Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဖရဲသခွားမွှေး အသင်းအဖွဲ့ များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း

  (၁၉-၂-၂၀၂၀) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် မောင်းသည် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဖရဲသခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲသခွားမွှေးအသင်းတို့မှ အလုပ်အမှုဆောင်များ၊ ဖရဲသခွားမွှေးစိုက်ပျိုးထုတ်လုပ် သည့် တောင်သူများနှင့်တွေ့ဆုံ၍ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေးပုံမှန်တင်ပို့မှု ရပ်တန့်နေခြင်းနှင့် ပတ်သက်၍ ဖရဲ၊ သခွားမွှေး စိုက်တောင်သူများ လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ နစ်နာဆုံးရှုံးမှုများကို တစ်ဖက်တစ်လမ်းမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်တွင်းဈေးကွက် ရရှိနိုင်ရန်တို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

   ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံ၌ ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်း ရပ်(စ်)ကြောင့် မြန်မာနိုင်ငံမှကုန်သွယ်မှုများအား ထိခိုက်နစ်နာခဲ့ရသည့် အခြေအနေများ၊ ဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းသုံးစွဲမှုမြင့်မားရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အလုပ်အမှုဆောင်များက လက်ရှိစိုက်ပျိုးထုတ်လုပ် နေမှုအခြေအနေများ၊ လက်တလောထိခိုက်နစ်နာမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဉီးခင်မောင်ဆွေက ဟိုတယ်များမှ သုံးစွဲမှုအခြေအနေများ၊ Supplier များမှတဆင့် ဝယ်ယူမှုအခြေ အနေများကို လည်းကောင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဉီးသင်္ကြန် ကျော်က ပြည်တွင်းသုံးစွဲမှုမြင့်မားရေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းသုံးစွဲနိုင်ရေး ဆောင်ရွက်သင့်သည့် အချက်များကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ ပါသည်။

        ထို့နောက် စားသုံးသူရေးရာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဉီးအောင်မောင်းက ဖရဲ သခွားအသင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ပေါင်းစပ်ဆောင်ရွက် သင့် သည့် ကိစ္စရပ်များကို တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဟိုတယ်လုပ်ငန်းရှင် များအတွက် အရည်အသွေးကောင်းသော ဖရဲသခွားသီးနှံများရရှိရေး ဖရဲသခွားအသင်းမှ ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်၌ ဖရဲ သခွား အသင်းအား ဆိုင်ခန်းများဖွင့်လှစ်စေ၍ ဖရဲသခွားစတုဒီတာကျွေးမျွေးခြင်း၊ ဖရဲသွားဆိုင်ရာ အသိ ပညာများ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက ပေါင်းစပ်ဆောင်ရွက်သွားရန်၊ ဖရဲသခွားမွှေးသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့်ပတ်သက်၍ ကာလတို၊ ကာလလတ်၊ ကာလရှည် ဆောင်ရွက်မည့်အခြေအနေများကို မြန်မာနိုင်ငံဖရဲသခွားအသင်းမှ စာတမ်း ပြုစုတင်ပြရန် စသည့်အချက်များကို ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အားအပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖွင့်အမှာစကား ပြောကြား

       “အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်” အပြီးသတ်ဆွေးနွေးရေး အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ HILTON HOTEL ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် ပြည်ထောင်စု နယ်မြေ/ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ GIZ မှ Regional Economic Integration ၏ Head of Components ဖြစ်သူ  Dr. Astrid Faust နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့်တပြေးညီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ တစ်နိုင်ငံလုံး ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ဦးစားပေး ဆောင်ရွက်ရမည့် နယ်ပယ်ကဏ္ဍများ ချမှတ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်ကို EU-GIZ (Trade Development Programme) အကူအညီဖြင့် ရေးဆွဲခဲ့ရာ မူကြမ်းအဆင့်ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည်  အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်(မူကြမ်း)အား အပြီးသတ်ရေးဆွဲရန်အတွက် GIZ မှ ကျွမ်းကျင်ပညာနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ် ကို EU- GIZ အကူအညီဖြင့် စတင်ရေးဆွဲခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ကျင်းပခဲ့ရာ ဦးစားပေးကဏ္ဍကြီး (၅) ရပ်ကို ဖော်ထုတ်နိုင်ခဲ့ ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအပြင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းအရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များကို အသိပညာပေးခြင်းများဆောင်ရွက်လျှက်ရှိသကဲ့သို့ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် ပူးပေါင်း၍ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် အမျိုးသားစားသုံးသူအကာအကွယ် ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲနိုင်ရေး ကျင်းပခြင်းဖြစ်သောကြောင့် စားသုံးသူရေးရာဦးစီးဌာနက ပြုစုထားသော မူကြမ်းအား တက်ရောက်လာသူများက မိမိတို့၏ အတွေ့အကြုံဗဟုသုတများအပေါ် အခြေခံပြီး ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကို ၂၅.၂.၂၀၂၀ မှ ၂၆.၂.၂၀၂၀ ရက်နေ့ထိ GIZ အဖွဲ့အစည်း၏ ASEAN Protect Project ၏ အကူအညီဖြင့်ကျင်းပခဲ့ပြီး အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်(မူကြမ်း)ပါ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။    

စားသုံးသူရေးရာဌာနခွဲ

လွိုင်လင်ခရိုင်ရှိ မိုင်းရှူးမြို့နှင့် မိုင်းနောင်မြို့တို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ကျင်းပ

     ၁၉.၂.၂ဝ၂ဝ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး ဦးဆောင်သော ဝန်ထမ်းများသည် လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၊ အထွေထွေအုပ်ချုပ်ရေးခန်းမ၌ လည်းကောင်း၊ မိုင်းနောင်မြို့၊ အ.ထ.က (မိုင်းနောင်) ကျောင်းတွင်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာခဲ့သည့် သမိုင်းကြောင်း နှင့် ဌာနမှလုပ်ဆောင်နေသည့်လုပ်ငန်းများအကြောင်း ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC)များတွင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုနှင့် ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက ၂ဝ၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်တွင် ပါဝင်သော စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးမှုများကို ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ မိုင်းရှူးမြို့ အထွေထွေအုပ်ချုပ်ရေးခန််းမ၌ ကျင်းပသော ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ/သားများ၊ လက်လီ/လက်က္ကားရောင်းချသူများ စုစုပေါင်း(၈၈)ဦးနှင့် အ.ထ.က(မိုင်းနောင်)တွင်ကျင်းပသောဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် လက်လီ/လက္ကားရောင်းချသူများ စုစုပေါင်း (၁၈၂)ဦး အသီးသီးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

 

လွိုင်လင်ခရိုင်၊လဲချားမြို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးတင့်လွင်ဦး ဦးဆောင်သောဝန်ထမ်းများသည် ၁၈.၂.၂ဝ၂ဝ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လဲချားမြို့၊ သီရိဟံသာခန်းမ၌လည်းကောင်း၊  အ.ထ.က(လဲချား) ကျောင်း၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။

         လဲချားမြို့၊သီရီဟံသာခန်းမတွင်ပြုလုပ်သောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာခဲ့သည့်သမိုင်းကြောင်းနှင့် ဌာနမှ လုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့်နစ်နာမှုဆိုင်ရာ ကိစ္စရပ်များရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC) များသို့ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦး က ၂ဝ၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေး ပြဌာန်းချက်တွင်ပါဝင်သော စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့  ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ/သားများ၊ လက်လီ/လက်က္ကား ရောင်းချသူများစုစုပေါင်း(၁၆၆) ဦး တက်ရောက်ခဲ့ကြပါသည်။

      အလားတူ အ-ထ-က(လဲချား) ကျောင်းတွင် တာဝန်ရှိသူများက ၂ဝ၁၉ စားသုံးသူဥပဒေ ပေါ်ပေါက်လာပုံများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့်နစ်နာမှုဆိုင်ရာ ကိစ္စရပ်များ ရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)များတွင် တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းမုန့်စျေးတန်းရောင်းချသူများ ကိုလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များကိုသာ ရောင်းချရန်အတွက်လည်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နှင့်ကျေးသီးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ကျင်းပ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ၁၈.၂.၂ဝ၂ဝ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့၊ ဓမ္မာရုံ၌လည်းကောင်း၊  ၁၉.၂.၂ဝ၂ဝ ရက်နေ့၌ အ.ထ.က(ကျေးသီး)ကျောင်း၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

     အဆိုပါဆွေးနွေးပွဲများတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာခဲ့သည့်သမိုင်းကြောင်းနှင့် ဌာနမှလုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့်စားသုံးသူများအနေဖြင့် နစ်နာမှုများနှင့် နစ်နာမှုဆိုင်ရာကိစ္စရပ်များ ရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ(CICC)များသို့ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ၂ဝ၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေး ပြဌာန်းချက်တွင်ပါဝင်သော စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအကြောင်းနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။   ဆွေးနွေးပွဲများသို့   ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူ/သားများ၊ လက်လီ/လက်က္ကား ရောင်းချသူများ စုစုပေါင်း မိုင်းကိုင်မြို့တွင် (၁၂၅)ဦးနှင့် ကျေးသီးမြို့တွင်(၁၇၂)ဦး အသီးသီးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍၂/၂၀၁၉ ညွှန်ကြား ချက်အား လွိုင်ကော်မြို့ပေါ်ရှိ လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

       ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား ကယားပြည်နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ သက်ဆိုင်ရာဌာနများ၊ သတင်းမီဒီယာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၄၀) ဉီးတက်ရောက်ခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူး ဉီးကျော်ဝင်းက မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၊ စားသုံးသူကာကွယ်ရေးဉပဒေထုတ်ပြန်ချက်အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များသည် ဉပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက် သည့်နေ့ဖြစ်သော ၂၀၂၀ပြည့်နှစ် မတ်လ ၁၆ ရက်နေ့မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေကို လိုက်နာရာတွင် အခက်အခဲမရှိစေရေးအတွက် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား အသေးစိတ်ဇယားများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက ၂/၂၀၁၉ ညွှန်ကြားချက်အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်ဉီးစီးမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူကာကွယ်ရေးဥပေဒေ(၂၀၁၉)ပြဌာန်းချက်၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး/အသိပညာပေးဆောင်ရွက်မှု

     (၁၈.၂.၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉) ညွှန်ကြားချက်တို့နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြိို့နယ်တိုင်းရေးဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ မြို့မစျေး၊ ရွှေဟင်္ဿာစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းဘေးဝဲ/ယာ စျေးဆိုင်၊ ဆေးဆိုင်၊ စတိုးဆိုင် စုစုပေါင်း ဆိုင်ခန်း(၇၅) တို့အား ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မုဒုံမြို့နယ်၊ ကမာဝက်မြို့ (ရွာလယ်ဓမ္မာရုံ) တွင် စားသုံးသူရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ

        မုဒုံမြို့နယ်၊ ကမာဝက်မြို့ (ရွာလယ်ဓမ္မာရုံ) ၌ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေးပြည်သူ့စကားဝိုင်းကို ၁၈.၂.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကမာဝက် မြို့သူ/မြို့သား၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၂၅၀) ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

         အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးမြင့်သိန်းဦး ၊ မြို့နယ်ပညာရေးမှူး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါ်နန်းကြူကြူအောင် တို့က မိမိတို့ဌာနနှင့်ပတ်သက်၍ စားသုံးသူများသိသင့်သော အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြသည်။

          ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင် က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်တွင် အာမခံအတိုင်း တောင်းဆိုပိုင်ခွင့်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများ အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန်မသင့်ကြေငြာထားသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ကုန်ပစ္စည်းများရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်များအား ရောင်းချခြင်း မပြုရန်နှင့် ၎င်းတို့ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့၊ ရွှေဝယ်သီရိကလေးကစားကွင်းတွင် ညစျေးတန်းရောင်းချသည့် စျေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ ကလေးကစားကွင်းညစျေးတန်း၌ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညစျေးတန်းတာဝန်ခံ တို့နှင့်ပူးပေါင်း၍ စျေးအတွင်းအများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ညစျေးတန်းရောင်းချသည့် စျေးဆိုင်များမှ အများပြည်သူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်နှင့် အညီရောင်းချရန်နှင့် တရားမဝင်တင်သွင်းလာသောအေးခဲအသားများ၊ အသားချောင်းများ ရောင်းချ မှုရှိ/မရှိစစ်ဆေးခဲ့ပါသည်။ ထိုနောက် ညစျေးတန်းအသုပ်ရောင်းချသည့်ဆိုင်များမှ အစားအသောက် နမူနာပစ္စည်းများ ကောက်ယူ၍ရွေ့လျားမော်တော်ယာဉ်တွင်ပါရှိသော Rapid Test Kit များဖြင့် ဓါတ်ခွဲစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ