Main menu

HighLight News

Powered by Drupal

ဖျာပုံမြို့ပေါ်တွင် ရောင်းချနေသော အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များအား ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် (၂၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် FDA ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့ပေါ်တွင် ရောင်းချနေသော အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က သက်တမ်းလွန် အသင့်စားမုန့်များ၊ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော မုန့်များ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်များတွင် ကြာရှည်ခံဆေးများ ပါဝင်မှုမရှိစေရေး၊ “မှို” ပါဝင်ခြင်း ရှိ/မရှိ တို့ကိုပါ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ဆေးဆိုင်များသို့ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂၆.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဈေးကွက်အတွင်း ဆေးဝါးများ၏ ဈေးနှုန်းအတက်/အကျ ဖြစ်ပေါ်နေမှုအခြေအနေ၊ ဆေးဝါးပစ္စည်း လက်ကျန် အခြေအနေပေါ်မူတည်၍ ဆက်လက်ရောင်းချနိုင်မည့် အခြေအနေ၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်နေသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

         ဧရာဝတီတိုင်ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းမှ ပုသိမ်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ဆေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

       ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ ဆေးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ပေါက်ဈေးထက်ပိုမိုရောင်းချခြင်းမပြုလုပ်ရန် သတ်မှတ်ထားသောဆေးဝါးများရောင်းချရန်၊ ခွင့်မပြုသော ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန် သက်တမ်းလွန်ဆေးဝါးများနှင့်FDA  မှခွင့် မပြုထားသော ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသော မြန်မာ့ဆေးဝါးများရောင်းချရန်နှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးဝါးများသိုလှောင်ထားရှိမှု မရှိစေရေးအတွက် လုပ်ငန်းရှင်များခေါ်ယူတွေ့ဆုံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ consumer call center 1535 လုပ်ငန်းဆောင်ရွက်မှုအကြောင်း ပြည်သူများသိရှိရေး အသိပညာပေး

         နေ့စဥ်လူနေမှုဘဝတွင် လူအများသည် စားသောက်ခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုခြင်း၊ တစ်နေ့တာ ကုန်စည်များကို ထိတွေ့မှု ကင်းရှင်းသူများမရှိကြပါ။ ကုန်စည်ဆိုသည်မှာ စားသုံးသူ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်းပါဝင်ပြီး လူအများနှင့် ထိတွေ့မှု အများဆုံးဖြစ်၍ ကုန်စည်များကို ပြည်သူများက တန်ဖိုးနှင့်အညီပေးချေ၍ စားသုံးခြင်း၊ အသုံးပြုခြင်း၊ ဝယ်ယူခြင်းများရှိသည့်အတွက် စားသုံးသူအခွင့်အရေး မနစ်နာစေရန် ဥပဒေများဖြင့် အပြည့်အဝကာကွယ် ဆောင်ရွက်ပေးလျက်ရှိသည်။

        စားသုံးသူအခွင့်အ‌ရေးများ ထိခိုက်နစ်နာမှုမရှိစေရန် ပြည်သူများက မိမိအခွင့်အရေးများကို သိရှိနားလည်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ၂၆.၁၁.၂၀၂၅ ရက်နေ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် ပြည်သူ ၁၀ ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ consumer call center 1535ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု ကို အကျယ်တဝင်ရှင်းလင်း အသိပညာပေးပြီး စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှူ ရှိလာပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် စားသုံးသူပြည်သူတွေနဲ့ လုပ်ငန်းရှင်များအနေဖြင့် သိလိုသည့်အရာများ မေးမြန်းနိုင်ဖို့ စားသုံးသူတွေ နစ်နာမှုတွေ ဖြေရှင်းပေးနိုင်ဖို့ ပြည်တွင်းကုန်သွယ်မှု သတင်းတွေကိုဖြေကြားနိုင်ဖို့ consumer call center 1535 ဝန်ဆောင်မှုကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ Consumer Call Center ကို မည်သည့် Sim Card User အလွယ်တကူ ခေါ်ဆိုနိုင်ကြောင်းနှင့် တက်ရောက်လာသူ ပြည်သူတစ်ဦးမှ သိရှိလို၍ Consumer Call Center ခေါ်ဆိုမှု လုပ်ငန်းစဉ်ကို မေးမြန်းခဲ့ပြီး ခေါ်ဆိုမှုဆောင်ရွ်ကနိုင်ရန် ခေါ်ဆိုသည်အခါ ပြည်သူများမှ Consumer Call Center မှ တာဝန်ရှိသူနှင့် ရင်းနှီးဖော်ရွေစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အသိပညာပေးပြသခဲ့ပြီး Consumer Call Centerအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဈေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဆေးဆိုင်ကြီးများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ၌ ပုံစံတူစံမမီဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်း ရှိ/ မရှိ၊ ဆေးဈေးနှုန်းကြီးမြင့်ခြင်း ရှိ/မရှိအား (၂၅.၁၁.၂၀၂၅)ရက်နေ့  နံနက် (၁၀း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦး‌ဆောင်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများတွင် ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးများကိုရောင်းချရန်၊ ပုံစံတူစံမမီဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်တင်သွင်းဆေးများအား ရောင်းချခြင်းမပြုကြရန်၊ ဆေးများသိုလှောင်ထားရှိမှု ရှိ/မရှိ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊ မြို့နယ်အတွင်းဆေးနှင့်ပတ်သက်၍ ရောင်းချမှု ကုမ္ပဏီတိုက်ရိုက်ဝယ်မှု တဆင့်ခံဝယ်ယူမှု အခြေအနေများ၊ စားသုံးသူနှင့် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအား မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြပါရှိရမည့် အချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    ၂၆.၁၁.၂၀၂၅ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင်(၁၃)ဆိုင်အား ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့စုံ ပူးပေါင်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ၊ မရှိနှင့် ဆေးဝါးများ ရောင်းချနေမှုအခြေအနေအားကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင်ဆေးဆိုင်များမှ ဆေးဝယ်ယူရောင်းချမှု အခြေအနေများကို မေးမြန်းခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိမှု ရှိ/မရှိနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/မရှိတို့ကို မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း စံမညီဆေးဝါးရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ထောက်ခံချက်မရှိသောဆေးများ၊ သက်တမ်းလွန်ဆေးများရောနှောရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ဆေးဆိုင်များမှ တင်ပြလာရာဆေးများကိုရန်ကုန် မင်္ဂလာဈေးမှ မှာယူရောင်းချရပြီး ကုမ္ပဏီ တိုက်ရိုက်ဝယ်ယူခြင်း မရှိသောကြောင့် ဆေးဈေးအနည်းငယ်မြင့်တက်ခြင်းဖြစ်ပြီး အရေးပြားလိမ်းဆေး၊ဆီချိုဆေးများ၊ အိမ်သုံးဖျာနာ ကိုက်ခဲပျောက်ဆေးများကို မှာယူရခွဲတမ်းနည်းပြီး ဆေးဝါးပြတ်တောက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များကို ဆေးဝါးရောင်းချရာတွင် သိုလှောင်ထားခြင်း၊ ဈေးမြင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၂၆.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍  အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦီးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည်တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့်ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် “ဂုတ်ဂွပ်” မြန်မာဟင်းချက်အနှစ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဓမ္မာရုံလမ်း၊ ညောင်ပင်ရပ်ကွက်ရှိ “ဂုတ်ဂွပ်” မြန်မာဟင်းချက် အနှစ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်စည်များ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များ သိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်များနှင့်ပူးပေါင်း၍ (၂၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ  အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ဆန်စပါးကုန်သည် အသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်ရှိ  ဆန်စပါးကုန်သည်အသင်း ဥက္ကဌနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် ဆန်စပါးကုန်သည်အသင်းဥက္ကဌ ဦးအောင်ဇော်လတ်က မြန်အောင်မြို့နယ် ဆန်စပါးကုန်သည်အသင်းအနေဖြင့် ဆန်စပါးအရည်အသွေးကောင်းမွန်ရေး၊ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ဈေးနှုန်းများတည်ငြိမ်ရေးတို့အတွက် ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများထံမှ အရည်အသွေးပြည့်ဝသော ဆန်စပါးများအား နိုင်ငံတော်မှ သတ်မှတ်ထားသော ဆန်စပါးရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ရေး အသင်းအနေဖြင့် ထိန်းညှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စပါး/ဆန်များသယ်ယူရာတွင်လည်း လွယ်ကူချောမွေ့စေရန်အတွက် ဆန်စပါးကုန်သည်အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်တို့ကို  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News