          သီးနှံများ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်သည့် ခရိုင်များမှာ Gurdaspur, Pathankot, Fazilka, Kapurthala, Tarn Taran, Ferozepur, Hoshiarpur နှင့် Amritsar တို့ဖြစ်ကြပြီး ၂၀၂၃ ခုနှစ် စစ်တမ်းများအရ ၎င်းခရိုင် ၈ ခုသည် ပြည်နယ်အတွင်း ဘာစမာတီဆန် ထုတ်လုပ်မှု၏ ၅၂ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ပန်ဂျပ်ပြည်နယ်သည် ဘာစမာတီ စပါးစိုက်ဧရိယာ ဟက်တာ ၈.၁၂ သိန်းမှ ဘာစမာတီဆန် တန်ချိန် ၃.၈၄ သန်းကို ထုတ် လုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ခုနှစ်တွင် ဘာစမာတီဆန် တန်ချိန် ၆.၀၇ သန်းကို တင်ပို့ခဲ့ရာ ပန်ဂျပ်ပြည်နယ်မှ ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ခဲ့သည်။

          ပန်ဂျပ်ပြည်နယ်တွင် လက်ရှိ မိုးသီးနှံရာသီကာလ၌ ဩဂုတ် ၂၉ ရက်နေ့အထိ စုစုပေါင်း သီးနှံစိုက်ဧရိယာ ဟက်တာ ၃၅.၅၂ သိန်း စိုက်ပျိုးထားရှိပြီး ဘာစမာတီနှင့် ဘာစမာတီမဟုတ် သော စပါးစိုက်ခင်းဧရိယာ ဟက်တာ ၃၂.၄၉ သိန်း၊ ဝါစိုက်ခင်း ဟက်တာ ၁.၁၉ သိန်း၊ ကြံစိုက်ခင်း ဟက်တာ ၀.၉၅ သိန်းနှင့် ပြောင်းသီးနှံ ဧရိယာ ၀.၈၆ သိန်း ပါဝင်လျက်ရှိသည်။

          ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ပြည်နယ်များရှိ သီးနှံစိုက်ခင်းများ၏ အခြေအနေကို သုံးသပ် ရာတွင် ပန်ဂျပ်ပြည်နယ်ရှိ လယ်သမားများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း၊ ဗဟိုအစိုးရသည် လက်ရှိ သဘာဝဘေးဒဏ်ကို ကြုံတွေ့နေရသည့် ကာလအတွင်း ထိခိုက်မှုရှိသော လယ်သမားများ နှင့်အတူ ရပ်တည်လျက်ရှိပြီး ၎င်းကိုယ်တိုင်လည်း မကြာမီ၌ ပန်ဂျပ်ပြည်နယ်သို့ လာရောက်တွေ့ ဆုံမည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က စက်တင် ဘာ ၁ ရက်နေ့တွင် ပြောဆိုခဲ့သည်။

          ပို့ကုန်လုပ်ငန်းရှင်များကမူ ဘာစမာတီဆန်ထွက်ရှိမှုမှာ ယခုနှစ်၌ လျော့နည်းမည့် အခြေ အနေအရ ဈေးနှုန်းပိုမိုရရှိလာရန် မျှော်လင့်လျက်ရှိကြသည်။ ဘာစမာတီဆန်ကို စိုက်ပျိုးထုတ် လုပ်သော အခြားနိုင်ငံဖြစ်သည့် ပါကစ္စတန်တွင်လည်း အလားတူပင် ဘာစမာတီစပါးခင်းများ ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့ရလျက်ရှိသည်။

          ဘာစမာတီဆန် တင်ပို့သူများသည် ၂၀၂၄-၂၅ ခုနှစ်၌ ဆန်ပို့ကုန်တန်ဖိုး တစ်တန်လျှင် ပျမ်းမျှ ၉၈၀ ဒေါ်လာနှုန်း ရရှိခဲ့ကြကြောင်း၊ စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုကို ကြုံတွေ့ရမှုမတိုင်မီ ကာလ၌ တစ်တန်လျှင် ပျမ်းမျှ ဒေါ်လာ ၉၀၀ မှ ဒေါ်လာ ၁၀၀၀ အတွင်းဈေးနှုန်းဖြင့် စာချုပ်ချုပ်ဆို ရောင်းချခဲ့ကြကြောင်း၊ ၎င်းနှုန်းထားမှ မကြာမီကာလအတွင်း တစ်တန်လျှင် ဒေါ်လာ ၁၀၅၀ အထိ ခုန်တက်လာဖွယ်ရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုကြကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 1 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်နှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု သဘောတူညီချက် မကြာမီ ကာလအတွင်း ရရှိတော့မည်

          ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) သည် ဒေသတွင်း ချောမွေ့သော ငွေပေးချေသူများအတွက် QR ကုဒ်အခြေခံ ငွေပေးချေမှုများကို ချဲ့ထွင်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နှင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို စတင်ရန် စီစဉ်နေကြောင်း NBC က ၁၉-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ NBC အုပ်ချုပ်ရေးမှူး Chea Serey သည် ၁၈-၈-၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Bohol ပြည်နယ်တွင် ဖိလစ်ပိုင်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Eli M Remolona Jr နှင့် နှစ်နိုင်ငံဘဏ်များကြား ဒုတိယနှစ်ပတ်လည် အစည်းအဝေးတွင် အဆိုပါ အစီအစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုစတင်ခြင်းသည် ဗဟိုဘဏ်နှစ်ရပ်နှင့် နှစ်နိုင်ငံငွေကြေးမူဝါဒအပိုင်းတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်ကြိုးပမ်းမှု၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။ ဗဟိုဘဏ်နှစ်ရပ်လုံး၏ ခေါင်းဆောင်များသည် မက်ခရိုစီးပွားရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ သုံးစွဲသူများကို အကာအကွယ်ပေးရေး မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု NBC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့်ခရီးသွားဖလှယ်မှု ပိုမိုလွယ်ကူချောမွေ့စေရန် မကြာမီကာလအတွင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှု အစီအစဉ်ကို QR ကုဒ်စနစ်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ NBC ၏အဆိုအရ ဖွံ့ဖြိုးတိုးတက်မှုသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအငြင်းပွားမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းရာတွင်ပါဝင်ရန် အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ၏ဘေးကင်းမှုနှင့် ထိရောက်မှုအားကောင်းစေရန် ဘဏ်နှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများအား တွန်းအားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံသို့ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယကုန်စည်များ အလုံးအရင်းဖြင့် စီးဆင်းဖွယ်ရှိ

   အမေရိကန်နိုင်ငံရှိ ထိုင်းအကြီးတန်းစီးပွားလုပ်ငန်းရှင်သည် အမေရိကန်နိုင်ငံမှ နောက်ဆုံး ထုတ်ပြန်ထားသည် အကောက်ခွံစည်းကြပ်မှုကြောင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း သတိပေးခဲ့ပြီး အဆိုပါကိစ္စကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရနေကြောင်း ပြောကြား ခဲ့ပါသည်။ PJUS GROUP ၏အတွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ အကြံပေးဆိုသူ၊ Pramook Chetphongsathorn က တရုတ်နိုင်ငံမှ ကုန်စည်များသည် သြဂုတ်လ မတိုင်ခင်အထိ အမေရိကန်နိုင်ငံမှ အခွန် ၃၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသဖြင့် အကျိုးအမြတ် များ ရရှိနေကြောင်း Thansettakij အားပြောကြားခဲ့ပါသည်။ အဆိုပါကင်းလွတ်ခွင့်သည် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်းနှုန်း အကောက်ခွန်စည်းကြပ်မှု ပြုလုပ်သောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခင် ကုန်သွယ်ရေးစစ်ပွဲများ ကြားတွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ အပေါ် ၁၄၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး တရုတ်နိုင်ငံသည်လည်း အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၂၅ ရာခိုင်နှုန်းကောက်ခံလျက် ရှိကြောင်း သိရပါသည်။ ယခုတွင် အဆိုပါ နှစ်နိုင်ငံလုံးသည် သဘောတူညီမှုအသစ်ရရှိအောင် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါသည်။ ထပ်ပေါင်းအနေဖြင့် အမေရိကန် နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းမှုကို အဆုံးသတ်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်း များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံ သည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ပိုလျှံသော ကုန်ပစ္စည်းများအတွက် အဓိကပစ်မှတ်ဖြစ်လာရန် မျှော်မှန်းလျက်ရှိပြီး ကုန်သွယ်ရေးသဘောတူညီချက်တိုးတက်မှုအပြီးတွင် အမေရိကန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်နိုင်ခြေရှိကြောင်း သိရပါသည်။ အကောက်ခွန် များတိုးမြှင့်လိုက်သော်လည်း အမေရိကန်နိုင်ငံရှိ ထိုင်းအစားအသောက်ထုတ်လုပ်သည့် အဖွဲ့အစည်း PJUS GROUP သည်အဆိုပါ တင်ပို့ခွန်စည်းကြပ်မှုအသစ်ကြောင့် အကျိုးသက် ရောက်မှုများ မရှိနိုင်ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် အကောက်ခွန်စည်းကြပ်ခြင်း မြင့်တက်လာမှုနှင့်အတူ ၎င်း၏ စျေးနှုန်းများကိုလည်း မြှင့်တင်လျက်ရှိပြီး ဇူလိုင်လအတွက် ၎င်းကုမ္ပဏီ၏ ‌ရောင်းအားသည် အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုသည် SME ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေ

    စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန(MISTI) ဝန်ကြီး Hem Vanndy က စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ တိုးတက်လာစေရေး ရည်မှန်းချက်အောင်မြင်ရန် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန် လုပ်ငန်းရှင်များအား တိုက်တွန်းထားခဲ့သည်။ ဝန်ကြီးဌာနနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့သည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများနှင့် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၏ ဒေသတွင်းချိတ်ဆက်နိုင်မှုများအား မြှင့်တင်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၂၆-၈-၂၀၂၅ ရက်နေ့တွင် ဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာန သည် စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် နည်းပညာကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန်၊ ၂၀၂၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်အတန်းမှ တိုးတက်လာစေရန် ပံ့ပိုးကူညီရန်အတွက် လုပ်ငန်းများကို အလေးအနက်ထားပြီး အားပေးတိုက်တွန်းခဲ့သည်" ဟု Vanndy မှ ပြောကြားခဲ့သည်။ GIZ Cambodia ၏ Country Director Matthias Bickel က အဆိုပါစီမံကိန်းသည် SME လုပ်ငန်းများ၏ စျေးကွက်လက်လှမ်းမီမှုနှင့် နိုင်ငံတကာ လှုပ်ရှားမှု များကိုမြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အား ပိုမိုခံနိုင်ရည်ရှိစေမည့် မူဝါဒများနှင့်စည်းကမ်း ထိန်းသိမ်းရေးတို့ကို ပုံဖော်ပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေး အားကောင်း လာစေရန်အတွက် ကြိုးပမ်းအားထုတ်ပေးခဲ့ကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ Bickel က နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် ကမ္ဘောဒီးယား၏ MSME ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန် ဂျာမနီနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

DOCA(ရန်ကုန်)

MISTI ဝန်ကြီးက ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍကို မြှင့်တင်ရာတွင် ဆန်းသစ်တီထွင်မှုနှင့် စံနှုန်းများကို အလေးပေးဖော်ပြ

   ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်း ခိုင်မာစေရေးအတွက် ဆန်းသစ်တီထွင်မှုနှင့် စံချိန်စံညွှန်းများကို ၂၆-၈-၂၀၂၅ ရက်နေ့က အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးက ဆန် ထုတ်လုပ်နိုင်မှု၊ တီထွင်ဆန်းသစ်မှုနည်းပညာအသစ်များကို အသုံးပြု၍ ကြိတ်ခွဲကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မှု၊  အခြားပြိုင်ဆိုင်မှုဆိုင်ရာ အားသာချက်များနှင့် ကမ္ဘောဒီးယားဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပေါင်းစပ်နိုင်မှုဟာ နိုင်ငံတော်စီးပွားရေး၏ အရေးကြီးသောကဏ္ဍအတွက် ဂုဏ်ယူမှုသင်္ကေတတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုတွင် ဘေးကင်းလုံခြုံစေရေး၊ ခေတ်မီစက်ယန္တရားများအသုံးပြုခြင်းဖြင့် ကုန်ထုတ် စွမ်းအားမြှင့်တင်ရေးနှင့် ဆန်စက်လုပ်ငန်းရှင်များနှင့် SME လုပ်ငန်းများကို ပံ့ပိုးကူညီရန် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရေးအပါအဝင် MISTI ၏ ပံ့ပိုးကူညီမှုများကို ဆက်လက်ပြောကြားခဲ့သည်။ Vanndy က နိုင်ငံတော်စံနှုန်းကောင်စီ၏ သက်ဆိုင်ရာနည်းပညာ ကော်မတီများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆန်ထွက်ကုန်များနှင့် အခြားဆန်ထွက်ကုန်များအတွက် ကမ္ဘောဒီးယားစံနှုန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။  ဝန်ကြီးဌာနသည် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တက္ကသိုလ်အတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ပုဂ္ဂလိကကဏ္ဍ၊ အဆင့်မြင့်ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ စားနပ်ရိက္ခာဆိုင်ရာ အချုပ်အခြာအာဏာနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ