Main menu

HighLight News

Powered by Drupal

မြိတ်မြို့၊ မုန့်တိုက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းစစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ ပတ္တမြားလမ်းရှိ Julia မုန့်တိုက်သို့ ၂၀၂၂ခုနှစ်၊ ဧပြီလ(၅) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့် မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ ပတ္တမြားလမ်းရှိ Juliaမုန့်တိုက်ရှိ ထုတ်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်မှု ၊စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားအချက်အလက် များပြည့်စုံစွာပါရှိမှု၊ သက်ဆိုင်ရာထောက်ခံချက်နှင့် သက်တမ်းကုန်ဆုံးမည့်ရက်များပါဝင်မှုအား စစ်ဆေးခဲ့ပြီး ထုတ်ကုန်များပိုမိုစိတ်ချမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်များ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အား မူပိုင်ခွင့်ဦးစီးဌာနတွင် လျောက်ထားနိုင်ပြီဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည့်အပြင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား အခြားလုပ်ငန်းရှင်များသို့မျှဝေနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြမြို့နယ်၌ စားသုံးသူ အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊ ဧပြီလ(၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်တောင်ဒီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်များအား စိစစ်ရောင်းချရန်၊ ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးဝယ်ယူရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသောကျေးရွာသားများမှ သိရှိလိုသည်များမေးမြန်းမှုအား ပြန်လည်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မကွေးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်အေးအေးမိုး ဦးဆောင်သော ဝန်ထမ်းများသည် (၄.၃.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသူလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်အညီ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား ကွင်းဆင်းအသိ ပေးခြင်းနှင့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြလာရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ် အများစုတွင် စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil,Cooking Oil) ဟူ၍ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်(၈)ဆိုင်မှ ဆိုင်ရှင်များနှင့်အလုပ်သမားများအား အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်အရ ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ ဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်သာဖြစ်ကြောင်း၊ စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် အသားတင်ပမာဏကိုလည်း မြန်မာဘာသာဖြင့် (ပိဿာ)(ကျပ်သား)ဖြင့် ဖော်ပြသွားရမည်ဖြစ်ကြောင်း အသေးစိတ်အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြန့်ဖြူးရောင်းချသည့် အရောင်းကိုယ်စားလှယ်ကုမ္ပဏီခွဲများ၏ လိပ်စာများရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

        ထိုကဲ့သို့ စားသုံးသူများနှင့်တိုက်ရိုက်ထိတွေ့သည့် ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအထိ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူများထင်ယောင်ထင်မှားဖြစ်စေမည့် ကုန်စည်များ၊ ဈေးကွက်အတွင်းမှ တဖြေးဖြေးပပျောက်လာမည်ဖြစ်ပြီး ဘေးကင်းလုံခြုံမှုရှိသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ အင်ဂျင်ဝိုင်နှင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဈေးကွက်အတွင်း အရည်အသွေးအာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျော့နည်းစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်ဂျင်ဝိုင်နှင့် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင်စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး  ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။

ခရိုင်ဦးစီးမှူးမှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ အင်ဂျင်ဝိုင်နှင့် စက်ဆီ၊ ချောဆီရောင်းချသူများအနေဖြင့် တရားဝင်လိုင်စင်ရယူဆောင်ရွက်ထားသည့်ကုမ္ပဏီများမှတင်သွင်း သည့် Product များကိုသာ တင်သွင်းရောင်းချသွားရန်၊ အတုအပပြုလုပ်ရောင်းချသည့် စက်ဆီ၊ ချောဆီများ ရောင်းချခြင်းမပြုရန်၊ အရည်အသွေးမမှန်သည့်စက်ဆီ၊ ချောဆီများကြောင့် ဝယ်ယူ သုံးစွဲသူများ၏ စက်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးနစ်နာမှုများမရှိစေရန်၊ ရေသန့်ဗူးအလွတ်များနှင့် ရောင်းချနေသော စက်သုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်လုပ်တင်သွင်းသည့် နိုင်ငံ၊ ပစ္စည်းအမျိုးအမည် စသည့် သတင်းအချက်အလက်များအား ဆိုင်တွင်ဗီနိုင်းဖြင့် ချိတ်ဆွဲဖော်ပြထားစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဒု-ခရိုင်ဦးစီးမှူးမှ ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည့် ထုတ်ကုန်အား တုပ၍ ဆင်တူ ယိုးမှား ပြုလုပ်လာသည်ကို သိရှိရ၍ လုပ်ငန်းရှင်များအနေဖြင့် စိစစ်ဝယ်ယူရောင်းချစေလိုကြောင်း၊ လာရောက်ကမ်းလှမ်းပါကလည်း ဝယ်ယူရောင်းချမှုမပြုရန်၊ မိမိတို့ဆိုင်များတွင် တင်သွင်းရောင်းချ သည့် စက်သုံးဆီများအမျိုးအစားအလိုက် အရည်အသွေးကွာခြားမှုများကို စားသုံးသူများမှ ခွဲခြား သိရှိပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရေး သတင်းအချက်အလက်များအား အသိပေးရှင်းလင်း ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း(သို့) သွယ်ဝိုက်ရောင်းချခြင်းမှရှောင်ကြဉ်ခြင်း စသည့်အချက်များမှာ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သောကြောင့် သိရှိလိုက်နာရန်လိုကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထိုကဲ့သို့ နာမည်ရှိအမှတ်တံဆိပ်များအား အတုအပများပြုလုပ်၍ ဈေးကွက်အတွင်း ရောင်းချနေမှုများကို သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစိစစ်ဖော်ထုတ်အရေးယူခြင်း၊ စားသုံးသူများ သိရှိနိုင်စေရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခြင်းဖြင့် စားသုံးသူများ စိတ်ချလုံခြုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့်အခွင့်အလမ်းများ ပိုမိုရရှိ လာစေမည်ဖြစ်ပါသည်။

DOCA(မကွေး)

သထုံမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း တို့သည် (၄.၄.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်ရှိ “မင်းကြီး” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး၊ ဓါတုဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် သန့်ရှင်းလတ်ဆက်သော အစားအသောက်များ စနစ်တကျ ထုတ်လုပ် နိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါ လုပ်ငန်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်ရယူပြီး ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိုင်မန်နေဂျာ ဦးသက်လွင်ဦးမှ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာရေးသားဖော်ပြ၍ ရောင်းချသဖြင့် စားသုံးသူများယုံကြည်စိတ်ချစွာပိုမို၍ ဝယ်ယူစားသုံးလာမှုကြောင့် မုန့်အမျိုးအမည် (၃၀) ကျော်ခန့် ပိုမိုထုတ်လုပ်နိုင်ကြောင်း၊ ထုတ်လုပ်မှု၊ ရောင်းချမှုတိုးတက်လာသဖြင့် အလုပ်သမားများအား အလုပ်အကိုင်အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ကြောင်း၊ လုပ်ငန်းလည်း ယခင်ထက် ပိုမိုတိုးချဲ့ လုပ်ကိုင်လာနိုင်ကြောင်း ပြောကြားခဲ့ပြီး မုန့်မျိုးစုံထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံပြသ ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

ဇလွန်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် တာဝန်ခံက ဧပြီလ ၁ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး ၌  ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၁၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် ဇလွန်မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း စသည့်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာမြို့နယ်ရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညားပေဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ မတ်လ   ၂၅ ရက်နေ့ (၁၀၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်အတွင်းရှိစတိုးဆိုင်၊ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည်၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

“မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးသန်းစိုး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ (ရန်ကုန်-မန္တလေး)  ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့(၂၂.၃.၂၀၂၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် Petro K စက်သုံး ဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီများအား သတ်မှတ်စျေးနှုန်းများအတိုင်းရောင်းချစေရေး၊ ပြည်သူလူထုလက်ဝယ်သို့ အမှန်တကယ် ရောင်းချစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး/အခြင်အတွယ်များ မှန်ကန်စွာရောင်းချစေရေး၊ ရောင်းချခွင့်ရရှိသည့် စက်သုံးဆီပမာဏအတိုင်း အမှန်တကယ်ရောင်းချစေရေး၊ အများပြည်သူသိရှိစေရန်အတွက် အထူးစျေးနှုန်းဆိုင်းဘုတ်များကို ဆိုင်ရှေ့မျက်နှာစာများတွင် မြင်သာထင်သာအောင် ချိတ်ဆွဲထားစေရေး စသည်များအား အဓိကထား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တ‌လေး)

မြင်းခြံ၌ စားသုံးဆီလုပ်ငန်းရှင်များအား ဟောပြောဆွေးနွေးပွဲပြုလုပ်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည်၂၆.၃.၂၀၂၂ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ စားသုံးဆီ လက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြင်းခြံကုန်စည်ဒိုင်(MDCCI)ခန်းမ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတို့ကို  အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

             ခရိုင်ဦးစီးမှူး ဦးမောင်ထူးမှ စားသုံးသူပြည်သူများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား ဝယ်ယူသုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံအနှံ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားသုံးဆီတင်ပို့ ရောင်းချသောလုပ်ငန်းရှင် ကိုယ်စားလှယ်များမှတဆင့် ရောင်းချပေးခဲ့ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များ ပါဝင်သည့် စားသုံးဆီတင်သွင်းသို‌လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ကြီးကြပ်ထိန်းကျောင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်၏စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုအချိန်အခါတွင် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီဝယ်လိုအားနှင့် ဈေးနှုန်းမြင့်တက်လာခြင်း၊ပြည်ပနိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်း စသည်တို့ကြောင့် ပြည်တွင်း၌လည်း စားအုန်းဆီနှင့် အခြားစားသုံးဆီဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိပါကြောင်း၊ စားအုန်းဆီလက်လီလက်ကား ရောင်းချသူများအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်ရောင်းချသွားရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှုရှိပါသဖြင့် မှန်မှန်ကန်ကန် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါဟောပြော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန် များ၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူများအနေဖြင့်  ကုန်စည်များဝယ်ယူအသုံး ပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ ၏လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များတွေ့ရှိပါက ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြနိုင် ရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူဥပဒေပါပြဌာန်းချက်များနှင့် ဌာနသို့ တင်ပြလာပါက ဌာနမှ စိစစ်ပြန်ကြားပေးမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန် ကြားပေးနိုင်ရေး တို့ကိုးဆွေးနွေးအသိပေး ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ် လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်း တိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား သက်ဆိုင် ရာတည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News