Main menu

HighLight News

Powered by Drupal

မှော်ဘီမြို့နယ်၊ အင်ကြင်းယာဉ်မောင်းသင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

          (၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အင်ကြင်းယာဉ်မောင်းသင်တန်းသား (၁၅)ဦးအား တပ်ကြီးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်ခွဲရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက (CICC)များနှင့် Consumer Call Center (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင် သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် (၁၈.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အထယုကျေးရွာသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှုဝယ်ယူရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ Conusumer Call Center (1535) သို့လည်း ခေါ်ဆို၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ အထယုကျေးရွာမှ(၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ညောင်ဦးမြို့ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍(၁၅.၈.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့ရှိ Peace Life သောက်ရေသန့်စက်ရုံနှင့် Powerful သောက်ရေ သန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံနည်းလမ်းမှန်ကန်မှုရှိ/မရှိ၊ ဥပဒေပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေးစစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်း စဉ်တလျှောက် ကိုင်တွယ်မှု၊ ထည့်သွင်းမှု၊ ထုပ်ပိုးမှုနှင့် ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေ သောကုန်စည်သည် လူသားအားလုံးအတွက် မရှိမဖြစ် နေ့စဉ်အချိန်နှင့်အမျှ လိုအပ်ကုန်စည်ဖြစ်၍ သောက်ရေသန့်ဆိုသည့်အတိုင်း သတ်မှတ်ထားသောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန်လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံးအတွက်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင်ကြယ်ရန်အထူးလိုအပ်၍ သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကိုရရှိပြီး မိမိတို့၏အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ပြီး စိတ်စေတနာ အပြည့်အဝထားကာ ထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ မြင့်သိင်္ဂီ ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

            ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၉) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍  မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ မြင့်သိင်္ဂီ ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ မြင့်သိင်္ဂီ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ် ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များ ကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ရွှေစဉ် ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၉) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ရွှေစဉ် ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ရွှေစဉ် ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ် ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

          ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ သြဂုတ်လ(၁၇) ရက်နေ့တွင် ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၂၀၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့ရှိ ငွေပင်လယ် စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

           ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၁၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စဥ့်ကိုင်မြို့ရှိ ငွေပင်လယ် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဩဂုတ်လ(၁၈)ရက်နေ့တွင် စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စဥ့်ကိုင်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စဥ့်ကိုင်ရှိ ယုဝတီဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

           ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၈) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ စဥ့်ကိုင်မြို့၊ ပလိပ်လမ်းဆုံရှိ ယုဝတီ ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စဥ့်ကိုင်မြို့၊ ပလိပ်လမ်းဆုံရှိ ယုဝတီ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ် ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)         

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး Nature ပိန္နဲသီးခြောက်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၁၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်မြေရပ်၊ မြွေဘုရားအနီးရှိ Nature ပိန္နဲသီးခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် နေးချား ပိန္နဲသီးခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်  အွန်လိုင်းဖြင့် ရောင်းချပါက www.doca.ecomreg.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ၊  မှတ်ပုံတင်လျှောက်ထားမှုမရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း  ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News