Main menu

HighLight News

Powered by Drupal

ကံမမြို့၌ စားသုံးသူများ‌ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကံမမြို့ရပ်ကွက် (၁/၃/၄) ရှိ  ကုန်စုံဆိုင်နှင့် စတိုးဆိုင် (၃) ဆိုင်တို့တွင် သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော အလှကုန်တစ်မျိုးဖြစ်သည့် “VONGEE” အမှတ်တံဆိပ် Eyeshow Palette 18g တွင် တားမြစ်ဓာတုပစ္စည်း Rhodamine-B ပါဝင်နေခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက လုပ်ငန်းရှင်များအား တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်းတင်သွင်းရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဆက်လက်၍ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသေးစိပ်ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့ပေါ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့် အဖွဲ့သည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ဖြစ်သော  “အောင်မြင်သူ” အမှတ်တံဆိပ်  မုန့်လုပ်ငန်းရှင် ဒေါ်အေးအေးဝင်းနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ပါသည်။

 ထိုသို့လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိစေရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ကလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉၊) အခန်း (၁၈)ပါ ကုန်းအညွှန်အမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိကိုစိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွ တင်ပြလျှောက်ထားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနက စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်က မုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခဲ့ရာတွင် (၁၅)နှစ်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ပဲကိတ်တွင် ကုလားပဲ၊ ဂျုံ၊ စားအုန်းဆီ၊ သကြားတို့ပါဝင်ပြီး ပဲကိတ်တစ်ခုလျှင် (၂၅၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချ၍ မလိုင်(၅)လုံးပါတစ်ထုပ်လျှင် ကျပ်(၄၀၀)နှုန်းဖြင့်ရောင်းချရပါကြောင်း အလုပ်သမားဦးရေ(၁၀)ဦးခန့်ရှိ၍ လုပ်အားခမှာ တစ်ဦးလျှင် (၆၀၀၀)ကျပ်ပေးပါကြောင်း၊ လိုအပ်သောပစ္စည်းများဖြစ်သည့် ဂျုံ၊ သကြားအိတ်တို့အား မုံရွာမှ မှာယူရ၍ တစ်ခါဝယ်ယူလျှင် အိတ်(၃၀)ခန့်ဝယ်ယူထားရကြောင်း၊ ဂျုံတစ်အိတ်လျှင် (၇၆၀၀၀)ကျပ်နှင့် သကြားတစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ကုလားပဲအိတ်အား မင်းဘူးမြို့ရှိ ပွဲရုံများမှ ဝယ်ယူပြီး တစ်နေ့လျှင် ကုလားပဲ (၂)အိတ်ခန့်အသုံးပြုရကြောင်း၊ ကုလားပဲ(၁)တင်းခွဲတစ်အိတ်လျှင် (၁၀၈၀၀၀)ကျပ်ခန့်ပေးရကြောင်း၊ စားအုန်းဆီမှာ တစ်နေ့လျှင် (၁၀)ပိဿာဝင်(၅)ပုံး၊ ပိဿာအားဖြင့် (၅၀)ပိဿာကုန်ကျကြောင်း၊ မီးစက်နှိုးကာ ဆောင်ရွက်ရပါက ဆီဖိုး(၃၀၀၀၀)ခန့်ကုန်ကျ၍ အရင်းအနှီးအားဖြင့် တစ်နေ့လျှင် (၁၀)သိန်းခန့်ရှိပြီး အကျိုးအမြတ်အားဖြင့် (၁)သိန်းခန့်သာရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာများတွင် ဖြန့်ချိရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

ပင်းကြိုင်းကျေးရွာအတွင်းရှိ မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊   မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာအတွင်းရှိ  မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် (သို့) ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သောကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များဖြစ်သော စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

မင်းဘူးမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပဲကိတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းဖြန့်ဝေပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မင်းဘူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၁-၆-၂၀၂၃) ရက်နေ့၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ဟင်္သာ” ကိတ်လုံး၊ ပဲကိတ်ထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးသန်းဇော်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်က ကိတ်လုံး (small cake)၊ ပဲကိတ်များကို ကြက်ဥ၊ ဂျုံ၊ သကြား၊ စားအုန်းဆီ၊ ကုလားပဲတို့ဖြင့်ပြုလုပ်ပြီး ပဲကိတ်(၁)ခုလျှင် ကျပ်(၂၅၀)ဈေးနှုန်းဖြင့်ရောင်းချပြီး တစ်နေ့လျှင် အနည်းဆုံး အထုပ်(၅၀၀)မှ အများဆုံး အထုပ်(၁၅၀၀)ခန့်ရောင်းချရပါကြောင်း၊ စားအုန်းဆီမှာ နည်းလျှင် (၅)ပိဿာမှ များလျှင် (၂၀)ပိဿာခန့်သုံးရပါကြောင်း၊ ပါဝင်ပစ္စည်းများဖြစ်သည့် ဂျုံ၊ သကြား၊ ကြက်ဥတို့အား မင်းဘူးမြို့မှဝယ်ယူပြီး သကြားတစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ကြက်ဥအလုံး(၃၀၀)ပါ တစ်ဆွဲလျှင် ကျပ်(၇၈၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၇၀၀) တို့ဖြင့်ဝယ်ယူရကြောင်း၊ အလုပ်သမား(၂)ဦးသာရှိပြီး တစ်ရက်လျှင် လုပ်အားခစရိတ်ငြိမ်း ကျပ် (၄၅၀၀)ပေးရကြောင်း အရင်းအနှီးမှာ တစ်ရက်လျှင် အထုပ်ရေနည်းပါက ကျပ်(၂)သိန်းရှိပြီး အထုပ်ရေများပါက ကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း အကျိုးအမြတ်မှ လုပ်အားခနုတ်ပြီး ကျပ် (၃၀၀၀၀)ခန့်သာရရှိကြောင်း၊ တစ်ပတ်လျှင် (၅)ရက်သာလုပ်ရ၍ တစ်နေ့တာ ကုန်မည့်ပမာဏသာ ထုတ်လုပ်ကြောင်း “ဟင်္သာ” ပဲကိတ်ထုတ်လုပ်သော လုပ်ငန်းရှင်ထံမှသိရှိရပါသည်။ လုပ်ငန်းရှင်အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေးအတွက် ခရိုင်ဦစီးမှူးရုံး/တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ အကယ်၍ ဈေးကွက်အတွင်းရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများမပါရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူသွားမည်ဖြစ်ကြောင်းသိရှိစေရေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

   

           

ဈေးများအတွင်းရှိ ရောင်းချနေသော ပဲသွေး၊ ပဲပြားများ၊ စားသောက်ကုန်စည်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊  မြို့မဈေးအတွင်း ရောင်းချနေသော ပဲပြား၊ ပဲသွေး၊ ကုန်စိမ်း၊ အသားငါးများတွင် ခွင့်မပြုထားသော ဓာတုတာရှည်ခံဈေးများပါဝင်မှုရှိ/မရှိကို (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းတို့ပူးပေါင်း၍ ပန်းတနော်မြို့မဈေးအတွင်း ရောင်းချနေသောအခြေခံစားသောက်ကုန်စည်များ၊ ပဲပြား၊ ပဲသွေး၊ ကုန်စိမ်း၊ အသားငါးများ၊ မျှစ်၊ မုန့်ဖက်၊ ခေါက်ဆွဲဖက်နှင့် ပဲပင်ပေါက်တို့ကို နမူနာကောက်ယူ၍ ခွင့်မပြုထားသောဓာတုတာရှည်ခံများပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ တာရှည်ခံဆေးအသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူများလိုအပ်ချက်အရ ဝယ်ယူအသုံးပြုလိုက်သော ကုန်စည်များသည် စားသုံးသူကိုဘေးအန္တရာယ်ဖြစ်ခြင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုဖြစ်ပေါ်ပါက စားသုံးသူအခွင့်အရေးအရ အရေးဆိုတိုင်ကြားနိုင်သည့်အတွက် ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးမှုများကို တားမြစ်ခြင်းနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ အရေးယူဆောင်ရွက်မှုကို စားသုံးသူထံ မှန်ကန်သောသတင်းအချက်အလက်များဖြင့် သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်းကို လုပ်ငန်းရှင်များသိရှိရန် ပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်းကာ  မအူပင်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ရောင်းချသူများအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် မြန်မာဘာသာကုန်အညွှန်အမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် တရားဝင်တင်သွင်းထားခြင်းမရှိသော မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်ရန်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များကိုပါ အလေးပေးလိုက်နာဆောင်ရွက်ရန် ပညာပေးဆွေးနွေးခဲ့ကာ ဈေးကွက်အတွင်း အလှကုန်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၀.၆.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်ပေးခြင်းနှင့်ပတ်သက်သော အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တောင်းဆိုနိုင်သည့်အခွင့်အရေးများရှိပါက သိရှိလို၍ ရှင်းလင်းဆွေးနွေးပေးကြပါရန် မေးမြန်းရာ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ယခင်အပတ်တွင် Online Shoping ရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်အလို့ငှာ ရှင်းလင်းပြောကြားခဲ့ပြီး ယခုအပတ်တွင် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့်ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုဖြစ်သည့် ကုန်စည်များတွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များတွင် ပါဝင်ရမည့်အချက်အလက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်သည် ပုဒ်မ၂၃၊ ၂၆အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကို အရည်အသွေးပြည်မီအောင် ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည်စုံစွာဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူသည် အချက်အလက်တစ်ရပ်ရပ်ကို တောင်းဆိုပိုင်ခွင့်ရှိသည့်အကြောင်းကို စားသုံးသူပြည်သူများသိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ စားသုံးသူအခွင့်အ‌ရေးနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုပါ စားသုံးသူပြည်သူများအသေးစိတ်သိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ငါးရှဉ့်ခြောက်စပ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာယာကျေးရွာရှိ ငါးရှဉ့်ခြောက်စပ်လုပ်ငန်းသို့သွားရောက်၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ကွင်းဆင်း၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ငါးရှဉ်ခြောက်စပ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းအဆင်ဆင့်အားမေးမြန်းပြီးနောက် ထုပ်ပိုးပြီးသောကုန်စည်များကို ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေနှင့် ဝယ်လိုအား/ရောင်းလိုအားအခြေအနေများကိုမေးမြန်းပြီး ထုတ်ကုန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောအချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်တို့အနေဖြင့် လိုက်နာရမည့်တာဝန်များကိုပါ အလေးပေးလိုက်နာဆောင်ရွက်ကြရန် ပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

  

ပုသိမ်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က အသိပညာပေးဟောပြောပွဲပြုလုပ်

    ပုသိမ်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ပုသိမ်မြို့နယ်အတွင်း Shopping Mall , Mini Mart များနှင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအရောင်းဆိုင်၊ စက်သုံးဆီအရောင်းဆိုင်၊ ဆိုင်ကယ်အရောင်းဆိုင်၊ ယစ်မျိုး (အရက်ဆိုင်) များ၊ မိုဘိုင်းဖုန်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ စက်ဆီ/ချောဆီဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးနှင့်အလှကုန်အရောင်းဆိုင်များတွင် ရောင်းချနေသောလုပ်ငန်းရှင်များအား တရားမဝင်ဝင်ရောက်လာသည့်ကုန်စည်များအား ရောင်းချခြင်းမပြုလုပ်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို (၂၀-၆-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးလင်းကိုကိုက တိုင်းနှင့်ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုများကျဆင်းပြီး ဒေသတွင်းလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ ကုန်သည်များ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး နယ်စပ်ကုန်သွယ်မှုပမာဏတိုးတက်လာရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများရရှိပြီး တရားမဝင်ကုန်စည်နှင့် ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးနိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များအား ယခုကဲ့သို့အသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အတွင်းရေးမှူး ဦးတင်စိုးလှိုင်က တရားမဝင်တင်သွင်းလာသော ကုန်စည်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် အသိပညာပေးရှင်းလင်းခဲ့ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ဌာနဆိုင်ရာ (၈) ဦးနှင့် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် (၅၅) ဦး၊ စုစုပေါင်း (၆၃) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှ ဦးစီးမှူး ဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သော လူငယ်စကားဝိုင်း၌ ဆရာ/ဆရာမ၊ သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တက်ရောက်လာသော ဆရာ/ဆရာမ၊ သင်တန်းသား/သူများအား မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကြူးပါဝင်နေသဖြင့် သက်တမ်းလွန်အစားအသောက်များအား မိမိတို့၏အသိဖြင့် ဆင်ခြင်၍ဝယ်ယူစားသောက်ကြရန်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ သင်တန်းသား/သူ (၈၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

                                                                                                               

Pages

Subscribe to RSS - HighLight News