Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Batam တွင်ပထမဆုံးလေအားလျှပ်စစ်စွမ်းအင်ပြောင်းလဲသည့်စီမံကိန်း တည်ထောင်မည့်အင်ဒိုနီးရှား

       အင်ဒိုနီးရှားနိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကဏ္ဍကို တိုးချဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းသောစွမ်းအင် ထောက်ပံ့ရေးကွင်းဆက်တွင် နိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန်ရည်ရွယ်ကာ Batam မြို့၌ နိုင်ငံ၏ပထမဆုံးလေအားလျှပ်စစ် စွမ်းအင်ပြောင်းလဲ ရေးစီမံကိန်းကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရေးဝန်ကြီး Rachmat Pambudy က အဆိုပါ စီမံကိန်းသည် Batam ဒေသသာမက အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းလုံးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးကျေးဇူးများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ပါသည်။ Rachma ကထိုစီမံကိန်းသည် Batam အတွက်သာမက နိုင်ငံတစ်ဝန်းလုံးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ကျယ်ပြန့်သောအကျိုးကျေးဇူးများ သယ်ဆောင်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ စီမံကိန်းကို PT McDermott Indonesia က အကောင်အထည်ဖော်မည်ဖြစ်ပြီး ကုမ္ပဏီသည် မကြာသေးမီက Tennet 2GW High Voltage Direct Current (HVDC) စီမံကိန်းကို အထောက်အကူပြုရန် Cakrawala နှင့် Nusantara အဆောက်အအုံသစ် နှစ်ခုကို တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရပါသည်။ အဆိုပါ လေအားလျှပ်စစ်စွမ်းအင်ပြောင်းလဲရေးစီမံကိန်းသည် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော ပြည်တွင်းစွမ်းအင်လုပ်ငန်းကဏ္ဍ တည်ဆောက်ရေး ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း သိရပါသည်။ Riau Islands ပြည်နယ်အုပ်ချုပ်ရေးမှူး Ansar Ahmad က စီမံကိန်းသည် Batam ကို ပင်လယ်ပြင် လေအားလျှပ်စစ်စက်ရုံများအတွက် အရေးပါသော အစိတ်အပိုင်းများထုတ်လုပ်ရာ စက်မှုဗဟိုချက်အဖြစ် ပိုမိုခိုင်မာစေမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့ရေးကွင်းဆက်တွင်လည်း အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာစေမည်ဟုပြောကြားခဲ့ပါသည်။ Ahmad က McDermott သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် လုပ်ငန်းစတင်ခဲ့ချိန်က ၈ ဟက်တာ သာရှိသောနေရာမှ ယနေ့ ၁၁၀ ဟက်တာကျယ်ဝန်းသည့် ပင်လယ်ပြင် စက်မှုထုတ်လုပ်ရေး စခန်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်းနှင့် ကုမ္ပဏီသည် အရှေ့တောင်အာရှရေကြောင်း ထုတ်လုပ်ရေး လုပ်ငန်းတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ရပ်တည်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အသစ်ဖွင့်လှစ်လိုက်သည့် စက်ရုံအဆောက်အအုံများတွင် အပူချိန်ထိန်းချုပ်စနစ်ပါဝင် သည့် Cakrawala Block Assembly Building နှင့် Nusantara Blasting and Painting Facility တို့ ပါဝင်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၄၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။ စီမံကိန်းတည်ဆောက်ရေးကာလအတွင်း ဒေသခံအလုပ်သမား ၇,၀၀၀ ခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ပြီး တည်ဆောက်ရေးဒီဇိုင်းလုပ်ငန်းများကိုလည်း ဒေသခံ လူငယ်အင်ဂျင်နီယာများကသာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အုပ်ချုပ်ရေးမှူး Ahmad က အဆိုပါရင်းနှီးမြှုပ်နှံမှုသည် Riau Islands ပြည်နယ်၏ စီးပွားရေးတိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပြည်နယ်၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၇.၀၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် စီမံကိန်းသည် ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက် ရူပီး ၆၄.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်) ပြည့်မီရေးကိုလည်း အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

လျှပ်စစ်မော်တော်ယာဉ်ဂေဟစနစ်တွင် SME များပါဝင်နိုင်ရန်အင်ဒိုနီးရှားဆောင်ရွက်

        အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏လျင်မြန်စွာတိုးတက်လာနေသော လျှပ်စစ်မော်တော်ယာဉ် (EV) စက်မှုလုပ်ငန်းတွင် ပိုမိုကျယ်ပြန့်သောပါဝင်မှုရရှိစေရန်ရည်ရွယ်၍ မော်တော်ယာဉ်အစိတ် အပိုင်းထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို EV ထောက်ပံ့ရေးကွင်းဆက်အတွင်းထည့်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က အင်ဒိုနီးရှားနိုင်ငံသည် သယံဇာတအရင်း အမြစ်ပေါကြွယ်ဝမှု၊ ဈေးကွက်ကြီးမားမှုနှင့် အထက်ပိုင်းမှ အောက်ပိုင်းအထိ ပေါင်းစည်းထား သည့် စက်မှုမူဝါဒများကြောင့် ကမ္ဘာ့ EV လုပ်ငန်းတွင် အရေးပါသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ Agus က EV ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကုမ္ပဏီကြီးများသာမက ပြည်တွင်း SME များလည်း ပါဝင်သင့်ပြီး ထိုမှတစ်ဆင့် ပြည်တွင်းစက်မှုလုပ်ငန်း စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် EV ဂေဟစနစ်ထဲတွင် စက်မှုလုပ်ငန်းကြီးတွေတင်မကဘဲ SME တွေလည်း ပါဝင်စေလိုကြောင်းနှင့် ထိုမှသာ အသိပညာနှင့် နည်းပညာလွှဲပြောင်းမှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၎င်းရည်မှန်းချက်အရ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အသေးစား၊ အလတ်စားနှင့် အထွေထွေစက်မှုလုပ်ငန်းများ ညွှန်ကြားရေးမှူးရေးဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းကာ မေ ၂၂ ရက်တွင် အနောက်ဂျာဗားပြည်နယ် Cikarang မြို့၌ EV ထောက်ပံ့ရေးကွင်းဆက် အခွင့်အလမ်းများကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အဆိုပါအခမ်းအနားတွင် အစိတ်အပိုင်းထုတ်လုပ်သူများ၊ ဒေသဆိုင်ရာအစိုးရများ၊ စက်မှုအသင်းအဖွဲ့များနှင့် မော်တော်ယာဉ်ကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး SME များနှင့် EV ထုတ်လုပ်ရေး ကုမ္ပဏီကြီးများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ညွှန်ကြားရေးမှူးချုပ် Reni Yanita က ထိုအစီအစဉ်သည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစိတ်အပိုင်းထုတ်လုပ်သည့် SME များနှင့် စက်မှုလုပ်ငန်းကြီးများအကြား မဟာဗျူဟာကျသောမိတ်ဖက်ဆက်ဆံရေးများကို ပေါ်ပေါက်လာစေပြီး EV အစိတ်အပိုင်းလိုအပ်ချက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အင်ဒိုနီးရှား၏ EV ဈေးကွက်သည် ဆက်လက်လျင်မြန်စွာ ကြီးထွားနေပြီး ပြည်တွင်းအစိတ်အပိုင်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားမော်တော်ယာဉ်စက်မှုအသင်း (Gaikindo) ၏ အချက်အလက်များအရ ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ် (BEV) ရောင်းချမှုသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အစီးရေ ၃၃,၁၅၀ အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် တူညီသည့်ကာလထက် ၉၅.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဧပြီလအထိ အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားအစီးရေ ၇၉၈ စီး ရှိလာခဲ့ပြီး ဖေဖော်ဝါရီလအထိ လျှပ်စစ်မော်တော် ဆိုင်ကယ်နှင့် နှစ်ဘီးတပ် EV များ စုစုပေါင်း ၂၃၆,၄၅၁ စီး ရှိလာကာ နိုင်ငံ၏ EV စုစုပေါင်း အရေအတွက်၏ ၆၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေကြောင်း သိရပါသည်။ Reni က ထို တိုးတက်မှုများသည် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့် SME များအတွက် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ EV ဈေးကွက်ကြီးထွားလာမှုကို လျှပ်စစ်အားသွင်းအခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်လာခြင်းကလည်း အထောက်အကူပြုလျက်ရှိကြောင်း သိရပါသည်။ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ PLN ၏ အချက်အလက်များအရ ဧပြီလအထိ နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၃,၀၉၇ ခုတွင် EV အားသွင်းစခန်း ၄,၇၆၉ ခု လည်ပတ်လျက်ရှိကြောင်း သိရပါသည်။ စွမ်းအင်ဝန်ကြီးဌာန၏ EV လမ်းပြမြေပုံအရ ၂၀၃၀ ပြည့်နှစ်တွင် EV ဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန် အားသွင်းစခန်းအရေအတွက်ကို ၆၂,၉၁၈ ခုအထိ တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း သိရပါသည်။ Reni က ထိုအလားအလာသည် စွမ်းအင်ချွေတာနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်သည့်ယာဉ်များကို စားသုံးသူများ ပိုမိုရွေးချယ်လာသည်ကို ပြသနေသကဲ့သို့ SME များအတွက်လည်း ကြီးမားသည့်စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း  ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ပြည်တွင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန် သွင်းကုန်ထိန်းချုပ်မှု တင်းကျပ်မည့်အင်ဒိုနီးရှား

       အင်ဒိုနီးရှားအစိုးရသည် ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရန်နှင့် တရားမျှတသော ပြည်တွင်းကုန်သွယ်ရေးကို အားပေးရန်ရည်ရွယ်ပြီး သွင်းကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်ကာ ကြီးကြပ်မှုများမြှင့်တင်ခြင်းနှင့် ကုန်သွယ်ရေးဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က မေလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Santoso က အစိုးရအနေဖြင့် နိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို အခြေခံကျကျပြုပြင်ပြောင်းလဲလျက်ရှိပြီး ပိုမိုရိုးရှင်း၊ မြန်ဆန်၊ ပွင့်လင်းမြင်သာ ကာ ပေါင်းစည်းထားသည့်စနစ်တစ်ရပ်ဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် သွင်းကုန်များကို တင်သွင်းခွင့်ပိတ်ပင်ထားသောကုန်ပစ္စည်းများ၊ စည်းမျဉ်းအရထိန်းချုပ်ထားသောသွင်းကုန်များနှင့် ကန့်သတ်ချက်မရှိသောသွင်းကုန်များဟူ၍ အုပ်စုသုံးခု ခွဲခြားသတ်မှတ်ထားကြောင်း သိရပါသည်။ အဆိုပါစနစ်သည် စောင့်ကြည့်ကြပ်မတ်မှု ပိုမိုအားကောင်းစေရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေဆိုင်ရာသေချာရေရာမှုပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဝန်ကြီးက သွင်းကုန်လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစေရန် တင်းကျပ်လျက်ရှိကြောင်းနှင့် တင်သွင်းသည့် ကုန်ပစ္စည်းများမှာ အများအားဖြင့် အသစ်စက်စက်ပစ္စည်းများ ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Importer Identification Number (API) အဖြစ် အသုံးပြုနိုင်သည့် Business Identification Number (NIB) ကို မဖြစ်မနေရယူထားရမည်ဖြစ်ကြောင်း သိရပါသည်။ အချို့သော ကုန်စည်အမျိုးအစားများအတွက် သွင်းကုန်လုပ်ငန်းလိုင်စင် ရယူရသည့်အပြင် လက်ရှိစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးနိုင်ရန် လွတ်လပ်သည့်စစ်ဆေးရေးအဖွဲ့များ၏ နည်းပညာပိုင်းဆိုင်ရာ အတည်ပြုချက်များလည်းလိုအပ်ကြောင်း သိရပါသည်။ ထို့အပြင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပေါင်းစည်းထားသည့် အီလက်ထရွန်နစ်လိုင်စင်နှင့် စောင့်ကြည့်စနစ်များမှတစ်ဆင့် ကုန်သွယ်ရေးဝန်ဆောင်မှုများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ နိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းလိုင်စင်ဝန်ဆောင်မှုများအားလုံးကို ယခုအခါ Single Submission (SSm) စနစ်မှတစ်ဆင့် အွန်လိုင်းဖြင့် အပြည့်အဝ ဆောင်ရွက်နိုင်ပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် သေချာရေရာမှုပိုမိုရရှိစေရန်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများလျှော့ချနိုင်ရန် ဝန်ဆောင်မှုပေးချိန်ကို အများဆုံးငါးရက်အတွင်း သတ်မှတ်ထားကြောင်း သိရပါသည်။ အဆိုပါအစီအမံများသည် အင်ဒိုနီးရှား၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံ၏ကုန်သွယ်ရေးထိရောက်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အားကောင်းစေရေးနှင့် ကုန်သွယ်ရေးယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ရေးတို့ကို ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့အပြင် Santoso က ပြည်တွင်းစက်မှုလုပ်ငန်းများကို သွင်းကုန်အလွန်အကျွံ ဝင်ရောက်လာမှုကြောင့် ထိခိုက်မှုမရှိစေရန် ကုန်သွယ်ရေးကာကွယ်ရေး အစီအမံများကိုလည်း အင်ဒိုနီးရှားက အသုံးပြုနေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
         ကုန်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် ကုန်သွယ်ရေးကာကွယ်မှုအစီအမံများ အသုံးပြုမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး အမှု ၉ ခုဖြင့် ကမ္ဘာလုံးဆိုင်ရာ safeguard လုပ်ဆောင်ချက်များ၏ ၂၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။
         ၎င်းအစီအမံများသည် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေနိုင်သည့် သွင်းကုန်များ အလွန်အကျွံ ဝင်ရောက်လာမှုမှကာကွယ်ရန်ရည်ရွယ်ထားကြောင်း ဝန်ကြီး Santoso က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

စင်ကာပူကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၁၂.၆ သန်းတန်ဖိုးရှိသော ကုန်သွယ်မှုအလားအလာရရှိခဲ့သည့် အင်ဒိုနီးရှား

          စင်္ကာပူတွင် ကျင်းပသည့် Food and Hotel Asia (FHA) 2026 ပြပွဲ၌ အင်ဒိုနီးရှား အစားအသောက်နှင့် အဖျော်ယမကာထုတ်ကုန်များ၏ ကုန်သွယ်မှုအလားအလာတန်ဖိုးမှာ ရူပီး ၂၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၆ သန်းခန့်) ရှိခဲ့ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပျားရည်၊ အော်ဂဲနစ်ဟင်းခတ်အမွှေးအကြိုင်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားအစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များအတွက် အမေရိကန်ဒေါ်လာ ၃.၁၇ သန်း (ရူပီး ၅၄.၅ ဘီလီယံခန့်) တန်ဖိုးရှိသော ပို့ကုန်စာချုပ် ၁၄ ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ကျန်းမာရေး အထောက်အကူပြုအသင့်စားခေါက်ဆွဲ၊ အော်ဂဲနစ်အစားအစာများ၊ ရေလုပ်ငန်းထုတ်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် အခြားအစားအသောက်နှင့် အဖျော်ယမကာများအတွက် အမေရိကန်ဒေါ်လာ ၁၀.၃ သန်း (ရူပီး ၁၇၇ ဘီလီယံခန့်) တန်ဖိုးရှိသော ကုန်သွယ်မှုအလားအလာများလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါသည်။ အမျိုးသားပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က ၎င်းတို့၏အစား အသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များ ပါဝင်ပြသခြင်းက ကမ္ဘာလုံးဆိုင်ရာ ဟိုတယ်နှင့် ဧည့်ဝတ်ပြုလုပ်ငန်းဈေးကွက်သို့ အင်ဒိုနီးရှား၏ ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ရန်အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် စင်္ကာပူဝယ်ယူသူများအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်လည်း ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား ပြခန်းတွင် MSME လုပ်ငန်း ၄၀ မှ ထုတ်လုပ်သော အစားအသောက်၊ အဖျော်ယမကာ၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကိုပြသခဲ့ပြီး အလတ်စားနှင့် အကြီးစား ကုမ္ပဏီ ၁၃ ခု၏ ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ စင်္ကာပူရှိအင်ဒိုနီးရှား ကုန်သွယ်ရေး အရာရှိ Billy Anugrah ကလည်း နိုင်ငံတကာ ပြပွဲများတွင် အင်ဒိုနီးရှား အစားအသောက်နှင့် အဖျော်ယမကာ ကုမ္ပဏီများ ပါဝင်ခြင်းသည် ကမ္ဘာ့ဈေးကွက်တွင် ထုတ်ကုန်များကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Anugrah က MSME များအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပို့ကုန်ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အင်ဒိုနီးရှား ကုန်သွယ်ရေးကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးချနိုင်ကြောင်း၊ အစား အသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း အင်ဒိုနီးရှား၏ ပို့ကုန်တိုးတက်မှုကို ထောက်ပံ့ပေးသည့် အဓိကစက်မှုကဏ္ဍတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာ ပြပွဲများတွင် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများပါဝင်ခြင်းက ပို့ကုန်ဈေးကွက်ထဲသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်နေသည်ကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အင်ဒိုနီးရှားနှင့် စင်္ကာပူအကြား စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇၈ ဘီလီယံ ရှိခဲ့ပြီးထိုအထဲတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၉၄ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၈၄ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် တွင်လည်း နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂.၈၇ ဘီလီယံ ရှိခဲ့ပြီး အင်ဒိုနီးရှား၏ စင်္ကာပူသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃.၇၀ ဘီလီယံနှင့် စင်္ကာပူမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉.၁၇ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း စင်္ကာပူသည် အင်ဒိုနီးရှား၏ ပို့ကုန်ဈေးကွက်တွင် ပဉ္စမအကြီးဆုံး နိုင်ငံဖြစ်ခဲ့ပြီး သွင်းကုန်ရင်းမြစ်တွင်လည်း ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ အစားအသောက်နှင့် အဖျော်ယမကာတင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၄.၉၆ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၂.၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါ သည်။ စင်္ကာပူဈေးကွက်တွင်လည်း အဆိုပါကဏ္ဍသည်  ၄၉.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

မှားယွင်းတွက်ချက်မှုနှင့် တုံ့ပြန်မှုနှေးကွေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ဂျပန်နိုင်ငံ၏ ဆန် အကျပ်အတည်း

    မကြာသေးမီက ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံ၏ ဆန်အကျပ်အတည်းသည် အစိုးရအနေဖြင့် အရန်ဆန်ပမာဏကို အမှန်တကယ်ထက် ပိုမိုတွက်ချက်ခဲ့မိခြင်း၊ အခြေအနေကို အချိန်ကိုက် သိရှိ နားလည်ရန် နှောင့်နှေးခဲ့ခြင်းနှင့် အရေးပေါ်အရန်ဆန်များကို ထုတ်ပေးရန် တုံ့ပြန်မှု နှေးကွေးခဲ့ ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဂျပန်အစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။   

    အစိုးရ၏ ပြောကြားချက်အရ အပူချိန်မြင့်မားမှုကြောင့် သီးနှံအထွက်နှုန်း မကောင်းခြင်း၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကြောင့် စားသုံးမှုမြင့်တက်လာခြင်းနှင့် ငလျင် ကြီးလှုပ်ခတ်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် အချို့က ဆန်များကို ဝယ်ယူစုဆောင်း ခြင်း အပါအဝင် ဝယ်လိုအားနှင့် ရောင်းလိုအား အကြောင်းရင်းများကြောင့် ၂၀၂၄ ခုနှစ် နွေရာသီ ဝန်းကျင်တွင် ဆန်ပြတ်လပ်မှုပြဿနာမှာ သိသာထင်ရှားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဆန်ထုတ်လုပ်မှုသည် လုံလောက်မှုရှိသည်ဟူသော အခြေခံယူဆချက်အပေါ် ယုံကြည်ခဲ့ ခြင်းကြောင့် အစိုးရအနေဖြင့် ဆန်ဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို တက်ကြွစွာ စုဆောင်းခြင်း မရှိခဲ့ဘဲ ယင်းကတစ်ဆင့် ဆန်ဈေးနှုန်းများ အလွန် အမင်း မြင့်တက်လာခြင်းဆီသို့ ဦးတည်စေခဲ့ခြင်းဖြစ်ကြောင်း The white paper တွင် ဖော်ပြ ထားသည်။

    ထိုသို့ ဆန်ပြတ်လပ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို လျော့ပါး သက်သာစေရန်နှင့် ဂျပန်နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သော ဆန်၏ လက်လီဈေးနှုန်းများကို ပြန်လည်ကျဆင်းသွားစေရန်အတွက် အရေးပေါ်အသုံးပြုရန် သိုလှောင်ထားရှိသော အရန်ဆန် များကို ထုတ်ပေးရန် အစိုးရအား တွန်းအားပေးမှုများ ဖြစ်ပေါ်ခဲ့သည်။       

    သို့သော်လည်း အစိုးရအနေဖြင့် ထိုသို့ အရန်ဆန်များကို ထုတ်ပေးရန် အလွန် နှောင့်နှေးခဲ့ ကြောင်း ဝန်ခံခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် ဆန်လက်ကားဒိုင်များကြားရှိ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

    ၂၀၂၅ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုပမာဏသည် ယခင်နှစ်ထက် ၉၅ ဆ အထိ မြင့်တက်လာပြီး တန်ချိန် ၉၆,၈၃၄ သို့ ရောက်ရှိခဲ့ရာ ယင်းအခြေအနေကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုကဏ္ဍ ထိခိုက်နိုင်ကြောင်း အစိုးရက The white paper ၏ နှစ်ပတ်လည် (အစီရင်ခံစာ) တွင် သတိပေးခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် နိုင်ငံ၏ လူဦးရေလျော့နည်းလာမှုနှင့်အတူ ဆန်ဝယ်လိုအားနှင့် စားသုံးမှုလည်း လျော့ကျသွား လိမ့်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

     သို့သော်လည်း နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခြင်း ကြောင့် ဆန်စားသုံးမှု ပိုမိုများပြားလာခဲ့သည့်အပြင် ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် Nankai Trough တွင် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်နိုင်ခြေနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် နွေရာသီတွင် အစိုးရက သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများ ဆန်ဝယ်ယူစုဆောင်းခဲ့သဖြင့် အဆိုပါခန့်မှန်းချက်မှာ မှားယွင်းသွားခဲ့ခြင်း ဖြစ်သည်။

    သီးခြားလွတ်လပ်သော လုပ်ငန်းကဏ္ဍဆိုင်ရာ စစ်တမ်းကောက်ယူမှုတစ်ခုအရ ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တစ်ဦးချင်းစီ၏ ပျမ်းမျှဆန်စားသုံးမှုပမာဏသည် ယခင်နှစ်ထက် ၆.၁ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး တစ်လလျှင် ပျမ်းမျှ ၄,၄၃၅ ဂရမ်သာရှိပြီး ယင်းသည် ခုနစ်နှစ်တာကာလ အတွင်း အနိမ့်ဆုံးပမာဏ ဖြစ်ကြောင်း သိရသည်။

    ဂျပန်နိုင်ငံတွင် ဆန်အကျပ်အတည်း အထွတ်အထိပ်သို့ ရောက်ရှိနေချိန်အတွင်း ဆန် ဈေးနှုန်းမှာ ၅ ကီလိုဂရမ်လျှင် ယာယီအားဖြင့် ယန်း ၄,၀၀၀ (၂၅ ဒေါ်လာ) အထက်သို့ မြင့်တက် သွားခဲ့ပြီး ယင်းအခြေအနေကြောင့် အိမ်ထောင်စုများမှာ ဆန်အစား ခေါက်ဆွဲနှင့် ပေါင်မုန့်များကို ပြောင်းလဲ စားသုံးလာကြကြောင်း ဆန်လက်ကားဒိုင်များက ပြောကြားခဲ့သည်။

    ဝန်ကြီးချုပ် Sanae Takaichi ၏ အစိုးရအဖွဲ့က သောကြာနေ့တွင် အတည်ပြုပေးခဲ့သော အဆိုပါ The white paper စာတမ်းသည်  စိုက်ပျိုးရေးကဏ္ဍ၏ လက်ရှိအခြေအနေနှင့် ရင်ဆိုင် နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြုစုထားသည့် အစိုးရ၏ အစီရင်ခံစာတစ်ရပ် ဖြစ်သည်။ ထို့ပြင် ဆန်၊ အမဲသားနှင့် လက်ဖက်စိမ်း တို့အပါအဝင် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ အပေါ် ပြည်ပနိုင်ငံများ၌ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း အဆိုပါစာတမ်းတွင် မှတ်တမ်း တင်ထားပြီး ၂၀၂၅ ခုနှစ်အတွင်း ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့မှုသည် ၁၂.၈ ရာခိုင်နှုန်း အထိ တိုးတက်လာကာ ယန်း ၁.၇၀ ထရီလီယံအထိ ရှိခဲ့ကြောင်း သိရသည်။

Source: KYODO News, 29 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံတွင် ကုန်စည်အဝင်နည်းပါးမှုကြောင့် ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်းအလားအလာ ကောင်းမွန်

    ပြည်တွင်းသို့ ပဲအသစ်များ ဈေးကွက်ဝင်ရောက်မှုလျော့နည်းလာခြင်းနှင့် တင်သွင်းမှု နှေး ကွေးလာနိုင်ခြေများအပေါ် စိုးရိမ်မှုများကြောင့် ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်းများ မကြာမီကာလ အတွင်း ခိုင်မာစွာ တည်ငြိမ်နေနိုင်သော်လည်း မတ်ပဲမှာ သီးနှံသစ်များ ဈေးကွက်ဝင်ရောက်မှု ကြောင့် ဈေးနှုန်းကျဆင်းနိုင်မည့် ဖိအားရှိနေကြောင်း  အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံများ အသင်း (IPGA) ၏ ပြောကြားချက်အရ သိရသည်။

    ကုလားပဲဈေးနှုန်းများသည် ပြည်တွင်းသီးနှံဝင်ရောက်မှု နှေးကွေးလာခြင်းကြောင့် ဈေး နှုန်း အကန့်အသတ်အတွင်း ရှိနေသော်လည်း ခိုင်မာသည့် အနေအထားဖြင့် ဆက်လက်တည်ရှိ မည်ဟု အဆိုပါအသင်းကခန့်မှန်းထားသည်။ သွင်းကုန်ဈေးနှုန်း တွက်ခြေမကိုက်မှုကြောင့် သွင်း ကုန် ပိုမိုကျပ်တည်းလာနိုင်ခြင်း၊ ရူပီးငွေတန်ဖိုးကျဆင်းခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ်မြင့်မားခြင်း တို့အပေါ် စိုးရိမ်ပူပန်မှုများကလည်း စျေးနှုန်းများကို ဆက်လက် အထောက်အပံ့ဖြစ်စေမည်ဟု လည်း မျှော်လင့်ရသည်။ အစိုးရ၏ အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ဖြင့် ဝယ်ယူမှုအားကောင်း နေခြင်းမှာလည်း ဈေးကွက်ယုံကြည်မှုကို မြှင့်တင်ပေးနေကြောင်း၊ ကုလားပဲခွဲခြမ်းနှင့် ကုလားပဲ မှုန့်အတွက် ဝယ်လိုအားမှာ လက်ရှိအချိန်တွင် အလယ်အလတ်သာရှိသော်လည်း မိုးရာသီ စတင်ပြီး နောက် ပိုမိုကောင်းမွန်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရသည်။

   Indore မြို့တွင် ကုလားပဲဈေးနှုန်းသည် စနေနေ့ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၂၅၀ မြင့်တက်ကာ ရူပီး ၆,၁၀၀ မှ ၆,၁၅၀ အထိ ရောက်ရှိခဲ့သည်။ ပြည်တွင်း လက်ကျန်ပမာဏ လျော့နည်းလာခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ် မြင့်မားမှုကြောင့် တင်သွင်းမှု များ ကန့်သတ်ထားဆဲဖြစ်သဖြင့် ပဲစင်းငုံဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း ထားသည်။

   IPGA ၏ အဆိုအရ သီးနှံအများစုမှာ ဈေးကွက်ထဲသို့ ရောင်းချပြီးဖြစ်ကာ ကျန်ရှိသော လက်ကျန်များကို လယ်သမားများနှင့် အစိုးရအဖွဲ့အစည်းများက အဓိကကိုင်ဆောင်ထားကြ သည်။ အယ်နီညိုဖြစ်ပေါ်နိုင်ခြေကြောင့် မိုးရေချိန် ပုံမှန်ထက်နည်းနိုင်မည်ဟု မျှော်လင့်ရခြင်းနှင့် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၈,၄၅၀ ဖြစ်သည့် အခြေခံရည်ညွှန်းဈေးနှုန်းမြင့်မားခြင်းတို့ကလည်း ဈေးကွက်ယုံကြည်မှုကို ထောက်ပံ့ပေးနေကြောင်း သိရသည်။ မတ်ပဲအနေဖြင့် မဒ္ဒရာပရာဒေ့ရှ်နှင့် ဂူဂျာရတ်ပြည်နယ်များမှ သီးနှံသစ်များ အလုံးအရင်းဝင်ရောက်လာခြင်းနှင့်အတူ အဓိကစားသုံး သည့်ဒေသများတွင် ဝယ်လိုအားလျော့နည်းနေခြင်းတို့ကြောင့် စျေးနှုန်းကျဆင်းလာနိုင်ကြောင်း သိ ရှိရသည်။

Source: Informist, 26 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၊ Uttar Pradeshပြည်နယ်တွင် ဆောင်းဦးသီးနှံ အစားအစာနှင့် ဆီထွက်သီးနှံတန်ချိန် သန်း ၃၀ ထွက်ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိ

   ၂၀၄၇ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးလယ်ယာ ထွက်ကုန်တင်ပို့မှု ဗဟိုအချက် အချာ ဒေသအဖြစ်ပေါ်ထွန်းရန် အလားအလာရှိသည့် ပြည်နယ်တစ်ခုအနေဖြင့် အိန္ဒိယမြောက် ပိုင်း Uttar Pradesh ပြည်နယ်၌ ၂၀၂၆-၂၀၂၇ တွင် ဆောင်းဦးသီးနှံတန်ချိန် ၃၀.၂၅ သန်းကျော် ထုတ်လုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခန့်မှန်းထားမှုသည် ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၂၅.၆၂  သန်းထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း သိ ရသည်။

    ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးချုပ် Baldev Singh Aulakh က ပြည်နယ်အနေဖြင့် အစော ပိုင်းက ကောက်ပဲသီးနှံအတွက် အခြားပြည်နယ်များအပေါ် မှီခိုမှုရှိခဲ့သော်လည်း ယခုအခါ ပြည် နယ်အတွင်း သီးနှံအထွက်နှုန်းလုံလောက်မှုရှိရုံသာမက အခြားပြည်နယ်များအတွက်ပါ ထုတ်လုပ် ပေးနိုင်ပြီဖြစ်ကြောင်း၊ ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီထွက်သီးနှံကဲ့သို့ အကျိုးအမြတ်များပြားသည့် သီးနှံများကို စိုက်ပျိုးကြရန်တွန်းအားပေးလျက်ရှိသကဲ့သို့ တောင်သူများအား အထွက်နှုန်းများ ပြားစေရေး ခေတ်မီနည်းပညာများ အသုံးပြုကြရန် တိုက်တွန်းထားကြောင်း သိရသည်။ ပြည် နယ်စိုက်ပျိုးရေးညွှန်ကြားရေးမှူး Pankaj Tripathi က တန်ချိန် သန်း ၃၀.၂၅ ထွက်ရှိရန် မျှော် မှန်းချက်ကို ပြည့်မီရန်အတွက် ဆောင်းဦးသီးနှံ စိုက်ပျိုးသည့် ဧရိယာအား လယ်ဧက ၁၁ သန်း အထိ တိုးချဲ့ခြင်းဖြင့် ပြည်မီနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အစိုးရအနေဖြင့် Uttar Pradesh ပြည်နယ်အား ၂၀၄၇ ခုနှစ်တွင် ရေရှည်တည်တံ့ပြီး တန်ဖိုးမြင့်ပို့ကုန်များကို ဦးစားပေးတင်ပို့နိုင်သည့် ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေး ဗဟိုအချက် အချာ ဒေသတစ်ခုအဖြစ် ပြောင်းလဲရန် မျှော်မှန်းထားကြောင်း၊ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံနှင့် ဆီထွက် သီးနှံများ အထွက်နှုန်းတိုးတက်ဆောင်ရွက်ခြင်း၊ အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးစနစ်ကို တိုးချဲ့ ခြင်းနှင့် လေလွင့်ဆုံးရှုံးမှု လျှော့ချခြင်းစသည်တို့ကို ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း၊ လက်ရှိ ကာလတွင် Uttar Pradeshပြည်နယ်သည် ကောက်ပဲသီးနှံ၊ ဂျုံ၊ အာလူး၊ သကြား၊ ဟင်းသီးဟင်း ရွက်နှင့် ပျားရည်စသည်တို့ကို ထိပ်ဆုံးမှ ထုတ်လုပ်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရှိရ သည်။

    အသားတင်စီးပွားရေးဆိုင်ရာတန်ဖိုး(GVC) ရူပီး၄.၆၆ ထရီလီယံခန့်ဖြင့် စိုက်ပျိုးရေး ထုတ် ကုန်တန်ဖိုးအားလုံး၏ ဒုတိယအများဆုံးကို ပိုင်ဆိုင်ထားကြောင်း၊ Uttar Pradeshပြည်နယ်သည် ၂၀၁၇ နှင့် ၂၀၂၅ အကြားတွင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းခဲ့ကြောင်း၊ အဆိုပါ ကာလတွင် ဆီထွက်သီးနှံအထွက်နှုန်း ၃၄ ရာခိုင်နှုန်းနှင့် ပဲအမျိုးမျိုးအထွက်နှုန်း ၂၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကောက်ပဲသီးနှံအထွက်နှုန်း ၁၇ ရာခိုင်နှုန်းနှင့် ဂျုံ အထွက်နှုန်း ၁၆ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်းသိရသည်။

    သတင်းအချက်အလက်နည်းပညာခေတ်တွင် အထွက်နှုန်းများပြားသည့် မျိုးစေ့များရရှိရန်၊ ခေတ်မီလယ်ယာသုံးပစ္စည်းများအသုံးပြုနိုင်ရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များ အသုံး ပြုနိုင်ရန် ဆောင်ရွက်ပေးခြင်းသည် အဓိကကျပြီး၊ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်း ပေးခြင်းနှင့် သီးနှံလေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ပေးခြင်းသည်လည်း အရေးကြီးကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

   မကြာမီက လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာရှင်များသည် တောင်သူများနှင့် ပူးပေါင်း၍ မြေပဲ၊ နှမ်း၊ ကုလားပဲ၊ ပြောင်းဖူး စသည့် သီးနှံအမျိုးမျိုးအား ရောဂါပိုးမွှားကာကွယ်ရေး စီမံ ဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာနှင့် စိုက်ပျိုးရေးနည်းပညာအသုံးပြုခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်မှ တောင်သူများအနေဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်း ကြောင့် အစားအစာထုတ်လုပ်သူမှ စွမ်းအင်ထုတ်လုပ်သူများအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း လယ်ယာသုံးနွားများအား အဓိကထား၍ စိုက်ပျိုးခြင်း၊ မျှတသည့် ဓါတ်မြေဩဇာ အသုံးပြုခြင်း၊ စပါးမျိုးစေ့ တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံနှင့် ပဲအမျိုးမျိုး အထွက်နှုန်းမြင့်မားရေး စသည်တို့နှင့် စပ်လျဉ်း၍ အသိပညာပေးမှု တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Source :Business Standard, 28 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်နဂါးမောက်သီး ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဆင့်သို့ ဈေးကျဆင်း

    ဗီယက်နမ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ထုတ်လုပ်မှု ရုတ်တရက်မြင့်တက် လာခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် နဂါးမောက်သီးဈေးများ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁ ဆင့်) အထိ ကျဆင်းကာ တောင်သူများ အရှုံး ပေါ်နေရသည်။

    ဗဟိုကုန်းမြင့်ဒေသရှိ Lam Dong ပြည်နယ်မှ တောင်သူတစ်ဦးဖြစ်သူ Luong သည် စတုရန်းမီတာ ၄,၀၀၀ ကျယ်ဝန်းသောခြံရှိ ခူးဆွတ်ပြီးသား နဂါးမောက်သီးများကို တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀မှ ၈,၀၀၀ ဖြင့် ရောင်းချနေသော်လည်း အရောင်းအဝယ် လုပ် မည့်သူ အနည်းငယ်သာရှိကြောင်း၊ ၎င်းအနေဖြင့် အမြတ်ရရှိရန်အတွက် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀,၀၀၀ (သို့မဟုတ်) ယခုထက်ပို၍ ရောင်းချရမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခု နှစ်အစကတည်းက ဈေးနှုန်းများမှာ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။

     ဗီယက်နမ် တောင်ပိုင်းဒေသ Dong Thap ပြည်နယ်မှ တောင်သူတစ်ဦးဖြစ်သူ Hanh က နဂါးမောက်သီးကို တစ်ကီလိုဂရမ်လျှင် ဒေါင် ၈,၀၀၀ မှ ၁၂,၀၀၀ ဖြင့် ရောင်းချနေရပြီး ယခုနှစ်တွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးများ ၂၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း မြင့်တက် လာခြင်းကြောင့် ကုန်ကျစရိတ် မကာမိကြောင်း၊ အရင်းကျေဈေးနှုန်း (break-even price) များသည် တစ်ကီလိုဂရမ်လျှင် ဒေါင် ၁၃,၀၀၀ မှ ၁၅,၀၀၀ အထက်၌ ရှိရန်လိုအပ်ကြောင်း၊ ဈေး နှုန်းများ ယခုကဲ့သို့ ဆက်တိုက်နိမ့်ကျနေပါက လာမည့်ရာသီအတွက် စိုက်ဧရိယာကို လျှော့ချ သွားနိုင်ကြောင်း သိရသည်။ နဂါးမောက်သီး ရောင်းဝယ်ဖောက်ကားသူ Dinh Van Hien က ဈေးနှုန်းကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ စိုက်ပျိုးဒေသအများစုတွင် နဂါးမောက်သီး အထွက်နှုန်းအများဆုံး ရာသီဖြစ်သောကြောင့် ရောင်းလိုအား သိသိသာသာ တိုးလာခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

    ဒူးရင်းသီး၊ မင်းကွတ်သီး၊ လိုင်ချီးသီးနှင့် ဇီးသီးကဲ့သို့သော အခြားသီးနှံများလည်း ပေါ် သည့်ရာသီဖြစ်နေခြင်းကြောင့် နဂါးမောက်သီးအတွက် ဝယ်လိုအား ကျဆင်းသွားကြောင်း၊
Binh Thuan ပြည်နယ်နဂါးမောက်သီးအသင်းဥက္ကဋ္ဌဖြစ်သူ Huynh Canhက နဂါးမောက်သီး ဈေးနှုန်း သိသိသာသာကျဆင်းရခြင်းမှာ အဓိကအားဖြင့် ရောင်းလိုအားများခြင်းကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း နဂါးမောက်သီးစိုက်ဧရိယာကို တိုးချဲ့ခဲ့ပြီး နောက် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ တင်သွင်းမှုများ သိသိသာသာ ကျဆင်းသွားကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ၏ နဂါးမောက်သီးခူးဆွတ်သည့်ရာသီသည် မေလမှနိုဝင်ဘာလအထိ ဖြစ်သောကြောင့် ဗီယက်နမ်မှ ထုတ်လုပ်သည့် နဂါးမောက်သီးများနှင့် အပြင်းအထန် ယှဉ်ပြိုင်နေရကြောင်း သိရှိရသည်။

    စည်းမျဉ်းစည်းကမ်းများ တင်းကျပ်လာခြင်းနှင့် နယ်စပ်တွင် ပို့ကုန့်များကို ၃၀ ရာခိုင်နှုန်း စစ်ဆေးမှု ပြုလုပ်ခြင်းတို့ကြောင့် ဗီယက်နမ်၏ ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ အခက်အခဲများ ရင် ဆိုင်နေရပြီး တင်သွင်းနိုင်ငံများ၏ စံနှုန်းများနှင့် ကိုက်ညီသော အရည်အသွေးအကောင်းဆုံး အသီးများသာ ဈေးကောင်းရနိုင်သည်ဟု Canhက ပြောကြားခဲ့သည်။ ဗီယက်နမ်တွင် အဓိကအား ဖြင့် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ နဂါးမောက်သီး စိုက်ဧရိယာ ၅၅,၀၀၀ မှ ၆၀,၀၀၀ ဟက်တာ ရှိပြီး နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၁.၄ သန်းခန့်ရှိသည်။

Source: VnExpress International, 24 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်အနေဖြင့် ၂၀၂၆ ခုနှစ်၌ ဆန်တန်ချိန် ၃.၉ သန်းခန့် တင်သွင်းရဖွယ်ရှိ

     အမေရိကန် စိုက်ပျိုးရေးဌာန (USDA)က နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဆန်ကုန်သွယ်မှု အစီရင်ခံစာ၌ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၃.၉ သန်းခန့် တင်သွင်းရဖွယ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင် သွင်းသူ ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

    ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုတိုးချဲ့လုပ်ဆောင်ခြင်းက ဗီယက်နမ်၏ ဆန်တင်သွင်း မှုကို သိသာစွာ မြင့်တက်လာစေကြောင်း USDA က ပြောဆိုထားသည်။ ယခုနှစ် ပထမလေးလ အတွင်း ဗီယက်နမ်နိုင်ငံသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၁၃ သန်းခန့်ရှိသော ဆန် တန်ချိန် ၁.၅ သန်းကို တင်သွင်းထားပြီးဖြစ်သည်။ ထိုသို့ ဆန်တင်သွင်းမှု တိုးတက်လာသည့် အပြင် ဆန်တင်ပို့မှုမှာလည်း မြင့်တက်လာခဲ့ရာ အဆိုပါကာလအတွင်း ဆန်တန်ချိန် ၃.၃ သန်း တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံရရှိခဲ့သည်။ ရလဒ်အားဖြင့် ဗီယက်နမ်သည် ဆန်ကုန်သွယ်မှုမှ အသားတင်ဝင်ငွေ ဒေါ်လာ ၉၅၇ သန်း စံချိန်တင်ရရှိထားပြီး ယခင်နှစ်ကာလ တူထက် ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

    Tây Ninh ပြည်နယ် စက်မှုနှင့်ကုန်သွယ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Chau Thi Le က သီးနှံရိတ်သိမ်းသည့် ရာသီကာလများအတွင်း ကမ္ဘောဒီးယားဘက်မှ စပါးပမာဏ အမြောက် အမြားကို Tây Ninh နှင့် An Giang တို့ကဲ့သို့သော နယ်စပ်ဒေသပြည်နယ်များကို ဖြတ်သန်းလျက် ဗီယက်နမ်ဘက်သို့ သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ ထိုသို့တင်သွင်းလာသည့် စပါးများစွာသည် ဗီယက်နမ်ကုန်သည်များက ကမ္ဘောဒီးယားဘက်ခြမ်းတွင် လယ်ယာမြေများ ငှားရမ်းလျက် မျိုး စေ့နှင့် မြေဩဇာများ ထောက်ပံ့၍ စိုက်ပျိုးပြီး ရိတ်သိမ်းထွက်ရှိသည့်အခါ ဗီယက်နမ်သို့ ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကမ္ဘောဒီယားနိုင်ငံဘက်မှ တင်သွင်းလာသည့် ဆန်နှင့်စပါးများကို နှစ်ကာလများစွာ ကြာ သည့်တိုင် တရားဝင်စာရင်းဇယားများတွင် အပြည့်အဝ ရေးသွင်းနိုင်ခြင်းမရှိကြောင်း၊ သို့သော် ထိုသို့ တင်သွင်းမှုသည် ပြည်တွင်း ဆန်စားသုံးမှုအပေါ် သက်ရောက်မှု အနည်းငယ်သာရှိသည်ဟု ဗီယက်နမ်စားသောက်ကုန်အသင်းက ပြောဆိုထားကြောင်း သိရသည်။

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလ၌ ကမ္ဘောဒီးယားနိုင်ငံမှ စပါးတန်ချိန် ၆၃၃၀၀၀ ခန့်ကို တင်သွင်းထားပြီး ၎င်းတို့အနက် အများစုသည် OM 5451 စပါးမျိုးဖြစ်ကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်းက ပြောဆိုခဲ့သည်။ ပြည်တွင်းဈေးကွက်ဝယ်လိုအားနည်းပါးပြီး ဈေးနှုန်း နိမ့်ကျမှုအရ ယခုအခါ ဗီယက်နမ်ပြည်တွင်း၌ OM 5451 စပါးမျိုးကို စိုက်ပျိုးမှုမှာ အလွန်နည်းပါး လျက်ရှိပြီး ကမ္ဘောဒီးယားမှ တင်သွင်းသော ၎င်းစပါးများကို ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ကြိတ်ခွဲပြုပြင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြည်ပမှ ဆန်စပါးများ တင်သွင်းနေရခြင်းကို စိုးရိမ်ဖွယ် အကြောင်းတစ်ရပ်အဖြစ် မဟုတ်ဘဲ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးဖြစ် ထွန်းစေသည့် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ်အဖြစ် ဗီယက်နမ် စားသောက်ကုန် အသင်းမှ ကိုယ်စားလှယ်များက ပြောဆိုခဲ့ကြသည်။

    အိမ်နီးချင်းနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်းက ဗီယက်နမ်လယ်သမားများ နှင့် ကုမ္ပဏီများကို မြေငှားရမ်း၍ စိုက်ပျိုးစေရန် တွန်းအားပေးလျက်ရှိရာ ကမ္ဘောဒီးယားထံမှ ဆန်စပါးများ တင်သွင်းမှုမှာ ဆက်လက်တိုးတက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

Source: dantri.com.vn, 22 May 20262026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မျိုးဗီဇပြုပြင်ထားသည့် အမေရိကန်ပြောင်းများ တင်သွင်းမှုအပေါ် စိုးရိမ်ခြင်းမရှိရန် ထိုင်းဝန်ကြီး ပြောကြား

    အမေရိကန်နိုင်ငံထံမှ မျိုးဗီဇပြုပြင်ထားသော GMO ပြောင်းများ တင်သွင်းရန် ခွင့်ပြုထား ခြင်းနှင့် စပ်လျဉ်း၍ အဆိုပါသဘောတူညီချက်သည် ပြည်တွင်းထွက်ပြောင်းများ၏ ဈေးနှုန်းများ သို့မဟုတ် ပြောင်းစိုက်တောင်သူများ၏ ဝင်ငွေအပေါ် ထိခိုက်စေမည်မဟုတ်ဟု ထိုင်းစီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က အာမခံပြောကြားခဲ့ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြပါသည်။

    ပြည်တွင်း၌ တိရစ္ဆာန်မွေးမြူရေးအစားအစာ လုံလောက်စွာ ပံ့ပိုးပေးနိုင်ခြင်း မရှိသည့်အခါ မှသာ အမေရိကန်ပြောင်းများကို တင်သွင်းမည်ဖြစ်သည်ဟု ပြောဆိုလျက် ယင်းသဘောတူညီ ချက်က ဈေးနှုန်းသက်သာသော ပြည်ပမှတင်သွင်းသည့် ကုန်စည်များ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးစေနိုင်သည်ဟု ပြောဆိုချက်များကို Ms. Suphajee က မကြာသေးမီကပင် ပယ်ချထားခဲ့ သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ မူဘောင်အောက်တွင် အမေရိကန်ထံမှ GMO ပြောင်း တန်ချိန် ၁သန်းအထိတင်သွင်းရန် ခွင့်ပြုထားသော အဆိုပါ သဘောတူညီချက်ကို ထိုင်းပုဂ္ဂလိက ကဏ္ဍက လက်မှတ် ရေးထိုးထားခြင်းဖြစ်သည်။

     ပြည်တွင်းဈေးကွက်၌ ယေဘုယျအားဖြင့် ပြောင်းတန်ချိန် ၉ သန်းခန့် ဝယ်လိုအားရှိနေ ချိန်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၅ သန်းခန့်သာရှိသဖြင့် ထိုင်းနိုင်ငံအနေ ဖြင့် လက်ရှိကာလ၌ သိသာထင်ရှားသည့် မွေးမြူရေးအစားအစာ ပြတ်လပ်မှုကို ကြုံတွေ့နေရ ကြောင်း၊ အဆိုပါကွာဟချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းအချို့သည် ဆန်ကွဲ၊ ဖွဲနုနှင့် ပီလောပီနံတို့ကဲ့သို့သော အခြားမွေးမြူရေး အစားအစာ အရင်းအမြစ်များကို ပြောင်းလဲ သုံးစွဲလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် လယ်ယာလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း ကြောင့် ဖြစ်ပေါ်သည့် မီးခိုးမြူပြဿနာကို တင်းကျပ်စွာ ထိန်းချုပ်သည့် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် မြန်မာတို့ထံမှ ပြောင်းများတင်သွင်းမှုမှာ ကျဆင်းလျက်ရှိကြောင်း၊ အစိုးရသည် ပြည်တွင်းထုတ်လုပ်မှု၏ သုံးပုံတစ်ပုံထက် ပိုမို၍ ပြောင်း များ တင်သွင်းခြင်းမရှိရန် ကန့်သတ်သည့် စည်းမျဉ်းစည်းကမ်းများ အပါအဝင် ပြည်တွင်းရှိ စိုက် ပျိုးထုတ်လုပ်သူများကို အကာအကွယ်ပေးမည့် အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ဝန်ကြီး Ms. Suphajee က ပြောကြားခဲ့သည်။

Source: Thai PBS World, 24 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ