Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း တရားမဝင် ထုတ်လုပ်ရောင်းချနေသော ခြင်ဆေးခွေများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များတွင် သက်ဆိုင်ရာဌာန၏ တရားဝင်ထုတ်လုပ်ဖြန့်ဖြူးခွင့် မှတ်ပုံတင်ထားခြင်းမရှိသော ကျင်းဟုံ အမည်ခြင်ဆေးခွေနှင့် အခြားမှတ်ပုံတင်ထားခြင်းမရှိသော ခြင်ဆေးခွေများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း၍ အသိပညာ ပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ရာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့တွင် ဧပြီလ (၁)ရက်နေ့၊ နံနက်ပိုင်း၌ မြို့နယ်တာဝန်ခံဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့ဝင်များဖြင့် ရွှေတောင်မြို့မစည်ပင်သာယာဈေးနှင့် သဲကုန်းမြို့မစည်ပင်သာယာစျေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၏ ကျန်းမာရေးအား ဆိုးရွားစွာထိခိုက်စေနိုင်သော တရားမဝင် ပိုးသတ်ဆေးများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် “ကျင်းဟုံ” အမှတ်တံဆိပ်ခြင်ဆေးခွေများရောင်းချမှု၊ သိုလှောင်မှုများမရှိစေရေး သက်ဆိုင်ရာဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များပါရှိသော ခြင်ဆေးခွေများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

   ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ သောက်ရေသန့်စက်ရုံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ Yaeni သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို တိကျမှန်ကန်စွာဖော်ပြထားသည့် ကုန်စည်များကို ဝယ်ယူရန်လိုအပ်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်မှုများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ Angel သောက်ရေသန့်စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း ၁၅ ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် သောက်ရေသန့်စက်ရုံအတွင်း ထုတ်လုပ်နေမှုများနှင့် သောက်ရေသန့်ဘူးခွံများတွင် ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်စုံဆိုင်ရောင်းချသောလုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေး  

                   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၉.၄.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့၊နန့်ဝါကျေးရွာတွင် ကုန်စုံဆိုင်ရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

               အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊  ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့် အညီ သိသာထင်းရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်အတွင်းရောင်းချခွင့် ရှိမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တားမြစ်ချက်များ၊ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက် ကျူးလွန်ပါကချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကိုရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး

        ၆.၄.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ခေမာသီရိရပ်ကွက်၊ မြစ်ကြီးနားမြို့ရှိ “ငွေကံဆင့်” အမှတ်တံဆိပ် မြေပဲဆီအရောင်းဆိုင် ပိုင်ရှင်အားတွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

             ထိုသို့ဆွေးနွေးရာတွင် ကုန်စည်အုပ်စု (၈)ခုအနက် အုပ်စု(က)အစားအသောက်ကုန်စည် အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှုရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားကိုက်ညီကြောင်းအကြောင်းကြားစာရရှိပြီးမှသာ ဈေးကွက်တွင်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်(၁/၂၀၂၁)သည် စတင်ထုတ်ပြန်သည့် ၂၀.၁၂.၂၀၂၁ ရက်နေ့မှ (၆)လပြည့်မြောက်ပြီးသည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင် အနေဖြင့် ညွှန်ကြားချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ညောင်လေးပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ Talk Show ပြုလုပ်

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်မြို့နယ်တာဝန်ခံသည်  ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၅.၄.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အများပြည်သူများ သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပြဌာန်းချက်ပါ အခန်း (၂) ပုဒ်မ (၃) ရည်ရွယ်ချက် ၊အခန်း(၉) ပုဒ်မ (၁၉) (၂၀) စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ၊ အခန်း (၁၀) ၊ပုဒ်မ (၂၁) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် အခန်း (၁၁) ၊ပုဒ်မ (၂၃) အရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ဉပဒေ အကြောင်းအရာများ၊ အခန်း (၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း အကြောင်းအရာများနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍  အသိပညာပေး Talk Show ကျင်းပ

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊  ဒိုက်ဦးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၄.၂၀၂၂) ရက်နေ့၊ နေလည် (၁၃:၀၀) နာရီအချိန်တွင်  ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရေး ရည်ရွယ်၍  အသိပညာပေး Talk Show ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူများ၏ ဘဏ်အကောင့်အချက်အလက်များ၊ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ငွေလွှဲအချက်အလက်များအား မည်သူတစ်ဦး တစ်‌ယောက်ကိုမျှ မျှဝေခြင်းမပြုရန်၊ စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ် (၆) လုံးကို ခန့်မှန်းရလွယ်ကူသည့် နံပါတ်များ အသုံးမပြုသင့်ကြောင်း၊ မိမိတို့ငွေလွှဲသည့် အချက်အလက်များအား လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းများ မပြုလုပ်သင့်ကြောင်း၊ ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတို့၏ Call Center နှင့် အပြာရောင်အမှန်ခြစ် (Blue Mark) ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကို ဆက်သွယ်မေးမြန်းရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို ပြောကြားခြင်း မပြုလုပ်သင့်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ် စည်ပင်သာယာစျေးအတွင်း ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေး

         ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံခါးမြို့နယ် စည်ပင်သာယာစျေးအတွင်း ဆေးလက်လီ/လက်ကား ရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ကျောက်တံခါးမြို့နယ် စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော အိန္ဒိယမှ တင်သွင်းသည့် စံချိန်စံညွှန်းမပြည့်မှီသည့် ဆေး (၅)မျိုးအား စျေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိကို အဓိကထား ကွင်းဆင်းစိစစ်၍ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ဆေးနှင့်ဆေးပစ္စည်း ဆိုင်များအား စျေးနှုန်းများမြှင့်တင် ရောင်းချမှုရှိ /မရှိ  ၊ စျေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား စည်ပင်သာယာစျေးအတွင်း စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

           ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံခါးမြို့နယ် တောကျွဲအင်းဒေသရှိ ဘုန်းကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ကျောက်တံခါးမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မြို့နယ်သမဝါယမဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တောကျွဲအင်းဒေသရှိ တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းမှ ကုန်စည်နှင့် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC) ဖွင့်လှစ်ထားရှိမှု အခြေအနေများ ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း ၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း ၊ ဒေသခံဆောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ကျောက်တံခါးမြို့နယ် ၊ ဇရပ်ခင်ရွာဟောင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ဧပြီလ ၇ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဇရပ်ခင်းရွာဟောင်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ကျောက်တံခါးမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်သမဝါယမဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဇရပ်ခင်ရွာဟောင်းကျေးရွာရှိ ဒေသခံရွာသူ၊ရွာသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းမှ စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC)  ကို ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားကြောင်း ၊ စားသုံးသူပြည်သူများ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခြင်း ၊ ရပ်ရွာနေဒေသခံ ရွာသူရွာသားများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့ဝင်လမ်းရှိ ၂၄နာရီကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

       ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁ရက်နေ့ နေ့လယ်ပိုင်းက  ဒိုက်ဦးမြို့ဝင်လမ်းရှိ ၂၄နာရီ ကုန်မျိုးစုံအရောင်းဆိုင်များသို့ သွား‌ရောက်၍ ဆိုင်ခန်းအတွင်း ရောင်းချနေသော  ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ၊ မရှိကို စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       အရောင်းဆိုင်များမှ တာဝန်ရှိသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို ရှင်းလင်းဆွေးနွေးပြီး မြန်မာဘာသာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်ပစ္စည်းများသာ ရောင်းချရန် အကြံပြုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ