Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား (Labelling) ဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၂) ရက်နေ့ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၌လည်းကောင်း၊ မတ်လ (၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌လည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား(Labelling) ဖော်ပြခြင်းနှင့်ပတ်သက်၍ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ မေးမြန်းမှုများအပေါ် ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဧရာဝတီတိုင်းဒေသကြီးရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကိုလည်းကောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကိုလည်းကောင်း၊ ကရင်ပြည်နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိတို့အား ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ကေဇင်ယုက ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကို ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ကုန်အညွှန်းအမှတ်အသား(Labelling) ဖော်ပြခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း

        ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများကို ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား(Labelling) ဖော်ပြခြင်းနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ သိသင့်သိထိုက်သောအချက်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ကေဇင်ယုက ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

“ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား အသိပေးဆွေးနွေးဟောပြောပွဲကျင်းပ ”

        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ဦးဆောင်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ သတိပြုမိစေရန် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် (၁၂.၃.၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် UMFCCI ခန်းမ၌ ဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာ များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

      အဆိုပါ ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအသစ်အရ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းမှာ မတ်လ (၁၅)ရက် နောက်ပိုင်းမှစတင်၍ အသက်ဝင်မှာ ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်းနှင့် အခြားသိကောင်းစရာများအား ရှင်းလင်း ပြောကြားပေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်မှလည်း စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လ(၁၅)ရက် နောက်ပိုင်းမှစတင် အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအတိုင်း သိသာထင်ရှားစွာ ဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအတိုင်း သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ မည့်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) အပိုဒ်ခွဲ (ခ) နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရာမှာ ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေပါအတိုင်း အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းစသည့် ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်း စရာများ အား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ရေစကြိုမြို့နယ်၊ ကြက်ဆူ ကျင်းကျေးရွာတွင်ကျင်းပသော “မူပိုင်ခွင့်မှသည် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

      (၆-၃-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်း ကျေးရွာတွင်ကျင်းပသော “မူပိုင်ခွင့်မှသည် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ် ရုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင်  ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးရန်နှင့် အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ရန် အသင်းအဖွဲ့များဖွဲ့စည်းစေ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းအဖွဲ့အနေဖြင့် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက စဉ်ဆက်မပြက် တိုးတက်မည် ဖြစ်ပါ ကြောင်း၊ ယခုအခါ ပြည်ပနိုင်ငံများက သနပ်ခါးကို ၎င်းတို့၏မူပိုင်အဖြစ် ပြောဆိုနေကြသည်ကို တွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသထွက် သနပ်ခါးအား မူပိုင်ခွင့်ရရှိအောင် ဆောင်ရွက်သွားရန် လို အပ်ပါကြောင်း၊ သို့မှသာ ရေရှည်တည်တံ့ခိုင်မြဲစေမည် ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ မူပိုင်ခွင့်ရရှိရေး ဆောင်ရွက်ကြရမည့်အချက်များနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဆက်လက်ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆွေး နွေးပြောကြားခဲ့ပါသည်။

           ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် မူပိုင်ခွင့်ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်လှမိုးခိုင်က ရှင်မတောင်သနပ်ခါးနှင့် သနပ်ခါးထွက်ကုန်များ ပြည်ပဈေးကွက်အခြေအနေများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဌေးက ရှင်မ တောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက ရှင်မတောင်သနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဆိုင်ရာများကို လည်းကောင်း၊ ပခုက္ကူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦး စီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်နီလာဌေးက သနပ်ခါး comestic ပစ္စည်း ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ လိုက်နာရန်အချက်များကို လည်းကောင်း၊ ပခုက္ကူခရိုင် ရှင်မတောင်သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌက ရှင်မတောင်သနပ်ခါး၏ သမိုင်းစဉ်နှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအမံများကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက် လာသူများအား စားပွဲဝိုင်းများဖြင့် ဆွေးနွေးစေကာ ရှင်မတောင်သနပ်ခါး ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရှင်မတောင် သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူတောင်သူ၊ လုပ်ငန်းရှင်များသာမက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ သိရှိနိုင် စေရန် ရေစကြိုဒေသရှိ ထန်းလျှက်မှုန့်လုပ်ငန်းရှင်များ၊ လျှော်ဖြူလုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များတွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များအား  သက်ဆိုင်ရာမိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ၊ ဆေးဆိုင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဆီဆိုင်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခြင်းနှင့် စျေးကွက်ကွင်းဆင်းစစ်ဆေးမှု

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၈ .၂ .၂ဝ၂ဝ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှလုပ်ဆောင်နေသည့် လုပ်ငန်းများ အကြောင်း၊ ကုန်စည် / ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့် နစ်နာမှုဆိုင်ရာ ကိစ္စရပ်များ ရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC)များသို့ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အကြောင်းအရာများ၊ ၂ဝ၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်တွင် ပါဝင်သော စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ အကြောင်းများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု- မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်ဌာနဆိုင်ရာများမှတာဝန်ခံအရာရှိများစုစုပေါင်း (၂ဝ၃)ဦး တက်ရောက်ခဲ့ကြပါသည်။

         ထို့နောက် ဆီဆိုင်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်ကုန်စုံ ဆိုင်များ၊ လုပ်ငန်းရှင်များအား ၂ဝ၁၉ခုနှစ်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ အသိပညာပေးခြင်းများကို လည်းကောင်း၊ ၂ဝ၂ဝပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)

စားသုံးသူရေးရာဦးစီးဌာန

ပုသိမ်ခရိုင်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ ပြခန်းဖွင့်ပွဲ အခမ်းအနား

    ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ(၁) ရက်နေ့ (၀၈:၃၀) အချိန်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများမှ တောင်သူလယ်သမားနေ့ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှည့်လည်ကြည့်ရှု အားပေးကြပါသည်။

      အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ လာရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အလိုက် ဒေသထွက်ကုန်များ ခင်းကျင်းပြသထားမှု နှင့် ၂၀၁၉- ၂၀၂၀ ခုနှစ် ၊ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါး၊ ဆန်ဝယ်ယူခြင်း ဆောင်ရွက်မှုများ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူတိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

         

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီမှ ဖြန့်ဝေထားသည့် Online Shopping နှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်အလက်များ

           အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) သည် အာဆီယံဒေသတွင်းရှိ စားသုံးသူများ Online Shopping  မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများနည်းပါးစေရေးအတွက် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့်အချက်များအား ပြုစု၍ အဖွဲ့ဝင် နိုင်ငံ များသို့ဖြန့်ဝေထားပါသည်။

     Online Shopping နှင့်ပတ်သက်၍ ဥပဒေများခိုင်မာအားကောင်းမှု၊ တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းအလေ့အထများအား လိုက်နာဆောင်ရွက်မှုနှင့် စားသုံးသူများ၏ အသိပညာ ရှိမှုများသည် အရေးကြီးသည့် အချက်များဖြစ်ပါကြောင်းနှင့် Online Shopping များတွင် စားသုံးသူများ စိတ်ချယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် လိုက်နာသင့်သည့်အချက် များအား သိရှိလေ့လာနိုင်ပါရန် အောက်ဖော်ပြပါ အသိပညာပေး ရုပ်ပုံများနှင့် VIDEO တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။

“ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” Media Campaign မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

        ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် Media Campaign မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနား၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို  ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေတွင် စားသုံးသူအကာအကွယ်ပေးမည့် လုပ်ငန်းစဉ်များအတွက် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ကို အခန်း တစ်ခန်းအနေဖြင့် ရေးဆွဲပြဌာန်းထားပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းကို စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ကုန်စည်များအပေါ်ဘာသာပြန်ဆိုထားမှုနှင့် ဥပဒေပါပြဌာန်းချက်များ ကိုက်ညီမှုရှိ/မရှိကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စစ်ဆေးရေးအရာရှိများ ခန့်အပ်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ စားသုံးသူရေးရာဦးစီးဌာနက ကျင်းပပြုလုပ်မည့် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်အညွှန်းအမှတ်အသားက” Media Campaignသည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ၌ မဖြစ်မနေထည့်သွင်းရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့်  စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို သတိပြု၍ ဖတ်ရှုတတ်သည့် အလေ့အထကောင်း ရရှိစေနိုင်သည့်အပြင် စားသုံးသူများအနေဖြင့် မိမိတို့၏လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ရှင်းလင်း ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သော ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန် ဟူသောတာဝန်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အနေဖြင့် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ စားသုံးခြင်းနှင့် အသုံးပြုခြင်း မဖြစ်စေရေး အကာအကွယ်ပေးရန်အတွက် စျေးကွက်စောင့်ကြည့်လေ့လာစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အတွင်း စားသောက်ကုန်စည် (၁၀၅၁)မျိုး နှင့် အခြားကုန်စည်(၃၉၈)မျိုး စုစုပေါင်း ကုန်စည်(၁၄၄၉)မျိုးကို စျေးကွက်အတွင်းမှ တားမြစ်သိမ်းဆည်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာပြဌာန်းချက်များအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းကို အတည်ပြုစိစစ်ဆောင်ရွက်ခဲ့ရာ၌ ၂၀၁၉ ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအထိ ကုမ္ပဏီ(၂၂၅)ခုမှ တင်ပြလျှောက်ထားသည့် ကုန်ပစ္စည်းအမျိုးပေါင်း (၂၂၉၀)မျိုးကို စိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (Market Surveillance) လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေကို အတည်ပြု ပြဌာန်းနိုင် ခဲ့ပြီးနောက်တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေများပြဌာန်းနိုင်ရေးနှင့် လိုအပ်သည့်အမိန့် ညွှန်ကြားချက်များထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ တစ်စုံတစ်ရာပေါ်ပေါက်လာပါက မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များသို့ လူကိုယ်တိုင် သွားရောက်တိုင်ကြားနိုင်သည့်အပြင် အွန်လိုင်းမှတစ်ဆင့်တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Websiteတွင် ၎င်း ၊ DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင်၎င်းတိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အဆိုပါ စားသုံးသူအသိပညာပေးကမ်ပိန်းကျင်းပပြုလုပ်မည့် ကာလမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့မှစတင်၍ ရက်သတ္တပတ်(၆)ပတ်ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံပိုင်ရုပ်သံမီဒီယာများနှင့် လူမှုကွန်ယက်များ၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သော အသိပညာပေး ရုပ်သံဇာတ်လမ်းတိုအား ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင်လည်း အသိပညာပေးရုပ်သံဇာတ်လမ်းတိုနှင့် အသိပညာပေး Post များကို တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ITQM

ဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့

      စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ မြမြင့်မိုရ် မင်္ဂလာခန်းမ၌ ၂၀၂၀ ပြည့်နှစ် မတ်လ (၅) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဦးစီးကျင်းပသော ဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် တီတွင်ဆန်းသစ်မှုနှင့်သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဆိပ်ခွန်လုံချည် မူပိုင်ခွင့်ပြုနိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရသည့်လုပ်ငန်းမည့်လုပ်ငန်းများအပေါ် သုံးသပ် အကြံပြုချက်များကို ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းက ဝါနှင့်ချည်ထည်ပစ္စည်း ပြင်ပတင်ပို့ဆိုင်ရာနှင့် တင်သွင်းမှုအပေါ် ညှိနှိုင်းသုံးသပ် ချက်များ ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သန်းသန်းနုက မျိုးစေ့နှင့်စိုက်နည်းစနစ် ပညာပေးရေးစာတမ်းကို ဖတ်ကြားခဲ့ပါသည်။ ယင်းနောက် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူး ဦးမြင့်မိုးက ပြည်သူအတွက် SMEs ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးမြင့်အောင်က  SMEs လုပ်ငန်းနှင့်မြန်မာ့စီးပွားရေးဘဏ်ကဏ္ဍအကြောင်းများကို လည်းကောင်း၊ ရွှေဘိုမြို့ မြန်မာနိုင်ငံသားများ ဘဏ်မန်နေဂျာ ဒေါ်ရီရီသင်းက SMEs လုပ်ငန်း ပုဂ္ဂိုလ်က ကဏ္ဍအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ မုံရွာမြို့ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဌေးက သဘာဝရက်ကန်းမှသည် Organic အဝတ်အထည်များဆီသို့ ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ ပါသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပလိပ်မြို့ ပန်တာ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ အထည်လိပ် လုပ်ငန်းရှင် ဒေါ်တင်တင်ရွှေက အထည်လိပ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား ခဲ့ပါသည်။ထို့နောက် စားသုံးသူ ရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်က ကန့်ဘလူ ခရိုင် တောက္ကရှပ် ကျေးရွာတွင် ကျင်းပခဲ့သည့် ဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆီသို့ အလုပ်ရုံ ဆွေးနွေးပွဲမှ ဖော်ထုတ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောရက်ကန်း လုပ်ငန်းရှင် များက အုပ်စုစားပွဲဝိုင်း ဆွေးနွေး ခြင်းနှင့် ဖော်ထုတ်ချက်များကို လုပ်ဆောင်ခဲ့ပြီး ၄င်းဖော်ထုတ်ချက် လုပ်ငန်းများကို ပြန်လည်ဆွေး နွေးခဲ့ကြ ပါသည်။ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး ဦးခင်မောင်လှိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ