Main menu

HighLight News

Powered by Drupal

“ ဒို့ဗမာ” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် တိုင်းဒေသကြီးစက်ပစ္စည်းကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်း‌ဒေသကြီးဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ တိုင်းဒေသကြီးဆီစက်လုပ်ငန်းရှင်များအသင်းနာယက၊ “ဒို့ဗမာ” ဆီစက်ပိုင်ရှင် ဦးကျော်မျိုးဝင်းနှင့်တွေ့ဆုံ၍ ဆီစက်များလည်ပတ်ကြိတ်ခွဲမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်ပိုင်ရှင် ဦးကျော်မျိုးဝင်းက မိမိတို့ဆီစက်များအ‌နေဖြင့် နိုင်ငံတော်ကချမှတ်ထားသောမူဝါဒများနှင့်အညီ ပြည်ပသွင်းကုန်များအစားထိုးမှုကို လျှော့ချ၍ ပြည်တွင်းဆီစက်များပုံမှန်လည်ပတ်နိုင်ရေးညွှန်ကြားချက်များနှင့်အညီ  ဆီကြိတ်ခွဲမှုများမှာ ပုံမှန်လည်ပတ်လျက်ရှိပြီး မိမိတို့ “ဒို့ဗမာ” ဆီစက်မှာ ၂၄ နာရီလည်ပတ်နိုင်ကြောင်း၊ ကုန်ကြမ်းဖြစ်သောမြေပဲနှင့် နှမ်းတို့ကို ကလေး၊ မော်လိုက်၊ ဖောင်းပြင်၊ ဘုတလင်မြို့နယ်များမှ ဝယ်ယူရရှိ၍ ထွက်ရှိသောဆီကုန်ချောများကို ဒေသတွင်းစားသုံးကြပြီး မန္တလေး၊ ရန်ကုန်နှင့် City Mark များသို့လည်း တင်ပို့ရောင်းချရပါကြောင်း၊ စက်များကို ပြန်လည်မွမ်းမံပြီး လိုအပ်သောပစ္စည်းများဝယ်ယူရန်အတွက်လည်း နိုင်ငံတော်သို့ ချေးငွေများလျှောက်ထားပါကြောင်းသိရှိခဲ့ကာ ဆီစက်လုပ်ငန်းရှင်များကြုံတွေ့နေရသောအခက်အခဲများကို ဆွေးနွေးပြောကြားခဲ့ပြီး ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရမည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့် (ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၀-၃-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်မုန့်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းအရာများ၊  ရောင်းချသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များကိုသာ ရောင်းချကြရန်၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများအား သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆီစက်လုပ်ငန်းရှင်များ၏ ချေးငွေအဆိုပြုလျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်”ဟူသည့် ဝန်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။

      ပြည်တွင်းဆီစက်များတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များတည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆီစက်ချေးငွေအဆိုပြုလွှာများဖိတ်ခေါ်ခဲ့မှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ ဆီစက်(၇)စက်ပိုင်ရှင်များက အဆိုပြုလျှောက်ထားခဲ့ပါကြောင်း၊ အဆိုပါ အဆိုပြုလျှောက်ထားသော ဆီစက်များ၏ တစ်လလျှင် ပျမ်းမျှထုတ်လုပ်နိုင်မည့်ဆီတန်ချိန်၊ အဆိုပြုထားသည့်ချေးငွေပမာဏ ဆီလျော်မှုရှိ/မရှိ၊ ဆီစက်တည်နေရာ၊ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်မည့်အစီအမံ၊ လက်ရှိကုန်ကြမ်းရယူဆောင်ရွက်နေမှုနှင့် ဈေးကွက်အခြေအနေ၊ ကုန်ချောကုန်ထုတ်စွမ်းအားပမာဏ၊ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်မည့်အခြေအနေ၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရောင်းချရရှိမှုဝင်ငွေ၊ ဥပဒေအရ သတ်မှတ်ထားသော စက်မှုလုပ်ငန်းလိုအပ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိကို (၇-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ( ၁/၂၀၂၃ ) ကြိမ်မြောက် Thursday Talk ကျင်းပဆောင်ရွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၉-၃-၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ( ၁/၂၀၂၃ ) ကြိမ်မြောက် Thursday Talk အသိပညာပေးဆွေးနွေးပွဲကို ကျင်းပြုလုပ်ခဲ့ရာ ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း( ၇ )ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ငွေစာရင်းတာဝန်ခံ ဦးကျော်သူလင်း (ဦးစီးမှူး)က အခြေခံငွေစာရင်းရေးဆွဲနည်းများကို ခေါင်းစဉ်များအလိုက် အသေးစိတ်ချပြ၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ Thursday Talk အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည့်ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး ငွေစာရင်းတာဝန်ခံ ဦးကျော်သူလင်း ( ဦးစီးမှူး )က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

 

“ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် မိတ်ဖက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတို့ပူးပေါင်း၍ (၁၀-၃-၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချကြရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

သံဖြူဇရပ်မြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ

    မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၆-၃-၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွန်လုပ်ငန်းရှင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ်ရှိ ကျောင်းအုပ်ဆရာမကြီးက ဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မော်လမြိုင်နည်းပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာမင်းဇော်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးနေဇော်အောင်က အသင်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ အသင်းအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  ဆွေးနွေးမေးမြန်းမှုကဏ္ဍတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်ပတ်သက်၍ မေးမြန်းခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်

     ၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show)  ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk show အစီစဉ်ဖြင့်အသိပညာပေးဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့ပါကြောင်း၊ ပြည်သူများသိရှိစေရန်အတွက် စားသုံးသူအသိပညာပေးရေးအကြောင်းအရာတို့အား ဆွေးနွေးခဲ့ပါကြောင်း၊ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉မှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့်အချက်အလက်များနှင့် လိုက်နာရမည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

လေးမျက်နှာမြို့ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၃-၂၀၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း စသည်တို့ကိုသိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ချောက်မြို့မစျေး၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း‌စေရေးအတွက် (၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မစျေးကော်မတီဥက္ကဋ္ဌတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် စျေးကွက်အတွင်း  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ‌ထောက်ခံချက်မပါရှိဘဲ Parbisure ဆေးရောင်းချနေမှုရှိ/မရှိနှင့် သက်တမ်းလွန်ပြီး စားသုံးရန်မသင့်သော အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများအား စျေးကွက်အတွင်းရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။         

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်စဉ် ဆေးဆိုင်များက သက်တမ်းလွန်ဆေးဝါးများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ထံသို့ လာရောက်အပ်နှံခဲ့ပါသည်။ စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသောစားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပဒ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးအတွက် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသောကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်စေရေး၊  ရောင်းချသည့် စျေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးတို့အတွက်ရည်ရွယ်၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

“ရွှေပန်းသီး” အမှတ်တံဆိပ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်း‌ဖော်ပြပေးရေး အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၇-၃-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ရပ်ကွက်(၂၃)လမ်းတွင် ထုတ်လုပ်သော “ရွှေပန်းသီး”အမှတ်တံဆိပ်မုန့်လုပ်ငန်းရှင် ဦးဘိုလင်းအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     “ရွှေပန်းသီး”အမှတ်တံဆိပ်ဖြင့် (ဘယ်ရီကိတ်၊ ချောကလက်ကိတ်၊ ပူတင်းကိတ်၊ ကွေကာကိတ်၊ ငှက်ပျောကိတ်၊ နို့စိမ်းကိတ်နှင့် ကြက်မျှင်)ကုန်စည်(၇)မျိုးအား ထုတ်လုပ်လျက်ရှိပြီး မကွေးမြို့နှင့် မင်းဘူးမြို့များတွင် ဖြန့်ချိရောင်းချကြောင်း၊ လုပ်ငန်းစတင်လုပ်ကိုင်သည်မှာ (၂)လခန့်သာရှိသေးကြောင်းနှင့် ပြင်ပလုပ်သားမပါဘဲ မိသားစု(၄)ဦးဖြင့်သာ တစ်နိုင်တစ်ပိုင်စတင်လုပ်ကိုင်နေကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

 မကွေးခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာဝယ်ယူစားသုံးနိုင်ရေးအတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါ အရန်သင့်အစားအစာအမျိုးမျိုး၌ မြန်မာစာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့်  ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သူ၏ဖုန်းနံပါတ်နှင့်လိပ်စာများပါ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်(၂/ ၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News