Main menu

HighLight News

Powered by Drupal

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဝါဆိုဦးဈေးအတွင်း စားသုံးဆီများဖြန့်ဖြူးရောင်းချမှုအပေါ် စိစစ်ကြပ်မတ်

  (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ် (၉) ရပ်ကွက်၊ ဝါဆိုဦးဈေး၌ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်က ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသော ရောင်းချပေးနေသည့်စားအုန်းဆီများ ဈေးကွက်အတွင်း  ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးသည့်  ကရင်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာအပေါ် သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်အားလုံးစုပေါင်း၍  အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ဆီတစ်ပိဿာတစ်ဘူးကို လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးကြောင်း သိရပါသည်။

  အဆိုပါ စားအုန်းဆီများရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်မှန်ကန်စေရန်နှင့်  ပြည်သူများဆီသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချရန်၊ ဈေးကွက်အတွင်း သက်သာမှန်ကန်သောဈေးနှုန်းများဖြင့် ရောင်းချရန်၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရန်နှင့် စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရန်တို့ကို ကွင်းဆင်းကာ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

                                               

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   (၁၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းမုန့်ဈေးရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါ်နန်းအေးလှိုင်ဌေးက ကျန်းမာရေးဆိုင်ရာ သွေးလွန်တုပ်ကွေးအကြောင်းကိုလည်းကောင်း၊ အ-ထ-က (၃) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က စားသုံးရန်မသင့်သောမုန့်များကိုမရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများက စားသုံးရန်သင့်ဟု ခွင့်ပြုထားသောမုန့်များကိုသာရောင်းချကြရန်အကြောင်းတို့ကိုလည်းကောင်း၊ ကျောင်းကျန်းမာရေးဦးစီးဌာန၊ ဒေါ်သန်းသန်းဆင့်က သန့်ရှင်းမှုရှိသော အစာအစာများကိုသာရောင်းချကြရန်၊ အာဟာရပြည့်ဝသောအစားအစာများကိုသာရောင်းချကြရန်၊ အစားအစာများတွင် ယင်မနားစေရန်အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာခင်မိုအေးက ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သောမုန့်အမျိုးမျိုးကိုမရောင်းချရန်၊ ရောင်းချမှုကို ပထမအကြိမ်တွေ့ရှိပါက ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ ဒုတိယအကြိမ်တွေ့ရှိပါက ဒဏ်ပေးခြင်း၊ တတိယအကြိမ်တွေ့ရှိပါက ဆိုင်များကိုပိတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသောကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဟောပြောပွဲသို့ ကျောင်းမုန့်ဈေးတန်းရောင်းချနေသောကျောင်းမုန့်ဈေးသည် (၁၀၁) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား  လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီဈေးကောင်စီရုံး၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံရုံးမှ ဦးထွန်းထွန်း (ဒု-ကြီးကြပ်ရေးမှူး) သည် (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်၌ လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ ကုန်မျိုးစုံရောင်းချသောစီးပွားရေးလုပ်ငန်းရှင်များအား   စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် ဦးထွန်းထွန်းက လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးတွင် ကုန်မျိုးစုံရောင်းချနေသောစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်းအကျိုးငှာ စားသုံးသူကာကွယ်ရေးအသိပညာများတိုးပွားစေရန်အတွက် ဟောပြောရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လစဉ် စီးပွားရေးလုပ်ငန်းရှင်များအား အလှည့်ကျပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဌာနကထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လိုက်နာမှုမရှိပါက ထုတ်ပြန်ထား သောဥပဒေများအတိုင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

      ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

“ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ Thursday Talk ကျင်းပပြုလုပ်”

    (၃၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (  ၁၂  )ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အများပြည်သူအား အသိပညာပေးဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဝန်ထမ်းများ၏ အသိပညာစွမ်းဆောင်ရည်မြင့်မားလာစေရန် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် စာသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သောနည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်တွင် မိုးသီးနှံများစိုက်ပျိုးဖြစ်ထွန်း

    မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံအဖြစ် နှစ်စဉ် နှမ်းမြေပဲ ၊ဝါ၊ ပဲစင်းငုံတို့ကို အဓိကစိုက်ပျိုးပြီး  တချို့ကျေးရွာများတွင် ပဲတီစိမ်းကိုလည်းစိုက်ပျိုးကြပါသည်။ ယခုအခါ စားသုံးဆီဈေးကောင်းရသဖြင့် နေကြာဆီမှာလည်း  ကျန်းမာရေးအရ ကောင်းမွန်ခြင်းကြောင့် စားသုံးမှုများပြားလာရာ စိုက်ပျိုးမှုလည်းများပြားလာပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မိတ္ထီလာခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရန်လျာထားချက်မှာ မိုးနှမ်း (၉၉၄၀၉) ဧက၊ မိုးနေကြာ (၄၅) ဧက၊ မိုးကြိုဝါ (၂၇၃၂) ဧက၊ မိုးဝါ (၂၅၇၄) ဧက၊ မိုးကြိုပဲတီစိမ်း (၉၆၈၂) ဧက၊ မိုးပဲတီစိမ်း (၃၉၄၅) ဧက၊ ပဲစင်းငုံ  (၂၁၄၇၃) ဧက၊ ပဲနှောက် (၈၃၁) ဧကရှိကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါသည်။ မိုးသီးနှံများတွင် မိုးနှမ်းကို မလှိုင်မြို့နယ်တွင် ဧက (၆)  ‌သောင်းခန့်နှင့် အများဆုံးစိုက်ပျိုးပါသည်။ ဝမ်းတွင်းမြို့နယ်၌ မိုးသီးနှံဝါကို ဧက (၂၅၀၀) ကျော်၊ ပဲတီစိမ်းဧက (၂၂၀၀) ခန့်နှင့် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ ပဲနှောက်မှာ ပဲတီစိမ်းနှင့်ဆင်တူပြီး မလှိုင်မြို့နယ်တွင် ဧက (၆၀၀) ကျော်ဖြင့် အစဉ်အလာမပျက်စိုက်ပျိုးကြောင်း သိရသည်၊၊ မိတ္ထီလာခရိုင်အတွင်း မေလလယ် မုန်တိုင်းမိုးမှစတင်၍ ရွာသွန်းခဲ့ပြီး ဇွန်လဆန်းတွင် မိုးရွာသွန်းခြင်းကြောင့် သီနှံပင်များဖြစ်ထွန်းအားကောင်းနိုင်ကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့အတွင်းရှိ အလှကုန်ဆိုင်များနှင့်ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အလှကုန်ဆိုင်နှင့်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောအလှကုန်ပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတားမြစ်ထားသော သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသောအလှကုန်ပစ္စည်းများရှိ/မရှိ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိကိုစောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်တားမြစ်ထားသည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ကြော်ငြာထားသောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အလှကုန်ပစ္စည်းမျိုးစုံနှင့် ကုန်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခန်း(၁၈)နှင့် ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိစေရန်တို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

                                     

စစ်ဆေးရေးအရာရှိများက လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ၏ သင်ခန်းစာများအား ဆင့်ပွားရှင်းလင်းဆွေးနွေးပို့ချ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ (CICC) ခန်းမ၌ “စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ၏ သင်ခန်းစာများအား ဆင့်ပွားရှင်းလင်းဆွေးနွေးပို့ချခြင်းကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်မြှင်တင်နိုင်ရန်နှင့် စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းစွမ်းရည်များပိုမိုမြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသင်ခန်းစာများကို ဆင့်ပွားရှင်းလင်းဆွေးနွေးခြင်းအား ဝန်ထမ်းများအားလုံး သေချာစွာလိုက်နာမှတ်သားကြရန်နှင့် ဆွေးနွေးပို့ချမည့် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးအား ကျေးဇူးတင်ရှိကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် မြေပြင်ကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုလ Thursday Talk အစီအစဉ်တွင် စစ်ဆေးရေးအရာရှိများသည် အလုပ်ရုံဆွေးနွေးပွဲကို အဓိကထား၍ ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း သင်ခန်းစာများအား ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးပွဲမှ အသိပညာ၊ အတွေ့အကြုံနှင့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ရာ  ထိုဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များဆွေးနွေးခြင်း၊ ASEAN အာဆီယံလုပ်ငန်းများဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး အာဆီယံဆောင်ရွက် နေသောလုပ်ငန်းများတွင် အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကနဦးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက်များနှင့် စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသော ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများအကြောင်းအား အသေးစိတ်ရှင်းလင်းခဲ့ပါသည်။ ထို့ပြင်ကုန်သွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေအချက်အလက်များ၊ နယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ (Labelling) ပြည့်စုံမှုနှင့် မပြည့်စုံမှုတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်  FDA ကဆောင်ရွက်နေသည့် Food Safety ၊ Food Security၊  Risk၊ Hazard အစားသောက်နှင် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ Group Presentation ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အခြားသတိပြုရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစားပေးကုန်စည်(၃)မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုး၊ အချိုရည်နှင့်ယိုစုံ၊ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဇူလိုင်လတွင် ဦးစားပေးကုန်စည်(၁)မှာ ဟင်းသီးဟင်းရွက်ဆီ၊ ဩဂုတ်လတွင် ဦးစားပေးကုန်စည်(၂)မှာ အသင့်သောက်အချိုရည်၊ စက်တင်ဘာလတွင် ဦးစားပေးကုန်စည်(၃)မှာ Formula နို့မှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့်အစီအမံများအား ဆွေးနွေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မူများကိုလည်း စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်ရာဦးစီးဌာနများက Voluntary Recall နှင့် Mandatory Recall, Process ကို သရုပ်ပြပုံ Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ Case Study များနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာသိကောင်းစရာများကိုလည်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့်ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းမှုအပေါ် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၆/၂၀၂၃) ဟောပြောဆွေးနွေးခြင်း

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk(၆/၂၀၂၃)အား (၈-၆-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ (CICC) ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယပိုင်းအနေဖြင့် ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်တို့က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၂၃)၊ တားမြစ်ချက်များနှင့် အခန်း(၂၄)၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းများပြုလုပ်ရာတွင် ဥပဒေပါတားမြစ်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ လိမ်လည်လှည့်ဖြားခြင်းများမပြုလုပ်ရန်၊  ဥပဒေပါ လိုက်နာရမည့် တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အလွယ်တကူမှတ်သားနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေးနည်းဥပဒေ အခန်း(၁)မှ အခန်း(၄)ထိ ဟောပြောဆွေးနွေးရာ စားသုံးသူကာကွယ်ရေးနည်းဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်နှင့်စပ်လျဉ်း၍ သုတေသနပြုခြင်း၊ ကော်မရှင်ဖွဲ့စည်းခြင်းတွင် ပါဝင်သည့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းတွင် ပါဝင်သည့်အဖွဲ့အစည်းများ စသည်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ချပြရှင်းလင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် (၁၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ခန်းမ၌ ဆန်စက်ပိုင်ရှင်များနှင့်ဆန်ကုန်သည်များအား ဆန်စပါးဥပဒေ (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအား ချပြရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးချပြဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ်ဦးတည်ရာများကို လေ့လာသုံးသပ်ဆွေးနွေးဖော်ထုတ်ရန်ရည်ရွယ်၍ မြန်မာ့ဆန်စပါးညီလာခံ (၂၀၂၂) ကို နေပြည်တော်၌ (၆-၁၀-၂၀၂၂) ရက်နေ့မှ (၇-၁၀-၂၀၂၂) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆန်စပါးညီလာခံက စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ (၁၅) ချက်၊ ထုတ်လုပ်မှုကဏ္ဍ (၁၀) ချက်၊ ပို့ကုန်မြှင့်တင်ရေးနှင့်ထုတ်လုပ်မှုကဏ္ဍ (၁၈) ချက်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ၊ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍဆိုင်ရာဖော်ထုတ်ချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ းဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဆန်စပါးဥပဒေ (မူကြမ်း) ကို စားသုံးသူရေးရာဦးစီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ်တွင် စပါးနှင့်ပတ်သက်ပြီး မိုးစပါးဧက (၆) သိန်းကျော်နှင့် နွေစပါးဧက (၃) သိန်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် စပါးတင်း (၄၆၀) သိန်းထွက်ရှိပြီး တစ်နှစ်လျှင် စပါးတင်း (၆၅၀) သိန်း၊ ဆန်တန်ချိန် (၆) သန်းသုံးစွဲရန်လိုအပ်လျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် (၆၄) ရာခိုင်နှုန်း၊ ၂၀၂၂ခုနှစ်တွင် (၇၀) ရာခိုင်နှုန်းအထိဆန်ဖူလုံမှုရှိခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဆန်ဖူလုံမှုမရှိသည့်အတွက် (၁) လလျှင် ဆန်တန်ချိန် (၁၅၀၀၀) ခန့်၊ (၁) နှစ်လျှင် ဆန်တန်ချိန် (၁၈၀၀၀၀) ခန့်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတို့မှ ဝယ်ယူနေရပါကြောင်း၊ ဆန်စက်ပိုင်ရှင်နှင့်ဆန်ကုန်သည်များသည် ဥပဒေနှင့်ပတ်သက်ပြီး မဖြစ်မနေသိရမည်ဖြစ်သည့်အတွက် ချပြဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက  ဆန်စပါးဥပဒေပြဋ္ဌာန်းချက် (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအပေါ်  သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညနေ (၁၅း၃၀) နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားသို့ ဆန်ကုန်သည် (၁၈) ဦး၊ ဆန်စက်ပိုင်ရှင် (၂၁) ဦး၊ စုစုပေါင်း (၃၉) ဦးတို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

တောင်ငူခရိုင်အတွင်း ဓာတ်မြေဩဇာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့နှင့်အတူ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ တောင်ငူ-ထန်းတပင်လမ်းမပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောပူးပေါင်းအဖွဲ့သည် ကျောင်းရှစ်ဆယ်ကျေးရွာရှိ ပတ္တမြားဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်၊ ထန်းကုန်းကျေးရွာရှိ လင်းဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့ရောက်ရှိပြီး ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများ၌ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးကြည့်ရှုပြီး ဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းမရှိသောကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ညနေပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ အညာသားလေးမုန့်ဖတ်ခြောက်လုပ်ငန်း၊ မိုးမြင့်ကမ္ဘာဝါးတူစက်ရုံနှင့် အင်ဒိုင်းကျေးရွာရှိ “နေလဝန်းကြီး” မုန့်ဟင်းခါးခြောက်လုပ်ငန်းများသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပဲခူးမြို့တွင် ဖွင့်လှစ်ရောင်းချမည့် ဒေသထွက်ကုန်ဆိုင်ခန်းများ၌ မိမိတို့၏ထုတ်ကုန်ပစ္စည်းများရောင်းချနိုင်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News