တောင်ငူမြို့တွင် ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အောက်တိုဘာလ (၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှူးသည် ကုန်စည်များရောင်းချရာ၌ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်စည်များအဖြစ်သတ်မှတ်ထားရာ စားသုံးကုန်များကို ဈေးနှုန်းမြှင့်တင်ရောင်းခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးသည် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်ရရှိမှသာဆောင်ရွက်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ထားပြီးဖြစ်ရာ အွန်လိုင်းဖြင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားကြရန်နှင့် အွန်လိုင်းမှဝယ်ယူသူများအနေဖြင့်လည်း မှတ်ပုံတင်လက်မှတ်ရရှိသူများထံမှသာဝယ်ယူကြရန် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် (၄၂) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)