Main menu

HighLight News

Powered by Drupal

မိုးညှင်းမြို့နယ်အတွင်းရှိ ထွန်စက်အငှားလိုက်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ၁၉.၄.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ထွန်စက်အငှားလိုက်ဝန်ဆောင်မှု လုပ်ငန်းရှင်(၈)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်း(၂၅)ခန်းနှင့်ပုဒ်မ(၈၄)ခု ပါဝင်ပြီး ယင်းဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် ဖော်ပြ ရမည့်အာမခံချက်များတွင် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်း နှင့်အညီပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလ အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်းတို့ဖြစ်ကြောင်း၊ စားသုံးသူအပေါ်အာမခံချက်ပေးထားသည့် ကာလ အတိုင်းဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် စားသုံးသူအနေဖြင့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန်တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းခဲ့ရာ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

လက်ပံတန်းမြို့နယ် မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းသည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး / ထုတ်လုံဌာနခွဲတာဝန်ခံ ၊ လက်ပံတန်းမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၁၈ရက်နေ့ ၊ နံနက်ပိုင်း က လက်ပံတန်းမြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင်များအတွင်း သိုလှောင် ၊ ဖြန့်ဖြူးရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီဘူး များတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝနိကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ကို လိုက်နာ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် လက်ပံတန်းမြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အရန်သင့်အစားအစာများ ၊ အသင့်ဖျော်လက်ဖက်ရည်နှင့် ကော်ဖီထုပ်များ ၊ စားသုံးဆီ များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ ၊ မရှိကို စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင်  သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ ဦးဆောင်၍ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများဖြင့် ဧပြီလ ၇ရက် နေ့တွင် မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသာ ဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသဆေးဝါးများ ၊ စျေးနှန်းမြင့်တက်မှုမရှိစေရေး ၊ အရည်အသွေးမီသော ဆေးဝါးများကိုသာ ရောင်းချမှုရှိစေရေး ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် စျေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ သက်တမ်းလွန်ဆေးဝါးများ သွယ်ဝိုက် ရောင်းချခြင်းများအား ရှောင်ကြဉ်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ကျောက်တံခါးမြို့နယ်ရှိ စက်ဆီ ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တာဝန်ခံ ဒေါ်တင်တင်စန်းဦးဆောင်၍  ကျောက်တံခါး မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ကေျာက်တံခါးမြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်း ရောင်းချနေသာ အ‌ရောင်းဆိုင်များအား  ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ‌ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကျောက်တံခါးမြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ၊ သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ ၊ ချောဆီများကို တရားဝင် ခွင့်ပြုချက်လိုင်စင်မရှိဘဲ ရေသန့်ဘူးများတွင် အမှတ်တံဆိပ်များ ထည့်သွင်း၍ Online တွင် ကြော်ငြာ၍ ရောင်းချဖြန့်ဖြူးခြင်းများ မပြုရန် ၊ လုပ်ငန်းရှင်များ သိရှိ လိုက်နာသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ်ရှိ စက်ဆီ ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်း အ‌ရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ‌ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရောင်းချမည့် စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ‌ရောင်းချမည် ဆိုပါက စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ရောင်းချကြရန် ၊ သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် ၊ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံ ထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူး‌ရောင်းချခြင်း နှင့်စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း ၊ စျေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်ရှိ စက်ဆီ ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဒုခရိုင်ဦးစီးမှူးသည်  ညောင်လေးပင်မြို့နယ် တာဝန်ခံ ၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ညောင်လေးပင် မြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အ‌ရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းအတုအပများ ‌ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ဒုခရိုင်ဦးစီးမှူးက စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း ၊ စျေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူး ရောင်းချခြင်းတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေကိုချိုးဖောက်ခြင်း ဖြစ်ပါကြောင်း ၊ ဆိုင်ရှင် လုပ်ငန်းရှင် များအနေဖြင့် မော်တော်ယာဉ်ပိုင်ရှင်များ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ သုံးစွဲရာတွင် အတုအပများ သုံးစွဲမှုမပြုစေရေးအတွက် ဆိုင်ရှင်လုပ်ငန်းရှင်များမှ တတ်နိုင်သလောက် ပညာပေးဆွေးနွေးရန် အကြံပြုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့နယ်ရှိ ကုန်မျိုးစုံရောင်းချသော ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းသည် လက်ပံတန်းမြို့နယ် တာဝန်ခံ ၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး ၊ ထုတ်လုံတာဝန်ခံတို့နှင့်အတူ ဧပြီလ ၅ရက်နေ့ ၊ နံနက်ပိုင်းတွင် လက်ပံတန်းမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသော အရောင်းဆိုင်များအား ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူပြည်သူများ ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ၊ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှုရှိစေရေးတို့အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေး  ရောင်းချကြရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန်ကုန်စည်များကို သွယ်ဝိုက် ရောင်းချခြင်း များ ‌ရှောင်ကြဉ်ကြရန် ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

               ပဲခူးတိုင်းဒေသကြီး ၊  စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်းသည် (၅.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ် ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေး ( Talk Show) ဆွေးနွေးပွဲတွင် ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း မှ စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း၊ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ( Vegetable Oil , Cooking Oil) အမျိုးအမည်ဖော်ပြထားသော စားသုံးဆီများအား စားသုံးဆီ (သို့မဟုတ်) အဆင့်မြင့် စားသုံးဆီ ဟူ၍ ပြန်လည်ပြင်ဆင်ရောင်းချသွားရန်နှင့် အလေးချိန်များကိုလည်း မြန်မာ့ အလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားတို့ဖြင့် ဖော်ပြပေးရန်တို့ကိုလည်းကောင်း ၊ စားသုံးဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁ )နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသွားရန်နှင့် စားသုံးသူကာကွယ်‌ရေးဥပဒေပါ ပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း တရားဝင်ထုတ်လုပ်ခွင့်ပြုချက်မရှိသော ခြင်ဆေးခွေများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစိစစ်

           စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဧပြီလ (၁)ရက်နေ့၊  နံနက်ပိုင်းတွင် ပြည်ခရိုင်ဦးစီးမှူး ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များဖြင့် ဈေးကွက်များတွင် ရောင်းချနေသော ခြင်နိုင်ဆေးခွေများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ တရားဝင် ထုတ်လုပ်ခွင့် လိုင်စင်မှတ်ပုံတင်ထားခြင်းမရှိသည့် “ကျင်းဟုံ” အမှတ်တံဆိပ် ခြင်ဆေးခွေနှင့် အခြားမှတ်ပုံတင် ထားခြင်းမရှိသည့် ခြင်ဆေးခွေများ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစိစစ် အသိပညာပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

          ယင်းသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ အနေဖြင့် ပြည်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများနှင့် မြို့မစည်ပင်သာယာဈေးကြီးအတွင်းရှိ ခြင်ဆေးခွေ ရောင်းချနေသောဆိုင်များအနေဖြင့် သုံးစွဲသူပြည်သူတို့၏ ကျန်းမာရေးအား ထိခိုက်စေနိုင်သော တရားမဝင် ပိုးသတ်ဆေးများပါဝင်ပြီး သက်ဆိုင်ရာဌာနများ၏ တရားဝင်ထုတ်လုပ်ရောင်းချခွင့် လိုင်စင်မရှိသည့် ကျင်းဟုံ အမှတ်တံဆိပ်ခြင်ဆေးခွေနှင့် တခြားသော တရားဝင်ထုတ်လုပ်ရောင်းချ ခွင့်လိုင်စင်မရှိသည့် ခြင်ဆေးခွေများအား ဈေးကွက်အတွင်း သိုလှောင်ရောင်းချခြင်းမပြုရန် အသိပညာ ပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း တရားမဝင် ထုတ်လုပ်ရောင်းချနေသော ခြင်ဆေးခွေများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များတွင် သက်ဆိုင်ရာဌာန၏ တရားဝင်ထုတ်လုပ်ဖြန့်ဖြူးခွင့် မှတ်ပုံတင်ထားခြင်းမရှိသော ကျင်းဟုံ အမည်ခြင်ဆေးခွေနှင့် အခြားမှတ်ပုံတင်ထားခြင်းမရှိသော ခြင်ဆေးခွေများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း၍ အသိပညာ ပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ရာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့တွင် ဧပြီလ (၁)ရက်နေ့၊ နံနက်ပိုင်း၌ မြို့နယ်တာဝန်ခံဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့ဝင်များဖြင့် ရွှေတောင်မြို့မစည်ပင်သာယာဈေးနှင့် သဲကုန်းမြို့မစည်ပင်သာယာစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၏ ကျန်းမာရေးအား ဆိုးရွားစွာထိခိုက်စေနိုင်သော တရားမဝင် ပိုးသတ်ဆေးများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် “ကျင်းဟုံ” အမှတ်တံဆိပ်ခြင်ဆေးခွေများရောင်းချမှု၊ သိုလှောင်မှုများမရှိစေရေး သက်ဆိုင်ရာဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပါရှိသော ခြင်ဆေးခွေများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News