မကွေးမြို့၊ ရန်ပယ်စျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်
မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိပါသည်။
(၁၃-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းအား စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စျေးကော်မတီဝန်ထမ်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသည် ရန်ပယ်စျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန်နှင့် မှိုတက်နေသော စားသောက်ကုန်များရှိ/ မရှိနှင့် စျေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)