Main menu

HighLight News

Powered by Drupal

မူလွန်အောက်ပိုင်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်/ ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် (၅)ရပ်ကွက်ရှိ မူလွန်အောက်ပိုင်း ကျောင်းသို့ ဆရာ/ မ(၁၃)ဦး၊ ကျောင်းသား/ သူ(၁၄၇)ဦး စုစုပေါင်း(၁၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာဦးနမှ ဗလ ၅ တန် ဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းမှ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်ရန်နှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်းကို ကလေးငယ်များရွေးချယ်ဝယ်ယူစား သောက်ရန်နှင့် စားသုံးသူများ၏ အခွင့်အရေးအကြောင်းကို အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိရောင်းချနေသော စားသုံးဆီဘူးဆီများအား ကွင်းဆင်းစစ်ဆေးခြင်း

          ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဘူးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်အသင်းနှင့် အတူပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့မ(၇)ရပ်ကွက် (၁၈)လမ်းရှိ ကုန်မျိုးစုံဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်အတွင်းရှိအရောင်းဆိုင်များတွင် Lotus,Meizan,Good Choice,Duck အမှတ်တံဆိပ်ပါ ဘူးဆီများတွင် ကုန်အညွှန်းအမှတ်သားဆိုင်ရာဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်စည်၏ အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု၊ ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအချိုးအစားစသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာနှင့် လှိုင်းတာကျေးရွာရှိ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ   ကွင်းဆင်းစိစစ်ခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (FDA)အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာနှင့် လှိုင်းတာကျေးရွာရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များအရ စားသောက်ကုန် အသား/ ငါးများကို ရေခဲသေတ္တာတွင် စနစ်တကျထားရှိခြင်း၊ အသီးအနှံများကိုလည်း ရေခဲသေတ္တာထဲတွင် သီးသန့်ထားရှိခြင်း၊ ချတ်ပြုတ်ပြီးသော အစားအစာများ ဖုံးအုပ်ထားခြင်းများတွေ့ရပြီး ချတ်ပြုတ်ပြီးပါက စည်းနှီတုံးများကို သေချာစွာဆေးကြောထားရှှိရန်၊ ဘေစင်နှင့်အစားအသောက်များကို နီးကပ်စွာမထားရန်နှင့် ယင်ကောင်မှ ကူးစက်တက်သော ဝမ်းပျက်၊ ဝမ်းလျှော အကြောင်းများကို အသိပညာပေးခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ဆန်တင်ပို့မှုအား ကွင်းဆင်းစိစစ်ခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ မြိတ်မြို့သို့ထွက်ခွာသော MV-ပြည့်ဖြိုးအောင် ၉ ဆန်တင်ရေယာဉ်အား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် (၁၆-၇-၂၀၂၆)ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်မိုး(ဆိပ်ကမ်း)သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် MV-ပြည့်ဖြိုးအောင် ၉ ရေယာဉ်တွင် ဧည့်မထရက်(၉၀)ဆန် ၂၀၀၀ အိတ်၊ ဧည့်မထ(ဇီယာ)ဆန် ၈၀၀ အိတ် တင်ဆောင်ထားရှိကြောင်း တွေ့ရှိရပါသည်။ ထိုနောက် ခရိုင်အုပ် ချုပ်ရေးမှူးဦးဆောင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ ရေလမ်းမှ ဆန်များပို့ဆောင်ရာတွင် ခွင့်ပြုချက်မရှိသော အခြားကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရန်နှင့် လမ်းခရီးတစ်လျှောက် ပင်လယ်ပြင်တွင် အခြားရေယာဉ်များပေါ်သို့ တင်ဆောင်ပြီး မပြုလုပ်ရန်မှာကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင် ကုန်ပစ္စည်းများအား ရောနှောပို့ဆောင်ခြင်း မပြုလုပ်ရန်မှာကြားခဲ့ခြင်း၊ ထိုသို့ ပြုလုပ်ပါက တည်ဆဲဥပများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံအရောင်းဆိုင်များသို့    ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာမှ ၀န်ထမ်းများကစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများက မုန့်နှင့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများကို မှန်ကန်စွာဖော်ပြထားခြင်း ရှိ/ မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များရောင်းချခြင်း ရှိ/ မရှိ၊ ထုတ်ပိုးမှုအခြေအနေ၊ သိုလှောင်ထားရှိပုံနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိတို့ကို အသေးစိတ် စစ်ဆေးခဲ့သည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြရန်နှင့် စားသုံးသူများ၏ကျန်းမာရေးကိုအလေးထား၍ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက စားသုံးသူ၏ အခြေခံအခွင့်အရေးများ၊ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှုသည့်နည်းလမ်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်သော အချက်အလက်များကိုရှင်းလင်းဟောပြောခဲ့သည်။ ထို့အပြင် စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးက စိတ်ဝင်တစား နားထောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

"ရတနာကောင်းကင်"စက်သုံးဆီဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် (၁၉-၇-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်၍ ဒေးဒရဲမြို့ တံတားချဉ်းကပ်လမ်းတွင် စက်သုံးဆီရောင်းချလျက်ရှိသည့် "ရတနာကောင်းကင်" စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
        ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် "ရတနာကောင်းကင်" စက်သုံးဆီအရောင်းဆိုင်၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အချင်အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ မြို့နယ်အတွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချမှုများမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအားကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၇.၂၀၂၆)၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်း‌ကျေးရွာ “အောင်ချမ်းသာဆန်စက်နှင့်‌အောင်နန်းတော်”ဆန်စက်မှ မြိတ်မြို့သို့ ပေါ်ဆန်းဆန်နှင့် ဇီယာဆန်များတင်ပို့လျက်ရှိသည့် လုပ်ငန်းများအားမြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အောင်ချမ်းသာဆန်စက်မှ ဇီယာဆန် (၆၀၀၀)နှင့်‌ အောင်နန်းတော်ဆန်စက်မှ ဇီယာဆန်(၅၀၀)အိတ်နှင့်‌ ပေါ်ဆန်းဆန်(၅၀၀)အား ရေယာဉ်ပေါ်သို့ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖြင့် တင်ဆောင်ထားရှိမှု၊ တရားမဝင်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး၊ ရေယာဉ်ကြံခိုင်မှုရှိ/ မရှိတို့အား တာဝန်ခံနှင့် ပြောဆိုဆွေးနွေးခဲ့ပြီး တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၁၇-၇-၂၀၂၆) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်ဖြစ်သော ချမ်းမြေ့ကုန်စုံဆိုင်၊ ဒေါ်အေးကုန်စုံဆိုင်၊ ဦးအောင်သန်းကုန်စုံဆိုင်၊ စိန်နှင်းဆီ ကုန်စုံဆိုင်တို့အား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ နေ့စဉ်ရရှိသည့် စားအုန်းဆီခွဲတမ်းများကို ပြည်သူများထံ စနစ်တကျဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ၊ ရောင်းချမှုမှတ်တမ်းများနှင့် လက်ကျန်ပမာဏများကို စနစ်တကျထားရှိခြင်း ရှိ/ မရှိ စားဆီဖြန့်ခွဲရောင်းချရာတွင် မှန်(၆)မှန်ဖြင့် ဆောင်ရွက်ခြင်း ရှိ/ မရှိတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့ပြင် ဆိုင်ရှင်များအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချရန်၊ ခွဲတမ်းရရှိသည့် စားအုန်းဆီများကို သိုလှောင်ထားခြင်း သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ ရောင်းချမှုစာရင်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်နှင့် စားသုံးသူများအား မျှတစွာရောင်းချပေးရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင်အသွင်ယူကွင်းဆင်းစစ်ဆေး

        (၁၉.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ရှောင်တခင်အသွင်ယူ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် ဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ နေ့စဉ်ရရှိသည့် ခွဲတမ်းများကို ပြည်သူများထံ စနစ်တကျ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်းနှင့် စားသုံးသူများအား ရောင်းချရန် ငြင်းဆိုခြင်းများ ရှိ/ မရှိတို့ကို အသွင်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် ဆိုင်ရှင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ရောင်းချမှုမှတ်တမ်းများကို စနစ်တကျထားရှိရန်နှင့် စားသုံးသူအကျိုးစီးပွားကို အလေးထား၍ ရောင်းချဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ ရှောင်တခင်အသွင်ယူ ကွင်းဆင်းစစ်ဆေးမှုကို စားအုန်းဆီဖြန့်ဖြူးရောင်းချမှုများ စနစ်တကျရှိစေရေး၊ ပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လွယ်ကူစွာဝယ်ယူရရှိနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News