Main menu

HighLight News

Powered by Drupal

Online စနစ်ဖြင့် ရောင်းချနေသော အရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နန်းပျိုဖြူခေါင်းလျော်ရည်၊ ရေချိုး ဆပ်ပြာစသဖြင့် လူသုံးကုန်ပစ္စည်း online ရောင်းချသူနှင့် တွေ့ဆုံကာ online ရောင်းချမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်အား လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတိုင်းလုပ်ငန်းအမှန်တကယ် ရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိ ၊လုပ်ငန်းရှင်ဖုန်းနံပါတ်၊ ရောင်းချသူ  Facebook Page မှန်ကန်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု့တို့ကို စီစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

မိုးညိုမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၀.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညိုမြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချနေသော ဒေါ်ဆွေဆွေဝါကုန်စုံဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ဦးသန်းမောင် မြို့မဈေးအတွင်းရှိသခင်လှရှိန် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/ မရှိ မိုးညိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

ဆန်ဆိုင်နှင့် ပွဲရုံဂိုဒေါင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် ဦးစီးမှူးရုံး စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုသည် ခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်း ဌာနတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာတို့ ပူးပေါင်းအဖွဲ့နှင့် အတူ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ ဆန်ပွဲရုံ၊ ဂိုဒေါင်များသို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့် ရောင်းချမှု ရှိ/ မရှိ၊ ဆန်လက်ကျန် ကျန်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်တွင် ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ လုပ်ငန်းများကို ဈေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေးအတွက်   စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း နတ်တလင်းခရိုင် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မိ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင့်၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၃) ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း  (၃) ခုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့် လုပ်ငန်း (၃)ခုသည် ညွှန်ကြားချက်နှင့် အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကို တွေ့ရှိရပြီး လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

       ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့်  စားအုန်းဆီအရောင်းဆိုင်များအား   စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလတတိယပတ်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါကွင်းဆင်းအဖွဲ့သည် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်မားရေနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကြောင်း ဆောင်ရွက်စေရေးအတွက် နတ်တလင်းမြို့နယ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့်  စားအုန်းဆီ အရောင်းဆိုင်များတွင် မိမိရရှိသောခွဲတမ်းကို  စားသုံးသူပြည်သူ့လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်၊ ညွှန်ကြားခဲ့သည် စာအုပ်စနစ်ဖြင့်   နေ့စဉ် စားအုန်းဆီခွဲတမ်းရ ဦးရေကို ရောင်းချပေးနိုင်စေရေး၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ်ပေးစေရေး၊ အလေးချိန်ပြည်မှီရေးနှင့် ရည်ညွှန်ဈေးပေါ်မူတည်၍ ဈေးနှုန်းမြှင့် မရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်၏ သတ်မှတ်ဈေးနှုန်း အပေါ်တွင်သာရောင်းချရန် အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ပဲခူး)

ပိုးသတ်ဆေးအရောင်းဆိုင်များအား အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ ပိုးသတ်ဆေး အရောင်းဆိုင်များတွင် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများ စီမံထိန်းချုပ် ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုကို   ဇန်နဝါရီတတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါကွင်းဆင်းစစ်ဆေးမှုအဖွဲ့သည် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများကို စီမံထိန်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်း (၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေး ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈)အရ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သုံးစွဲခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ထုတ်ပြန်ပြီး  (၂)နှစ်တာကာလအထိ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးများအဖြစ် သတ်မှတ်လိုက်သည့်အတွက်  ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ပေးရေဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ပိုးသတ်ဆေးများ ရောင်းချစေရန် ပိုးသတ်ဆေးအရောင်းဆိုင် လုပ်ငန်းရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Myro တွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံးများ တစ်နှစ်ပြည့် သက်တမ်းတိုးများလာရောက် လျှောက်ထား

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်းဆောင်ရွက်သော မြန်မာဆန်စပါးအွန်လိုင်း(Myro)တွင် သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်သော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးကို www.myro.com.mm တွင် ဝင်ရောက်၍ သက်တမ်းတိုးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

          သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်၊ လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း မိမိတို့ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ် လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ပြည်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လက်ရှိအချိန်ထိ (Myro)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံအလုံး(၁၁၁)ရှိပြီး ယခင်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလ၌ (Myro)မှတ်ပုံတင်ထားသော ဆန်စပါး သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် ပြည်ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိပါသည်။

           (၂၀.၁.၂၀၂၆)ရက်နေ့တွင် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင် ဦးဇာနည်ထွန်းသည် ၎င်းတို့၏ သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက်မေးမြန်းရာ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် သတင်းနည်းဌာနခွဲမှ သက်တမ်းတိုးလျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA(ပဲခူး)

ပဲခူးမြို့အတွင်း ဈေးများရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့ပါဝင်သာ စစ်ဆေးရေးအဖွဲ့သည် ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတွင် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား ၊အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့် သိသာထင်ရှားစွားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ‌ရောင်းချကြရန်၊  ကုန်ပစ္စည်းများ သက်တမ်းကုန်ဆုံးမှုရှိ/ မရှိကို သတိထားစောင့်ကြည့်ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာရကြမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အနေဖြင့်လည်း အစားအစာများနှင့် အခြားလူသုံးကုန်ပစ္စည်းများရောနှောရောင်းချခြင်းမပြုရန်၊ FDA ထောက်ခံချက် မပါရှိသော ကုန်ပစ္စည်းများကိုရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့ရှိ စတိုးဆိုင်သို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

           မုံရွာခရိုင်အနေဖြင့် ဇန်နဝါရီလ တတိယပတ်တွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ K-Mark စတိုးဆိုင်သို့ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုး သွားတိုက်ဆေးအမျိုးမျိုးနှင့် Goody-အမှတ်တံဆိပ်၊ ဟင်းရွက်ဆီ (အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ) ဘူးတို့တွင် ကုန်ညွှန်းအမှတ်အသားများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ၊ ညွှန်ကြား ချက်၂/၂၀၁၉၊ ၁/၂၀၂၁နှင့်ကိုက်ညီမှု့ရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်  ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News