Main menu

HighLight News

Powered by Drupal

တောင်ငူမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိတို့ကိုစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နယ်ဦးစီးမှူးမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

            ၂၆.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “အောင်” အမှတ်တံဆိပ် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။  

           ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက သဘာဝမြေဩဇာလုပ်ငန်းရှင်အား လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှု၊ အသုံးပြုသည့်ကုန်ကြမ်း အမျိုးအစားများ၊ တစ်နေ့ထုတ်လုပ်မှု၊ မြေဩဇာတစ်အိတ်ထုတ်လုပ်ရန်ကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ကြုံတွေ့ရသောအခက်အခဲများကို ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်သည် ကုန်ကြမ်းသုံးစွဲမှုအနေဖြင့် နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ စပါးမှုန်၊ ပဲဖတ်၊ EM(အနုဇီဝပိုးရည်) တို့ကိုအသုံးပြုကြောင်း၊ သဘာဝမြေဩဇာ 50 kg ပါတစ်အိတ်ထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ (၁၆၀၀၀)ခန့် ကုန်ကျကြောင်း၊ ရောင်းချရာတွင် တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်ဖြင့် ရောင်းချသဖြင့် တစ်အိတ်လျှင် (၄၀၀၀) ကျပ်အမြတ်ကျန်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် 50 kg ပါအိတ် (၅၀) ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ချောင်းဆုံ၊ မော်လမြိုင်၊ ပေါင်၊ ထားဝယ်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ လုပ်သား (၇) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေအခက်အခဲရှိကြောင်းဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လုပ်ငန်းရှင်များအား မတည်ရင်းနှီးငွေထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

တောင်ငူမြို့ အ.ထ.က ကျောင်းမုန့်ဈေးတန်းများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းချက်အရ နိုဝင်ဘာလ ၂၁ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါပူးပေါင်းအဖွဲ့သည် နံနက် (၀၉:၃၀) နာရီအချိန်တွင် တောင်ငူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း ရောင်းချသည့်အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုပ်အမျိုးမျိုးတို့အား စစ်ဆေးကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းမရှိသည့် အသင့်စားမုန့်များနှင့် အချိုရည်များကိုရောင်းချခြင်းမပြုရန်၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုပ်အမျိုးမျိုးတို့တွင် ခွင့်မပြုဓာတုဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများအသုံးမပြုရန်တို့ကို အသိပညာပေးပြောကြားခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး(အစားအသောက်) ဒေါ်ဇင်မေဌေးဦးဆောင်သည့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်ဦးဆောင်သည့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

သထုံမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ အောင်စိုင်(တမံကြီး)ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

             မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ အောင်စိုင် (တမံကြီး)ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

             ထိုဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာနှင့် ဘေးအန္တရာယ်ဖြစ်စေသော ဆိုးဆေးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

            ဆက်လက်၍ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုကြရန် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးရွှေမောင်သိန်းနှင့် ဆရာ၊ ဆရာမ (၃) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၅၅) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကျောင်းအုပ်ဆရာကြီးအား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ အ.မ.က (တောင်စွန်း) ကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

              ၂၂.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဦးစီးအရာရှိဦးအောင်ကျော်မင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ တောင်စွန်းကျေးရွာ၊ အ.မ.က (တောင်စွန်း) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဖျော်ရည်ဗူးများ၊ အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်နေသောမုန့်များမရောင်းချရေးနှင့် တားမြစ်ထားသောဆိုးဆေးများပါဝင်သည့် အစားအသောက်များ မရောင်းချ ရေးတို့ကို မုန့်ဆိုင်ပိုင်ရှင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ၂၆.၁၁.၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကျောင်းမုန့်ဈေးတန်းအတွင်းရှိ အသင့်စားမုန့်များမှာ  မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို သက်ဆိုင်ရာကျောင်းအကျိုးတော်ဆောင်များနှင့် ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးများပြုလုပ်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၌ အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

             မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော  အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီနှင့်လက်ဖက်ရည်ထုပ်ရောင်းချမှုရှိ/မရှိတို့အားစစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်ရှိ “မြဲ”အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

            ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာရှိ “မြဲ” အမှတ်တံဆိပ်ပါ  သောက်ရေသန့်စက်ရုံသို့သွားရောက်၍ “မြဲ”အမှတ်တံဆိပ်ရှိ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

                ထိုသို့   ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  “မြဲ” အမှတ်တံဆိပ်ပါ ရေသန့်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂ /၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်းတွေ့ရှိရပါသည်။ ထို့နောက် လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များကိုသာ ရောင်းချရန်အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၂၂.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Website Complaint System မှလည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ Call Center (1535) ကို ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ခြင်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၇) ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News