Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ကားရောင်းဝယ်ရေးကုမ္ပဏီတစ်ခု၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိသည် တိုင်ကြားခံရသည့် ကုမ္ပဏီထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကြားသူသည် ဘဏ်တစ်ခုနှင့်ချိတ်ဆက်၍ KIA Rio မော်တော်ယာဉ်အား Deposit 10 % ပေးသွင်းဝယ်ယူခဲ့ပြီးနောက် ၇-၂-၂၀၁၉ ရက်နေ့တွင် ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် အာမခံကုမ္ပဏီတစ်ခုမှတဆင့် ကားပြုပြင်ရေးဆိုင်သို့ ပြုပြင်ခဲ့ရာ (၆) လနီးပါးကြာမြင့်ခဲ့ကြောင်း၊ ၂၂-၈-၂၀၁၉ ရက်နေ့တွင် ၎င်းတို့၏ ကုမ္ပဏီသို့ မော်တော်ယာဉ်အား ပြန်လည်သိမ်းယူပေးရန်နှင့် ပေးသွင်းထားသော စရံငွေ(DP)များ ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ တိုင်ကြားသူမှဘဏ်သို့ လစဉ်အရစ်ကျငွေများ ပေးသွင်းရန်ပျက်ကွက်မှုများဖြစ်ပေါ်နေသဖြင့် တိုင်ကြားသူ၊ ချိတ်ဆက်ခဲ့သည့်ဘဏ်နှင့် တိုင်ကြားခံရသည့် ကားရောင်းဝယ်ရေးကုမ္ပဏီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း၊ တိုင်ကြားသူက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပျက်ကွက်ငွေများ ပေးသွင်းရမည်ဖြစ်သော်လည်း ပေးသွင်းမှုမရှိဘဲ ပျက်ကွက်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် ကားပြင်နေစဉ် အစားထိုးမော်တော်ယာဉ် KIA Optima အား ငှားရမ်းခတောင်းယူခြင်းမရှိဘဲ အစားထိုးပေးထားခဲ့သော်လည်း တိုင်ကြားသူမှာ ဘဏ်သို့ပေးသွင်းရန်ပျက်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သဖြင့် ကုမ္ပဏီကတိုင်ကြားသူ၏ ပျက်ကွက်ငွေများအတွက် ဘဏ်သို့စိုက်ထုတ်ပေးသွင်းခဲ့ရသောကြောင့် အငှားဝယ် အရစ်ကျစနစ် စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ မော်တော်ယာဉ်အား သိမ်းယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် တိုင်ကြားသူနှင့်ညှိနှိုင်းရှင်းလင်းဆောင်ရွက်ပြီး ငွေကျပ် ၂၅၀၀,၀၀၀/- (ကျပ်နှစ် ဆယ့်ငါးသိန်းကျပ်တိတိ)ကို ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူသို့ လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့်  စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဒုတိယအကြိမ် ထပ်မံခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀/-အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ပါသည်။ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀/- အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့်  တိုင်ကြားမှုကို  ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ခရီးဆောင်အိတ်မှားယွင်းချထားမှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေတိုင်ကြားသူသည် (၂၃-၁-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မှ ပြည်မြို့သို့ ခရီးဆောင်အိတ်နှင့်အတူ စီးနင်းလိုက်ပါလာပြီး အင်းမမြို့အ‌ရောက်တွင် မိမိ၏ခရီးဆောင်အိတ်မရှိတော့ကြောင်းနှင့် လွဲမှားသွားကြောင်းသိခဲ့ရသဖြင့် စပယ်ယာအားမေးမြန်းရာတွင် သုံးဆယ်မြို့တွင် ဆင်းသည့်ခရီးသည်၏အိတ်နှင့် လွဲမှားပါသွားခဲ့ကြောင်းသိရပါသည်။ လွဲမှားသွားသည့်အိတ်ပြန်လည်ရရှိရေး ကားဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မိမိဘာသာချိတ်ဆက်‌ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးပါရန် ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ CICC သို့ ဆက်သွယ်တိုင်ကြားလာခဲ့ပါသည်။

     တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးနှင့် CICC မှ တာဝန်ရှိသူများသည် တိုင်ကြားသူ၊ တိုင်ကြားခံရသူယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား နှစ်ဦးနှစ်ဖက်ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တိုင်ကြားသူ၏ ခရီးဆောင်အိတ်နှင့် ခရီးဆောင်အိတ်ထဲရှိ ပစ္စည်းတန်ဖိုးငွေ(၈)သိန်းကျပ်ကို  ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့က ပြန်လည်ပေးလျော်ရန်နှင့် တိုင်ကြားသူခရီးသည်၏ ခရီးဆောင်အိတ်အား ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့က မူလအခြေအနေအတိုင်း ပြန်လည်ပေးအပ်နိုင်မည်ဆိုပါက တိုင်ကြားသူသို့ပေးလျော်ခဲ့သည့် ငွေ(၈)သိန်းကျပ်အား တိုင်ကြားသူက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ပြန်လည်ပေးအပ်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကားဘော်ဒီရုံတစ်ခု၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Toyota Crown (White Colour) အား ပြုပြင်ရန်အတွက် ကားဘော်ဒီရုံတစ်ခုတွင် အပ်နှံခဲ့ပါကြောင်း၊ ကားဘော်ဒီရုံမှ မော်တော်ယာဉ်၏ အနောက်ပိုင်းတစ်ခုလုံးအားဖြတ်၍ လဲလှယ်မှုဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား  ဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများအရ တိုင်ကြားမှုဖြစ်ပွားခဲ့သည့် Toyota Crown ကားအမျိုးအစားအား တိုင်ကြားသူတောင်းဆိုသည့်အတိုင်း အဖြူရောင် (White Colour)ကို ရက်ပေါင်း (၉၀)အတွင်း အစားထိုးပေးအပ်နိုင်ရေး တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ ဆောင်ရွက်ပေးရန် နှစ်ဦးသဘောတူလက်ခံခဲ့ကြပါသည်။ သဘောတူညီချက်များအတိုင်း တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ မော်တော်ယာဉ်အမျိုးအစားနှင့် အရောင်ပါတူညီစေရန် အနီးစပ်ဆုံး ရှာဖွေ၍ တိုင်ကြားသူထံပြသခဲ့သော်လည်း သဘောကျလက်ခံမှုမရှိသဖြင့် အစားထိုး မော်တော်ယာဉ်ပေးအပ်မှုမှာ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါသည်။ တိုင်ကြားမှုအား အမြန်ဆုံး ပြီးပြတ်စေရန်အလို့ငှာ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာတွင်  တိုင်ကြားမှုဖြစ်သည့် မော်တော်ယာဉ်အား ကျပ်သိန်း(၇၀၀)ဖြင့် တန်ဖိုးသင့်ညှိနှိုင်း၍ ကားဘော်ဒီရုံက ပေးချေဝယ်ယူသွားရန် နှစ်ဦးနှစ်ဖက်သဘော တူညီမှုများရရှိခဲ့ကြသဖြင့် တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ တိုင်ကြားသူသို့ တိုင်ကြားမှုဖြစ်ပွားခဲ့သော မော်တော်ယာဉ်အစား ငွေ ကျပ်သိန်း(၇၀၀) ပေးချေခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျေအေးပြီးဖြစ်သောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စားသုံးသူရေးရာဌာနခွဲ)

 

မော်တော်ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ် ၄၀၀,၀၀ဝ/-သာ ပေးလျော်နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာခဲ့သည့် တန်ဖိုးငွေအပေါ်တွင် ယာဉ်လိုင်းမှတာဝန်ယူမှု အပြည့်အဝမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါ သည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး ၂၀-၁၁-၂၀၂၃ ရက်နေ့တွင် အမြန်ယာဉ်အသင်းမှ တာဝန်ရှိသူထံသို့ အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ ၂၂-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဦးစီးမှူးရုံး၏ စေ့စပ်ညှိနှိုင်းမှုအပေါ် ပြေလည်မှု မရရှိခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မ ၂၇ တို့ကို လိုက်နာရန်ပျက်ကွက်သဖြင့် ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)အရ ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ဦးစီးမှူးရုံးမှ စီမံခန့်ခွဲရေးပြစ်ဒဏ်အဖြစ် xxxxမော်တော်ယာဉ်လိုင်းအား သတိပေးခြင်းပြစ်ဒဏ်နှင့် ငွေကျပ် ၅၀၀,၀၀ဝ/- ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ချမှတ်ခဲ့သည့်အမိန့်အပေါ် ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားခံရသည့်ယာဉ်လိုင်းမှ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ် ကွပ်ကဲရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် တိုင်ကြားသူအား ငွေကျပ် ၅၀၀,၀၀ဝ/ ပေးလျော်ခဲ့သည့်အတွက်  တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စားသုံးသူရေးရာဌာနခွဲ)

 

စားအုန်းဆီဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့် ပတ်သတ်ပြီး  စိစစ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ၁၈.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဗိုလ်တထောင်ခရိုင် အတွင်းရှိ ပုဇွန်တောင်ဈေး၊  ဘိုကလေးဈေး၊ ဒေါပုံဈေး၊ သာကေတအမှတ်(၂)ဈေး ၊  သိမ်ဖြူဈေးနှင့် မင်္ဂလာတောင်ညွန့်ဈေး စသည့်ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်များကို  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ခဲ့မှု

    မကွေးမြို့နေ xxx သည်  ညနေ(၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့မှ အောင်လံမြို့သို့ xxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ(၅)ဖာအား တန်ဆာခစုစုပေါင်း ကျပ်(၂၃၅၀ဝ) ပေးချေပြီး ပေးပို့စေခဲ့ပါသည်။ သို့ရာတွင် ဆေးဆိုင်(၄)ဆိုင်သို့ ဂျပ်ဖာများရောက်ရှိသော်လည်း xxx ဆေးဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဘိုးငွေ ကျပ်(၆၃၀၀၀ဝ)မှာ ရောက်ရှိခဲ့ခြင်းမရှိ သည့်အတွက် ဂိတ်တာဝန်ရှိသူသို့ မေးမြန်းခဲ့ရာ လမ်းတွင်ကျပျောက်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားလာ၍ ယာဉ်လိုင်းမှ တာဝန်ရှိသူနှင့်သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ်(၄၀၀၀၀ဝ)သာ ပေးလျော် နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာခဲ့သည့်တန်ဘိုးငွေအပေါ်တွင် ယာဉ်လိုင်းမှ တာဝန်ယူမှုအပြည့်အဝမရှိ သဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ CICC ရုံးသို့ (၂၀.၁၁.၂၀၂၃)ရက်နေ့တွင် လာရောက်တိုင်ကြားလာပါသည်။

   ဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှုရှိ/မရှိစိစစ်ခဲ့ပြီး တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ တာဝန်ရှိသူများအားဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့သဖြင့် ဦးစီးမှူးရုံးမှစီမံခန့်ခွဲ ရေးပြစ်ဒဏ်အဖြစ် အောင်လံမိုးမော်တော်ယာဉ်လိုင်းအား သတိပေးခြင်းပြစ်ဒဏ်နှင့် ငွေကျပ်(၅၀၀၀၀ဝ)ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ချမှတ်ခဲ့သည့်အမိန့်အပေါ် တိုင်ကြားခံရသည့်ယာဉ်လိုင်းမှ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ဌာနတာဝန်ရှိသူများ၏ရှေ့မှောက်တွင် တိုင်ကြားသူအား ငွေကျပ် (၅၀၀၀၀ဝ) ပေးလျော်ခဲ့သည့်အတွက် တိုင်ကြားသူ xxx မှလည်း စိတ်ကျေနပ်မှုရရှိကာ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးစေလျက် အမှုအားပိတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ဝန်ဆောင်မှုပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားလာခြင်း

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ xxx သည်  xxx ပိုးထည် ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ(၁၀)ကွင်းအား ကျသင့်ငွေ ကျပ်(၂၈၄၀ဝ)၊ ပို့ဆောင်ခ ကျပ်(၁၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့ပါသည်။ သို့သော်လည်း မှာယူပြီး (၃)ပါတ်အကြာအထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာပါသည်။

     ဌာနမှ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက် နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး တိုင်ကြားသူဝယ်ယူခဲ့သည့် Online Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် ၎င်း၏ Page Chat Box မှတဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ပါသည်။ ၎င်း Pageမှ အထည်ဝယ်ယူခဲ့သူကိုယ်တိုင် ဆက်သွယ်ပေးပါရန် ပြောကြားလာသဖြင့် တိုင်ကြားသူအား ဆက်သွယ်စေခဲ့ပါသည်။ တိုင်ကြားသူ၏ K-Pay Account ထဲသို့ ပါတိတ်ထမီ(၁၀)ကွင်း ဝယ်ယူခဲ့သည့်ကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား ပြန်လည်လွှဲပြောင်းပေးပို့ပြီးဖြစ်ကြောင်း xxx ပိုးထည်ချည်ထည်ရောင်းဝယ်ရေး Page Message မှပေးပို့လာပါသည်။ တိုင်ကြားသူအား လျော်ကြေးငွေ ရရှိခြင်းရှိ/မရှိမေးမြန်းရာ လျော်ကြေးငွေ ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ်  စိတ်ကျေနပ်မှုရရှိသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သို့လာရောက်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးပြီး အမှုအားပိတ်သိမ်းခဲ့ပါကြောင်း သိရှိရသည်။

DOCA(မကွေး)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီက  လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Max Plus အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေ အခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဌာနမှထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနမှဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတဆင့် မီနီကားလေးဝယ်ယူပြီးနောက် ပစ္စည်းပေးပို့ခြင်းမရှိသည့်အတွက် တိုင်ကြားခြင်း

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မူဆယ်မြို့ရှိ “***” မီနီကားလေး ရောင်းဝယ်ရေးထံမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ အိမ်သုံးမီနီသုံးဘီးအား အွန်လိုင်းမှတစ်ဆင့် မှာယူခဲ့ရာ ကြိုတင်စရံငွေအဖြစ် ငွေကျပ် ၁,၁၈၀,၀၀၀/-အား ပေးချေလျှင် ပစ္စည်းကို ၁၈-၁၀-၂၀၂၃ ရက်နေ့အရောက် ပေးပို့ပေးမည်ဟု ပြောကြားခဲ့သဖြင့် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ငွေကျပ် ၁,၁၈၀,၀၀၀/- ကို Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ပြီးနောက် ပစ္စည်းပေးပို့လာခြင်းမရှိပါသဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၏  Website Complaint System သို့ တိုင်ကြားလာပါသည်။

    တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားမှုအား စိစစ်ရာတွင် တိုင်ကြားသူသည် ယုံကြည်စိတ်ချရမှုမရှိသည့် အွန်လိုင်းပေါ်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၂၀-၁၀-၂၀၂၃ ရက်နေ့မှစ၍ ၎င်းအွန်လိုင်း Page ဖြစ်သော “***”  မီနီကားလေးရောင်းဝယ်ရေး၏ Page Messenger သို့လည်းကောင်း၊ ဖုန်းနံပါတ်များသို့လည်းကောင်း နေ့စဉ်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရရှိခဲ့ပါ။ ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ စားသုံးသူရေးရာဦးစီးဌာနသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ နံပါတ်(၁၇၈)၊ ကျယ်ဂေါင် (၄) လမ်း၊ “***” မီနီကားလေးရောင်းဝယ်ရေးဟူသည့် လိပ်စာမှာ မူဆယ်မြို့တွင် ရှိ/မရှိ မေးမြန်း စုံစမ်းရာတွင် ၎င်းလိပ်စာမှာ မူဆယ်မြို့တွင်မရှိဘဲ တရုတ်နိုင်ငံဘက် တွင်သာရှိကြောင်း ပြန် ကြားချက်ရရှိခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ လိပ်စာမှာ တရုတ်နိုင်ငံတွင် ရှိနေသည့်အတွက် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိကြောင်း၊ အထောက်အထား အပြည့်အစုံဖြင့် သက်ဆိုင်ရာဥပဒေဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ