စိုက်ပျိုးရေးပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၉-၅-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ ရေလဲကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပြည့်စုံစွာပါရှိစေရေးကိုရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက် (၈) ချက်အကြောင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၂၃)ပါ မည်သူမျှ စားသုံးသူ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးကိုထိခိုက်နစ်နာစေရန် မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်ခွင့်မရှိအောင် တားမြစ်ထားကြောင်း၊ ပုဒ်မ(၄၃)တွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၆၈)အရ စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပုဒ်မ ၄၃ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရန်နှင့် ဥပဒေ၏ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)