Main menu

HighLight News

Powered by Drupal

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချနေသည့်ဆိုင်များသို့ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်ဟု တားမြစ်ထားသည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ကြေညာထားသောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။     

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ကုန်မျိုးစုံနှင့်  မုန့်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြကြရန်ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြကြရန်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းသို့ သွားရောက်အသိပညာပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက်၊ မူလတန်းကြိုကျောင်း၌ဖွင့်လှစ်သည့် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ECCD အခြေခံ(အခမဲ့)သင်တန်းတွင် နံနက် (၉း၀၀) နာရီအချိန်မှ နေ့လယ် (၁၂း၀၀) နာရီအချိန်ထိ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသူ (၂၀) ဦးနှင့် ဆရာမ (၂) ဦး၊ စုစုပေါင်း (၂၂) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့်အချက် (၈) ချက်အကြောင်း၊ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့်သင်တန်းသူများနှင့် ဆရာမများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီးနောက် လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်၌ အလှကုန်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် သုံးစွဲသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၂) ရပ်ကွက်နှင့် ရွှေအိုး (၂) ရပ်ကွက်ရှိ အလှကုန်အရောင်းဆိုင် (၅) ဆိုင်သို့သွားရောက်၍ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ဟု တားမြစ်ထားသောအလှကုန်တစ်မျိုးဖြစ်သည့် “VONGEE” အမှတ်တံဆိပ်ပါ Eyeshadow Palette (18g) အလှကုန်တစ်မျိုးအား ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သမာအာဇီဝအလှကုန်အရောင်းဆိုင်တွင် ရောင်းချဖြန့်ဖြူးနေသည်ကို တွေရှိခဲ့ရမှုအပေါ် သုံးစွဲသူများအတွက် ဘေးအန္တရာယ်ရှိပြီး သုံးစွဲရန်မသင့်သည့်အတွက် စျေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်ရေးအတွက် မြို့နယ်ကျန်းမာရေးအဖွဲ့က သိမ်းဆည်း၍ ဖျက်ဆီးခဲ့ပါကြောင်း သိရှိရပါသည်။

    ထုတ်လုပ်/ရောင်းချ/ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားနေသော ဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသောကုန်ပစ္စည်းများကိုသာ သုံးစွဲသူများဘေးကင်းလုံခြုံရန်အတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖို၊ ပဲပြားဖိုများ၌ ကုန်ပစ္စည်းနမူနာဝယ်ယူခြင်းနှင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

     (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစမ်းသပ်ရန်အတွက် ကုန်စည်နမူနာဝယ်ယူ၍ Mobile Lap ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     မုန့်ဖတ်ဖိုများတွင် လုပ်သား(၃)ဦး၊ (၄)ဦးဖြင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး မုန့်ဖတ်ပြုလုပ်ရာတွင် ဧရာဝတီ (ဆလပ်) ကိုအသုံးပြုကြပြီး သကြား၊ ဆား၊ ဆော်ဒါထည့်၍ပြုလုပ်ကြရပါသည်။ တစ်ချို့မုန့်ဖိုများမှာ လက်ဖြင့်ပြုလုပ်ပြီး တစ်ချို့မှာ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ကြပါသည်။ မုန့်ဖတ်ပြုလုပ်ရာတွင် ဆန်ဆလပ်ကြီးတစ်အိတ်လျှင် ယခင်က ကျပ် (၅၄၀၀၀-၆၀၀၀၀) ဖြင့်ဝယ်ယူရပြီး ယခုအခါတွင် ကျပ် (၅၅၀၀၀မှ၆၀၀၀၀) ဖြင့်ဝယ်ယူကြရကြောင်း၊ နန်းပြားပြုလုပ်ရာတွင် နှမ်းဆီ/ပဲဆီထည့်ကိုင်တွယ်ပြုလုပ်ရကြောင်း၊ စက်ရေဖြင့်အသုံးပြုကြကြောင်း၊ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ရာတွင်လည်း မီးလာလျှင် တစ်နေ့နှစ်ကြိမ်ခွဲ၍ပြုလုပ်ကြကြောင်း၊ မုန့်ဖတ် ၅၀ကျပ်သားလျှင် ကျပ် (၁၀၀၀)၊ ၁ပိဿာလျှင် ကျပ် (၁၈၀၀-၁၉၀၀)၊ ခေါက်ဆွဲဖတ် ၁ပိဿာလျှင် ကျပ် (၃၅၀၀-၃၈၀၀) တို့ဖြင့် အသီးသီးရောင်းချကြပြီး တစ်နေ့လျှင် ပိဿာချိန် (၁၅၀_၁၆၀) ခန့်ရောင်းချကြပါသည်။ ပဲပြားဖိုများ၌ ကွင်းဆင်းရာတွင် ပဲပြားများကို သကြား၊ ဆား၊ ပဲပုပ်စေ့တို့ဖြင့် ပြုလုပ်ကြကြောင်း၊ မြစ်ရေကို ပြန်ကျို၍ စစ်တောင်းထဲတွင်ထည့်ကာ ဘိဖြင့်ဖိ၍ပြုလုပ်ကြကြောင်း၊ ဆားရည်ကို (၃) ရက်ခန့်နှပ်၍ အသုံးပြုကြကြောင်းနှင့် ပဲပြားများကို မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ သစ်ရာကောက်၊ နတ်မောက်နယ်များသို့ ဖြန့်ဝေရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရ သိရှိရပါသည်။

DOCA(မကွေး)                                          

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ (၅/၂၀၂၃) ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြှင့်တက်စေရေးတို့အတွက် Thursday Talk အသိပညာပေးသင်တန်းများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း (labelling) နှင့်ပတ်သတ်၍လည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်(ဒု-ဦးစီးမှူး)က အောင်မြင်သော စားသုံးသူအသိပညာပေးဆွေးနွေးပွဲတစ်ခုဖြစ်မြောက်စေရန် ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုလည်းကောင်း၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်လျမ်းဝေ(ဒု-ကြီးကြပ်ရေးမှူး)က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ဝန်ထမ်းများက  သိရှိလိုသည်များကို ‌မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး ားနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                                               

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့် ဝန်ထမ်းများသည် (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့ကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးလေးလွင်က မုန့်မျိုးစုံဆိုင် (၃) ဆိုင်တွင် ရောင်းချနေသော Easy Bites ပြောင်းဖူးအရသာ ကရင်မ် (cream) ပါ ပေါင်မုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ဥပဒေပြဋ္ဌာန်းချက်များအနက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနကထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊   ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနက ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန်အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းအထက်ကျေးရွာ၊ အ-ထ-က (ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အူကျွန်းအထက်ကျေးရွာ၏ အ-ထ-က (ခွဲ) ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနက လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ပုဒ်မ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိတို့၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။

     ထို့နောက် ကျောင်းမုန့်ဈေးတန်းကို စားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များအား သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၃) ဦး၊ ကျောင်းသားကျောင်းသူ (၁၄၆) ဦး၊ စုစုပေါင်း (၁၅၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကုန်ပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမတွင် မအူပင်ခရိုင်အတွင်းရှိ ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ထုတ်ကုန်ပြပွဲကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးသယံဇာတဝန်ကြီး ဦးအုန်းမြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 အဆိုပါဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ပြခန်းပေါင်း (၂၀ ) ခန့်ကို တက်ရောက်အားပေးခဲ့ပါသည်။

    မအူပင်ခရိုင်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များ၏ အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း (၇၀၈၁၉၆) ခန့်ရှိပြီး အဓိကသီးနှံ (၁၀) မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံနှင့် အစေ့ထုတ်ပြောင်းတို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ မအူပင်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သဖြင့် ထွက်ရှိပြီးသောစပါးများကို တန်ဖိုးမြှင့်ကြိတ်ခွဲ၍ ပြည်တွင်းစားဆန်နှင့် ပိုလျှံသည့်စပါးများကို နိုင်ငံခြားငွေရရှိစေရန် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန်အတွက် မအူပင်မြို့တွင် အဆင့်မြင့်ဆန်စက် (၁၉) စက်၊ ပန်းတနော်မြို့နယ်တွင် အဆင့်မြင့်ဆန်စက် (၁၈) စက်၊ ညောင်တုန်းမြို့နယ်တွင် အဆင့်မြင့်ဆန်စက် (၄၂) စက်နှင့်၊ ဓနုဖြူမြို့နယ်တွင် အဆင့်မြှင့်ဆန်စက် (၄၂) စက်ဖြင့် တန်ဖိုးမြှင့်ဆန်များထုတ်လုပ်ရုံသာမက ငါးမွေးမြူရေးကဏ္ဍနှင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

    ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကုန်ပြပွဲကို (၈-၆-၂၀၂၃) ရက်နေ့မှ (၁၀-၆-၂၀၂၃) ရက်နေ့ထိဖွင့်လှစ်ပြသခဲ့ပြီး မအူပင်မြို့နယ်၏ ဒေသထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ ပဲ၊ ပြောင်းများ၏ ထွက်ကုန်ကဏ္ဍ၊ အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော ကျား၊ ပဲမုန့်၊ ကျားသစ်ပဲမုန့်၊ MMK ပဲမုန့်၊ လင်းလင်းသနပ်ခါးနှင့် သမီးချောမြေပဲဆီများကို ပြသထားပြီး မအူပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ Goodbrother ကုမ္ပဏီ၏ထွန်စက်၊ မျိုးစေ့ချထွန်စက်နှင့် အခြားစက်မှုလယ်ယာသုံးစက်ကိရိယာများ၊ မအူပင်တက္ကသိုလ်မှ ငှက်ပျောပင်စည်မှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ပန်းတနော်မြို့နယ်၏ မွေးမြူရေးကဏ္ဍတွင် အောင်မြင်နေသော Gobal Earth Argro & Aqua Industry Public Co.,Ltd ၏ မြစ်ငါးတန်ထုတ်လုပ်မှုမှရရှိသည့် အသားလွှာများ၊ ပန်းတနော်မြို့နယ်၊ ထူးထက်ဟန်ကုမ္ပဏီ၏ အသာတိုးဝက်မွေးမြူရေးပြခန်း၊ သင်ဖြူးဖျာထုတ်ကုန်ပစ္စည်းပြခန်းနှင့် ညောင်တုန်းမြို့နယ်၊ နို့စားနွားမွေးမြူရေးလုပ်ငန်းမှထုတ်လုပ်သည့် နို့နှင့် နို့ထွက်ပစ္စည်းပြခန်းများနှင့်၊ ဓနုဖြူမြို့နယ်၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းပြခန်းများကို စိတ်ဝင်စားသော စားသုံးသူပြည်သူများ၊ ကျောင်းသား/သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များလာရောက်ကြည့်ရှု၍ ဝယ်ယူအားပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။

    မအူပင်ခရိုင်သည် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတွင်သာမက ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ကဏ္ဍများတွင်လည်း အောင်မြင်တိုးတက်ထုတ်လုပ်လာနိုင်မည့် အလားအလာကောင်းများကို ယခုပြခန်းဖွင့်လှစ်ပြသမှုမှ တွေ့မြင်သိရှိရပါသည်။

   (၁၀-၆-၂၀၂၃) ရက်နေ့၊ ညနေ (၁၈း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင်များသည် ပြခန်းများအတွင်းသို့ လာရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီးနောက် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမတွင်ပြသထားသော မအူပင်ခရိုင်၊ ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ ထုတ်ကုန်ပြပွဲသည် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့၊ အမှတ် (၁၄) ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ် (၁၄) ရပ်ကွက်ရှိ ပြည်သူ (၅၆) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊  အခန်း(၉)၊ ပုဒ်မ (၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင်အ‌ရေးများ၊ လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသောကုန်စည်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်၊ ဝန်ဆောင်မှုများကို မည်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ပုဒ်မ (၄၁)၊ (၄၃)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကို ပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားကြောင်း၊  Consumer Call Center No. (1535) သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအား သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့၊ အမှတ် (၇) ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် (၁၂-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ် (၇) ရပ်ကွက်နေ  ဒေါ်လှဝင်း၏အိမ်၌ ဒေသခံပြည်သူ (၈) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း  ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံး သူကာကွယ်ရေးဆောင်ရွက်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူခြင်းမပြုမီ သတိပြု   ဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းအရာများ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး  လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အလို့ငှာ သတ်မှတ်ချက်များပါရှိသောကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ကုန်စည်များနှင့် မိမိတို့ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့်  ကုန်စည်နှင့်ဝန်ဆောင်မှုများအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - HighLight News