ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦးသည် စားသုံးသူပြည်သူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့်စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ နှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါ တားမြစ်ထားသည့် စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနကလည်း ကုန်ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုပါ ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)