Main menu

HighLight News

Powered by Drupal

မြို့သစ်မြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုးလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၃ခုနှစ် နွေစပါးကို စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

      မြို့သစ်မြို့နယ်တွင် ကျေးရွာအုပ်စု( ၅၂ )အုပ်စုရှိကာ နွေစပါးစိုက်ပျိုးရန် ဆည်ရေရရှိသည့် ကျေးရွာ(၁၅)အုပ်စုမှ တောင်သူများအနေဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်နေပြီဖြစ်ပြီး နွေစပါးလျာထားချက်ဧကပြည့်မီနိုင်ရေးအတွက်  သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

        အဆိုပါ နွေစပါးစိုက်တောင်သူများသည် တစ်ဧကစပါးတင်း (၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေ အဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  မျိုးစေ့ချကိရိယာများငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးခြင်းနှင့် ရုံးဝန်ထမ်းများက ကွင်းထဲအရောက် ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် အဆိုပါကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာများအား လာရောက်ဟောပြောဆွေးနွေးပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးစတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

  ထို့နောက် ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Centre ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ဗွီနိုင်းများကို ပြည်နယ်ဦးစီးမှူးက ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဆီစက်လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆွေးနွေးဆောင်ရွက်ခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်ရပ်ဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရခိုင်ပြည်နယ်ရှိ  လက်ရှိဆီစက်လုပ်ငန်းရှင်များနှင့် ဆီစက်အသစ်တိုးချဲ့တည်ဆောက်တပ်ဆင်လိုသည့် လုပ်ငန်းရှင် (၃၅) ဦးအနက် စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်များရှိ ဆီစက်စီးပွားရေးလုပ်ငန်းရှင် (၁၉) ဦး၏ နိုင်ငံတော်မှ ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားခြင်းအပေါ် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဆီစက်လုပ်ငန်းချေးငွေအဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခွဲဖြစ်သော စစ်တွေခရိုင်၊ ဆီစက်အဆိုပြုလွှာကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ဦးဇေယျာလင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန)အဖွဲ့ခေါင်းဆောင်၊ ဦးအောင်တင်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး ၊စိုက်ပျိုးရေးဦးစီးဌာန)အဖွဲ့ဝင်၊ ဦးမြင့်အောင်ကျော်(ဆီစက်လုပ်ငန်းရှင်များနှင့်ဆီကုန်သည်များအသင်း)အဖွဲ့ဝင်၊ ဦးမောင်လှဝင်း(ဦးစီးအရာရှိ၊ စားသုံးသူရေးရာဦးစီးဌာန)အတွင်းရေးမှူးပါဝင်သောအဖွဲ့သည် (၆-၃-၂၀၂၃) ရက်နေ့မှ (၇-၃-၂၀၂၃) ရက်နေ့အတွင်း ဆီစက်အသစ်တည်ဆောက်တပ်ဆင်လိုသည့် လုပ်ငန်းရှင်များနှင့် လက်ရှိဆီစက်အား အဆင့်မြှင့်တင်ဆောင်ရွက်သူနှင့် လုပ်ငန်းလည်ပတ်ရန်ပုံငွေရယူလိုသူလုပ်ငန်းရှင်များ၏ တင်ပြထားသောဆီစက်လုပ်ငန်းချေးငွေအဆိုပြုလွှာများကို သတ်မှတ်ထားသောအချက်များနှင့်အညီ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဆီစက်လုပ်ငန်းရှင်များ၏ ချေးငွေလိုအပ်ချက်၊ လိုအပ်သည့်ချေးငွေပမာဏ၊ ဆီစက်အရေအတွက်တို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။ ဆီစက်များအနေဖြင့် ဆီစက်သီးနှံကုန်ကြမ်းများ ရယူဆောင်ရွက်မှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဈေးကွက်အခြေအနေ၊ လက်ရှိကုန်ထုတ်လုပ်မှုစွမ်းအားပမာဏနှင့် တိုးချဲ့ထုတ်လုပ်နိုင်သည့်အစီအမံ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရောင်းချရရှိမှုဝင်ငွေ၊ စက်ယူနစ်အစိတ်အပိုင်းများကို အစားထိုးမွမ်းမံပြင်ဆင်ကာ အဆင့်မြှင့်တင်ဆောင်ရွက်မည့်စီမံချက်၊ ဆီစက်ချေးငွေအဆိုပြုလွှာတွင် ဖော်ပြချက်များသည် မြေပြင်အခြေအနေနှင့် ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် သင့်လျော်သည့်ချေးငွေပမာဏကို စိစစ်တင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ လက်ရှိလုပ်ကိုင်နေသူ ဆီစက် (၃) စက်နှင့် အသစ်တည်ဆောက်လုပ်ကိုင်ရန် လျှောက်ထားသူ (၂) ဦးနှင့် ကျောက်တော်မြို့နယ်ရှိ ဆီစက်လက်ရှိ လုပ်ကိုင်နေသူ (၁၃) စက်နှင့် အသစ်တည်ဆောက်လုပ်ကိုင်ရန်လျှောက်ထားသူ (၁) ဦး၊ လက်ရှိဆီစက်အား အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့် ဆီစက်လုပ်ငန်းရှင်(၁၆)ဦးနှင့် အသစ်တည်ဆောက်တပ်ဆင် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင် (၃) ဦး စုစုပေါင်း ဆီစက်ချေးငွေအဆိုပြုတင်ပြထားသူ (၁၉) ဦးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းက ဆီစက်လုပ်ငန်းရှင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ပြဋ္ဌာန်းချက်များအား ချပြဆွေးနွေးပြီး ကုန်အညွှန်းအမှတ်တံဆိပ်ဖြင့် ဖြန့်ချိတင်ပို့ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်/အမှတ် အသားဖော်ပြမှုမရှိဘဲ ရန်ကုန်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့နယ်များသို့ ဖြန့်ချိတင်ပို့ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်တံဆိပ်/အမှတ်အသားများကို ပြည့်စုံစွာဖော်ပြပြီး စသည့်မြို့နယ်များသို့ ဖြန့်ချိတင်ပို့နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိစေရေး လာရောက်လျှောက်ထားကြရန် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရခိုင်)

 

မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေး‌ဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည်တို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး (၂) ဦးသည် ၆-၃-၂၀၂၃ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များ၌ FDA အသိအမှတ်ပြု  DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိသော အခြားဆေးဝါးများရောင်းချနေမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးရာ Parbisure အမည်ဖြင့် ဆေးဝါးရောင်းချမှုမရှိကြောင်းနှင့် တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

စီးပွား‌ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၆-၃-၂၀၂၃ ရက်နေ့၊ ၉:၀၀ နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌ ဆန်၊ ပဲ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စီးပွား‌ရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များဖြစ်သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့်အရည်အသွေး၊ စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းကို စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြည်ပမှကုန်စည်များတင်သွင်းလာကြပြီး ပြည်တွင်းရှိ စားသုံးသူများအား ဖြန့်ဖြူးသူမှတစ်ဆင့် ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်းစားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူများတွင် တာဝန်ရှိကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးက ပြန်လည်ပြောကြားဆွေးနွေးခဲ့ကြောင်း သိးရရှိပါသည်။

DOCA(ကချင်)

ဝန်ထမ်း ခေါ်ယူခြင်း

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာ (၉၅)နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။

၂။       လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   ၃၁.၃.၂၀၂၃ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

          ( ဂ )   ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်ရမည်။

          (ဃ)    ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။

          ( င )   ဌာနဆိုင်ရာတစ်ခုခုတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ပြစ်ဒဏ်တစ်ခုခု ကျခံခဲ့သူ၊

                   နုတ်ထွက်ခဲ့သူ  မဖြစ်စေရ။

          ( စ )   ဌာနတွင် အနည်းဆုံးတစ်ဆက်တည်း(၃)နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

          (ဆ)    ခိုင်လုံသောအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည်အထိတစ်ဆက်တည်း တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၁၀)သိန်း(ကျပ်တစ်ဆယ် သိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

၃။      လျှောက်လွှာတွင်-

          (က)    လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။

          ( ခ )   မွေးသက္ကရာဇ်။

          ( ဂ )   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။

          (ဃ)    ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း/တက္ကသိုလ်။

          ( င )   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။

          ( စ )   ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။

          (ဆ)    အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

          (က)    နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၂)ပုံ။

          ( ခ )   အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ။

          ( ဂ )   အလုပ်သမားမှတ်ပုံတင်မိတ္တူ။

          (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

          ( င )   အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်မူရင်း။

          (စ)     သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ သို့မဟုတ် ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။

          (ဆ)    အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၏ ထောက်ခံချက် မူရင်း။

၅။      လျှောက်လွှာကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ ၁၅-၃-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော၊ အချက်အလက်မပြည့်စုံသော လျှောက်လွှာ များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၆။      ပဏာမရွေးချယ်ခံရသူများကို ဌာနမှ ဆက်သွယ်အကြောင်းကြားပါမည်။

၇။      ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာ ကျွမ်းကျင်မှု (လက်တွေ့)ကို  ဖြေဆိုရမည်။

၈။      ရေးဖြေစာမေးပွဲကို ၂၀ - ၃ - ၂၀၂၃ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ပါသည်။

၉။      ၂၁ -၃-၂၀၂၃ ရက်နေ့ လူတွေ့/ လက်တွေ့ စစ်ဆေးမည် ဖြစ်ပါသည်။

၁၀။    အသေးစိတ် သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၂၅နှင့် ၀၆၇-၃၄၃၀၁၅၆ သို့ ဖြစ်စေ၊ လျှောက်လွှာတင်သွင်းသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးဖုန်းနံပါတ်များသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရေး အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက် မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနကဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေးရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၃) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနက ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများကလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိကို စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့်ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားမှုများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဖေ‌ဖော်ဝါရီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရေး အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးကာ အသိပညာ‌ပေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိကို စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဥ်း၍ ဌာနက မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ စသည့်ကုန်ကျစရိတ်များကို ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေမှုအား အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်၊ ကျောက်စိမ်း အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းကို (၃၆) ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၇-၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊  အမှတ် (၅) ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း (၂၅) ခန်းနှင့် ပုဒ်မပေါင်း (၈၄) ခုပါဝင်ကြောင်းနှင့် ဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်အား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက်ပြီးနောက် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများနှင့် ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို (Consumer Call Center) တွင် မေးမြန်းစုံစမ်းနိုင်ကြောင်းနှင့် တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဟောပြောပွဲသို့ အမှတ် (၅) ရပ်ကွက်ရှိ ပြည်သူများတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News