Main menu

HighLight News

Powered by Drupal

ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်နှင့်အလှကုန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဧပြီလ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ စည်ပင်သာယာဈေးရှိ အလှကုန်(စတိုး)ဆိုင် (၄)ဆိုင်တို့တွင် ရောင်းချနေသည့် Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် Paris ဆပ်ပြာခဲ (80)g မှာ ရောင်းချမှုမရှိကြောင်းနှင့်  Paris ဆပ်ပြာခဲ (115)gတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရာတွင် လျော့နည်းနေသည်ကိုစစ်ဆေးတွေ့ရှိရ ပါသည်။ Paris ဆပ်ပြာခဲ (115)g အကြီး တစ်ကဒ်တွင် (၆)ခဲပါဝင်ပြီး ရောင်းချရမှုမှာလည်း အနည်းငယ်သာရှိကြောင်း၊ယခုအခါ လက်ကျန်အနေဖြင့် အလှကုန်(စတိုး)ဆိုင်များတွင် Paris ဆပ်ပြာခဲမရှိသလောက်နည်းပါးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲမှုမရှိသလောက်နည်းပါးကြောင်းလည်း တွေ့ရှိရပါသည်။

          ရောင်းချဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြထားသည့် အချင်အတွယ်၊ ပမာဏနှင့် အလေးချိန်ကိုက်ညီမှန်ကန်မှုရှိသည့် ကုန်ပစ္စည်းများကိုသာ စိစစ်ရောင်းချသွားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တွင်ဖော်ပြထားသည့် အာမခံချက်နှင့်ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချရန် တာဝန်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့်အတွက် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး အလေးချိန်ကိုက်ညီမှု မရှိသည့် ဆပ်ပြာခဲများအား ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် မိမိတို့ဝယ်ယူခဲ့သည့်ကုမ္ပဏီသို့ ပြန်လည်ပြောကြားရန် အသိပေးဆွေးနွေးခဲ့ပါသည်။

          ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်း၊ဈေးကွက်စောင့်ကြည့်ခြင်းနှင့် မိတ်ဖတ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာသည့်အတွက် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများသိရှိကာ မိမိကိုယ်မိမိကာကွယ်နိုင်သည့် အသိပညာများ ပိုမိုရရှိလာကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားပါအလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးခရိုင်ဦးစီးမှူး ‌ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်ပြီး၊ ဦးမျိုးဝင်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၅.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့၊ ကံသာစျေးနှင့် သာလှ (စတိုးဆိုင်)များ၌ ရောင်းချနေသော Paris ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသော အလေးချိန်နှင့်ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆပ်ပြာခဲများ၌ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အလေးချိန်များထက်လျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဖြန့်ဖြူးသူများအနေဖြင့် အလေးချိန်ဖော်ပြချက်နှင့်ကိုက်ညီခြင်းမရှိသည့် ဆပ်ပြာခဲများအား ‌ရောင်းချဖြန့်ဖြူးခြင်းမပြုရန်၊ မိမိတို့ ဝယ်ယူခဲ့သည့် ကုမ္ပဏီသို့ ပြန်လည်အသိပေး၍ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီသည့် ပစ္စည်များ ကိုသာ လဲလည်ရောင်းချသွားရန်နှင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၂၁)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်း နှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း” စသည်တို့ကိုလိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး  စီးပွားရေး ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ(၅၂)အရ စီမံခန့်ခွဲရေး ဆိုင်ရာနည်းလမ်းများဖြင့် အ‌ရေးယူခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည်‌ဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း မိမိတို့ဆိုင် တင်‌ရောင်းချသည့် ကုန်စည်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရုံသာမက အလေးချိန်နှင့် အရေအတွက်ပြည့်မီရေးကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း အသိပညာ‌ပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

“ကျေးရွာများသို့ အသိပညာပေးဆွေးနွေးခြင်းနှင့်ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး (၂၅.၄.၂၀၂၂) ရက်နေ့ နံနက်ပိုင်း(၈:၃၀)အချိန်တွင် ထိန်စမ်းကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ နေ့လည်ပိုင်း(၁၄:၀၀)အချိန် တွင်ကံတောက်ချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ကျေးလက်နေပြည်သူများအား မိမိဒေသတွင်းစားသုံးမှုဖူလုံယုံသာမက ပိုလျှံသည်အထိဖြစ်စေရေး ဆီထွက်သီးနှံနေကြာအား သီးညှပ် စိုက်ပျိုးကြရန်နှင့် ထိုသို့စိုက်ပျိုးရာတွင်လည်း သဘာဝဓါတ်မြေဩဇာများ ပြုလုပ်သုံးစွဲကြရန်၊ ဓါတုပိုးသတ်ဆေးများလျော့ချသုံးစွဲရန် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များနှင့် ကုန်ပစ္စည်းများဝယ်ယူရာ၌ သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

          အသိပညာပေးဆွေးနွေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ထိန်စမ်းကျေးရွာရှိ ကုန်စုံဆိုင်(၃)ဆိုင်နှင့် ကံ‌တောက်ချောင်းကျေးရွာရှိ ကုန်စုံဆိုင်(၂)ဆိုင်တို့တွင် ရောင်းချလျှက်ရှိသည့် **** အမှတ်တံဆိပ် ကျောက်ဖရုံယိုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများအား စားသုံးကုန်၊ လူသုံးကုန်၊ အလှကုန်၊ ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဆိုင်တင်ရောင်းချရန် သက်တမ်းကုန်နေသော အစားအသောက်၊ အချိုရည်များအား ရောင်းချခြင်း မပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသေးစိတ်အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး သက်တမ်းလွန်နှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား ဆိုင်တင်ရောင်းချပါက ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ် အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် မြို့‌ပေါ် စည်ပင်သာယာစျေးများ၊  ရပ်ကွက်/ကျေးရွာများရှိ  စတိုးဆိုင်၊ ကုန်စုံဆိုင်များနှင့် ထုတ်လုပ်သော လုပ်ငန်းခွင်အရောက်ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။=

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၏ ပြည်ပပို့ တန်ဖိုးမြှင့်ထုတ်ကုန်မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder) ထုတ်လုပ်မှု အခြေအနေ

           နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာအိန္ဒိယအင်ဒိုနီးရှားတရုတ်နှင့် အာဖရိက စသည့် အပူပိုင်းဒေသတို့တွင်  ဆီထွက်သီးနှံအဖြစ် ကျယ်ပြန့်စွာစိုက်ပျိုးသောအရေးပါသည့် သီးနှံ တစ်မျိုး ဖြစ်ပါသည်။ မြန်မာ့နှမ်းသည် နိုင်ငံတကာ ဈေးကွက်နယ်ပယ်တွင် နေရာရရှိထားသော ပြည်ပပို့ကုန်  ပစ္စည်းများအနက် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး နိုင်ငံတကာဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းထက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်(နှမ်းလှော်မှုန့်) အဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ပို၍တွက်ခြေကိုက်ပြီး ဈေးနှုန်းပိုမိုရရှိကာ နှမ်းလှော်မှုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

            ယခင်က မြန်မာ့နှမ်းများကို နှမ်းတန်ဖိုးမြှင့် နှမ်းလှော်မှုန့်ပြုလုပ်ရာတွင် သဘာဝအတိုင်း ထင်းမီးကို အသုံးပြုကြောင်း၊ လုပ်ငန်းစတင်ချိန်က နှမ်းလှော်ဖို စက်ရုံ ၂ ရုံ ၃ ရုံမျှဖြင့် ထုတ်လုပ် လာနိုင်ရာမှ ယခုအခါ ပြည်တွင်းစက်မှုဇုန်တွင် နှမ်းလှော်မှုန့်ထုတ်လုပ်သော စက်ရုံများ အပြိုင်အဆိုင် တိုးချဲ့ထုတ်လုပ်လာသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့  အပြိုင်အဆိုင် အရည်အသွေးကောင်းအောင် ဖန်တီးထုတ်လုပ်လာကြသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ မဟူရာ Energy ကုမ္ပဏီ၏ MD ဖြစ်သူ ဦးဖိုးနီ သည်လည်း မြန်မာ့နှမ်းလှော်မှုန့်များကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကိုရီယား နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ မည်သည့်နိုင်ငံ၏ နည်းပညာကိုမျှ အ‌ခြေခံ၍ ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ နှမ်းလှော်ထုတ်လုပ်ပုံ၊ ထုတ်လုပ်နည်း အဆင့်ဆင့်တို့ကို ဒေသတွင်း အတွေ့အကြုံရှိသော သင်ဆရာ၊ မြင်ဆရာများကြောင့်လည်းကောင်း၊ မိမိဖြတ်သန်း လာရသော လုပ်ငန်းအတွေ့အကြုံများ ကြောင့်လည်းကောင်း မိမိတို့၏ Value added ပြုလုပ်ထားသော နှမ်းလှော်မှုန့်သည် ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ပုံကို MDဖြစ်သူ ဦးဖိုးနီက ရှင်းပြပါသည်။ ၂၀၁၁ ခုနှစ်တွင် မကွေးမြို့၊ ဆားတိုင်ကန်ကျေးရွာတွင် နှမ်းလှော်ဖို တည်ထောင်ကာ  လုပ်သားအင်အား (၁၀)ဦးနှင့် စတင်ခဲ့ပြီး ရန်ကုန်မြို့ရှိကုမ္ပဏီခွဲမှ တောင်ကိုရီးယား နိုင်ငံသို့ နှမ်းလှော်မှုန့် (၂၀)kg အိတ်၁ လုံး၊ ၂လုံးကို စမ်းသပ် တင်ပို့ခဲ့ရာမှ ယခုအချိန်တွင် နှမ်းလှော်မှုန့် တင်ပို့သည့် Exporter အဖြစ် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ယခုအခါ လုပ်သားဦးရေ (၃၅)ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားပြီး ပို၍အလုပ်ဖြစ်ကာ ၁လလျှင် တန်ချိန် ၂၀၀ နီးပါးခန့် တင်ပို့နိုင်ပြီဖြစ်ရာ စတင်ထုတ်လုပ်သည့် အချိန်မှ ယခုကာလအထိ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်သည့် ကွန်တိန်နာ အလုံးရေ ၆၀၀ခန့် ရှိလာပြီ  ဖြစ်သည့်အတွက် တစ်နှစ်ထက်တစ်နှစ် တိုး၍ ပိုမိုတင်ပို့လာနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

           ကိုးရီးယားဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်း တစ်မယ်ဖြစ်သော အရည်အသွေး ပြည့်မီသည့် နှမ်းလှော်မှုန့်ကို ရရှိရန် ကုန်ကြမ်း နှမ်းဖြူကိုသာ  အသုံးပြုရကြောင်း နှမ်းရိုင်းမှ နှမ်းလှော်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို ဤသို့ ရှင်းပြခဲ့ပါသည်။ “Quality  ကောင်းသော နှမ်းလှော်မှုန့် ရဖို့အတွက် ကုန်ကြမ်းအနေနဲ့ နှမ်းဖြူကို အများဆုံးသုံးကြောင်း၊ နှမ်းဖြူကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော  မကွေး၊  မန္တလေး၊   ကျောက်ဆည်၊  မြင်းမူ၊  ချောက်နဲ့  စလင်း  စသည့်ဒေသများမှ  အဓိကရရှိကြောင်း၊ အရည်အသွေးကို  ပို၍ကောင်းအောင် ဈေးကွက်မပျောက်အောင် ထုတ်လုပ်နိုင်ရန်  အမြဲတမ်း ဂရုစိုက် နေရ ကြောင်း၊ မြေပဲခွံမီးနှင့် လှော်ရသည့်အတွက် အခက်အခဲများစွာရှိကြောင်း၊ ယခင်ကဆိုရင် နှမ်းလှော်မှုန့်မှာ မီးခိုးနံ့ကျန်တာမျိုး၊ နွေရာသီနေ့လည်ခင်းတွေမှာ လုပ်သားများချွေးဒီးဒီးကျအောင် လုပ်ဆောင်ခဲ့ရာမှ ယခုဆိုရင် မီးခိုးနံ့ကင်းစင်ပြီး လုပ်သားများ သက်တောင့်သက်သာရှိလာတဲ့ အဆင့်ရောက်အောင် မြန်မာ့ နည်း မြန်မာ့ဟန်နဲ့ တီထွင်ခဲ့ရကြောင်း၊ နှမ်းလှော်မှုန့် ပြုလုပ်ရန် ပထမဆုံး ကုန်ကြမ်းနှမ်းကို ဇကာချပြီး ရေနဲ့ ဆေးကြောရကြောင်း၊ နောက် စိတ်ကြိုက်အရွယ်အစားရအောင် စက်နဲ့ ရွေးချယ်ပြီး  မီးနဲ့လှော် ရကြောင်း၊ ထို့နောက်အအေးခံပြီး အမှုန့်ကြိတ်ရကြောင်း ” မဟူရာ Energy ကုမ္ပဏီ၏ MDဖြစ်သူ ဦးဖိုးနီ က ထုတ်လုပ်ပုံတို့ကို အသေးစိတ်ရှင်းပြပါသည်။ ယခုအခါတွင် ကုန်ကြမ်းနှမ်းတွင် Acid ပါဝင်မှု ၃%  ထက် မပိုစေရန်မိမိပိုင် ရွှေဟင်္သာပွဲရုံမှ  ဂရုစိုက်ဝယ်ယူရကြောင်း၊  စေတနာထား၍ Quality  ကောင်းအောင် နည်းစနစ်ကျနစွာ ထုတ်လုပ်ခြင်းကြောင့် Reject  မရှိဘဲ နှစ်စဉ် တန်ချိန်တိုး၍ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း စသည့် ၎င်းတို့ကုမ္ပဏီ၏ကြိုးပမ်းမှုများကိုလည်း မျှဝေပေး ခဲ့ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်း တင်ပို့ရာတွင် အခွန် ၆၀% ပေးဆောင်ရပြီး နှမ်းလှော်မှုန့်ကို တင်ပို့ရာတွင် ၉ % သာ အခွန် ပေးဆောင်ရသည့်အတွက် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း နှမ်းလှော်မှုန့်ကို ပိုမိုဝယ်ယူလိုကြောင်း သိရှိရပါသည်။ သို့ဖြစ်၍  ပြည်ပဝယ်လိုအား ဈေးကွက်ရှိသော နှမ်းလှော်မှုန့်များကို   Exporter ကုမ္ပဏီ များအနေဖြင့်လည်း ပို၍တွက်ချေကိုက်သည့်အတွက်  နှမ်းလှော်မှုန့်ထုတ်လုပ် တင်ပို့သူ ပြည်တွင်းလုပ်ငန်းရှင်များ အပြိုင်အဆိုင် တိုးပွားလာရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

             ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ လုပ်ငန်းရှင်များ စိတ်ကြိုက်ငွေပေးချေမှုနည်းလမ်းများနှင့် လိုင်စင်ခွင့်ပြု ထုတ်ပေးလျက်ရှိပါ ကြောင်း၊ Letter of Credit (LC) စနစ် နှင့် Telegraphic Transfer (TT) စနစ် ဟူ၍ ငွေပေးချေမှုစနစ် (၂)မျိုး ရှိရာ Letter of Credit (LC)စနစ်နဲ့ ငွေပေးချေရာတွင် တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူ ဘက်ကယုံကြည်စိတ်ချရမှုရှိမှသာပြုလုပ်၍ရသည့်  စနစ်မျိုးဖြစ်ပါကြောင်း၊ ပစ္စည်းကို တင်ပို့ပြီးမှ ဘဏ် အချင်းချင်း ချိတ်ဆက်၍ (၃)လ အတွင်း ငွေပေးချေသည့် စနစ်ဖြစ်သည့်အတွက် ရောင်းဝယ်ရာတွင် ငွေရနောက်ကျသည့် အခြေအနေ နှင့် တစ်ခါတစ်ရံတွင် ငွေကြေးလိမ်လည်မှု ခံရသည့် အခြေအနေမျိုးကြုံတွေ့နိုင်ကြောင်း၊  TT စနစ်ကို  ပို့ကုန်ကြိုတင်ရငွေဟု သုံးနှုန်းလေ့ရှိကြပြီး  ဝယ်သူနှင့် ပို့ကုန် လုပ်ငန်းရှင် စာချုပ် ချုပ်ဆိုပြီး  ၁ပတ် သို့မဟုတ် ၁၀ ရက်အတွင်း ငွေပေးချေရသည့် စနစ်ဖြစ်ကြောင်း၊ ဤစနစ်တွင် တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းချသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားခြင်းဖြစ်ကြောင်း၊  ငွေရောက်ပြီးမှသာလျှင် ကုန်စည်ကို သင်္ဘောပေါ်တင်ပေး ရသည့် စနစ်ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ငွေလည်ပတ်မှု ဒုက္ခမှကင်းဝေးသည့် အားသာချက် အပြင်ငွေကြေးဆုံးရှုံးမှုလည်းမရှိသည့်အတွက် TT စနစ်ဖြင့် အရောင်းအဝယ်လုပ်ကြ သည်က များကြောင်း၊  မဟူရာ Energy ကုမ္ပဏီ အနေဖြင့် ဝယ်ယူသူများ၏ တောင်းဆိုမှုပေါ် မူတည်၍ စနစ် (၂)မျိုးလုံး အသုံးပြု ကာ အရောင်းအဝယ် ပြုလုပ်ပေးသော်လည်း TT စနစ်ကို အသုံးပြုသည်က များကြောင်းသိရှိရပါသည်။ နှမ်းလှော်ဆီမွှေးထုတ်လုပ်ရန် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ နှမ်းလှော်မှုန့်ကို အဓိကတင်ပို့လျက်ရှိပြီး  နှမ်းလှော်ဆီမွှေးကို  အမွှေးဆီအဖြစ်    အသီးအရွက်များ သုပ်စားရာတွင်   အနည်းငယ်မျှသာ ထည့်၍ အသုံးပြုကြကြောင်း၊ ရိုးရိုးဆီဖြင့် ချက်ပြုတ်ရာတွင် ဆီဝေခြင်း၊ အထားခံနိုင်မှု အနေဖြင့်လည်း  ၁ နှစ်         ကျော်လျှင်အနံ့ အရသာမကောင်းခြင်း စသည်တို့ ဖြစ်စေသော်လည်း  နှမ်းလှော်ဆီမွှေးသည် ရေငွေ့ ပါဝင်မှုနှုန်း ၀.၀၂%သာ ရှိသည့်အတွက် ၃နှစ်အထိ အထားခံကြောင်းသိရှိရပါသည်။  

            နှမ်းလှော်ဆီမွှေး စားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့် အခြားရောဂါများဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ခြင်း၊ အသည်း၏ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း နှင့် ခန္ဓာကိုယ် အတွင်း အဆီချေဖျက်မှုကိုတိုးမြှင့်ပေးခြင်း စသည့်အချက်များကြောင့်  စားသုံးသူတို့၏ ကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေကြောင်း၊   ထို့ကြောင့်   ရိုးရိုးဆီများနှင့် နှိုင်းယှဉ်သော် နှမ်းလှော်ဆီမွှေးသည် ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော အထူးသင့်လျော်သည့် ဆီ တစ်မျိုးဖြစ်ကြောင်း၊  ကမ္ဘာ့နှမ်းလှော်ဆီ ဈေးနှုန်းဈေးကွက် အခြေအနေကို လေ့လာကြည့်ပါက  နှမ်းလှော်ဆီ ၁ ပိဿာ လျှင် မြန်မာငွေ ကျပ် (၃၀၀၀၀ - ၄၀၀၀၀) ဝန်းကျင်ခန့် ဈေးရှိရာ ကမ္ဘာ့နှမ်းလှော်ဆီ ဈေးကွက် အနေဖြင့်လည်း အလွန်မြင့်မားကြောင်း၊  ပြည်တွင်းပဲ၊ နှမ်း ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ ရှိကြောင်းသိရှိရပါသည်။  ယခုအခါတွင်    မြန်မာနိုင်ငံ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများရှိ စူပါမားကက်ကြီးများတွင် နှမ်းလှော် ဆီမွှေးကို ဝယ်ယူရရှိနိုင်သော်လည်း ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးလိုက်စားသည့် လူနည်းစုအနေဖြင့်သာ ဝယ်ယူအသုံးပြုလာကြကြောင်း သိရှိရပါသည်။

            တန်ဖိုးမြှင့်ထုတ်ကုန် မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder)သည် ပြည်ပ ဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်းတစ်မယ်ဖြစ်သော်လည်း ပြည်တွင်းနှမ်းလှော်မှုန့် ထုတ်လုပ်မှု ပမာဏနည်းသောကြောင့်   ပြည်ပဈေးကွက်၏ လိုအပ်ချက်ကို ပြည့်မီ‌အောင် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း၊  တန်ဖိုးမြှင့် (Value Added) ပြုလုပ်ထားသော မြန်မာ့ပို့ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေတန်ဖိုး ပိုမိုတိုးပွားစေခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ကုန်သည်ပွဲစားများ၊ Exporter ကုမ္ပဏီများ စသည့် supply chain တစ်လျှောက်ရှိ ပါဝင်သူအသီးသီး အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေသည်ကို လေ့လာသိရှိရပါသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများအဖြစ် မြန်မာ့ပို့ကုန်များ ထုတ်လုပ်တင်ပို့နိုင်ကြစေရန်သာမက မိမိတို့ ပြည်တွင်းရှိ စားသုံးသူပြည်သူများအတွက် နေ့စဉ် မီးဖိုချောင်၌ စားသောက်ရာတွင် ပါလေရာ ဖြစ်သည့် အဟာရ ဓာတ်ပြည့်ဝသော နှမ်းလှော်ဆီကို ပြောင်းလဲသုံးစွဲနိုင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်လာစေရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် အစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်စေရေး အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံသည် မြို့နယ်အစည်းအဝေးခန်းမ၌ Gold Dalta Co.Ltd , မှ တာဝန်ရှိသူများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများနှင့်၊ ဆန်စက်၊ ဆီစက်၊ ပွဲရုံ လုပ်ငန်းရှင်များအား (၂၅.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်း မှ အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေ အခန်း (၁၃) ပါ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၏ အဓိပ္ပာယ်နှင့် အခန်း(၁၄) ပါ ဝန်ဆောင်မှုလုပ်ငန်း၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          ဆက်လက်၍ Gold Dalta  Co.Ltd, မှ ဓနုဖြူမြို့နယ် တာဝန်ခံ ဦးတိုးလွင်မှ ပြောကြားရာတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ လယ်သမားများအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်မှု အလားအလာကောင်းများ အကြောင်း ပြောကြားပြီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများက ဘဏ်၏ ဝန်ဆောင်မှုများ၊ ငွေရေး၊ ကြေးရေးကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

          မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်းပြီး ဧပြီ(၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show ဆွေးနွေးပွဲကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူး ဦးအောင်ကျော်မင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။   

DOCA(မွန်)

နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းရှိ လူသုံးကုန် စားသောက်ကုန် ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်‌ ဈေးကွက်အတွင်းရှိ လူသုံးကုန် စားသောက်ကုန် ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းတို့အား စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဧပြီလ စတုတ္ထပတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန် ကုန်စည်များကို သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် အသိပညာပေးဆွေး‌နွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်‌ကောက်မြို့နယ်တွင် သင်တန်းသားများနှင့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဉပ‌ဒေအကြောင်းအသိပညာပေး‌ဟောပြောခြင်း

         ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်‌‌ကောက်မြို့နယ်မှ (၃)မိုင်ခန့်ဝေးသော ဂုမ္မကွင်းအုပ်စု၊ လိမ္မကွင်း(မြောက်စု) ၊ ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအား (၂၁.၄.၂၀၂၂)နေ့ နံနက် (၉:၀၀)နာရီတွင် စိုက်ပျိုးရေးဌာန၊ မွေး/ကုဌာနနှင့် စားသုံးသူ ရေးရာဉီးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ (၃၂)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းပြခဲ့ပါသည်။

            တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ခြင်း၊ စားသုံးသူအခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်များ ၊  နစ်နာမှုရှိလျှင် ကုစားပေးနိုင်သည့် အချက်များ ၊ ကုန်စည်၊ ဝန်ဆောင်မှု နှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့ပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ စားသုံးဆီသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကိုပါ ထည့်သွင်းအသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ ပြန်လည်ရှင်းပြခဲ့ပါသည်။

            ‌ဟောပြောပွဲအပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့်အတူ ကျေးရွာအတွင်းရှိ မုန့်မျိုးစုံဆိုင်၊ ကုန်စုံဆိုင်(၂)ဆိုင်အား ကုန်အညွှန်းအမှတ်အသားများပါမှသာ ရောင်းချပါရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ တက်ရောက်နိုင်ရေးအတွက် ရည်ရွယ်၍ ‌ဧပြီလ (၂၂)ရက် နေ့လည်(၁၅:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးသို့  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၊ ဉက္ကဌ ၊ ဒုဥက္ကဌ  ၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအစီအစဉ်များနှင့် ‌ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတွင် ဌာနဆိုင်ရာကိုယ်စားပြု သင်တန်းသားများ ရွေးချယ်နိုင်‌ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

     ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် စိုက်ပျိုးရေးဆေးပစ္စည်း၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းအား တန်ဖိုးကျပ် (၉၄၄၇၄၀၆၀) ကိုလည်းကောင်း ၊ ဖေဖော်ဝါရီလတွင် အင်ဂျင်ဝိုင်ဖာ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအားတန်ဖိုးကျပ် (၆၄၃၀၂၄၃၄) ကိုလည်းကောင်း၊ မတ်လတွင် မော်တော်ယာဉ်နှင့်စားသောက်ကုန်များအားတန်ဖိုးကျပ် (၂၂၁၅၂၈၇၇၇) ကိုလည်းကောင်း၊ ဧပြီလ ၁ရက်နေ့မှ ၂၁ရက်နေ့ထိ မော်တော်ယာဉ်နှင့်စားသောက်ကုန်များအား တန်ဖိုးကျပ် (၉၅၇၂၆၈၅၂) ကိုလည်းကောင်း၊ စုစုပေါင်း တန်ဖိုးကျပ် (၄၇၆၀၃၂၁၂၃)ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

           ဒိုက်ဦးမြို့နယ် နတ်ကင်းကျေးရွာအုပ်စု ကြီးပေါင်းစုရွာရှိတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ်(၅) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း(ACLC) နှင့် ကုတရာရွာရှိတောင်သူများအား ကျေးရွာဘုန်းတော်ကြီး‌ဓမ္မာရုံ၌ စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နည်းပညာ ပေး ဆွေးနွေးပွဲအား(၂၄.၄.၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဌ ဉီးဝင်းမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနများနှင့်အတူ ပူးပေါင်းပါဝင်ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ   စားသုံးသူကာကွယ်‌ရေးအသိပညာပေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ စားသုံးဆီဖူလုံရေးအတွက်တိုးချဲ့စိုက်ပျိုးကြရန်နှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများဆိုင်ရာအသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - HighLight News