Main menu

HighLight News

Powered by Drupal

ကျောင်းကုန်းမြို့နယ်၊ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး အသိပညာပေး

ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၆.၄.၂၀၂၂ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့်အတူ ကျောင်းကုန်း မြို့နယ်၊ဆေးရုံလမ်းရှိ ‘စမ်းသီဟ’သောက်ရေသန့်ထုတ်လုပ်သော စက်ရုံသို့ သွားရောက်၍ စက်ရုံပိုင်ရှင်နှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်အတိုင်း ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ်၁/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ်၁/၂၀၂၂ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဧပြီလ၂၆ရက်နေ့ နံနက်၁၀:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ ဒုဥက္ကဌ သယံဇာတရေးရာ ဝန်ကြီးဦးအုန်းမြင့်၊ အဖွဲ့ဝင်များဖြစ်သော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအပါအဝင် ကော်မတီအတွင်းရေးမှူး၊ တိုင်းဦးစီးမှူးဦးစိုးအောင်၊ စားသုံးသူရေးရာဌာနခွဲမှူး ဦးကျော်စိုးရီနှင့် တိုင်းဦးစီးမှူးရုံးမှအရာထမ်း၊ အမှုထမ်း(၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝးတွင် ဧရာဝတီတိုင်းစားသုံးသူရေးရာကော်မတီဥက္ကဌ ဦးတင်အေးမှ စားသုံးသူရေးရာကော်မတီကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၂.၄.၂၀၂၁ ရက်နေ့အမှတ်စဉ်(၁၀/၂၀၂၁)ဆုံးဖြတ်ချက်(၂၇) ဖြင့် ကော်မတီဥက္ကဌအပါအဝင် အဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း စားသုံးသူရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကောက်ယူနိုင်ရေးနှင့် အသိပညာပေး ဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးချက်များ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရန်၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက် ထုတ်ပြန်သည့်အပေါ် သိရှိနိုင်ရန် တရားမဝင်တင်သွင်းလာသော အသားချောင်းနှင့် (Similac Product)များ ဈေးကွက်အတွင်းရှိ / မရှိ ကွင်းဆင်းစစ်ဆေးရန်နှင့် ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အစည်းအဝေးကို တစ်လ(၁)ကြိမ်ကျင်းပပြုလုပ်ရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းစားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသော စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များကလည်း ဖြည့်စွက်၍ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

နေပြည်တော်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် နေပြည်တော်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ နေလယ် (၁၄:၀၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာလင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါက်တာဇော်လွင်၊ နေပြည်တော်ဦးစီးမှူး က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုအခြေ အနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းပဒေပါ အချက်များအား အကျယ်တဝံ့ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်ဌာနများအနေဖြင့် အကြံပြုချက်များ ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော အဖွဲ့များဖြစ်သည့် နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ ခရိုင်ဥပဒေအရာရှိ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူကိုယ်စားလှယ် စသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူနှင့်လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင်ဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် နေပြည်တော်စားသုံးသူ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာလင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်ဌာနများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် ကော်မတီအစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို နေ့လယ် (၁၄:၅၅) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)

စစ်ကိုင်းတိုင်းဒေသကြီး ၊စားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ခန်းမ၌ ကျင်းပပါသည်။

          အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကားပြောကြားရာ၌ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို စားသုံးသူရေးရာဦးဌာနက focal အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ နေ့က ထုတ်ပြန်ခဲ့ရာ နည်းဥပဒေစာအုပ်များကို ကော်မတီအဖွဲ့ဝင်များသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းကောက်ယူရေးလုပ်ငန်းအား မေလအတွင်း ဆောင်ရွက် သွားရန်ရှိကြောင်း၊ စားသုံးဆီနှင့်ပတ်သက်သော သတ်မှတ်ချက်၊ ညွှန်ကြားချက်များအား သက်ဆိုင်ရာလုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများ၊ အခက်အခဲများပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်ကြမည့် အစီအမံများနှင့် ပတ်သက်၍ အကြုံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြော ကြားပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသောအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ကောင်မတီမှ ဆုံးဖြတ်ပေးရ မည့်မူဝါဒများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက် လာကြသော ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် အစီအမံများအပေါ် အကြံပြုတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

       အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်၊ သထုံခရိုင်တွင် Talk Show ကျင်းပပြုလုပ်

           မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟို ဌာနခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကာ ၂၇.၄.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်း တို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချမှု ရှိစေရေးနှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် စသည်တို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးကွက်အတွင်း ကုန်ပစ္စည်များကို သတိထားဝယ်ယူသုံးစွဲကြရေးနှင့် နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Call Center နံပါတ်များ စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ် စားဆီနှင့်စားသောက်ကုန်စည်ရောင်းဝယ်ရေးအသင်းမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် ၂၇.၄.၂၀၂၂ ရက်နေ့တွင် ပြည်နယ်မှူးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် စားဆီနှင့်စားသောက်ကုန်စည်ရောင်းဝယ်ရေး အသင်းမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍လည်းကောင်း တွေ့ဆုံဆွေးနွေး ခဲ့သည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အတိုင်း မိမိတို့၏ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေ ဖော်ပြရန်လိုအပ်ကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း စားသုံးဆီများအနက် အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဟူ၍ ဖော်ပြ ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် စားသုံးသူများ ထင်ယောင် ထင်မှားမဖြစ်စေရန် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက ရန်ကုန်ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာတွင် အဝါရောင် Food Grade Clean Drum များဖြင့်လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း စတင်အသုံးပြုရန်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒ ပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့်  Drum  များတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade  (New Drum/ Clean Drum/Jerry Can/ Consumer Pack) များ အသုံးပြုရန်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ” ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နှိပ်ရန် စသည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ

နေပြည်တော် မေ 1

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ် အခြေခံ၍ တွက်ချက်မှုအရ 2022 ခုနှစ်၊ မေလ ၂ ရက်နေ့ မှ မေလ ၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၆၀၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www .doca .gov .mm နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

            ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ၂၈-၄-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စာသုံးသူရေးရာကော်မတီ ဥက္ကဌ ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များကလည်း ကရင်ပြည်နယ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်ဦးစားပေး ကုန်စည်(၁၀)မျိုးကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကရင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာ ကော်မတီကို လစဉ်(၁)လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေး တွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင်(၇)ဦး တက်ရောက်ခဲ့ပြီး နံနက်(၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။   

DOCA(ကရင်)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ  ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး (၂၁.၄.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည် များပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီများ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် များသို့ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား တစ်ဆင့်ပြန်လည် ရောင်းချသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်းသည့် ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို (၂၀.၁.၂၀၂၁) နေ့တွင် ထုတ်ပြန်ထားရှိကြောင်း၊ ယင်းညွှန်ကြားချက်သည် (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားသုံးဆီရောင်းချဖြန့်ဖြူးသူများအနေဖြင့်လည်း ယခုအချိန်မှစ၍ မိမိတို့ဆိုင်တွင် ညွှန်ကြားချက်အတိုင်း ပြည့်စုံသော ကုန်စည်ကိုသာရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးဆီ ဖြန့်ဖြူးသော ကုမ္ပဏီများ၊ အရောင်းကိုယ်စား လှယ်များကိုလည်း အသိပေးရှင်းလင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း ဈေးကွက်တွင် စားအုန်းဆီနှင့် ပဲဆီ၊ နှမ်းဆီတို့နှင့် ရောစပ်ရောင်းချနေခြင်းများလည်း ရှိရာ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေဘဲ ရှင်းလင်းမြင်သာစွာ သိရှိစေရေးအတွက် စားသုံးဆီအမျိုးအစား တစ်ခုချင်းစီ၏ ရောစပ်မှုအချိုးအစားအလိုက် ဝယ်ယူစားသုံးသူများ အခြေခံစိတ်ကျေနပ်မှုရရှိစေရေးအတွက် မှန်ကန်စွာဖြင့် ဖော်ပြရောင်းချသွားရန် လိုအပ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအခါ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်ပတ်သက်၍ ရောင်းချရာတွင် မိမိတို့ကုန်စည် ပေါ်တွင် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ကုန်စည် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်ကိုသာရောင်းချရန်နှင့် ကုန်စည်၏အသားတင်ပမာဏ အရွယ်အစားကိုလည်း ပိဿာ/ကျပ်သားတို့ဖြင့် မြန်မာလိုဖော်ပြပါရှိမှသာ ရောင်းချရမည်ကြောင်း အသေးစိတ်အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ထင်ယောင်ထင်မှား မဖြစ် စေရေးအတွက် ဆီရောင်းချသောဆိုင်ရှင်များအား စားသုံးသူအခွင့်အရေးများသိရှိစေရန် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအချိန်အခါတွင် စားသုံးဆီကို လူတိုင်းအခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ်စားသုံးနေကြသောကြောင့် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပေါ်မှုနည်းပါးစေရန်အတွက် ရောင်းဝယ်ဖြန့်ဖြူးသော လုပ်ငန်းရှင်များအနေဖြင့်(၁/၂၀၂၁)ညွှန်ကြားချက်အရ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော စားသုံးဆီကိုသာ တင်သွင်းရောင်းချဖြန့်ဖြူးရန်၊ မပြည့်စုံသော စားသုံးဆီများ ဆိုင်တွင်ရှိနေသေးပါကလည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး အမြန်ဆုံးပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ ရောင်းချဖြန့်ဖြူးသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လာရောက်အသိပေးရှင်းလင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) စာစောင်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ ပါသည်။

DOCA(မကွေး)

Benzoic Acid ပမာဏထက်ကျော်လွန်နေသော အသားချောင်း၊ အသားလုံးများ ဈေးကွက်အတွင်း ရှိမရှိကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ၂၇.၄.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာရောင်းချသော အရောင်း ဆိုင်(၆)ဆိုင် အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာဆိုင်များမှ အသားလုံး၊ အသားချောင်း နမူနာ (၇)မျိုးအား ကချင်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ နမူနာကောက်ယူ၍ နေပြည်တော်သို့ ဓါတ်ခွဲစစ်ဆေးရန်ပေးပို့ခဲ့သော ဓါတ်ခွဲစစ်ဆေးချက်အရ အသားချောင်း၊ အသားလုံးနမူနာ(၄)မျိုးတွင် သတ်မှတ်ထားသည့် Benzoic acid ပမာဏထက် ကျော်လွန်နေသော ဂဏန်းပုံပါအမှတ်တံဆိပ် အသားလုံး (ပန်းရောင်)၊ ထိုင်းနိုင်ငံထုတ် B4 New အမှတ်တံဆိပ် ကြက်သား အသားဘောလုံး၊ ထိုင်းနိုင်ငံထုတ် Thai Star Brad အမှတ်တံဆိပ်ပါ (အနီရောင်)ဟောဒေါ့ကြက်သားလုံး၊ ထိုင်းနိုင်ငံထုတ်Thai Star Brad အမှတ်တံဆိပ်ပါ(ပန်းရောင်) အသားချောင်းတို့အား ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှသိမ်းဆည်း ဖျက်ဆီးနိုင်ရေးပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

Pages

Subscribe to RSS - HighLight News