Main menu

HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းနှင့် အခြားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများအလွန်အကျွံသုံးစွဲနေခြင်းကြောင့် မိမိတို့အနေဖြင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျော့နည်းစေရန်ရည်ရွယ်၍ ဈေးရာင်း၊ ဈေးဝယ်နေကြသည့် စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲနေမှုနှင့်စပ်လျဉ်းသော အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က သွားရောက်ကာ ကွင်းဆင်းအသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်နေကြသည့် စားသုံးသူပြည်သူများကိုတွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်ကျင်းထိခိုက်မှုကိုဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကိုသုံးစွဲခြင်းများမပြုလုပ်ကြရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော ငှက်ပျောဖက်၊ ပင်ဖက်စက္ကူနှင့် ဒေသထွက်သစ်ရွက်များဖြင့်သာ ထုပ်ပိုးရောင်းချကြရန်လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် သန့်ရှင်းလတ်ဆတ်သော အသားငါး၊ အသီးအရွက်နှင့် အခြားစားသောက်ကုန်ပစ္စည်းများကို စနစ်တကျရောင်းချပေးကြရန်နှင့် ဈေးရောင်းပြီးအချိန်တွင်လည်း ဆေးဆိုင်ခန်းများသန့်ရှင်းသပ်ရပ်စေရန်အတွက် စနစ်တကျသန့်ရှင်းရေးများ အလေးထားဆောင်ရွက်သွားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားကျင်းပ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)နှင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားကို  မကျီးကန်ကျေးရွာ၊ တလုပ်ကြီးကွင်း၊ ဦးပိုင်အမှတ်(၂၅)၊ ကွင်းအမှတ် (၂၉၁) ရှိ ဦးအေးကြိုင်၏ လယ်မြေ(၁၀)ဧက၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါအခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့ (မျိုးစပါး) ကုန်ကျမှုသက်သာခြင်း၊ ပင်ကြားတန်းကြားညီညာစွာစိုက်ပျိုးနိုင်ခြင်း၊ ကြားလိုက်သမန်းနိုးရန်လွယ်ကူခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ ပင်ပွားကောင်းမွန်ခြင်း၊ လေဝင်လေထွက်ကောင်း၍ အပင်ဖြစ်ထွန်းမှုပိုမိုကောင်းမွန်ခြင်း၊ အတန်းလိုက်စိုက်ထား၍ မြေဩဇာအာဟာရများညီမျှစွာစားသုံးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ စုပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများနှင့်ကိုက်ညီရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လယ်သမားများ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီး မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)နှင့် လက်တွေ့စိုက်ပျိုးနေမှုအား တက်ရောက်သူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

     အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)နှင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့်တောင်သူများ၊ စုစုပေါင်းဦးရေ (၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ တွံတေးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၏ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးတို့အတွက် သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုများမဖြစ်ပေါ်စေရေးကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မင်းပိုင်ရပ်ကွက်ရှိ ရွှေအုန်းညွန့်ဆန်ဆိုင်နှင့် ကျော်စန်းဝင်းဆန်ဆိုင်တို့၏ ဝယ်ယူဖြန့်ဖြူးရောင်းချနေမှုများ၊ ဆန်အမျိုးအစားအလိုက်ဝယ်ယူထားသည့်အိတ်၊ ရောင်းချမှုအိတ်၊ လက်ကျန်အိတ်၊ ဆန်ဝယ်ယူသည့်နေရာဒေသနှင့် သိုလှောင်နေရာ၊ ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများအားမေးမြန်းစစ်ဆေးခဲ့ပြီး အမျိုးအစားအလိုက် ဆန်အိတ်များကို ဒေသတွင်းဆန်စက်များက အများစုဝယ်ယူရောင်းချနေပြီး ဈေးနှုန်းမှာ ထူးခြားပြောင်းလဲမှုမရှိဘဲ ပုံမှန်ဝယ်ယူဖြန့်ဖြူးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုင်ရှင်ပိုင်ရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ဖြန့်ဖြူးခြင်းများကိုမပြုလုပ်ကြရန် ကွင်းဆင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများ၏ ဆန်ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်ကျေးရွာများ၌ လက်လီ/ လက်ကားဝယ်ယူဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးတို့အတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများအနေဖြင့် မြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော တော်ကူးကျေးရွာ၊ ကညင်းကုန်းကျေးရွာများနှင့် မြို့ပေါ်ရှိဆန်စက်ကြီးများမှ ဆန်အိတ်များကိုသာဝယ်ယူဖြန့်ဖြူးရောင်ချလျက်ရှိကြောင်း၊ တစ်ပတ်လျှင် အိတ်(၃၀)ပါ ထော်လာဂျီနှင့်တစ်ကြိမ်ခန့်သာဝယ်ယူပြီး ဆန်တစ်အိတ်လျှင် ဝယ်ယူရသည့်ဈေးအပေါ် (၃)ရာခိုင်နှုန်းအမြတ်သာယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဒေသထွက်ငစိန်ဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ဧည့်မထတစ်အိတ်လျှင် (၉၀၀၀၀)ကျပ်နှင့် ကျားပျံတစ်အိတ်လျှင် (၁၃၀၀၀၀-၁၄၀၀၀၀)ကျပ်အထိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်၏ ဆန်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းတို့မှာ ကွာဟမှုမရှိဘဲ ဆန်ဈေးနှုန်းတည်ငြိမ်လျက်ရှိနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ယခုအခါ ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမဖြစ်ပေါ်စေရေးတို့အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

                                   

“ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးရန်၊ ကားလမ်းဘေး ဝဲယာရှိ စံပြစိုက်ဧကများတွင်လည်း (Seeder)ဖြင့်စိုက်ပျိုးသွားရန်၊ (Seeder)ဖြင့်စိုက်ပျိုးဧကစာရင်း၊ မြေပြင်ပြုပြင်မှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးမှုစာရင်းအား အပတ်စဉ် သောကြာနေ့တိုင်းတင်ပြရန်၊ မိုးစပါးစိုက်တောင်သူများ၊ သီးထပ်စိုက်ပျိုးမည့်တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးများမဖြစ်ပွားစေရေး မိုးလေဝသသတင်းကိုနားထောင်ကြရန်၊ တိုက်ရိုက်ပျိုးစေ့ချကိရိယာ(Seeder)များအသုံးပြု၍ မိုးစပါးသီးထပ်သီးနှံများစိုက်ပျိုးပါက ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများသိနိုင်အောင် သက်ဆိုင်ရာဌာနများအနေဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေသွားရန်၊ လယ်ယာမြေအပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် ကျောင်းသား/သူများ အေးငြိမ်းစွာကျောင်းတက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းနေရမည့်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းရောက်ရှိရေးတို့ကိုဆောင်ရွက်သွားကြရန် မိုးရာသီတွင် ရာသီတုပ်ကွေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်သွားကြရန်၊ သဘာဝဘေးဖြစ်စဉ်များပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီတင်ပြရန် ပြောကြားခဲ့ကြောင်းသိရသည်။

      ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးများက မိမိတို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများကိုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၊ ဆေးဆိုင်များရှိ ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက်‌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံဖြင့် ဆေးဆိုင်များအားစစ်ဆေး၍ ပြန်လည်တင်ပြရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်းရှိ မေခလာဆေးဆိုင်နှင့် အေးမင်းစိုးဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်ပြည့်စုံဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မကျီးကန်ရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်များ၌ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြင့်တက်စေရန်ရည်ရွယ်၍ ဈေးကစားရန် သိုလှောင်ထားခြင်းရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ် တာလမ်းသစ်ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တာလမ်းသစ်ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၀၇း၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာအချက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာများအနက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူအများပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအများပြည်သူများအနေဖြင့် အမှန်တကယ်နစ်နားဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် “Call Center” နှင့် စားသုံးသူသတင်းအချက်အလက်နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ တိုင်ကြားနိုင်ကြောင်း၊ ၎င်းနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောစီမံကိန်းများအားစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စီမံကိန်းများတင်ပြထားသည့်အတိုင်း လုပ်ကိုင်ခြင်းရှိ/မရှိစစ်ဆေးရန် မြို့နယ်စိစစ်ရေးအဖွဲ့မှတာဝန်ရှိသူများသည် တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ်ကျခံသုံးစွဲမှုတို့ကို (၆)လလျှင် တစ်ကြိမ် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်ရန်ပုံငွေဖြစ်အောင် လုပ်ကိုင်နေခြင်းရှိ/မရှိစစ်ဆေးရန်အတွက် မြို့နယ်စိစစ်ရေးအဖွဲ့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်စိစစ်ရေးအဖွဲ့အနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ၏သိရသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ၊ ဥပဒေရုံးမှ ဥပဒေအရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်ရှိ ဆန်ဆိုင်များ၏ ဆန်ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ယခုအခါဆန်ဈေးနှုန်းများမြင့်တက်လာမှုရှိသည့်အတွက် ဈေးနှုန်းမြင့်တက်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိကို ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၆) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဧရာမင်းဆန်ဆိုင်၊ ကျော်ဆန်ဆိုင်၊ ငြိမ်းချမ်းဆန်ဆိုင်၊ မွှေးဆန်ဆိုင်တို့၏ ဝယ်ယူဖြန့်ဖြူးရောင်းချမှု အနေဖြင့် ဆန်အမျိုးအစားအလိုက် ဝယ်ယူထားသည့်အိတ်၊ ရောင်းချနေသည့်အိတ်၊ ဆန်လက်ကျန်အိတ်၊ ဆန်ဝယ်ယူရသည့်ဒေသနှင့်သိုလှောင်သည့်နေရာ၊ ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ၊ ဘောင်ချာရက်စွဲများမှာ ထူးခြားပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ သုံးခွမြို့နယ်ဆန်ဆိုင်များအနေဖြင့် ဒေသအတွင်းရှိဆန်စက်များ၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာနှင့် ဘုရင့်နောင်ပွဲရုံ၊ ရန်ကုန်မြို့တို့မှ ဝယ်ယူဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် ရယူတောင်းဆိုတတ်စေရေး အသိပညာပေး Talk Show ကျင်းပ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇-၆-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာန၊ မြိုင်မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးသည်  မြိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးတို့နှင့်ပူးပေါင်းကာ “ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်  အာမခံချက်ပေးထားမှုနှင့်စပ်လျဉ်းသော အသိပညာပေး Talk Show ပြုလုပ်ကျင်းပခဲ့ပါသည်။

       Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိုင်မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာနသမိုင်းအကျဉ်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေထုတ်ပြန်သည့်ရက်စွဲ၊ ပါဝင်သည့်အခန်း၊ ပုဒ်မများကိုပြောကြားခဲ့ပြီးနောက် ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်က အခန်း(၁၃)၊ ပုဒ်မ၂၆အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှုပေးရန်ပျက်ကွက်လျှင် စားသုံးသူ၏ ရယူတောင်းဆိုနိုင်ခွင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News