Main menu

HighLight News

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

    ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။

     မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ပြီး မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက်  ယခင်ဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်  မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၏ စတုတ္ထ (၃) လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုနှင့်ပတ်သက်၍ လျာထားချက်(၂၅)ကြိမ်၊ ဆောင်ရွက်(၄၁) ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလျာထားချက်နှင့်ပတ်သက်၍ (၁၆)ကြိမ်၊ ဆောင်ရွက် (၅၈)ကြိမ်၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လျာထားချက်(၈)ကြိမ်၊ ဆောင်ရွက်(၂၃)ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း၊  ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ကျင်းပခဲ့မှုနှင့် ၂၀၂၃ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းဖွင့်လှစ်ပြသခြင်းတို့ အားပြောကြားကြောင်း၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကုန်စည်အုပ်စုများရွေးချယ်သတ်မှတ်မည့်အစီအမံနှင့် ယခုတင်ပြမှုအပေါ်အစည်းအဝေး၏ အတည်ပြုဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အသေးစိတ် Power Point  ဖြင့် ကော်မတီအဖွဲ့ဝင်များထံသို့ တင်ပြခဲ့ပါသည်။

  အဆိုပါတင်ပြချက်များအား မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက အတည်ပြုရန်အချက်များ၊ အကြံပြုချက်များ၊ ဆုံးဖြတ်ရန်အချက်အလက်တို့ကို ကော်မတီအဖွဲ့ဝင်အသီးသီးက ပြန်လည်ဆွေးနွေး၍ အတည်ပြုခြင်း၊ အကြံပြုခြင်းနှင့် ဆုံးဖြတ်ရန်အချက်တို့အား ယခုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ကော်မတီအဖွဲ့ဝင်အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို နံနက်(၁၀:၂၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကချင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)ဖွဲ့စည်း

     ကချင်ပြည်နယ်အတွင်းရှိ စားသုံးသူများ အရည်အသွေးပြည့်မီသောစားသုံးဆီများကို အများပြည်သူသုံးစွဲနိုင်စေရေး၊ ဒေသအတွင်း စားသုံးဆီဖူလုံစေရေး၊ စားသုံးသူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်နယ်အတွင်း ညီနောင်အသင်းအဖွဲ့များနှင့် လိုအပ်သည်များကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်၍ (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များတက်‌‌ရောက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက အသင်းအဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက အလုပ်အမှုဆောင်များရွေးချယ်၍ ကချင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)နှင့် မြစ်ကြီးနားခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)တို့ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

DOCA(ကချင်)

စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၃)ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြား

    ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် ချင်းပြည်နယ်၏ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့်  အများပြည်သူကို အသိပညာပေးလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် မိမိတို့ကော်မတီဝင်များအနေဖြင့် အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်သုံးသပ်ခဲ့ပြီးဖြစ်၍  လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ လူသုံးကုန်သော်လည်းကောင်း၊ စားသုံးကုန်သော်လည်းကောင်း ဘေးန္တရာယ်ကင်းရှင်းပြီး  မိုပိုကောင်းမွန်သောကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် အားလုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက လာမည့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(ချင်း)

 

 

စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဌာနကဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၂၃)ပါ တားမြစ်ချက်များနှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း စသည့်အချက်များကို ရှင်းလင်းအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

ကရင်ပြည်နယ်၌ စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ

      ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို (၃၀-၃-၂၀၂၃) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက်ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

         

         

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ ဇလွန်-ရန်ကုန် ကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များသယ်ယူပို့ဆောင်မှုများမရှိစေရန် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ဒေသတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး စားသုံးသူများအားကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အားရည်ရွယ်၍ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့်ဆီတင်ယာဉ်များတွင်သယ်ဆောင်လာသော ကုန်စည်နှင့်ကုန်ပို့လွှာများကိုက်ညီမှုရှိ/မရှိတို့အား စစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၇)စီးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ Talk Showအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်က စားသုံးသူရေးရာဦးစီးဌာနကချမှတ်ထားသော မူဝါဒ(၃)ရပ်ဖြစ်သည့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်သွားရန် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရေး စီမံဆောင်ရွက်ရန်တို့နှင့်ပတ်သက်၍ ဌာနကအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စားသုံးသူအခွင့်အရေး(၈)ချက်တို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ချေးငွေကိစ္စရပ်များ၊ ဖွဲနုဆီထုတ်လုပ်ရန်နှင့် စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေးကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကိစ္စရပ်များ၊ ပုသိမ်စက်မှုစီမံကိန်းမှ ပြည်ပဆန်တင်ပို့မှုများ၊ ဌာန၏မူဝါဒများနှင့် ၎င်းမူဝါဒများအပေါ်  စီမံဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)         

ဖျာပုံမြို့၊ ရွှေညီကိုကားကြီးဂိတ်တွင် လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဒေါ်လဲ့လဲ့ဆန်းနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ရွှေညီကိုကားကြီးဂိတ်တွင်  စားသုံးသူအသိပညာပေးဟောပြောမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူးဒေါ်လဲ့လဲ့ဆန်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက်စားသုံးသူအခွင့်အရေးနှင့်တာဝန်မျာ၊း စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချမှုရှိကာ အရည်အသွေးပြည့်မီသောစားသောက်ကုန်ပစ္စည်းများကိုသုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် သက်မှတ်ချက်များပါရှိသောကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးပိုးသတ်ဆေးအန္တရာယ်အကြောင်းများ၊ ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ လုပ်သားပြည်သူ( ၁၅ )ဦးတက်ရောက် ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ တွေ့ဆုံဆွေးနွေး

    ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် (၂၄-၃-၂၀၂၃)  ရက်‌နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဒေးဒရဲမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးကျော်ညွှန့်နှင့် တွေ့ဆုံခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးပွဲသည် ပြည်တွင်း/ပြည်ပကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးစေရန် အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေး၊ ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြု၍ ပြည်တွင်း/ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေးတို့ကို ရည်ရွယ်ပါသည်။ အသင်းအနေဖြင့်လည်း စားသုံးသူပြည်သူများသည် တည်ငြိမ်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချမှုများဆောင်ရွက်ခဲ့ပါသည်။ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နိုင်ငံစီးပွားရန်ပုံငွေဖြင့် တောင်သူများနှင့်အကျိုးတူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ဒေးဒရဲမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ အား ထိရောက်သောပံ့ပိုးမှုများဖြင့် ကူညီဆောင်ရွက်ပေးပြီး တောင်သူတို့၏ အကျိုးစီးပွားမြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန်တို့အတွက် ဆန်စပါးရောင်းဝယ်ရေးအများပိုင်ကုမ္ပဏီတစ်ခုဖွဲ့စည်းတည်ထောင်ဆောင်ရွက်လျက်ရှိပါသည်။ အသင်းအနေဖြင့် ဓာတ်မြေဩဇာ  ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းမြှင့်တက်ခြင်း၊ လျှပ်စစ်မီးအချိန်မှန်မရရှိခြင်း၊ COVID-19 ကာလ၌  နစ်နာဆုံးရှုံးမှုများရှိခဲ့သော်လည်း အလုပ်သမားမိသားစုများ၏စားဝတ်နေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန် လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးတို့သည် ဆန်စက်လုပ်ငန်းပိုင်ရှင်များတွေ့ကြုံနေ ရသည့် စိန်ခေါ်မှုများဖြစ်ပါသည်။

          မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဘဏ္ဍရေးမှူး ဦးကျော်ညွှန့်က ဓာတ်မြေဩဇာနှင့်စက်သုံးဆီဈေးနှုန်းများတည်ငြိမ်လျော့ကျစေရေးနှင့် လျှပ်စစ်မီးအသုံးပြု၍ လည်ပတ်နေသောစက်များရှိသဖြင့် လျှပ်စစ်မီးပုံမှန်ရရှိလျှင် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ယခုနှစ်နွေစပါးရာသီတွင် နိုင်ငံစီးပွား  ရန်ပုံငွေဖြင့် ဆန်စက်ပိုင်ရှင်များနှင့်တောင်သူများပူးပေါင်း၍ အကျိုးတူဆောင်ရွက်လျက်ရှိပြီး ဆန်စပါးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆန်စပါးရောင်းဝယ်ရေးအများပိုင်ကုမ္ပဏီကို အမြန်ဆုံးဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတိုးတက်စေရေးအတွက်    သွင်းအားစုနှင့်   စက်သုံးဆီဈေးနှုန်းများထိန်းညှိဆောင်ရွက်ပေးစေလိုကြောင်းတို့အား ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုကို နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

  ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က တက်ရောက်လာသည့်လုပ်ငန်း ရှင်တို့အား စားသုံးဆီအသင်းအဖွဲ့ကိစ္စများနှင့်ပတ်သက်၍ တိုင်း၊ ခရိုင်ကိုယ်စားလှယ်ရွေးချယ်ပြီးနောက်     မြို့နယ်အနေဖြင့်လည်း အသင်းဖွဲ့စည်းစေလိုပါကြောင်၊း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဈေးကွက်အခြေအနေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းတို့ကို အသိပညာပေးဆွေးနွေးကာ ဈေးကွက်တွင် ကျယ်ပြန့်စွာပါရှိလာပြီဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာလျှင် ရှင်းလင်းခွင့်၊ တိုင်ကြားခွင့်များအား စားသုံးသူရေးရာဦးစီးဌာနတွင် စင်တာများဖွင့်လှစ်ထားရှိပြီးဖြစ်၍  Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း  ထည့်သွင်းပြောကြား၍ တက်ရောက်လာသောလုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

Pages

Subscribe to RSS - HighLight News