Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

စားသောက်ဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် စားသောက်ဆိုင် တစ်ဆိုင်တွင် သွားရောက် စားသောက်ခဲ့ရာ ၎င်း၏မော်တော်ယာဉ်အား ပါကင်ထိုးပေး ရန် စားသောက်ဆိုင်မှဝန်ထမ်းကို ကားသော့ပေး၍အပ်ခဲ့ပါ ကြောင်း၊ ည(၉း၅၀) အချိန်၌ ၎င်း၏ မော်တော်ယာဉ်ကို ပြန်လည်ယူဆောင်ပြီး ဆိုင်မှထွက်ခွာလာကြောင်း၊ နောက်နေ့တွင် မော်တော်ယာဉ်၏ နောက်မီးခွက် (ညာဘက်)တွင် ကွဲအက်နေကြောင်းတွေ့ရှိရသည့်အတွက် စားသောက်ဆိုင်သို့ သွားရောက်၍  CCTV ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိုင်သို့လာရောက်စဉ်တွင် ကားမီးခွက်တွင် ကွဲအက်ခြင်းမရှိဘဲ ဆိုင်မှထွက် လာမှသာ ကားမီးခွက်ကွဲအက်နေသည်ကို တွေ့ရှိရသောကြောင့် စားသောက်ဆိုင်မှ တာဝန်ရှိသူများ ထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ  နှစ်ဦးနှစ်ဖက် ပြေလည်မှုမရရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန သို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စားသောက်ဆိုင်မှ တာဝန်ရှိသူတို့အား ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ  စားသောက်ဆိုင်မှ တာဝန်ရှိသူက တိုင်ကြားသူအား ငွေကျပ် ၁,၂၅၀,၀၀၀/-ကို ဌာနမှတာဝန်ရှိသူများရှေ့မှောက်၌ ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှလည်း ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည့် စားသောက်ဆိုင်နှင့် စပ်လျဉ်းသည့် Post များအား ဖျက်သိမ်းပေးခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိသောကြောင့် ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့် အထည်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှု  အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ တိုင်ကြားသူတစ်ဦး သည် Facebook Page တစ်ခုမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ၌ ဝန်ထမ်းအားလုံး တူညီဝတ်စုံဝတ်ဆင် နိုင်ရန်အတွက်  Tracksuit (၁၃)ထည်အား  ကျသင့်ငွေကျပ် ၄၅၀,၅၀၀/- အပေါ်စရံငွေကျပ် ၂၅၀,၅၀၀/-အား ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် Kpay ဖြင့် လွှဲပေးပြီးမှာယူခဲ့ရာ ၁၈-၁၁-၂၀၂၅ ရက်နေ့တွင် အင်္ကျီများ မရောက်သေး၍ ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်မှ မှာယူထားသော ပိတ်စများ မရောက်သေး၍ ပစ္စည်းပေးပို့နိုင်မှုမရှိကြောင်း ပြောကြားသဖြင့် လုပ်ငန်းရှင်တည်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် Facebook Page သို့ ဖြေရှင်း ဆောင်ရွက်ပေးရန် အကြောင်းကြားဆောင်ရွက်ခဲ့ရာ တိုင်ကြားခံရသည့် Facebook Page မှ တာဝန်ရှိ သူက Tracksuit (၁၃)ထည်အတွက် စရံငွေကျပ် ၂၅၀,၅၀၀/-အား တိုင်ကြားသူထံသို့ KPay ဖြင့် ပြန်လည်လွှဲအပ်ပေးပြီး ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသော်လည်း ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိသဖြင့် လုပ်ငန်းရှင်အား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စီမံခန့်ခွဲ ရေးဆိုင်ရာအမိန့်ဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂ (က)အရ "သတိပေးခြင်း" အမိန့်ကို ချမှတ်ခဲ့ပြီး တိုင်ကြားသူထံသို့ ဆက်သွယ်မေးမြန်းရာတွင် စရံငွေများ ပြန်လည်ရရှိပြီး ဖြေရှင်းပေး မှုကိုကျေနပ်ပါကြောင်း ပြောကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Express လိုင်းတစ်ခုဖြင့် ၁-၁-၂၀၂၆ ရက်နေ့တွင် ရန်ကုန်-ညောင်ဦး ခရီးစဉ်သွား ရောက်ခဲ့ရာ ရန်ကုန်မှအထွက်ဂိတ် တွင် ဝန်ပိုနေသည်ဟုဆိုကာ မိမိအပါအဝင် ခရီးသည် (၁၁) ဦးအား ထိုင်ခုံမပါသည့် မီးသွေးတင်ကားပေါ်တွင် (၁)နာရီ ကျော်စီးခိုင်းခဲ့မှုအပါ် တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းပေးမှုမရှိခြင်းနှင့် အခြားဝန်ဆောင်မှုများ အဆင် မပြေခြင်းတို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ၁၂-၁-၂၀၂၆ ရက်နေ့တွင် စာဖြင့်ဆက်သွယ် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက အောင်မင်္ဂ လာ ကားဝင်းရှိ YRTC ရုံးခန်း၌ ယာဉ်ကြီးကြပ်ရေးမှ ဒုတိယဌာနမှူးနှင့် Express တာဝန်ခံတို့အား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရာ ယခင်က ၎င်းတို့ မော်တော်ယာဉ်ဂိတ်တွင် ချိန်တွယ်သည့်ကတ္တား မရှိ သောကြောင့် တစ်ခါတစ်ရံ ခရီးသည်နှင့်ကုန်တင်သည့်အခါ တန်ချိန်ပိုနေသည့်အတွက် အခြားကား ပေါ်ပြောင်းစီးပေးရန် မေတ္တာရပ်ခံခဲ့ခြင်းမျိုးသာရှိခဲ့ပါကြောင်း၊ ၁၅-၁-၂၀၂၆ ရက်နေ့မှစ၍ ခရီးသည် နှင့်ကုန်စည်များပါချိန်တွယ်၍ စတင်ပြေးဆွဲနေသည့်အတွက် တန်ချိန်ပိုသည့်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွား ခြင်းမရှိတော့ပါကြောင်း တိုင်ကြားသူထံ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားသူနစ်နာမှုအတွက် လက်မှတ်(၂)စောင်ဖိုး ငွေကျပ် ၅၆,၀၀၀/- အား Kpay ဖြင့် တိုင်ကြားသူထံ လွှဲပြောင်းပေးခဲ့သဖြင့် ညှိနှိုင်းဖြေရှင်းပေးမှုကို တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

ကားအာမခံပစ္စည်းဆုံးရှံးမှုနှင့် ပတ်သက်၍ တိုင်ကြားမှုအား စိစစ်ဆောင်ရွက်ခဲ့ခြင်း

     နေပြည်တော်၊ တပ်ကုန်းမြို့မှစားသုံးသူတစ်ဦးက ကားအာမခံပစ္စည်းဆုံးရှံးမှုအား လျော်ကြေး တောင်းခံခြင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန  Website Complaint System သို့ ဆက်သွယ်တိုင်ကြားလာပါသည်။

          အဆိုပါတိုင်ကြားလာမှုနှင့် ပတ်သက်၍ တိုင်ကြားသူအားဖြေရှင်းပေးစေလိုသည့် အချက် အလက်များအား မေးမြန်းစုံစမ်းရန် နေပြည်တော်ဦးစီးမှူးရုံးသို့ဆင့်ခေါ်ခဲ့ရာ တိုင်ကြားသူမှ ပြည်ပသို့ခရီးလွန်နေပါသဖြင့် ဆိုင်းငံ့အမှုအဖြစ်ထားရှိပြီး ယခုအခါတွင် တိုင်ကြားသူသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး နေပြည်တော်ဦးစီးမှူးရုံးသို့ဆက်သွယ်လာခဲ့ရာ မိမိအနေဖြင့် ပြုတ်ကျပျောက်ဆုံးသွားသော ကားဘီးအဖုံးအား ရှာဖွေဝယ်ယူရရှိခဲ့ပါသဖြင့် တိုင်ကြားထား သည့်အမှု အားတိုင်ကြားခြင်းမပြုတော့ဘဲ မိမိသဘောဆန္ဒအရ အမှုအားပိတ်သိမ်းပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်လာခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

တိုင်ကြားမှုဖြေရှင်းဆောင်ရွက်

           ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၌ ဖွင့်လှစ်ထားသော Active Bar Restaurant သို့ (၂၈.၁၀.၂၀၂၅) ရက်နေ့တွင် သွားရောက်စားသောက်ခဲ့ရာမှ မော်တော်ကား၏ ညာဖက် နောက်မီးခွက်ကွဲအက်သွားမှုနှင့် စပ်လျဉ်းသည့် ကိစ္စအား (၅.၁၁.၂၀၂၅) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။

          ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်နေ ဦးဒန်ခုန်လမှ ၎င်းပိုင်မော်တော်ယာဉ် 5G/8229 Landcruiser (အဖြူရောင်) ဖြင့် (၂၈.၁၀.၂၀၂၅) ရက်နေ့ ညနေပိုင်အချိန်၌ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၌ ဖွင့်လှစ်ထားသော Active Bar Restaurant သို့ သွားရောက်ခဲ့ပြီး ကားပါကင်ထိုးရန်အတွက် ၎င်းဆိုင်မှ ဝန်ထမ်းတစ်ဦးအား ကားသော့ပေးအပ်ခဲ့ပြီး ဆိုင်တွင်စားသောက်ပြီးနောက် ည (၀၉:၅၀) နာရီအချိန်တွင် ၎င်း၏ မော်တော်ယာဉ်အား ပြန်လည်ယူဆောင်၍ ထွက်ခွာလာခဲ့ကြောင်း၊ (၃.၁၁.၂၀၂၅) ရက်နေ့ ညနေပိုင်း၌ ၎င်း၏ မော်တော်ယာဉ်ညာဖက် နောက်မီးခွက် အက်ကွဲနေသည်ကို တွေ့ရှိရ၍ ဆိုင်သို့ ဆက်သွယ်ပြောဆိုပြီး ဆိုင်မှ CCTV အား (၄.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန် တွင် သွားရောက်ကြည်ရှုခဲ့ရာ ဆိုင်သို့ဝင်ရောက်စဉ် ကားမီးခွက်အက်ကွဲခြင်းမရှိဘဲ ဆိုင်မှထွက်လာမှသာ ကားမီးခွက်အက်ကွဲနေသည်ကို သိရှိရ၍ ဆိုင်မှတာဝန်ယူ ဖြေရှင်းပေးရန် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသောကြောင့် (၅.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ ဖြေရှင်းပေးပါရန် တိုင်ကြားလာခဲ့ခြင်း ဖြစ်ပါသည်။

          တိုင်းကြားမှုနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများမှ Active Bar မှ တာဝန်ရှိသူများအား တိုင်ကြားသူနှင့် ဆက်သွယ်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပါရန်နှင့်  ဖြေရှင်းပြီးစီးမှုအခြေနေအား ဌာနသို့ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း ပြေလည်မှု မရရှိသောကြောင့် ၁၅.၁.၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဦးနှစ်ဖက်လုံးအား ဌာနသို့ လာရောက်ရန် ခေါ်ယူ၍ တွေ့ဆုံညှိ့နှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်၊ ထိုသို့ညှိ့နှိုင်း ဆောင်ရွက်ပေးမှုအရ (၂၃.၁.၂၀၂၆) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ ရှေ့မှောက်မှာပင် Active Bar မှ တာဝန်ရှိသူ ဦးဆန်းဌေးကိုယ်တိုင် တိုင်ကြားသူ ဦးဒန်ခုန်လအား လျော်ကြေးငွေ (၁၂၅၀၀၀၀) ကျပ်အား ပေးအပ်ခဲ့ပြီး တိုင်ကြားသူ ဦးဒန်ခုန်လအား ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် Active Bar နှင့် ပတ်သက်သည့် Post အား ဖျက်ပေးခဲ့၍ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိသွားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းမှ အစားသောက်မှာယူခြင်းနှင့်ပတ်သက်၍တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်နေ တိုင်ကြားသူတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် အစားအသောက်များမှာယူခဲ့ရာ သက်တမ်းကုန် (Expire Date) နေသော ပဲကြော်(၂)ဘူးပေးပို့လာသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်  ဆက်သွယ်တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူများက တိုင်ကြားခံရသည့်အွန်လိုင်းဆိုင်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ အွန်လိုင်းဆိုင်မှ တာဝန်ရှိသူက တိုင်ကြားသူ၏ တိုင်ကြားချက်ရရှိချိန်တွင် Viber Message ဖြင့် ပထမအကြိမ် တောင်း ပန်ခဲ့ပြီးနောက် တိုင်ကြားသူထံ ဖုန်းဖြင့် ထပ်မံဆက်သွယ်၍ တရားဝင်တောင်းပန်ချက် ပြုလုပ်ခဲ့ပြီး  သက်ဆိုင်ရာဆိုင်ခွဲသို့ အကြောင်းကြားခဲ့ရာ ဆိုင်ခွဲမှ ထိုနေ့တွင်ပင် တိုင်ကြားသူ၏ လိပ်စာသို့ သွား ရောက်၍ သက်တမ်းကုန်နေသောပစ္စည်းများအား ကုန်ပစ္စည်းအသစ်များဖြင့် လဲလှယ်ပေးခဲ့ပါ ကြောင်း၊ ဆိုင်ခွဲမန်နေဂျာမှလည်း တိုင်ကြားသူထံ တိုက်ရိုက်ဆက်သွယ်၍ ဖုန်းဖြင့် ထပ်မံတောင်းပန် ခဲ့သည့်အပြင် အိမ်သို့ လာရောက်တောင်းပန်လိုကြောင်း ပြောကြားရာတွင် တိုင်ကြားသူမှ “အိမ်သို့ လာရောက်ရန် မလိုပါကြောင်း၊ နောက်နောင်မဖြစ်စေရန်နှင့် Customer အား စေတနာထား၍ သေချာ လုပ်ဆောင်ပေးရန်သာလိုအပ်ကြောင်း” ပြောကြားခဲ့ပြီး ကျေနပ်မှုရှိပါကြောင်း အကြောင်းပြန်ကြားလာ ပါသည်။ တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းပေးခြင်း နည်းလမ်းဖြင့် ပစ္စည်းအစားထိုးလဲလှယ်ပေးခြင်းနှင့် တောင်းပန်စေခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

ဆိုလာဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှု  အခြေအနေ

       မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် နေတိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ တန်ဖိုးငွေ ကျပ်(၅၃)သိန်း၊ ပစ္စည်းအလဲ (၃)နှစ်နှင့် လက်ခမဲ့ (၂)နှစ် အာမခံဖြင့် ဆိုလာတပ်ဆင်ခဲ့ရာ Error  မကြာခဏဖြစ်ပြီး Error  တစ်ကြိမ် ပြင်ဆင်ပေးရန် တစ်လအနည်းဆုံးကြာ ပါကြောင်း၊ လာရောက်ပြင်ဆင်ပေးရန် ကုမ္ပဏီသို့ ဆက်သွယ်ပြောကြားရာတွင် ပစ္စည်းမရှိ၊ ပစ္စည်း ပြတ်နေသည်ဟုပြောကာ ဆောင်ရွက်ပေးမှုမရှိသည့်အတွက်   စားသုံးသူရေးရာဦးစီးဌာနသို့ Call Center (1535)မှ ခေါ်ဆိုတိုင်ကြားလာပါသည်။

          ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက  စိစစ်ရာ တွင် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်သည် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ချိတ်ဆက်၍ ဖြေရှင်းဆောင်ရွက် ခဲ့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စီးပွားရေးလုပ်ငန်းရှင်နှင့် ဆက်သွယ်ညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် တိုင်ကြားသူ တောင်းဆိုခဲ့သည့်အတိုင်း   ဘက္ထရီ Error ဖြစ်ပေါ်မှုအပေါ် လုပ်ငန်းရှင်မှ တိုင်ကြားသူသို့  ငွေကျပ်သိန်း(၂၀)အား ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှလည်း Error ဖြစ်ပေါ်နေသည့်ဘက္ထရီအား ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ပြီး နှစ်ဦး နှစ်ဖက် ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ  ညှိနှိုင်းဖြေရှင်းပေးခြင်း နည်းလမ်းဖြင့် နစ်နာဆုံးရှုံးမှုနှင့်အညီ ငွေပြန်လည်ပေးအပ်စေခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

စက်သုံးဆီအား သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချနေသဖြင့် တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ တိုင်ကြားသူ တစ်ဦးသည် ရန်ကုန်မြို့မှ နေပြည်တော်သို့ ခရီးသွားရာ တွင် အမြန်လမ်းရှိ စက်သုံးဆီ အရောင်း ဆိုင်တစ်ဆိုင်က သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချနေ သဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဖုန်းဖြင့်  ဆက်သွယ် တိုင်ကြားလာပါသည်။

       ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက သက်ဆိုင် ရာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးမှုအရ ဈေးနှုန်းမြှင့်တင်ရောင်းချခဲ့သည်မှာ မှန်ကန်သည့် အတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အဆိုပါ စက်သုံးဆီအရောင်းဆိုင်အား ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၄ ပါ စီမံခန့်ခွဲမှုနည်းလမ်းအရ ငွေကျပ် ၁,၅၀၀,၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ) ဒဏ်ကြေးငွေပေးဆောင်ရန်၊ PO ခွဲတမ်းအား (၁) လတိတိ ထက်ဝက် လျော့ချနိုင်ရေး မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရေးအသင်းသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ နောက်နောင် ထပ်မံမဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရန်နှင့် ထပ်မံကျူးလွန်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးအကြောင်းကြား ဆောင်ရွက်ခဲ့မှုအခြေအနေအား တိုင်ကြားသူထံသို့ ဆက်သွယ်ပြောကြား ခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့် ဆိုလာဆလိုက်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Online Shop  တစ်ခုထံမှ ဆိုလာစလိုက်(350W) ၃လုံးကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့်  ဝယ်ယူခဲ့ရာ ပစ္စည်းပို့ပေး ရောက် ရှိလာသည့်အချိန်တွင် ဆိုလာစလိုက် 350 W အစား  50 W  ကိုပေးပို့လာသည့်အတွက်  စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် ပေးပို့ တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက  Online Shop အကောင့်ပိုင်ရှင်ထံ ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ဝယ်ယူသူထံသို့ ပစ္စည်းမှားပို့ခဲ့ သည့် ဆိုလာဆလိုက်(50 W)အစား (1500 W)ရှိ ဆိုလာဆလိုက်ကို အစားထိုး ပြန်လည် ပေးပို့ခဲ့သဖြင့် တိုင်ကြားသူမှကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ  စေ့စပ် ညှိနှိုင်းပေးသဖြင့် အစားထိုးပြန်လည်ပေးအပ်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

လေကြောင်းလိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် နေတိုင်ကြားသူတစ်ဦးသည် လေကြောင်းလိုင်းဝန်ဆောင် မှုလုပ်ငန်းမှ ခရီးစဉ်အား အသိပေးမှုမရှိဘဲ ရက်ရွှေ့ဆိုင်း သည့်အတွက် ခရီးသည်(၄)ဦးမှာ ဟိုတယ်တွင် တစ်ရက် တည်းခိုနေထိုင်ခဲ့ရသဖြင့် တည်းခိုခငွေကျပ် ၃၀၀,၀၀၀/- ကုန်ကျခဲ့မှုကို လျော်ကြေးငွေ ပြန်လည်ရယူလို၍ စားသုံးသူရေးရာဦးစီးဌာနသို့ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား မှုကို စိစစ်ရာတွင်  တိုင်ကြားသူဝန်ဆောင်မှုရယူထားသော လေကြောင်းလိုင်းက  ၈-၁၀-၂၀၂၅ ရက် နေ့ ကော့သောင်းမြို့မှရန်ကုန်မြို့ ခရီးစဉ်အား ကြိုတင်သတိပေးချက်မရှိဘဲ ၉-၁၀-၂၀၂၅ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သဖြင့် ခရီးသည် (၄)ဦးသည် ဟိုတယ်တွင် တစ်ရက်တည်းခိုနေထိုင်ခဲ့ရသည့်အတွက် နစ်နာသည့်ကုန်ကျငွေကျပ် ၃၀၀,၀၀၀/-ကို ပြန်လည်ရယူလို၍ တိုင်ကြားခြင်းဖြစ်ကြောင်း စိစစ် တွေ့ရှိရသဖြင့် လေကြောင်းလိုင်း(ကော့သောင်းရုံးခွဲ)မှ တာဝန်ခံသို့ဆက်သွယ်ပြီး စားသုံးသူကာ ကွယ်ရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၇ ပုဒ်မခွဲ (က)အရ လုပ်ငန်းရှင်ဘက်မှ အာမခံချက် ပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုအပေါ် လျော် ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ လေကြောင်းလိုင်းတာဝန်ရှိသူမှ နစ်နာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၃၀၀,၀၀၀/-ကို တိုင်ကြားသူသို့ ပေးအပ်ခဲ့ပြီး တိုင်ကြားသူ မှလည်း ကျေနပ်မှုရှိပါသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေ ခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 

 

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ