Main menu

HighLight News

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် (၁၀/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၈.၁၀.၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် virtual စနစ်ဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ပါသည်၊၊

           အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဦးဇေယျာဆွေမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တွေ့ကြုံရသောလုပ်ငန်းအခက်ခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ်ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများကို ပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ကဝမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကဝမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား သွားရောက်ကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင် အိမ်မဲမြို့ပေါ်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင် အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ဥပဒေအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ဓာတုဆိုးဆေးများနှင့်ပတ်သက်၍အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ မိမိတို့သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်  Call Center 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူဥပဒေအသိပညာပေးဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင် (၁၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် အိမ်မဲမြို့ပေါ်ရှိဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၈.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် အထက်ပိုင်းရပ်ကွက်ရှိ မေကံ့ကော်ဆေးဆိုင်နှင့် သစ္စာအောင်ဆေးဆိုင်တို့တွင် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက်ရှိ မေကံ့ကော်ဆေးဆိုင်နှင့် သစ္စာအောင်ဆေးဆိုင်တို့တွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ထက်(၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်ဆေးဝါးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချသောဆိုင်ပိုင်ရှင်များ အားရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်ရုံ/အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စက်ရုံ/ အလုပ်ရုံများသို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဦးစီးအရာရှိ ဦးမျိုးထွန်းဦးဆောင်သည့် စစ်ဆေးရေးအရာရှိများသည် (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် ရွှေစိန်မုန့်မျိုးစုံလုပ်ငန်းစက်ရုံသို့ အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

         ရွှေစိန်မုန့်မျိုးစုံလုပ်ငန်းစက်ရုံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေသော်လည်း အခြားတစ်ဖက်တွင် စားသုံးသူဖြစ်နေကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအားလည်း သိရှိလိုက်နာ၍ နစ်နာဆုံးရှုံးမှုများရှိပါက သက်ဆိုင်ရာဦးစီးမှူးရုံးသို့ဖြစ်စေ၊ CICC ရုံးများသို့ဖြစ်စေ၊ Website Complaint System၊ Consumer Call Center (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေးများ တောင်းဆိုနိုင်ကြောင်း၊ အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကိုထုတ်လုပ်သွားရန်နှင့် ဥပဒေအား လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခဲ့ပါသည်။

          ဆက်လက်၍ ရွှေစိန်မုန့်မျိုးစုံလုပ်ငန်းစက်ရုံသို့ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

စက်ရုံ/ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စက်ရုံ/ အလုပ်ရုံများသို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများသည် (၉-၁၀-၂၀၂၄) ရက်နေ့တွင် ရှမ်းကြီးလက်ဖက်နှင့်ပဲကြော်လုပ်ငန်းသို့  အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ရှမ်းကြီးလက်ဖက်နှင့်ပဲကြော်လုပ်ငန်းစက်ရုံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေသော်လည်း အခြားတစ်ဖက်တွင် စားသုံးသူဖြစ်နေကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအားလည်းသိရှိ၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူအခွင့်အရေးများကိုတောင်းဆိုနိုင်ကြောင်း၊ သန့်ရှင်းလတ်ဆတ်သော ကုန်ပစ္စည်းများကိုထုတ်လုပ်သွားရန်နှင့် ဥပဒေအား လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခဲ့ပါသည်။

          ဆက်လက်၍ ရှမ်းကြီးလက်ဖက်နှင့်ပဲကြော်လုပ်ငန်းစက်ရုံရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပြီး နစ်နာဆုံးရှုံးမှုများရှိပါက Consumer Call Center 1535 မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့ ရေကျော်ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

      ထိုသို့အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ ဓာတုဆေးများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့် ပတ်သက်၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်နေပြည်သူ (၂၀)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ  ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဆိုင်တွင်ရောင်းချနေသော ဆေးနှင့်ဆေးဝါးပစ္စည်းများကို စစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးဝါးများကို ရန်ကုန်မြို့တွင်ရှိသောဆေးဝါးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ဈေးနှုန်းများထက်(၅)ရာခိုင်နှုန်းခန့်သာ အနည်းငယ်မြင့်တက်ကြောင်းနှင့်ဝယ်ယူသူများ အနေဖြင့်ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်လျှက်ရှိသောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနိုင်ကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ကံ့ကော်မြိုင်ရပ်ကွက် စားအုန်းဆီဝယ်ယူရန် ဆီဝယ်စာအုပ်များလုပ်ပေးနေမှုအခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် ကံ့ကော်မြိုင်ရပ်ကွက်ရှိပြည်သူများအား စားအုန်းဆီဝယ်ယူရန်အတွက် ဆီစာအုပ်များပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။

            အဆိုပါဆီဝယ်စာအုပ်များပြုလုပ်ပေးနေမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံကဦးဆောင်၍ သွားရောက်ပြုလုပ်ပေးခဲ့ပြီး ရောက်ရှိလာသောစားသုံးသူပြည်သူများကို စားအုန်းဆီများ ဝယ်ယူရာ၌ စာအုပ်တွင်ဖော်ပြထားသည့် အမည်ရှိသူသာလျှင်ဝယ်ယူရရှိနိုင်ရန်၊ ဆီဝယ်ယူခွင့်ကာလအတွင်း သတ်မှတ်ပမာဏသာဝယ်ယူရန်၊ ဝယ်ယူရရှိသည့်စားအုန်းဆီများကိုလည်း မိမိတို့မိသားစုစားသုံးရန်အတွက်သာသုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုရန်၊ စာအုပ်ပျက်စီး/ ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးသည့် ဌာနသို့သတင်းပေးပို့အကြောင်းကြားရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့နယ်တွင် ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        ၉-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K - Mart သို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး၊  ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော အစားအသောက်များသာရောင်းချရန်  အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News