Main menu

HighLight News

Powered by Drupal

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဆွေးနွေးဟောပြော

   စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှဖွင့်လှစ်သော လူသုံကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ၂၀၂၄ခုနှစ် မေလ ၁၄ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများကို သင်တန်းတစ်ချိန်ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/ သင်တန်းသား (၂၁) ဦးတက်ရောက်ခဲ့ပါသည်။

       စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်ကိုပြောကြားခဲ့ပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ကပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊ ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူ ကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့်ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည်စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာစားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် ပန်းဖလက်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းများအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် အချိုရည်အမျိုးမျိုး၊ အသင့်စားစားသောက်ကုန်အမျိုးမျိုး၊ ခေါက်ဆွဲခြောက်အမျိုးမျိုး၊ မုန့်အမျိုးမျိုး စသည်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး  ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် စားသောက်ကုန်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်စားသောက်ကုန်များ၊ မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့်တားမြစ်စားသောက်ကုန်များ စသည်တို့ကိုလည်းရောင်းချခြင်းမပြုရန်အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း (၁) ဦးတို့သည် (၁၀-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိမရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အအမှတ် (၂/၂၀၁၉) နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

        (၁၃-၅-၂၀၂၄) ရက်နေ့၌ ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန်ရှယ် အနိမ့်ဆုံးဈေးမှာ ကျပ်၈၅၀၀၀မှ အမြင့်ဆုံးဈေးမှာ ကျပ်၁၀၀၀၀၊ ဖျာပုံရွှေပုစွန်ရိုးရိုး ကျပ်၇၀၀၀၀မှ  ကျပ်၇၅၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ်၆၀၀၀၀မှ ကျပ်၇၀၀၀၀၊ ဖျာပုံချိုသေးရှယ် ကျပ်၄၀၀၀၀မှ ကျပ်၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုး ကျပ်၂၅၀၀၀မှ ကျပ်၃၅၀၀၀၊ ရခိုင်ရွှေပုစွန်ရှယ်မှာ ကျပ်၇၀၀၀၀မှ ကျပ်၈၀၀၀၀၊ ရခိုင်ရွှေပုစွန်ရိုးရိုး ကျပ်၅၀၀၀၀မှ ကျပ်၆၀၀၀၀၊ ငါးကျီးကြပ်တိုက်ကြီး အနိမ့်ဆုံး ကျပ်၇၀၀၀၀မှ ကျပ်၇၅၀၀၀၊ ငါးကျီးကြပ်တိုက်သေး အနိမ့်ဆုံး ကျပ်၄၅၀၀၀မှ ကျပ်၅၀၀၀၀၊ ငါးမြွေထိုး ကျပ်၃၅၀၀၀မှ ကျပ်၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ်၆၅၀၀၀မှ ကျပ်၇၀၀၀၀၊ ငါးရံ့ခြောက်လတ် ကျပ်၄၅၀၀၀မှ ကျပ်၅၅၀၀၀၊ ငါးရံ့လုံး ကျပ်၃၅၀၀၀မှ ကျပ်၄၀၀၀၀၊ ကလိန် ကျပ်၉၅၀၀မှ ကျပ်၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ်၃၀၀၀၀မှ ကျပ်၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ်၁၀၀၀၀မှ ကျပ်၁၅၀၀၀၊ ငါးနှပ်ချို ကျပ်၂၅၀၀၀မှ ကျပ်၃၀၀၀၀၊ ငါးပုပ်သင်တစ်ပိဿာလျှင် ကျပ်၂၀၀၀၀မှ ကျပ်၂၅၀၀၀၊ ငါးရောင်ကြီးတစ်ပိဿာလျှင် ကျပ်၃၅၀၀၀မှ ကျပ်၄၅၀၀၀၊ ငါးရောင်လတ်တစ်ပိဿာလျှင် ကျပ်၂၅၀၀၀မှ ကျပ်၃၅၀၀၀၊ ဆီငါးရောင်တစ်ပိဿာလျှင် ကျပ်၃၅၀၀၀မှ ကျပ်၄၀၀၀၀၊ ငါးရွှေသေးတစ်ပိဿာလျှင် ကျပ်၁၅၀၀၀မှ ကျပ်၂၀၀၀၀၊ ငါးမြီးတံသွယ်တစ်ပိဿာလျှင် ကျပ်၄၀၀၀မှ ကျပ်၄၅၀၀၊ ငါးပူးစီတစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၈၀၀၀ဈေးနှုန်းတို့ရှိကြောင်း ကုန်စည်ဒိုင်မှစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ ဆက်စပ်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွှန်ကြားချက်အရ ဆန်အပါအဝင်အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်အတွက် ဆန်ဈေးနှုန်းများမြှင့် တက်လျှက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများ အများအပြားရှိသော မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ၉.၅.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သောအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်း ဆင်းရာတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ ဇမ္ဗူကျော်ဆန်ပွဲရုံ၊ အောင်စင်္ကြာဆန်ပွဲရုံ၊ ကောင်းဆန်ပွဲ ရုံ၊ ရွှေပိတောက်ဆန်ပွဲရုံ၊ ရွှေရောင်ပြန်ပွဲရုံတို့တွင် ဆန်ရောင်းချနေမှုများအားကွင်းဆင်းခဲ့ပါသည်။ ဆန်ပွဲရုံ များ၏ဝယ်ယူသောတိုင်းနယ်ပြည်နယ်များ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းမှ ဖျာပုံပေါ်ဆန်း၊ မြောင်းမြပေါ် ဆန်း၊ ဧရာဝတီတိုင်းမှ ဧရာဝတီပေါ်ဆန်း၊ ဆင်းသုခ၊ သီးထပ်၊ ရန်ကုန်တိုင်းမှ ရက်(၉၀) ၊ အညာသားဆန် များအားပုံမှန်ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အားဝယ်ယူသုံးစွဲရာတွင် အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၃) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် လှိုင်ရတနာဈေးနှင့် မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးတို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုး တို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ် ဆေးရေးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ လှိုင်မြို့နယ် လှိုင်ရတနာဈေးနှင့် မရမ်းကုန်းမြို့နယ် မြဂန္ဓမာဈေးတို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့နှင့် စားသုံးဆီအမျိုးမျိုးတို့အားရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ရေးသားဖော်ပြရမည့်အချက်များ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အစားအသောက်များ၊(FDA)၏ခွင့် ပြုချက်မရှိသော စားသောက်ကုန်နှင့် သက်တမ်းကုန်းဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မေလ (၇) ရက်နေ့မှ မေလ (၁၃) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၉၇၈၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၉၁၂၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးမှာ  တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၁၀၀၊  ရွှေဘို ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၃၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံး၏ညွန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊မေလ(၁၁) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ စားသုံးဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာတွင် အမေထွား၊ သဘာဝမြေပဲဆီအမျိုးမျိုးတို့၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ မိမိတို့၏ဈေးဆိုင်တွင် ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်လမ်းကြောင်းမှ တင်သွင်းဖြန့်ဖြူးနေသော ပြည်ပမှစားသုံးဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အစား အသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန(FDA)၏ခွင့်ပြချက်မပါသောစားသုံးဆီများအား မိမိတို့၏ ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချလျှက်ရှိ‌သော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လက်လီ၊ လက်ကားရောင်းချလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောစားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ မေလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှခေတ္တမြို့နယ်မှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှအမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်းအဖွဲ့သည် ဘုရားလမ်းရပ်ကွက်ရှိ၊ စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်အေးငြိမ်းမြတ်၊ လက်ခိုက်ကျေးရွာသဲကုန်းပိုင်းမှ ဒေါ်မေဇင်ဦး၊ ဆပုဂံကျေးရွာရှိ ဒေါ်မော်မော်နိုင် စားအုန်းဆီအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးနေသည့်အခြေအနေများအား စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများဖြင့်ရောနှောရောင်းချခြင်း၊ သိုလှောင်ထားခြင်း များမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်ဆိုင်များအနေဖြင့် လက်လီ၊ လက်ကားစားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)အချိန်နာရီတွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျှက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိကုန်စုံဆိုင်များ၌ လုပ်ငန်းပိုင်ရှင်ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပိုပြီး တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News