Main menu

HighLight News

Powered by Drupal

ကြို့ပင်ကောက်မြို့နယ် လှေတုန်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းအုပ်စု၊ လှေတုန်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေးသင်တန်း‌အား (၅.၄.၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀)အချိန်တွင် စိုက်ပျိုးရေးဌာန၊ မွေး/ကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ တောင်သူ(၃၀)ဦးအား စားသုံးသူရေးရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။

         တက်ရောက်လာသူများအနေဖြင့် မြို့ပေါ်ဈေးများ၊ ကျေးရွာရှိဆိုင်များမှ ဝယ်ယူရာတွင်၎င်း၊ ကုန်စည်များကို ကိုယ့်ရပ်ရွာများ၌ ပြန်လည်ရောင်းချရာတွင်၎င်း ၊ ဝယ်ယူသည့်ကုန်စည်များအပေါ်တွင် စားသုံးသူကာကွယ်‌‌ရေး ဉပဒေပါ ပြဌာန်းချက်များပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူသုံးစွဲရောင်းချပါရန်နှင့် အညွှန်းပြည့်စုံသော ပစ္စည်းနမူနာများဖြင့် ပြသ၍ အသိပညာပေး‌ ဟောပြောခဲ့ပါသည်။ စားသုံးသူများ နစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည့် (Call Center) များပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

          ဟောပြောပွဲပြီးဆုံး၍ ကျေးရွာအတွင်း မုန့်မျိုးစုံ အ‌ရောင်းဆိုင်(၃)ဆိုင်သို့လည်း သွားရောက်စစ်ဆေးခဲ့ရာ ရက်လွန်ပေါင်မုန့် (၁၀၀)တန် ၁၅ထုပ်တွေ့ရှိ၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့ပြီး နောက်နောင်တွင် ရက်လွန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဆိုင်ရှင်အား အသိပညာပေးကွင်းဆင်း ဟောပြောခြင်းပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ် ဉက္ကံကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဉက္ကံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးထုတ်ကုန်ဖွံဖြိုးတိုးတက်ရေး သင်တန်း‌ဟောပြောပွဲ ကျင်းပခြင်းအား (၄.၄.၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀)အချိန်တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဉီးတို့မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို တောင်သူ(၅၃) ဦးနှင့် ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          စားသုံးသူပြည်သူများ ကျေးရွာအတွင်းရှိ ဈေးကွက်အတွင်းဝယ်ယူရောင်းချနေသော ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ) ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားအား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊  ဝယ်ယူသုံးစွဲရာတွင် သတိထား၍ ဝယ်ယူသုံးစွဲကြရန် အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူ နစ်နာမှုရှိခဲ့လျှင်လည်း ရရှိနိုင်သည့်အခွင့်အရေးများကိုပါ အသိပညာပေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသူ တောင်သူ(၅၃)ဦးတို့ကိုလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးစေခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ သောက်ရေသန့်စက်ရုံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ဧပြီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ Angel သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပြီး တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို တိကျမှန်ကန်စွာဖော်ပြထားသည့် ကုန်စည်များကို ဝယ်ယူရန်လိုအပ်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်မှုများအား အသိပညာပေးဟောပြောပါသည်။

              ဟောပြောပွဲသို့ Angel သောက်ရေသန့်စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း ၈ ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် သောက်ရေသန့်စက်ရုံအတွင်း ထုတ်လုပ်နေမှုများနှင့် သောက်ရေသန့်ဘူးခွံများတွင် ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bago(ပဲခူး)

ဗန်းမော်-နေပြည်တော် မော်တော်ယာဉ်လိုင်းမှ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၆.၄.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အသစ်ဖွင့်လှစ်ထားရှိသော ဗန်းမော်-နေပြည်တော် တိုက်ရိုက်ပြေးဆွဲနေသော ကြယ်တံခွန်မော်တော်ယာဉ်လိုင်းမှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးများရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်ပြီး စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် မော်တော်ယာဉ် သယ်ယူပို့ဆောင်မှုလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းရှင်များလည်းပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်သတိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက် ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်းများကို အာမခံရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ဖြစ်စေ ဝန်ဆောင်မှုကိုပြည်တွင်းစားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူတွင်လည်းတာဝန်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက် များ၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ချမှတ်နိုင်သည့်ပြစ်မှုပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းရှင် ကျင့်ဝတ်၊ စည်းကမ်းချက်နှင့်အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မကွေးမြို့  မုန့်မျိုးစုံအရောင်းဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးအရာရှိ)နှင့် မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၇.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့ လမ်းမတော်၊ ဆွမ်းလောင်းရုံ(တိုက်တန်း)ရှိ ဒေါ်ခင်ညွန့်(မုန့်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၊ အချိုရည်များ၊ ပေါင်မုန့်၊ကိတ်မုန့်များသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်အညီ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားမှု ရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            စားသောက်ကုန် မုန့်အမျိုးမျိုးရောင်းချသော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ -၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဆိုင်တင်ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ အသင့်စားမုန့်အမျိုးမျိုးတွင်ပါရှိရမည့် ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပေးရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍  ၂၀၂၀ ခုနှစ် မတ်လ(၁၆)ရက်နေ့မှ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်နှင့်မဆို ဥပဒေအရ အရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုက်နာရန်ပျက်ကွက်သော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် (၂) ရပ်လုံး ဖြစ်စေ အရေးယူ ခံရနိုင်ကြောင်း အသိပညာပေးဆွေနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်သားနှင့်ပတ်သက်၍ အခက်အခဲရှိပါက “စားသုံးသူ‌‌ရေးရာဦးစီးဌာန”သို့  လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လည်း၊ မိမိတို့ကိုယ်တိုင်ပင် စားသုံးသူများဖြစ်ကြောင်း ၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားနိုင်သလို (DOCA  Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website doca.gov.mm တွင် ဝင်ရောက်ဖြည့်စွက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ ရန်ပယ်ဈေး၌ စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၊ ဈေးတာဝန်ခံရုံး၌ ရန်ပယ် ဈေးတွင်း/ ဈေးပြင် စားသုံးဆီရောင်းချနေသော ဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာရေး အသိပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ အသိပေးရှင်းလင်းရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ စားသုံးဆီ ရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များအား ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်သည့်နေ့မှစ၍ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ စားသုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း ယခုချိန်မှစ၍ ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီဖြန့်ဖြူးသော ကုမ္ပဏီများ၏ ကိုယ်စားလှယ်များကိုလည်း အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အချိန်အတွယ်ဖြင့် ရောင်းချသော ဆီဆိုင်များ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းအောင် စတီးအိုး၊ ကြွေအိုး၊ စဉ့်အိုး၊ ပလတ်စတစ်ပုံးများဖြင့် သိုလှောင်ရောင်းချရန်၊ ဈေးကွက်တွင် စားအုံးဆီနှင့် ပဲဆီ၊ နှမ်းဆီကို ရောစပ်၍ ရောင်းချနေခြင်းများ လည်းရှိရာ စားသုံးသူများ ရှင်းရှင်းလင်းလင်း သိစေရန် ရောစပ်မှုအချိုးကို ပွင့်လင်းမြင်သာစွာ ဖော်ပြ ရောင်းချသွားရန် အသေးစိတ် ရှင်းလင်းခဲ့ပြီး စားသုံးဆီရောင်းချသူလုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ အား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် လက်ကမ်း စာစောင်များ ဝေငှခဲ့ပါသည်။

          ဆက်လက်၍ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ် ဖြန့်ဖြူး ရောင်းချနေသည့် Cook အမှတ်တံဆိပ် စားသုံးဆီ ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်သို့ သွားရောက်၍   ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အား အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မုံရွာမြို့တွင် တရားမဝင် စက်ဆီ၊ချောဆီများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မတ်လ ၃၁ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စက်ဆီ၊ချောဆီများ လက်လီ၊ လက္ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၆) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း တရားမဝင် စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ရေနံထွက်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင်ရယူ ၍ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အခွန်အခ များနစ်နာကြောင်း၊ အရည်အသွေး မမှန်သည့် စက်ဆီ၊ချောဆီများရောင်းချမှုကြောင့် စားသုံးသူများအသုံးပြုနေသည့် စက်ကိရိယာများ ပျက်ဆီးထိခိုက်မှုများရှိနိုင်ကြောင်း၊ စားသုံးသူများအတွက် အရည်အသွေးအာမခံချက်ရှိစေရန် စိတ်ချ ယုံကြည်စွာဝယ်ယူသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျှော့နည်းစေရန်ရည်ရွယ်ကြောင်း ဦးစွာဆွေးနွေး ပြောကြားပါသည်။

       ထို့နောက် အရည်အသွေးအာမခံချက်မရှိခြင်းကြောင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)၊ ပုဒ်မ၂၃(က)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်းနှင့် မကိုက်ညီသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လိုင်စင် ရယူဆောင်ရွက် သည့် ကုမ္ပဏီများက တင်သွင်းထုတ်လုပ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (PPRD Code No.)ပါ ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်စက်ဆီ၊ချောဆီများ ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စက်ဆီ၊ချောဆီ၊ အင်ဂျင်ဝိုင်နှင့်ပတ်သက်၍ အတု/အစစ်ခွဲခြားသိရှိနိုင်ရန် အချက်အလက်များပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်း ဆိုင်(၁၄)ဆိုင်များအား ဟင်းဆီဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးဆွေးနွေးရာတွင် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား  ဟင်းဆီ ဟင်းရွက်ဆီ( Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် “ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအစားကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်(ဥပမာ- ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ) နှင့်  ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အားထုတ်ပြန်ခဲ့ကြောင်း၊ ညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လပြည့် မြောက်ပြီးသည့် ၂၀၂၂ ခုနှစ်၊  ဇွန်လ၂၀ နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည့်သည့်စီးပွားရေး လုပ်ငန်း ရှင်မဆို ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင် ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိ ပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖော်ပြရန်နှင့် ထုတ်လုပ်သည့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်နှင့်အညီ ဖော်ပြနိုင်စေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)များနှင့် (၁/၂၀၂၁)များပါရှိသည့် လက်ကမ်းစာစောင်များဖြန့် ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

တရားမဝင်အရည်အသွေးနိမ့် စက်ဆီ၊ ချောဆီများ ရောင်းချမှု မရှိစေရေး လုပ်ငန်းရှင်များသို့ အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးအရာရှိ) နှင့်မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၆.၄.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့ပေါ်ရှိ မော်တော်ဆိုင်ကယ်နှင့် စပ်ဆက်ပစ္စည်းအရောင်းဆိုင်များ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ အရည်အသွေးနိမ့် စက်ဆီ/ချောဆီများ ရောင်းချဖြန့်ဖြူးမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်နှင့် စပ်ဆက်ပစ္စည်းအရောင်းဆိုင်များ၊ စက်ဆီ/ ချောဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် နာမည်ရှိ အမှတ်တံဆိပ်ဖြစ်သည့် (Falcon) အမှတ်တံဆိပ်၊ (Trane)အမှတ်တံဆိပ်၊ (Crocodile)အမှတ်တံဆိပ်များကို ဆင်တူယိုးမှား အတုအပ ပြုလုပ်၍ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချလျှက်ရှိရာ အရောင်းဆိုင်များအနေဖြင့် ကုန်ပစ္စည်း အတုအပများအား မှားယွင်းဝယ်ယူ ရောင်းချခြင်းမရှိစေရေး၊ ကုန်ပစ္စည်းအတုနှင့် အစစ်ခွဲခြား သိရှိနိုင်သည့် သတင်းအချက်အလက်များအား ဖြန့်ဝေအသိပေး ရှင်းလင်းခဲ့ပြီး တရားဝင်တင်သွင်း ခွင့် လိုင်စင်ရယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ်သည့် ပစ္စည်းများကိုသာ မှာယူ ရောင်းချသွားရန်နှင့် တရားမဝင်လုပ်ငန်းလိုင်စင်မရှိဘဲ စျေးကွက်အတွင်း အရည်အသွေးနိမ့် စက်ဆီ/ ချောဆီများ ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက်  အခွန်အခများနစ်နာခြင်း၊ စားသုံးသူများ၏ စက်ပစ္စည်းများ အချိန်မတိုင်မီပျက်စီးမှု ဖြစ်ပေါ်စေခြင်း၊ ထို့ကြောင့်တရားမဝင် စက်ဆီ/ချောဆီများ ဆိုင်တင်ရောင်းချခြင်း မပြုလုပ်ကြရန် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ဒေါပုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁.၄.၂၀၂၂ ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းစုံး စမ်းကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆေးဆိုင်များသည် ဆေးဝါးများကို ဗိုလ်ချုပ်ဈေးသစ်နှင့် ရွှေပြည့်စုံဈေးများမှ အများဆုံး ဝယ်ယူရောင်းချခြင်းဖြစ်သော်လည်း အချို့သော ဆေးဝါးများမှာ ဆေးကုမ္ပဏီများမှ တိုက်ရိုက်လာ ရောက်ပို့ဆောင်ခြင်းများရှိသောကြောင့် ဆေးဝါးဈေးနှုန်းများမှာ သင့်တင့်သောဈေးနှုန်းဖြင့်သာ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ဆေးဆိုင်များမှ တာဝန်ရှိသူများကို စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဆေးနှင့် ဆေး ပစ္စည်းများသာ ရောင်းချရန်၊ ဆရာဝန်ညွှန်ကြားချက်မပါသော၊ သက်တမ်းလွန်သော၊ သက် ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရရှိသော ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန်၊ Mask များ၊ အရက်ပြန်များ၊ Handgel များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းကဲ့သို့ပစ္စည်းများအား စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဥပဒေအရ အ‌ရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News