Main menu

HighLight News

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

    ယင်းဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ရွာသူ/ရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့်သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသောအစားအစာနှင့် ထောက်ခံချက်မရှိသောအစားအစာများကို ပုံများနှင့်တကွဟောပြော၍ ရှင်းလင်းပြသခဲ့ပါသည်။

     ထို့သို့ရှင်းလင်းဆွေးနွေးပြီးနောက် ရွာသူ/ရွာသားများနှင့် အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ဆပ်ပြာရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာရှိ “ဧဒင်” အမှတ်တံဆိပ်ဖြင့် ဆပ်ပြာထုတ်လုပ်သည့်လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က လုပ်ငန်းရှင်အားတွေ့ဆုံရာ ဆပ်ပြာလုပ်ငန်းအခြေအနေကိုမေးမြန်းရာ လုပ်ငန်းရှင်က “ဧဒင်” အမှတ်တံဆိပ်ဖြင့် ဆပ်ပြာရည်၊ ဆပ်ပြာ Cream လုပ်ငန်းအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ဆပ်ပြာရည် (၁) မျိုးနှင့် ဆပ်ပြာ Cream (၁) မျိုးထုတ်လုပ်ပါကြောင်း၊ တစ်ရက်ထုတ်လုပ်နိုင်မှုမှာ ဆပ်ပြာရည် (၁) လီတာနှင့် (၀.၅) လီတာ၊ ပေါင်း (၁၀၀) လီတာမှ (၁၅၀) လီတာထိ ထုတ်လုပ်ပါကြောင်း၊ ဆပ်ပြာရည် (၁) လီတာတစ်ဘူးလျှင် လက်လီ (၁၀၀၀) ကျပ်နှင့် လက်ကား (၉၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ဆပ်ပြာရည် (၀.၅) လီတာအတွက် ဘူးခွံထုပ်ပိုးမှုသည် Tube Press ပုံစံဖြစ်၍ ကုန်ကြမ်းဘူးခွံတန်ဖိုးကြီးမြင့်သဖြင့် လက်လီ(၁)ဘူးလျှင် (၁၂၀၀) ကျပ်နှင့် လက်ကား(၁)ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ဆပ်ပြာ Cream တစ်ရက်ထုတ်လုပ်မှုမှာ (၂၀) ဘူးမှ (၂၅) ဘူးထိထုတ်လုပ်ပြီး လက်လီတစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ လက်ကားတစ်ဘူးလျှင် (၁၃၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်းနှင့် လက်ရှိအချိန်တွင် အမ်းမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင်သာ ရောင်းချဖြန့်ဖြူးနိုင်ပါကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

“မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မတ်လ (၁၇) ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များ၏ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း (၂၄) ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်ဆက်စပ်၍ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနက စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သောကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးတို့အတွက်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                     

 

 

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ‌ဇောင်ချမ်းကုန်းတိုးချဲ့(၅)လမ်း၊ မိတ္ထီလာမြို့၌ “Shwe Nadi” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ၌ စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် (၉-၃-၂၀၂၃) ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အဆိုပါတွေ့ဆုံမှုအရ “တောင်ဇလပ်” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင် ဆပ်ပြာခဲအမျိုးစား(၆)မျိုးနှင့် သဘာဝခေါင်းလျှော်ရည် စသည့်ကုန်စည်များကို မိသားစုကထုတ်လုပ်ကြောင်းနှင့် မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးက လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉) အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ်  ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

                                     

မိတ္ထီလာမြို့နယ်ရှိ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၃ခုနှစ်၊ မတ်လ ၁၃ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသည့် Parbisure ဆေး‌ရောင်းချမှုရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းသော Pabrinex IV/HV Injection အကြောအားဆေးများသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်နှင့်ဆေးဝါးအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကုမ္ပဏီများက ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို (၇-၃-၂၀၂၃)  ရက်နေ့တွင် မုဒုံမြို့နယ်၊ ဗျိုင်းနှစ်ကောင်နှင့် မော်လမြိုင်မြို့နယ်ရှိ လှိုင် (မြသီတာ) ရပ်ကွက်တို့တွင်လည်းကောင်း၊ ၈-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ ကော့ခိုင်ကျေးရွာနှင့် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၊ ဖက်ခင်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၉-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပတောကျေးရွာနှင့် မော်လမြိုင်မြို့နယ်၊ ညောင်လမ်းရပ်ကွက်၊ မာလာဝင်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၀-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ မောင်ငံဈေး၊ ကျောက်တန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁-၃-၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ မော်လမြိုင်မြို့နယ်၊ ဘဲကုန်းဈေးတို့တွင်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေးနှင့် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာ

     ပန်းဂေါ်ဖီသည် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး သဲဆန်သောနှုန်းမြေအမျိုးအစားတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ပန်းဂေါ်ဖီကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာတွင် စိုက်ပျိုးထားရှိပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နှင့်အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးမှာ ဘူးမန်း(၁၅၃)မျိုးကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ ဝါးတောကျေးရွာအနေဖြင့် ပန်းဂေါ်ဖီကို (၄)ဧကခန့်စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

     ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်ပျိုးသော တောင်သူ ဦးမောင်မြင့်နှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ရှိ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် (၇-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင်ကွင်းဆင်း၍ ပန်းဂေါ်ဖီဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို ‌မေးမြန်းခဲ့ပါသည်။ အဆိုပါတောင်သူက ပန်းဂေါ်ဖီ (၀.၂၅)ဧကစိုက်ပျိုးထားရှိပြီး၊ စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ကျပ်(၂)သိန်းခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးဧက (၀.၂၅) ဧကတွင် ရောင်းတန်းဝင်ပန်းဂေါ်ဖီအပွင့် (၃၀၀၀)ပွင့်ခန့်ထွက်ရှိပါသည်။ ရောင်းချသည့်ဈေးနှုန်း များမှာ တစ်ပွင့်လျှင် ခြံဈေး(၃၀၀)ကျပ်ခန့်ရရှိသဖြင့် တောင်သူအကျိုးအမြတ်အနေဖြင့် (၇)သိန်း ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ပန်းဂေါ်ဖီတစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအသားတင်အမြတ်မှာ (၂၈)သိန်းခန့်ရရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ရွှေတောင်ဒေသမှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ခြံထဲအထိဆင်း၍ ဝယ်ယူမှုရှိသည့်အပြင် ရွှေတောင်မြို့ရှိဈေးများနှင့် ပြည်ဈေးကွက်သို့လည်း တင်ပို့ရောင်းချမှုရှိပြီး ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

     ဝါးတောကျေးရွာတွင် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူ(၁၀)ဦးခန့်ရှိပြီး စိုက်ပျိုးသည့်မျိုးနှင့် အပင်ပြုစုစောင့်ရှောက်မှုကောင်းလျှင်ကောင်းသလို အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်လည်းရရှိနိုင်သဖြင့် ရာသီချိန်သီးနှံအဖြစ် စိုက်ပျိုးလျှင်တွက်ခြေလည်းကိုက်သည့်သီးနှံဖြစ်ပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်ရှိ ကုလားပဲစိုက်ပျိုးသူတောင်သူနှင့်တွေ့ဆုံ၍ ကွင်းဆင်း

     ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် ကုလားပဲစိုက်ပျိုးထားသဖြင့် တစ်ဧကကုန်ကျစရိတ်များ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် (၈-၃-၂၀၂၃) ရက်နေ့ နေ့လယ်(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စိုက်ခင်းများဆီသို့ သွားရောက်၍  ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် ကုလားပဲစိုက်ပျိုးသောတောင်သူ ဦးအောင်ကျော်သိန်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ ၎င်းမှာ ကွင်းအမှတ်(၈၅)တွင် ကုလားပဲ (၇)ဧကစိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲကို အောက်တိုဘာလနှင့်  နိုဝင်ဘာလတို့တွင် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေဆီလွှာတွင် အစိုဓာတ်လက်ကျန်ဖြင့် စိုက်ပျိုးရသဖြင့် အစိုဓာတ်ရရှိသောမြေတွင် အောင်မြင်ဖြစ်ထွန်းကြပါကြောင်း၊ စနစ်တကျရေကို တင်သွင်းပေးခြင်းဖြင့်လည်း ကုလားပဲသီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်ပါကြောင်း၊ စပါးအပြီး သီးထပ်အဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။

      ကုလားပဲကိုစိုက်ပျိုးရာတွင် မျိုး(၂)တင်းခန့်ကုန်ကျပြီး မျိုးမှာ ဟော်လန်မျိုးဖြစ်ပါသည်။ ကုန်ကျစရိတ်အနေဖြင့် ကုလားပဲမျိုးတစ်တင်းလျှင် (၇၀၀၀၀) ကျပ်ဖြင့် (၁၄၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စက်ထွန်ယက်ခမှာ (၁)စပ်လျှင် (၅၀၀၀၀) ကျပ်၊ ကုလားပဲစိုက်ပျိုးလျှင် ကြဲပက်၍စိုက်ပျိုးရသဖြင့် အလုပ်သမားတစ်ဦးလျှင် (၆၀၀၀) ကျပ်နှင့် (၂) ရက်ကြဲပက်ရ၍ (၁၂၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ သွင်းအားစုအနေဖြင့် အသီးအပွင့်အားဆေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးအတွက်ကုန်ကျစရိတ်မှာ (၉၀၀၀၀)ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးမှုတစ်ဧကလျှင် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၉၂၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ (၁၂) တင်းခန့်ထွက်ရှိသည်ဟု သိရပါသည်။ ယခုအချိန်တွင် ရိတ်သိမ်းမှုမရှိသေးဘဲ မကြာမီကာလတွင် ရိတ်သိမ်းနိုင်မည်ဟုသိရပါသည်။ ကုလားပဲဈေးအနေဖြင့် ယခုအချိန်တွင် တစ်တင်းလျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၄) သိန်းကျော်ခန့်ရရှိနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည်။ ကုလားပဲအထွက်နှုန်းကောင်းလျှင်ကောင်းသလို အမြတ်အစွန်းများရရှိပြီး အထွက်နှုန်းမကောင်းလျှင် အကျိုးအမြတ်နည်းနိုင်သည်ဟု သိရှိရပါသည်။

     ကုလားပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်ဧကစိုက်ပျိုးလျှင် ကျပ် (၄) သိန်းကျော်ရရှိ၍ (၇) ဧကစိုက်ပျိုးလျှင် (၂၈) သိန်းကျပ်ခန့်ရရှိနိုင်သဖြင့် တောင်သူများအနေဖြင့် စပါးပြီးလျှင် ကုလားပဲကို စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။ ကုလားပဲမျိုးကောင်းကိုရွေးချယ်၍ စိုက်ပျိုးပြီး ရေမြေဒေသရာသီဥတုကောင်းလျှင်ကောင်းသလို အထွက်များ၍ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ရေမြေဒေသရာသီဥတုမကောင်းလျှင် အထွက်နှုန်းလျော့နည်းနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မတ်ပဲနှင့်ပဲတီစိမ်းများ ရိတ်သိမ်းပြီးစီးမှုနှင့် နွေစပါးအခြေအနေ

    တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူဦးကြီးများသည် အဓိကအားဖြင့် စပါးနှင့်မတ်ပဲကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ဖြူးမြို့နယ်တွင် မတ်ပဲစိုက်ဧကပေါင်း ၉၈၂၁၉ဧကစိုက်ပျိုးခဲ့ပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါသည်။ ပဲတီစိမ်းစိုက်ဧကအနေဖြင့်လည်း ၁၃၅၂၇ ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါသည်။

     ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးလျှင် ယခင်က မတ်ပဲကိုသာ အဓိကထားစိုက်ပျိုးသော်လည်း ဖြူးချောင်းရေလှောင်တမံမှ တာဝန်ရှိလူကြီးများသည် ရေနုတ်မြောင်းများဖော်ဆောင်၍ စီမံကိန်းအလိုက် ရေပေးဝေကာ တောင်သူဦးကြီးများအား နွေစပါးစိုက်ပျိုးနိုင်အောင် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ဖြူးမြို့နယ်ရှိ ချောင်းများနှင့်နီးသော အချို့ကျေးရွာများတွင်မူ ရေစုပ်စက်များဖြင့် မိမိလယ်ကွက်အတွင်းသို့ရေတင်ကာ နွေစပါးစိုက်ပျိုးကြကြောင်းနှင့် ဖြူးချောင်းရေလှောင်တမံမှပေးဝေသော ရေနှုတ်မြောင်းများနှင့် အနီးစပ်ဆုံးရှိကျေးရွာများမှလည်း နွေစပါးကိုစိုက်ပျိုးကြပါသည်။

       စပါးဈေးနှုန်းဈေးကောင်းရရှိနေသာ ယခုကာလတွင် နွေစပါးစိုက်ပျိုးလိုသောတောင်သူဦးကြီးများ များပြားလျက်ရှိပါသည်။ ဖြူးချောင်းရေလှောင်တမံမှ တာဝန်ရှိလူကြီးများအနေဖြင့် ဖြူးတစ်မြို့နယ်လုံးရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်း လေ့လာသိရှိခဲ့ရမှုအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်များရှိကျေးရွာများတွင် သဘာဝမြေဩဇာများပြုလုပ်၍အသုံးပြု

     တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ဆွာမြို့၊ သာဂရမြို့နှင့် မြို့လှမြို့များ၏ လမ်းဘေးဝဲယာကျေးရွာများတွင် တောင်သူဦးကြီးများက သဘာဝမြေဩဇာများပြုလုပ်၍ မိမိတို့စိုက်ခင်းများတွင် စတင်အသုံးပြုနေပြီဖြစ်ပါသည်။

       သဘာဝမြေဩဇာပြုလုပ်ရာတွင် (၁၀)ပေပတ်လည်၊ အနက်(၄)ပေ မြေကျင်းများတူး၍ ၎င်းကျင်းထဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စွန့်ပစ်အမှိုက်များတွင် သံတိုသံစနှင့် ပလတ်စတစ်ကဲ့သို့ အသုံးပြု၍မရနိုင်သောအမှိုက်များအား သန့်စင်ပြီး သစ်ပင်များမှထွက်သော သစ်ရွက်၊ သစ်ခက်များနှင့်ပေါင်းစပ်ကာ မြေကျင်းထဲသို့ ၁ပေခန့်ထည့်ပါသည်။ ထို့နောက် EM (Effective Microorganism) အကျိုးပြု အဏုဇီဝသက်ရှိအရည်နှင့် နွားချေး၊ ကြက်ချေး ၆လက်မခန့် တစ်ထပ်တင်ပေးရပါသည်။ ထိုနည်းအတိုင်း စွန့်ပစ်အမှိုက်၁ပေနှင့် EM အရည်အသင့်အတင့်အသုံးပြု၍ နွားချေး၊ ကြက်ချေးများနှင့်ရောစပ်ကာ ၆လက်မခန့် ၁ထပ်၊ စုစုပေါင်း ၃ထပ်ပြုလုပ်၍ မြေကျင်းအပေါ်တွင် ပလတ်စတစ်နှင့် လုံအောင်ဖုံးဖိကာ တစ်လခန့်ထားရကြောင်း သိရှိရပါသည်။

      သဘာဝမြေဩဇာပြုလုပ်ရာတွင် လိုအပ်သော EM အရည်အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပေးဝေလျက်ရှိပါသည်။ သဘာဝမြေဩဇာပြုလုပ်ရာတွင် စနစ်တကျပြုလုပ်ပါက ၁လ ပြည့်လျှင် အသုံးပြု၍ရပါသည်။ တောင်သူဦးကြီးများအနေဖြင့် မိမိအသုံးပြုလိုသောစိုက်ခင်းများအား ဓာတ်မြေဩဇာ ၁ဆနှင့် သဘာဝမြေဩဇာ ၃ဆရောနှော၍ အသုံးပြုနိုင်ပါသည်။

     တောင်သူဦးကြီးများအနေဖြင့် မိမိစိုက်ခင်းများအား သွင်းအားစုထည့်သွင်းချိန်တွင် သဘာဝမြေဩဇာများအသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်များသက်သာစေပြီး သီးနှံများလည်း ယခင်ထက် အထွက်နှုန်းများတိုးလာပါကြောင်းနှင့် ဓာတ်မြေဩဇာတစ်မျိုးတည်းသာ အသုံးပြုထားသော စိုက်ပျိုးသောမြေများ၏အချဉ်ဓာတ်၊ အငံဓာတ်များလည်း ပြန်လည်သင့်တင့်မျှတစေသော အကျိုးကျေးဇူးများရရှိပါကြောင်း လေ့လာသိရှိခဲ့ခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

                                                         

Pages

Subscribe to RSS - HighLight News