Main menu

HighLight News

Powered by Drupal

မအူပင်မြို့နယ်၌ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူအသိပညာပေး ဟောပြော

       (၂၅.၇.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁၅) ဦးအား ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာနှင့် စားသုံးသူအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲကို ဦးအောင်ဇော်ဦးက ဦးဆောင်ကျင်းပခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အရေးပါမှု၊ စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူများ၏ အခွင့်အရေးများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

       ထို့ပြင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်ပစ္စည်းအမည်၊ ထုတ်လုပ်သူ/ တင်သွင်းသူ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ အသုံးပြုပုံနှင့် သတိပြုရန်အချက်များကို ဥပဒေနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ သက်တမ်းကုန်ဆုံးသော ကုန်ပစ္စည်းများကို မရောင်းချရန်နှင့် စားသုံးသူများကို မှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲအတွင်း လုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များ၊ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းရှင်များ၏ တာဝန်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဟောပြောသူက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားအုန်းဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဟောပြော၍ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေး

         (၂၇.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံး၌ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် (၁၈) ဦးအား တွေ့ဆုံဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲကို ဦးဝင်းမင်းစိုးက မြို့နယ်ဦးစီးမှူးက ဦးဆောင်ကျင်းပခဲ့ပြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်။ ဟောပြောပွဲတွင် စားအုန်းဆီဈေးကွက် တည်ငြိမ်ရေးနှင့် ပြည်သူများထံ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချနိုင်ရေးဆိုင်ရာ အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

       လုပ်ငန်းရှင်များအနေဖြင့် ရရှိသည့် စားအုန်းဆီခွဲတမ်းများကို ပြည်သူများထံ အပြည့်အဝဖြန့်ဖြူးရောင်းချရန်၊ လုပ်ငန်းရှင်များအား ရရှိသော စားအုန်းဆီခွဲတမ်းများကို အပြည့်အဝ ဖြန့်ဖြူးရောင်းချရန်၊ ရည်ညွှန်းဈေးနှုန်းအတိုင်းသာရောင်းချရန်၊ ဈေးနှုန်းမတရား မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်၍ ဈေးကစားခြင်းများ မပြုလုပ်ရန်နှင့် ရောင်းချမှုမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆွေးနွေးပွဲအတွင်း ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များက စားအုန်းဆီခွဲတမ်းရရှိမှု အခြေအနေ၊ ဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ရည်ညွှန်းဈေးနှုန်း ပြောင်းလဲသတ်မှတ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဟောပြောသူက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် စားအုန်းဆီဈေးကွက် တည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီကို မျှတသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၇.၂၀၂၆)၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်း‌ကျေးရွာ “အောင်ချမ်းသာဆန်စက်နှင့်‌ အောင်နန်း‌တော်” ဆန်စက်မှ မြိတ်မြို့သို့ ဧည့်မထဆန်နှင့်‌ ကောက်ညှင်းဆန်များ တင်ပို့လျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းပါသည်။
     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အောင်ချမ်းသာဆန်စက်မှ ဧည့်မထဆန်(၂၅၀၀)နှင့်‌‌အောင်နန်း‌တော်ဆန်စက်မှ‌ ကောက်ညှင်းဆန်(၃၀၀) အိတ်ရေယာဉ်ပေါ်သို့ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များဖြင့် တင်ဆောင်ထားရှိမှု၊ တရားမဝင်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး၊ ရေယာဉ်ကြံခိုင်မှုရှိ/ မရှိတို့အား တာဝန်ခံနှင့် ပြောဆိုဆွေးနွေးခဲ့ပြီး တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

        ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို ဝယ်ယူစားသောက်စေရန်ရည်ရွယ်၍ ဖျာပုံမြို့နယ်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မုန့်နှင့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကို မှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ/ မရှိ၊ ထုတ်ပိုးမှုအခြေအနေ၊ သိုလှောင်ထားရှိပုံနှင့် အစားသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်မှားနှင့် ကိုက်ညီမှု ရှိ/ မရှိတိုကို အသေးစိတ်စစ်ဆေးခဲ့ပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးကိုအလေးထား၍ သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂‌၇) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဒေးဒရဲမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိ၊ သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ တို့ကို စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
     အဆိုပါ ကွင်းဆင်းစစ်‌‌ဆေခဲ့ရာတွင် အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါးများ မရောင်းချစေရန်၊ ကောင်းမွန်သော ဆေးဝါးထားသိုမှုနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP) နှင့် အညီ ရောင်းချစေရန်၊ ထို့ပြင် စားသုံးသူများအပေါ် မမျှတသောဈေးနှုန်းဖြင့် ရောင်းချမှုများမရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂6 ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားအုန်းဆီ ရောင်းချရာတွင် အချိန်အတွယ် ပြည့်မှီအောင်ရောင်းချစေရန်၊ ဈေးနှုန်းဗွီနှိုင်းများ ချိတ်ဆွဲရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စားအုန်းဆီရောင်းချနေသော ကာလအတွင်း စားသုံးသူပြည်သူများကို ချိန်တွယ်ရောင်းချရာတွင် အချိန်အတွယ်ပြည့်မှီအောင်ရောင်းချပေးရန်နှင့် စားအုန်းဆီဈေးနှုန်း ဗွီနှိုင်းများလည်း ချိတ်ဆွဲရောင်းရန်တို့ကို မှာကြားပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်းခရိုင်ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဂန့်ဂေါမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တာဝန်ခံရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၇.၇.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင်ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များအား စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသည့်ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့လည်း ပါဝင်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်စည်များရောင်းချနေသည်ကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအား ချပြရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ရွေးချယ်ဝယ်ယူတတ်စေဖို့ ဂန့်ဂေါမြို့ စာသင်ကျောင်းများသို့ အသိပညာပေးကြစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တာဝန်ခံရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၂၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/သူ(၈၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သည့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်း၊ စားသုံးသူ ပြည်သူများအတွက် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် ( Consumer Call Center ) ဖွင့်လှစ်ထားကြောင်းနှင့် ခေါ်ဆိုနိုင်သည် နံပါတ် (1535)သို့ ခေါ်ဆို၍ သိရှိလိုသည်များ၊ တိုင်ကြားလိုသည်များကို မေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီများအား FDA ဌာန၏ ထောက်ခံချက် ပါ/ မပါစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ပူးပေါင်းအဖွဲ့တို့သည် ပန်းတနော်မြို့နယ်ပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို အသုံးပြုနိုင်ရေးအတွက် ပန်းနှံသာဈေး၊ အင်းမဈေး၊ မြို့မဈေးနှင့် အခြားလက်လီ/လက်ကား ဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ အမျိုးမျိုးတို့တွင် FDA ဌာန၏ ထောက်ခံချက်မပါဝင်သော ကုန်စည်များရောင်းချခြင်း ရှိ/ မရှိနှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/ မရှိကို (၂၁.၇.၂၀၂၆)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆီအရောင်းဆိုင်ရှင်များကို စစ်ဆေးပြောကြားရာတွင် စားအုန်းဆီများ မြို့နယ်အတွင်းဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးသောအခါ ကျန်းမာရေးနှင့် ညီညွတ်ပြီး စနစ်တကျရှိစေရန်၊ ရောက်းချနေသော ဘူးဆီအမျိုးမျိုးတို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု ထောက်ခံချက်များ ရှိ/ မရှိနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပါဝင်မှု ရှိ/ မရှိကိုစစ်ဆေးခဲ့ရာ ပန်းတနော်ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ ဆီဗူးများသည် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ၊ ကုန်အညွှန်းများ ပါဝင်သောဆီဗူးများကိုသာ ရောင်းချနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)တွင် လူငယ်များအသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်တောင်ရပ်ကွက်ရှိ  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်ကျောင်း အစည်းအဝေးခန်းမတွင်(၂၀.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်တို့သည် အစိုးရနည်းပညာကျောင်းရှိ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် Online Shopping နှင့် ပတ်သတ်၍ စားသုံးသူများ ရင်ဆိုင်ရမည့်  အချက်အလက်များအား အသိပညာပေး ဟောပြောခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုဆက်သကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက္ကသိုလ်ကျောင်းသားများမှ Call Center 1535 သို့ ဆက်သွယ်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News