Main menu

HighLight News

Powered by Drupal

လပွတ္တာမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခြင်း

          လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများဆောင်ရွက်ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အလို့ငှါ ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့ရောင်းချသောကုန်စည်များပေါ်တွင် စားသုံးသူကာ ကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ စိစစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ စိစစ်တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါအရ အရေးယူဆောင်ရွက်မှုများ ပြစ်မှု။ ပြစ်ဒဏ်များများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အိမ်မဲမြို့နယ်၊ မုန့်မျိုးစုံဆိုင်များ ကွင်းဆင်းဆောင်ရွက်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်အတူ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်သို့ (၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ နယ်မြေဈေးကွက် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များ၌  Nut  House  သီဟိုဠ်စေ့၊ ဘယ်ရီမုန့်ကျွတ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကို စစ်ဆေးခဲ့ရာပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ လုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင် ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင် မတ်ပဲဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၃.၂၀၂၂)နေ့နံနက် (၁၀:၃၀)အချိန်တွင် တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် တပင်ရွှေထီး ဆန်စပါးနှင့်ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိမတ်ပဲတစ်တင်းကို (၄၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်မတ်ပဲတင်း(၁၀၀၀)ခန့် လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိရပြီး လာရောက်ရောင်းချသည့် ညောင်ပင်ဂရက်ကျေးရွာမှ ဦးသိန်းသန်းစိုးနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးရာ မိမိမိုးစပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲများစိုက်ပျိုးခဲ့ပြီး သွင်းအားစုအနည်းငယ်သာ အသုံးပြု၍ တစ်ဧကလျှင် (၁၀)တင်းနှုန်းခန့်ထွက်ရှိပြီး ယခုဈေးနှင့် ရောင်းရသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။

         ထို့အပြင် စစ်ချောင်းကျေးရွာမှတောင်သူဒေါ်သန်းဌေးနှင့်တွေ့ဆုံရာ ညောင်ပင်ဂရက်ကျေးရွာသည် အနိမ့်ကွင်းဖြစ်ပြီး ကုန်းတန်းဖြစ်သော စစ်ချောင်း၊ နတ်စဉ်၊ ကျွဲဒုံး ကျေးရွာများတွင် တစ်ဧက လျှင်မတ်ပဲ(၁၈)တင်းခန့် ထွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          တပင်ရွှေထီးဆန်စပါးနှင့် ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံအနေဖြင့် နေ့စဉ်ဝယ်ယူရရှိသော မတ်ပဲများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ရွှေပြည်သာစက်မှုဇုန်သို့ အဆက်မပြတ်ပေးပို့လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သွင်းကုန်အစားထိုးကျန်းမာရေးအထောက်အကူပြု တန်ဖိုးမြှင့်ဖွဲနုဆီ

          ကုန်ကြမ်းပစ္စည်းတစ်ခုကို ဈေးကွက်တွင် ပို၍တန်ဖိုးမြင့်တက်လာစေရန် သို့မဟုတ် မူလ ကုန်ကြမ်းထက်ပို၍ ထားသိုနိုင်သည့် သက်တမ်း (Shelf-life) ရှည်စေရန် ရည်ရွယ်ပြီး နည်းပညာ သုံးကာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခု (Value Added Product) ထုတ်လုပ်နိုင်သည်ဟုဆိုလျှင် ဖွဲနုဆီသည် ကျန်းမာရေးကို အထောက်အကူပြုသော တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုဖြစ်ပေသည်။

          ဖွဲနုဆိုသည်မှာ စပါးခွံနှင့် ဆန်သားအကြားရှိ အလွှာတစ်ခုဖြစ်ရာ စပါးမှ ဆန်သား ဖြစ်လာ စေရန် ဆောင်ရွက်မှုဖြစ်စဉ်တွင် ၎င်းသည် ဘေးထွက်ပစ္စည်းသာဖြစ်ပါသည်။ စက်ကြိတ်အဆင့် အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ရိုးရိုးဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဖွဲနုဟူ၍ သုံးမျိုး ရှိရာ ကော်ဓာတ်များသော အထူးဖွဲနုကို ဖွဲနုဆီထုတ်ယူရာတွင် အသုံးမပြုဘဲ ဆီပါဝင်မှု ရာခိုင်နှုန်း ၁၄ မှ ၁၆ ရှိသော ရိုးရိုးဖွဲနုနှင့် ပေါင်းစပါးများကို အဆင့်မြှင့် ကြိတ်ဖွတ်ရာမှ ထွက်ရှိသည့် ဆီပါဝင်မှု ရာခိုင်နှုန်းမြင့်မားသော ပေါင်းဖွဲနုတို့ကို ဖွဲနုဆီ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုကြပါသည်။

           ဖွဲနု၏ အရည်အသွေးကောင်းမွန်မှုသည် ဖွဲနုဆီထုတ်ယူရာတွင် အဓိကကျလှပေရာ လတ်ဆတ်ဖွဲနုရရှိစေရန် ဆန်ကြိတ်ပြီး ၂၄ နာရီအတွင်း ဆီစက်သို့သယ်ဆောင်၍ ဆီထုတ် လုပ်ငန်းစဉ် ဆောင်ရွက်ရပါသည်။ စက်မှကျလာစအချိန်၌ ဖွဲနု၏အချဉ်ဓာတ်ကိန်း (Acid Value) သည် ၅ ခန့်သာရှိသော်လည်း တစ်နာရီကြာတိုင်း အချဉ်ဓာတ်ကိန်း ၁ တိုး လေ့ရှိပါသည်။ ဖွဲနုတွင်ပါဝင်သောအစိုဓါတ် (Moisture) သည် ဖွဲနုကို အချဉ်ပေါက်စေသည့်အပြင် ဆီထုတ် လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေတတ်သောကြောင့် ဖွဲနု၏ အစိုဓာတ်ကို ၅% အောက်အထိ ဖြစ်လာရန် ပြုပြင်ရပါသည်။

           ဆီထွက်သီးနှံများတွင် ဆီပါဝင်မှုရာခိုင်နှုန်း ၂၅ နှင့်အထက် ရှိပါက သဘာဝအတိုင်း ကြိတ်ချေခြင်းဖြင့် ဆီထုတ်ယူနိုင်သော်လည်း ၂၅% အောက် ဖြစ်နေလျှင် ဓာတုဖျော်ရည် (Organic Solvent) ဖြင့်စိမ်၍ ဓာတုဗေဒနည်းဖြင့် ဆီထုတ်ယူရပါသည်။ ဖွဲနုကို ပြုပြင်ပြီး ဓာတုဖျော်ရည်ဖြင့် စိမ်သောအခါ ဆီများသည် ၎င်း‌ဖျော်ရည်တွင် ပျော်ဝင်သွားပါသည်။ အဆိုပါ ပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်အား အငွေ့ပျံစေကာ ဖွဲနု ဆီကြမ်းကို ရရှိပါသည်။ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်ယူခြင်းကို ဆီကြမ်းထုတ်စက်ရုံအပိုင်းက ဆောင်ရွက်ပြီး ၎င်းအဆင့်တွင် ဆီထုတ်ပြီးဖွဲဖတ် (Oil Extracted Rice Bran, OERB) ကို ဘေးထွက်ပစ္စည်း (By Product) အဖြစ်ရရှိကာ တိရစ္ဆာန်အစာအတွက် ပြည်တွင်း၌ အသုံးပြုရုံမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ပါသည်။

          ဖွဲနုဆီကြမ်းတွင် မလိုလားအပ်သော အရောင်ဆိုး၊ အနံ့ဆိုး၊ အချဉ်ဓာတ်နှင့် အချွဲဓာတ် များပါဝင်နေသောကြောင့် ပြန်လည်သန့်စင်ရန် ဆီချောထုတ်စက်ရုံ (Refinery Plant) သို့ ပေးပို့ရပါသည်။ ထိုစက်ရုံတွင် ဖယောင်းကြမ်းဖယ်၍ အချဉ်ချွတ်ခြင်း၊ အချွဲချွတ်ခြင်း၊ အရောင် ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ အအေးခံဖယောင်းချ၍ ဖယောင်းချောဖယ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။ ဤကဲ့သို့ ဆီသန့်စင်ခြင်းနည်းစဉ်ပါ အဆင့်များကို ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာလျှင် စားသုံးရန်အဆင့်ဖြစ်သော အရောင်ကြည်လင်သည့် ဖွဲနုဆီ (edible rice bran oil) ကို ရရှိလာပါသည်။

          ဖွဲနုဆီကြမ်း၏ အချဉ်ဓာတ်ကိန်း (Acid Value) ၄၀ အထိသာ စားသုံးဆီအဖြစ် ပြန်လည် သန့်စင်သော်လည်း ၎င်းထက် အချဉ်ဓာတ်ပိုမြင့်လာပါက စီးပွားရေးအရ တွက်ချေ ကိုက်ခြင်း မရှိသောကြောင့် စက်မှုလုပ်ငန်းသုံးဆီအဖြစ် ဆပ်ပြာစက်ရုံသို့ ရောင်းချရပါသည်။ ဆီကြမ်း (Crude Oil) မှ ဆီချော (Refined Oil) ထုတ်လုပ်မှုဖြစ်စဉ်တွင် ဖယောင်းကြမ်း၊ ဆပ်ပြာကြမ်း၊ အရောင်ချွတ်ဖတ်နှင့် ဖယောင်းချောတို့ကို ဘေးထွက်ပစ္စည်းများအဖြစ် ပြန်လည်ရရှိရာ ၎င်းတို့ ကို ဆပ်ပြာထုတ်လုပ်သောလုပ်ငန်းနှင့် အလှကုန်ထုတ်လုပ်သောလုပ်ငန်းများတွင် အသုံးပြုနိုင် ပါသည်။

ဖွဲနုဆီ၏ ဓာတုဗေဒဆိုင်ရာ အရည်အသွေး (Chemical Properties) များမှ CODEX STANDARD အရ အိုင်အိုဒင်းတန်ဖိုး (Iodine Value) သည် ၉၀-၁၁၅ ဖြစ်ပြီး ပြည့်ဝအဆီ အက်ဆစ် ၂၀ ရာခိုင်နှုန်းနှင့် မပြည့်ဝအဆီ အက်ဆစ် ၈၀ ရာခိုင်နှုန်းတို့ ပါဝင်ဖွဲ့စည်းထားသော ဆီအရည် (Liquid Oil) အမျိုးအစားဖြစ်ပါသည်။ ဖွဲနုဆီသည် မီးလောင်မှတ် (Smoke Point) မြင့်မားသော ဆီအမျိုးအစားဖြစ်သောကြောင့်လည်း မွှေကြော်(stir-frying) နှင့် နှစ်ကြော်(deep-frying)တို့အတွက် သင့်တော်သော ဟင်းချက်ဆီအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် အာရှနိုင်ငံ များဖြစ်ကြသော အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများတွင် လူသိများ ကျော်ကြားသော စားသုံးဆီလည်း ဖြစ်ပါသည်။

          အာဟာရတန်ဖိုးဆိုင်ရာ ပါဝင်မှုများတွင် USDA ၏ဖော်ပြချက်များအရ ဖွဲနုဆီစားပွဲ တင်ဇွန်းတစ်ဇွန်းတွင် အဆီဓာတ် ၁၄ ဂရမ်နှင့် အင်အားဓာတ် ၁၂၀ ကယ်လိုရီရှိပြီး ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိသောကြောင့် ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ မိုနို မပြည့်ဝ အပိုင်းနှင့် ပိုလီ မပြည့်ဝအပိုင်းဆတူနီးပါးပေါင်းစပ်ပါဝင်နေသောကြောင့် ကိုလက်စထရော မြင့်မားမှုကို ထိန်းသိမ်းပေးနိုင်ကြောင်း စသည်တို့ကြောင့် အမေရိကန်နှလုံး အသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့က ဖွဲနုဆီကို ကျန်းမာရေး အထောက်အကူပြု စားသုံးဆီဟု ထောက်ခံ ထားကြပါသည်။

          အိန္ဒိယနိုင်ငံရှိ The India Council Medical  Research (ICMR) နှင့် The National Institute of Nutrition (NIS) တို့၏ သုတေသနရလဒ်များအရ ဖွဲနုဆီသည် နှလုံးရောဂါ ရှိသူများအတွက် အလွန်သင့်လျော်သော ''heart-healthy oil'' ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် The Journal of Nutritional Biochemistry ၏ တင်ပြမှုတစ်ခု၌လည်း ဖွဲနုဆီ စားသုံးသူများသည် ဆီးချိုရောဂါပုံစံ(၂)ကို သက်သာစေကြောင်း မှတ်သားခဲ့ရပါသည်။

          ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော Ƴ-oryzanol နှင့် tocotrienol တို့များ စွာပါဝင်နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများရရှိစေပါသည်။ ဗီတာမင် E နှင့် အိုမီဂါ 3 အဆီအက်ဆစ်ပါဝင်နေသော ကြောင့်လည်း အရေပြားကို တင်းရင်းလှပစိုပြည်စေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို တိုးပွားစေ ပါသည်။

          ဤသို့ဆိုလျှင် စားသုံးသူများအနေဖြင့် စားသုံးဆီအမျိုးအစားပေါင်း များစွာရှိသည့် အနက် မှန်ကန်သော ဟင်းချက်ဆီ အမျိုးအစားရွေးချယ်ရာတွင် အနံ့အရသာအပြင် ကျန်းမာရေး ရှုထောင့်မှလည်း စဉ်းစားရပေလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ရွေးချယ်မည်ဆိုလျှင် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူ (Health Experts) များ ထောက်ခံထားသည့် စားသုံးဆီမှာ ဖွဲနုဆီပင် ဖြစ်ပါသည်။

          ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအရ ဖွဲနုတန် ၁၀၀ မှ ဆီကြမ်း ၁၀ တန်ရရှိနိုင်ပြီး ၎င်းဆီကြမ်း ၁၀ တန်ကို ပြန်လည်သန့်စင်ပြီးပါက စားသုံးရန် အဆင့်ဖွဲနုဆီ ၃ တန်မှ ၃.၅ တန်အထိရရှိနိုင်ပါသည်။ ဖွဲဖတ် ၈၄ တန်ခန့်ထွက်ရှိလာသောကြောင့် ထုတ်လုပ်မှု ဖြစ်စဉ်အရ ဆုံးရှုံးမှု (Process Loss) သည် ၆% ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးမှထွက်ရှိသည့် စပါးများ၏ ၉၀% ကို ပေါင်းဆန်အဖြစ် ပြုလုပ်ပြီး ၎င်းကိုအဆင့်မြှင့်ကြိတ်ခွဲရာမှ ထွက်ရှိလာသောပေါင်းဖွဲနုမှ ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပေါင်းဖွဲနုတွင် ဆီပါဝင်မှု ရာခိုင်နှုန်း ၁၈ မှ ၂၂ ထိရှိပြီး အချဉ်ဓာတ်ကိန်းကိုလည်း တစ်လအထိတည်မြဲအောင် ထိန်း သိမ်းထားနိုင်၍ ဆီချောပိုမိုထုတ်ယူနိုင်သည့်အပြင် ဆီချောစက်ရုံတွင်လည်း ပေါင်းဖွဲနု၏ အနံ့ကုန်စေရန် Temperature Treatment ကိုလုပ်ဆောင်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံ၏ ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းမှာ များစွာတိုးတက်နေရခြင်းဖြစ်သည်။

          မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးတိုးချဲ့စိုက်ပျိုးနေခြင်းနှင့် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချ နေသောကြောင့် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုကိုလည်း နှစ်စဉ်တိုး၍ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းရပါသည်။ ၎င်းဖွဲနုများအားလုံးကို စားသုံးဆီထုတ်ယူနိုင်မည်ဆိုပါက နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသော စားသုံးဆီပမာဏကို သိသာစွာလျှော့ချလာနိုင် မည်ဖြစ်သည်။ ထို့ပြင် ထွက်လာသောဘေးထွက်ပစ္စည်းများကိုလည်း ပြည်တွင်းရှိလူသုံး ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသို့  ကုန်ကြမ်းအနေဖြင့် ရောင်းချနိုင်သောကြောင့် ဖွဲနုဆီထုတ် လုပ်ငန်းသည် စိုက်ပျိုး ရေးကို အခြေခံ၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကွင်းဆက်မိသော လုပ်ငန်းလည်းဖြစ်ပါသည်။

          သို့ပါ၍ မိမိတို့နိုင်ငံတွင် ဘေးထွက်ပစ္စည်းအနေဖြင့် တိရစ္ဆာန်အစားအစာအဖြစ်သာ  အသုံးဝင်မည့် ဖွဲနုကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ဈေးကွက်ဝင်သော ကျန်းမာရေး အထောက် အကူပြု ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်နိုင်မည်ဆိုပါက သွင်းကုန် အစားထိုး နိုင်ငံခြား ငွေ ချွေတာနိုင်မည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

ITQM

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောခြင်း

          ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီမြို့ပေါ်ရပ်ကွက်များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များအား ဖိတ်ကြားကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးနှင့် ဆေးဝါးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် သိပညာပေးဟောပြောခြင်းကို (၃-၃-၂၀၂၂) ရက်နေ့တွင် ငပလီမြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့  ရခိုင်ပြည်နယ် သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ငပလီမြို့အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ငပလီမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားမစတင်မီ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကောက်နုတ်ချက်လက်ကမ်းစာစောင်များအားလည်းကောင်း၊ ခရိုင်FDAမှ တရားမဝင် အသားတု၊ အသားလုံး၊ အသားပြားများအကြောင်း လက်ကမ်းစာစောင်တို့အား အခမ်းအနား တက်ရောက်လာသူများသို့ ဝေငှပေးပါသည်။

          အခမ်းအနားဖွင့်လှစ်ပြီးနောက် သံတွဲခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တာဝန်ခံဒေါက်တာရဲမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဆေးဝါး ရောင်းချသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းဥပဒေများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက တရားဝင်ခွင့်ပြုချက် မရှိဘဲ တင်သွင်းလာသည့် စားသောက်ကုန်များအကြောင်းအား အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်စည်များ၌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့အား ရှင်းလင်းဟောပြောခဲ့ကြပါသည်။

          ထို့နောက် တက်ရောက်လာသော ဆေးဝါးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များ၏ မေးမြန်းချက် များအား သံတွဲခရိုင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် သံတွဲခရိုင် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားအား နေ့လယ် (၂:၀၀)နာရီခန့်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

စီးပွားရေးလုပ်ငန်းရှင်အား ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၄.၃.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ “ဆန်းသစ်” ကားဘော်ဒီဆေးမှုတ်လုပ်ငန်း၏ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ရှိမှု စသည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 “အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး”

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁..၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေးအစီအစဉ်အရ မိဘပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချစေရေး စီးပွားရေးလုပ်ငန်းရှင် များလိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍများကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေနွေးပွဲ Talk Show အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်ဦးစီးမှူးမှ မြို့နယ်အတွင်းရှိ စားသုံးသူမိဘ ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှတိုင်ကြားလာမှုများ အပေါ်ဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးအနေဖြင့် စားသုံးသူမိဘ/ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများ၊ သတင်းအချက် အလက်များကို သတင်းမီဒီယာများနှင့်ပူးပေါင်း၍ အွန်လိုင်းမှသော်လည်းကောင်း၊ လူမှုကွန်ယက် စာမျက်နှာမှသော်လည်းကောင်း  စဉ်ဆက်မပြတ်ဖြန့်ဝေခြင်းများဆောင်ရွက်လျှက်ရှိပါသည်။

DOCA(မကွေး)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိ ကန်ဒေါ် လာဖြင့် မှာယူတင်သွင်းခဲ့သော စားသုံးဆီအရောင်းဆိုင်များသို့ မုံရွာခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများပါဝင်သော ခရိုင်ကွင်းဆင်း စစ်ဆေးကြပ် မတ်ရေး အဖွဲ့သည် (၂၄.၂.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များနှင့် ချင်းတွင်း ရတနာဈေး၊ သီရိရတနာဈေး၊ မြသလ္လာ ဈေးများရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးဆီ ရောင်းချရာတွင် အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရန်၊ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေ နပ်မှုရရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသော ဟင်းသီးဟင်းရွက် ဆီ(Vegetable Oil , Cooking Oil)များနှင့်ပတ်သက်၍ ဖော်ပြချက်များအပေါ် ကုန်စည်၏အမျိုးအမည်ကို ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်း ရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟုလည်းကာင်း၊  အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့ အလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့်လည်းကောင်း မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်း ရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုတို့နှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (၁/၂၀၂၁)သည် ညွှန်ကြားချက်ထုတ်ပြန်သည့် (၂၀.၁၂.၂၀၂၁)ရက်နေ့မှစ၍ (၆)လ ပြည့်မြောက် ပြီးသည့် နေ့တွင် စတင်အာဏာသက် ရောက်မည် ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်စာစောင်အား စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များထံ အသိပညာပေးဖြန့် ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူတို့ ကျန်းမာရေး စားသုံးဆီအရည်အသွေးထိန်းသိမ်းပေး”

          လူသားတို့၏ဘဝရပ်တည်မှု၌ အဓိကလိုအပ်ချက်သုံးမျိုးဖြစ်သည့် “စားရေး၊ ဝတ်ရေးနှင့် နေရေး” တို့တွင် “စားရေး”သည် အသက်ရှင်မှုအတွက်အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ လူတို့စားသောက်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားသော စားသောက်ကုန်များ၏ အရည် အသွေးမြင့်မားမှုကလည်း ကျန်းမာသက်ရှည်ရေးကိုများစွာ အထောက်အကူပြုလျှက်ရှိပါသည်။

          စားသောက်ကုန်ဟုဆိုရာ၌ မြန်မာတို့၏ အခြေခံစားကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော စားသုံးဆီ၏အရည်အသွေးသည် စားသုံးသူများ၏ကျန်းမာရေးအတွက် လျစ်လျူရှုထားသင့်သော အရာမဟုတ်ပေ။ သို့ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွှတ်သော အရည်အသွေးမြင့် စားသုံးဆီများ တင်သွင်း သိုလှောင် ထုတ်လုပ်ရောင်းချဖြန့်ဖြူး ပေးနိုင်ရန်အလို့ငှာ စားသုံးဆီအရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများကို စားသုံးဆီလုပ်ငန်း လုပ်ကိုင်ကြသူတိုင်းက လေ့လာ သိရှိထားကြရုံမျှမက လိုက်နာဆောင်ရွက်ကြရန်လည်း အထူးလိုအပ်လှပါသည်။

          “အရည်အသွေးထိန်းသိမ်းခြင်း” ဟုဆိုရာ၌အရည်အသွေးဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို သေချာစွာသိရှိထားရမည် ဖြစ်ပါသည်။ “ထုတ်ကုန်ပစ္စည်းတစ်ခု၏အရည်အသွေး” ဆိုသည်မှာ စားသုံးသူများ၏လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးနိုင်သော ၎င်းကုန်ပစ္စည်း ၏ ကြန်အင်လက္ခဏာများဖြစ်သည်ဟု မှတ်သားဖူးခဲ့ရာစားသုံးဆီနှင့်ပတ်သက်၍ စားသုံးသူများ ၏မျှော်မှန်းချက်အရ သတ်မှတ်ထားသောရူပအရည်အသွေးများမှာ ကြည်လင်သောအရောင်ရှိပြီး မနှစ်သက်ဖွယ်အနံ့ကင်းကာအရသာကောင်းမွန်၍ အမှုန် အနည်ကင်းစင်ရမည်တို့ဖြစ်ပါသည်။

          ထို့ပြင်လည်း အခြားအဓိပ္ပါယ်သတ်မှတ်ချက်အနေဖြင့် “စားသုံးသူများ၏မျှော်မှန်းချက် အပြင်သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်ပါ ကိုက်ညီမှုရှိပြီး နိုင်ငံ တော်က အခါအားလျှော်စွာ ပြဌာန်းသည့်ဥပဒေနည်းဥပဒေတို့နှင့်ပါ အကျုံးဝင်သော ၎င်း ကုန်ပစ္စည်း၏ ကြန်အင်လက္ခဏာစု” ဟူ၍လည်းလေ့လာဖူးပြန်ရာ စားသုံးဆီ၏ သိပ္ပံနည်းကျ တိုင်းတာရရှိသော ဓာတုဗေဒဆိုင်ရာအရည်အသွေးအချက်အလက်များသည် စံချိန်စံညွှန်းဘောင် အတွင်းရှိနေမှသာ ကျန်းမာရေးနှင်ညီညွှတ်သော အဆင့်မြင့်စားသုံးဆီ အရည်အသွေးနှင့်ပြည့်စုံ သည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

          စားသုံးဆီ၏အရည်အသွေးသည် ဆီစားသုံးသူပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုစီးပွား ဘဝများအတွက် အတိုင်းအတာတစ်ခုအထိအရေးပါနေသောကြောင့် စားသုံးဆီ၏ အရည်အသွေး ကို ထိန်းသိမ်းနိုင်ရန်အတွက် အရည်အသွေးစီမံခန့်ခွဲမှုနည်းစနစ်အရ စားသုံးဆီ၏ ဘဝအစ ဖြစ်သော ဆီထွက်သီးနှံဘဝကပင် စတင်၍ အရည်အသွေးကိုထိန်းသိမ်းရမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း ၊ သိုလှောင်ခြင်း၊ စက်ကြိတ်ခြင်း၊ ထုတ်ပိုးခြင်း၊ သယ်ယူ ဖြန့်ဖြူးခြင်း၊ဈေးတွင်ရောင်းချခြင်းနှင့်မီးဖိုဆောင်တွင်အသုံးပြုခြင်းစသည့် ဆက်တန်းတစ်လျှောက် တွင် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာဆောင်ရွက်ချက်များကို လုပ်ဆောင်သွားကြရမည် ဖြစ်ပါ သည်။

          ဆီထွက်သီးနှံများတွင် စုစုပေါင်းဆီပါဝင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းနှင့်အထက်ရှိသော သီးနှံ  များကို သဘာဝနည်းဖြင့်ဆီကြိတ်၍ရရှိသော်လည်း ၂၅ ရာခိုင်နှုန်းအောက်ရှိသော သီးနှံများကို မူ ဓာတုဗေဒနည်းဖြင့်သာ စားသုံးဆီထုတ်ယူနိုင်ပါသည်။ သို့ဖြစ်ရာ “ မူရင်းကောင်းမှ မိတ္တူကောင်း နိုင်မည်” ဖြစ်သကဲ့သို့ အရည်အသွေးမြင့်စားသုံးဆီ ရရှိစေရန် ပင်ရင်းဆီထွက်သီးနှံ၏ အရည် အသွေးပေါ်မူတည်သောကြောင့် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့်ကို ကောင်းမွန်သောစိုက်ပျိုးနည်းကျင့်စဉ်အတိုင်း လိုက်နာစိုက်ပျိုး၍ ရိတ်သိမ်းချိန် မှန်ကန် ရန် လည်းသတိပြုသင့်ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်း ပျက်ဆီးဆုံးရှုံးမှုနှင့် မှိုကျရောက်ခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက်လည်း ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက် များကို လေးစားလိုက်နာဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

          စားသုံးဆီထုတ်လုပ်သည့် စက်ရုံများအနေဖြင့်လည်းမိမိတို့ထုတ်ကုန်အရည်အသွေးမြင့်မား စေရန်ရည်ရွယ်၍ကုန်ကြမ်းအဆင့်မှ စတင်ပြီးထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်အပါအဝင် ကုန်ချော ထွက်သည်အထိ အဆင့်တိုင်းနေရာတိုင်းတွင် စနစ်တကျစီမံကွပ်ကဲနိုင်သည့် အရည်အသွေးစီမံ ခန့်ခွဲမှုစနစ်တစ်ရပ် ရေးဆွဲဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိတို့ထုတ်ကုန်၏ အရည်အသွေးကို ထိန်းချုပ်နိုင်ပြီး အရည်အသွေးအာမခံမှုပေးနိုင်မည်ဖြစ်ပါသည်။

          စားသုံးဆီကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိပဲ ပြည်ပမှ မှာယူတင်သွင်းပြီးသိုလှောင်ဖြန့်ဖြူး ရောင်းချသူများ အနေဖြင့်လည်းမိမိတို့နိုင်ငံမှ ထုတ်ပြန်ထားသော စားသုံးဆီအရည်အသွေး သတ်မှတ်ချက်များကို လိုက်နာ၍မှာယူတင်သွင်းရမည့်အပြင် သိုလှောင်ကာလ၌ ဆီအရည်အသွေး ကျဆင်းမှု နည်းနိုင်သမျှနည်းစေရန်ကိုလည်း စီမံဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆီသိုလှောင်ကန်၏ တည်ဆောက်ပုံ၊ ကြံ့ခိုင်းရေး၊ သန့်ရှင်းရေးနှင့် စောင့်ကြည့်စစ်ဆေးထိန်းသိမ်း ခြင်းတို့က များစွာအရေးပါသောအချက်များဖြစ်ကြပါသည်။

          စားသုံးဆီသိုလှောင်ကန်ကို စားသုံးဆီနှင့်ထိတွေ့လျှင် ဓာတ်ပြုနိုင်ခြင်းမရှိသော Stainless Steel ဖြင့်တည်ဆောက်သင့်ပြီး Mild Steel ဖြစ်နေပါကအတွင်းဘက်ကို epoxy သုတ်လိမ်းရမည် ဖြစ်ပါသည်။ တည်ဆောက်သည့်ပုံသဏ္ဍန်သည် လုံးရှည်ဆလင်ဒါပုံထက် အောက်ခြေရှူး ကော်နီ ကယ်ပုံသဏ္ဍန်ကသန့်ရှင်းရေးဆောင်ရွက်ရန်အတွက် ပိုမိုအဆင်ပြေစေပါသည်။ ဆီသို လှောင်ကန် ၏ ပိုက်လိုင်းစနစ်သည်ဆီသွင်း၊ ဆီထုတ် ပြုလုပ်ရန်သီးခြား ပိုက်လိုင်းစနစ်ရှိသင့်ပြီး ပိုက်လိုင်းများ ရှိအဖွင့်အပိတ်ဘားများ လုံခြုံမှုရှိရန်အရေးကြီးပါသည်။ ၎င်းတို့မလုံပါကဆီလှောင် ကန်အတွင်းသို့ ပြင်ပလေဝင်ရောက်နိုင်ပြီးဓာတ်တိုးမှုဖြစ်စဉ်အရ စားသုံးဆီအရည်အသွေးကို ကျဆင်းလာစေနိုင် ပါသည်။ ထို့ပြင်ဆီလှောင်ကန်အတွင်းရှိ စားသုံးဆီ၏အရည်အသွေးကိုနေ့စဉ် နမူနာ ထုတ်ယူ၍ စစ်ဆေးပြီး မှတ်တမ်းထားခြင်း၊ အဆင့်(Grade) မတူသောစားသုံးဆီများရော နှောခြင်းမှ ကင်းဝေး စေရန် အတွက်လည်းဆီအသစ်မသိုလှောင်မီ လက်ကျန်ဆီကိုဦးစွာရှင်းထုတ်၍ ဆီကန်ကိုကောင်း မွန်စွာ သန့်ရှင်းခြောက်သွေ့စေပြီးမှအသုံးပြုခြင်းစသည့် အလေ့အကျင့်ကောင်းများကိုလည်း စားသုံးဆီအရည်အသွေးထိန်းသိမ်းရာတွင် အမြဲဆောင်ရွက်သင့်ပါသည်။

          စားသုံးဆီစက်ရုံမှ ထုတ်လုပ်ရရှိသော စားသုံးဆီများကိုလည်းကောင်း၊ သိုလှောင်ကန် အတွင်းမှ စားသုံးဆီများကိုလည်းကောင်း ထုတ်ပိုးတံဆိပ်ကပ်ရန်အတွက် နေရာတစ်ခုသို့ သယ်ဆောင်လိုသည့်အခါအသုံးပြုရသော Container များသည်အတွင်းအပြင် ကောင်းစွာ သန့်စင် ခြောက်သွေ့ပြီးသော Food Grade Container များဖြစ်ရမည့်အပြင် အဖုံးလုံခြုံစွာ ပိတ်ဆို့နိုင်ရန် လည်း လိုအပ်ပါသည်။ သိုလှောင်ကန်အပိုင်းက သိုလှောင်ထားစဉ် ကာလအတွင်း ဆီအရည် အသွေးကျဆင်းမှုကို စနစ်တကျထိန်းချုပ်နိုင်ရန်မည်သို့ပင်ဆောင်ရွက်ထားစေကာမူ ဆီထုတ်ယူ သယ်ဆောင်သည့် Container များ၏ မသန့်ရှင်းမှုနှင့် ယိုယွင်းပျက်ဆီးမှုတို့ကလည်း စားသုံးဆီ အရည်အသွေးအားအလွန် ထိခိုက်စေသည်ကိုသတိပြုသင့်ပါသည်။

          ပြည်တွင်း၌ ထုတ်လုပ်ထားသော စားသုံးဆီကိုဖြစ်စေပြည်ပမှ မှာယူတင်သွင်းလာသော စားသုံးဆီကိုဖြစ်စေ ဈေးကွက်သို့ပို့ဆောင်မည်ဆိုပါက Food Grade ထုတ်ပိုးပစ္စည်းဖြင့် Packing ပြုလုပ်ပြီး မိမိတို့၏ကုန်တံဆိပ်အမှတ်အသားပါဝင်သော ကုန်ညွှန်းအမှတ်အသား ကိုထုတ်ပိုး ပစ္စည်းပေါ်တွင်သေချာစွာကပ်ပေးရပါမည်။ စားသုံးဆီကိုထုတ်ပိုးမှုမပြုလုပ်မီ ဦးစွာအရည်အသွေး စစ်ဆေးသင့်ပြီး အထားခံနိုင်မှုကာလ(Shelf Life ) ကိုလည်းသုတေသနပြုလုပ်ထားသင့်ပါသည်။

          စားသုံးဆီ၏ ထုတ်လုပ်မှုကွင်းဆက်( Supply Chain ) တစ်လျှောက်တွင် End User ဖြစ် သည့် စားသုံးသူထံသို့ မရောက်မီကြားအဆင့်တစ်ခုဖြစ်သော လက်လီဈေးကွက် သို့မဟုတ် ရပ်ကွက်ဈေးအဆင့်သည် ဆီအရည်အသွေးကျဆင်းမှုမြန်စေသော အဓိကနေရာ ဖြစ်နေပါသည်။ ဤသို့သောအခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ ဆီရောင်းချသည့်စနစ်ပုံစံ မမှန်မှုကြောင့်ဖြစ်ပါသည်။ ဆီချေးအထပ်ထပ်တတ်နေသော ပုံးထဲမှဆီကိုဆီချိန်ခွက် (ဆီမှုတ်) ဖြင့်ခပ်ယူ၍ ခွက်မှောက် ခွက်လှန်စနစ်ဖြင့် ရောင်းချနေသောကြောင့် ပြင်ပလေနှင့် ဆီမျက်နှာပြင် ထိတွေ့မှုများခြင်းနှင့် အတူ ဆီထဲသို့ဆီမဟုတ်သောပစ္စည်းများပါဝင်မှုရှိလာ ခြင်းတို့ဖြစ်ပေါ်လာပြီး ဆီကိုပျက်ဆီးလာ စေနိုင်ပါသည်။ ထိုသို့သောအခြေအနေ ဖြစ်ပေါ်နေသောဆီကို ဝယ်ယူစားသုံးသော စားသုံးသူ ကိုယ်တိုင်ကလည်းရေရှည်ကာလတစ်ခုအတွက် သိုလှောင်စားသောက်ရန် ရည်ရွယ်ပါကပျက်ဆီး နေသောဆီကြောင့် မိသားစု ကျန်းမာရေးကိုပါ ထိခိုက်လာမည်ဖြစ်ပါသည်။

          အရည်အသွေးမမီသော စားသုံးဆီများနှင့် အမျိုးအစားမမှန်ကန်သောစားသုံးဆီများကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာရမည့် ကျန်းမာရေးထိခိုက်မှုမှ ကာကွယ်ပေးရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်ကြော်ငြာစာ အမှတ် ၅၂၄/၂၀၂၁ ဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အမှတ်တံဆိပ်ပါစားသုံးဆီကို ထိန်းချုပ် အစားအသောက်အဖြစ် သတ်မှတ်ကြောင်းအမိန့်ထုတ်ပြန်ခဲ့ပါသည်။ ထိုနည်းတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ( ၂၀၁၉ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၉ ။) ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး ၍ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြရာတွင်စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

          နိုင်ငံသားတိုင်း စားသုံးဆီကြောင့် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် ရောဂါဆိုးများမှ ကင်းဝေး စေရန်အလို့ငှာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကြပ်မတ်ဆောင်ရွက်နေသကဲ့သို့ စားသုံးသူ များဘက်မှလည်း မိမိပေးလိုက်ရသည့်ဈေးနှုန်းနှင့် ပြန်လည်ရရှိလာမည့် အရည်အသွေးတန်ဖိုးကို ချိန်ညှိ၍ ခွက်မှောက်ခွက်လှန်စနစ်အား ချန်ထားခဲ့ပြီးကုန်ညွှန်း အမှတ်အသားအပြည့်အစုံနှင့်တကွ FDA ထောက်ခံချက်ယူထားပြီးသော အမှတ်တံဆိပ်ပါ ဆီဗူးများ (Consumer Pack ) ကိုသာ ရွေးချယ်ဝယ်ယူကာ မိမိတို့စားသောက်မည့် ပမာဏကို သတ်မှတ်ထိန်းချုပ်စားသောက်သင့် ပါသည်။

          ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကို ပြည်တွင်း၌ပင် အရည်အသွေးမီတိုးတက်ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သောကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်၍ နိုင်ငံတော်အတွက် အကျိုးရှိလာမည့်အပြင် လုပ်ငန်းရှင်များကိုယ်တိုင်လည်းမိမိတို့၏ ထုတ်ကုန်အရည်အသွေးမြှင့် တင်ခြင်း၊ ထုတ်ကုန်အရည်အသွေးထိန်းသိမ်းခြင်းတို့ဖြင့် အရည်အသွေးဆိုင်ရာကွင်းဆက် ဖြစ်စဉ် (Quality Chain Process ) အရ ရောင်းအားကောင်းလာနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်း လာသောကြောင့် ဈေးနှုန်းကိုပါ တည်ငြိမ်လာနိုင်စေခြင်းဖြင့် စားသုံးသူအကျိုးစီးပွားကိုလည်း ကာကွယ်ရာ ရောက်မည်ဖြစ်ပါသည်။

          သို့ပါ၍ စားသုံးဆီလုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် “ကုသိုလ် လည်းရဝမ်းလည်းဝ”ဆိုသည့် မြန်မာစကားပုံနှင့်အညီ မိမိအပါအဝင်စားသုံးသူများနှင့်အတူ နိုင်ငံ တော်အတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကျန်းမာရေးနှင့်ညီညွှတ်သော အရည်အသွေးမြင့် စားသုံးဆီများကို တိုးတက်ထုတ်လုပ်၍  သန့်ရှင်းသပ်ရပ်သောအဆင့်မြင့် ထုတ်ပိုးမှုစနစ်ဖြင့် စေတနာရှေ့ထား၍ ထုတ်လုပ်ရောင်းချနိုင်ကြစေရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။

ITQM

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ‌ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့်အတူ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများအပေါ် သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသည့် စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် စစ်ကိုင်းမြို့ရှိ BOC စက်သုံးဆီဆိုင်နှင့် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီအရောင်းဆိုင်များသည် နေ့စဉ်နံနက်(ဝ၅:ဝဝ)နာရီမှ ည(၂ဝ:ဝဝ)ထိ ဆိုင်ဖွင့်လှစ် ရောင်းချကြောင်း၊ အထူရောင်းဈေးနှုန်းသည် သာမန်ဈေးထက် တစ်လီတာအပေါ် ၁၅ဝိ/-ခန့် ဈေးသက်သာကြောင်း၊ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းသည် သာမန်ဈေးဖြင့် ရောင်းချခြင်း ထက် ၃၀% ခန့် ရောင်းအားတက်ကြောင်း၊ စက်သုံးဆီ ဝယ်ယူမှုကို ကန့်သတ်ချက်မထားဘဲ ကုန် ကားကြီးများ၊ Express ကားများအား ကား၏ ဆီတိုင်ကီဝင့်ဆန့်သည်ထိ ရောင်းချပေးကြောင်း၊ ဆိုင်ကယ်နှင့် ကားဆီဖြည့်ခြင်းကို နေရာသီးခြား ခွဲထားပြီး၊ ပုံးများဖြင့် ဝယ်ယူခွင့်မပြုပါကြောင်း ဆိုင်တာဝန်ခံများက ပြောကြားခြင်းအပေါ် အဖွဲ့ခေါင်းဆောင်က အချင်အတွယ်မှန်ကန်စွာရောင်းချ ရန်၊ နေ့စဉ်ရောင်းချရမှုစာရင်းနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး၊ မိမိတို့ဌာနသို့ နေ့စဉ် ဖုန်း သို့မဟုတ် Viber ဖြင့်စာရင်းပေးပို့ရန်နှင့် ခွဲတမ်းရရှိမှု တစ်ကြိမ်ပြီးတိုင်း စာရင်းချုပ် ပြုစုပေးပို့ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News